လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၁။ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ဘုရားသခင်၏အစီအစဉ်နှင့် သင်၏ကဏ္ဍ


“၁။ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ဘုရားသခင်၏အစီအစဉ်နှင့် သင်၏ကဏ္ဍ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၁။ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

အိမ်ဆောက်နေသည့်အမျိုးသားများ

၁။

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ဘုရားသခင်၏အစီအစဉ်နှင့် သင်၏ကဏ္ဍ

၁၊ ၀

နိဒါန်း

သင်သည် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ အမှုဆောင်ရန် ခေါ်သွင်းခံထားရပါသည်။ သင်၏အမှုဆောင်ခြင်းအတွက် ကျေးဇူးတင်ပါသည်။ သင်သည် သစ္စာရှိစွာအမှုဆောင်သည်နှင့်အမျှ ဘဝများစွာကို ကောင်းချီးပေးလိမ့်မည်၊ ဝမ်းမြောက်ခြင်းကို တွေ့ကြုံရလိမ့်မည်။

ဤလက်စွဲစာအုပ်သည် သင့်အား ခရစ်တော်ကဲ့သို့သောအမှုဆောင်ခြင်းအခြေခံသဘောတရားများကို သင်ယူရန်နှင့် သင်၏တာဝန်များကို နားလည်ရန် ကူညီလိမ့်မည်။ သင်သည် အသင်းတော်၌ သင်၏အမှုဆောင်ခြင်းကို အဘဘုရားသခင်၊ ကိုယ်တော်၏သားတော်၊ ယေရှုခရစ်တော်တို့၏အမှုတော်နှင့် တန်းညှိသောအခါ အထိရောက်ဆုံးဖြစ်လိမ့်မည်။

၁၊ ၁

ဘုရားသခင်၏ပျော်ရွှင်ခြင်းအစီအစဉ်

ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ကောင်းချီးမင်္ဂလာအားလုံး၌ မွေ့လျော်နိုင်စွမ်းရှိစေရန် ပျော်ရွှင်ခြင်းအစီအစဉ်ကို ပံ့ပိုးပေးခဲ့ပါသည်။ သူ၏အမှုတော်နှင့် ဘုန်းတော်မှာ “လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်” (မောရှေ ၁း၃၉) စေရန်ဖြစ်၏။

ယေရှုခရစ်တော်သည် ဘုရားသခင့်အစီအစဉ်၏ ဗဟိုဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံရှင်အဘ၏ အတိုင်းမသိသောချစ်ခြင်းကြောင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏အပြစ်ဖြေခြင်းယဇ်ဖြင့် အပြစ်နှင့် သေခြင်းမှ ရွေးနှုတ်ရန် ကိုယ်တော်၏သားတော်ကို စေလွှတ်ခဲ့ပါသည် (ရှု ယောဟန် ၃း၁၆)။ ကိုယ်တော်၏အပြစ်ဖြေခြင်း မင်္ဂလာအားဖြင့် ယေရှုခရစ်တော်သည် မြေကြီးပေါ်မှာမွေးဖွားခဲ့သည့် ကျွန်ုပ်တို့အယောက်တိုင်းကို ရှင်ပြန်ထမြောက်၍ သေခြင်းမရှိရာကို ရနိုင်မည့်အကြောင်း သေချာစေပါသည်။ ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာသည် ကျွန်ုပ်တို့ကို အပြစ်မှသန့်ရှင်းစင်ကြယ်စေပြီး စိတ်နှလုံးပြောင်းလဲခြင်းရှိစေဖို့လည်း ဖြစ်နိုင်စေပါသည်၊ ထိုကဲ့သို့အားဖြင့် ကျွန်ုပ်တို့သည် ထာဝရအသက်နှင့် ဝမ်းမြောက်မှုပြည့်စုံခြင်းကို ရရှိနိုင်ပါသည်။

ထာဝရအသက်ကို ရရှိရန်၊ ကျွန်ုပ်တို့သည် “ခရစ်တော်ထံသို့လာ၍၊ ကိုယ်တော်၌ စုံလင်ခြင်းရှိစေ” (မော်ရော်နိုင်း ၁၀း၃ရပါမည်။

၁၊ ၂

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု

ကျွန်ုပ်တို့သည် ခရစ်တော်ထံသို့ လာ၍၊ အခြားသူများကို အလားတူပြုစေကြသည်နှင့်အမျှ၊ ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ကြပါသည်။ ဤအမှုကို ဘုရားသခင်ကိုချစ်ရန်နှင့် ကျွန်ုပ်တို့နှင့် စပ်ဆိုင်သောသူများကို ချစ်ရန်( ရှု ရှင်မဿဲ ၂၂း၃၇-၃၉) ဟူသည့် ကြီးစွာသောပညတ်နှစ်ခုဖြင့် လမ်းညွှန်ထားပါသည်။

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုသည် ဘုရားခန့်ထားသည့် တာဝန်လေးခုကို အာရုံစိုက်ပါသည်။

ဤလက်စွဲစာအုပ်သည် သင့်အား ဘုရားသခင့်အမှုတော်၏ လက္ခဏာလေးချက်ကို နားလည်စေရန် ကူညီလိမ့်မည်။ သင်သည် ထိုအရာတို့ကို ပြီးပြည့်စုံစေခြင်း၌ သင့်အပိုင်းကို လုပ်ဆောင်သည်နှင့်အမျှ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို လမ်းညွှန်လိမ့်မည် (ရှု ၂ နီဖိုင်း ၃၂း၅)။

၁၊ ၂၊ ၁

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးခြင်း

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးခြင်းတွင် ပါဝင်သောအရာများမှာ၊

  • ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံးခြင်း၊ နေ့စဉ်နောင်တရခြင်း၊ ကျွန်ုပ်တို့ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာများကို ရရှိရင်း ဘုရားသခင်နှင့် ပဋိညာဉ်များပြုခြင်း၊ ထိုပဋိညာဉ်များကို စောင့်ထိန်းခြင်းဖြင့် အဆုံးတိုင်အောင်တည်ကြည်ခြင်း (ရှု ၃၊ ၅၊ ၁)တို့ဖြစ်ပါသည်။

  • အိမ်နှင့် ဘုရားကျောင်းတွင် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သင်ယူခြင်းနှင့် သွန်သင်ခြင်း။

  • ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့မိသားစုများကို ဝိညာဉ်ပကတိနှင့် ဇာတိပကတိနှစ်ခုစလုံးအတွက် ပံ့ပိုးခြင်း၌ ကိုယ့်အားကိုယ်ကိုးမှုဖြစ်လာစေခြင်း။

၁၊ ၂၊ ၂

လိုအပ်သောသူများကို ဂရုစိုက်ခြင်း

လိုအပ်သောသူများကို ဂရုစိုက်ခြင်းတွင် ပါဝင်သောအရာများမှာ၊

  • တစ်ဦး၊ မိသားစုများနှင့် ပတ်ဝန်းကျင်တို့ကို အမှုဆောင်ခြင်းနှင့် အမှုတော်ဆောင်ခြင်း။

  • အသင်းတော်အကူအညီများအပါအဝင် ရင်းမြစ်များကို လိုအပ်သောသူများနှင့် ဝေငှခြင်း။

  • အခြားသူများကို ကိုယ့်အားကိုယ်ကိုးလာစေရန် ကူညီခြင်း။

၁၊ ၂၊ ၃

အားလုံးကို ဧဝံဂေလိတရားတော်ရရှိစေရန် ဖိတ်ခေါ်ခြင်း

အားလုံးကို ဧဝံဂေလိတရားတော်ရရှိစေရန် ဖိတ်ခေါ်ခြင်းတွင်ပါဝင်သောအရာများမှာ၊

  • သာသနာပြုလုပ်ငန်းတွင်ပါဝင်ခြင်းနှင့် သာသနာပြုများအဖြစ် အမှုဆောင်ခြင်း။

  • အသင်းသားအသစ်များနှင့် ပြန်လာသောသူများကို ပဋိညာဉ်လမ်းတလျှောက်တိုးတက်စေရန် ကူညီခြင်း။

၁၊ ၂၊ ၄

မိသားစုများကို ထာဝရစည်းလုံးစေခြင်း

မိသားစုများကို ထာဝရစည်းလုံးစေခြင်းတွင် ပါဝင်သောအရာများမှာ၊

  • ကျွန်ုပ်တို့၏ကိုယ်ပိုင်ဗိမာန်တော်ဘိသိက်မင်္ဂလာများရရှိရင်း ပဋိညာဉ်များပြုခြင်း။

  • ကျွန်ုပ်တို့၏ကွန်လွန်သွားသောဘိုးဘေးတို့ကို ရှာဖွေခြင်းနှင့် သူတို့ ဘုရားသခင်နှင့် ပဋိညာဉ်များပြုနိုင်စေရန် သူတို့အတွက် ဘိသိက်မင်္ဂလာများ ဆောင်ရွက်ပေးခြင်း။

  • ဘုရားသခင်ကို ကိုးကွယ်ရန်နှင့် ကိုယ်တော်၏သားသမီးများအတွက် ဘိသိက်မင်္ဂလာများ ဆောင်ရွက်ပေးရန် ဖြစ်နိုင်သောနေရာတွင်၊ ဗိမာန်တော်သို့ ပုံမှန်သွားခြင်း။

၁၊ ၃

အသင်းတော်၏ရည်ရွယ်ချက်

ယေရှုခရစ်တော်သည် တစ်ဦးချင်းနှင့် မိသားစုများကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို လုပ်ဆောင်နိုင်စွမ်းရှိစေရန် ကိုယ်တော်၏ အသင်းတော်ကို တည်ထောင်ခဲ့ပါသည် (ရှု ဧဖက်ဩဝါဒစာ ၄း၁၁-၁၃၊ လည်းရှု ဤလက်စွဲစာအုပ်ရှိ ၂၊ ၂ )။ ဤမြင့်မြတ်သောရည်ရွယ်ချက်ကို ပြီးမြောက်စေဖို့ ကူညီရန်၊ အသင်းတော်နှင့် ၎င်း၏ခေါင်းဆောင်များသည် အောက်ပါတို့ကို ပံ့ပိုးပေးပါသည်၊

  • ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့် သော့များ။

  • ပဋိညာဉ်များနှင့် ဘိသိက်မင်္ဂလာများ။

  • ပရောဖက်လမ်းညွှန်ချက်။

  • ကျမ်းစာများ။

  • ဧဝံဂေလိတရားတော်သင်ယူခြင်းနှင့် သွန်သင်ခြင်း အထောက်အမ။

  • အမှုဆောင်ခြင်းနှင့် ခေါင်းဆောင်မှုအခွင့်အလမ်းများ။

  • သန့်ရှင်းသူပတ်ဝန်းကျင်တစ်ခု။

၁၊ ၃၊ ၁

ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့် သော့များ

ယဇ်ပုရောဟိတ်အခွင့်အားဖြင့်၊ ဘုရားသခင်သည် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ပြီးမြောက်စေပါသည်။ မြေကြီးပေါ်၌ ဘုရားသခင်၏အမှုကို လမ်းညွှန်ရန်ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့်သော့များကို ပရောဖက် ဂျိုးဇက်စမစ်အားဖြင့် ပြန်လည်ဆောင်ယူထားပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၁၀း၁၁-၁၆၁၁၂း၃၀)။ ဤသော့များကို ယနေ့တွင် အသင်းတော်ခေါင်းဆောင်များက ကိုင်ဆောင်ပါသည်။ သူတို့သည် အခြားသူများကို ဘုရားသခင်၏အမှုတော်၌ ကူညီစေရန် ခေါ်သွင်း၍ အခွင့်အာဏာပေးပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၈၊ ၆၅-၆၇)။

၁၊ ၃၊ ၂

ပဋိညာဉ်များနှင့် ဘိသိက်မင်္ဂလာများ

ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်တွင်၊ ကျွန်ုပ်တို့သည် ဗတ္တိဇံကဲ့သို့သော ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာများကို ရရှိရင်း၊ ပဋိညာဉ်များ ပြုကြပါသည် (ရှု ရှင်ယောဟန် ၃း၅၊ လည်းရှု ဤလက်စွဲစာအုပ်ရှိ အခန်း ၁၈ )။ ဤပဋိညာဉ်များနှင့် ဘိသိက်မင်္ဂလာများသည် ကျွန်ုပ်တို့အဖို့ ဘုရားသခင်နှင့် ပိုတူလာရန်နှင့် ကိုယ်တော်၏မျက်မှောက်တော်၌နေဖို့ ပြန်သွားရန် မရှိမဖြစ်လိုအပ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၉-၂၂)။

၁၊ ၃၊ ၃

ပရောဖက်လမ်းညွှန်ချက်

ဘုရားသခင်သည် ကိုယ်တော်၏ရွေးကောက်ထားသော ပရောဖက်တို့အားဖြင့် သမ္မာတရားကို ဖော်ပြပါသည်၊ လမ်းပြလှုံ့ဆော်သည့် လမ်းညွှန်မှုနှင့် သတိပေးခြင်းများကို ပေးပါသည် (ရှု အာမုတ်အနာဂတ္တိကျမ်း ၃း၇ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁း၄)။ ဤလမ်းညွှန်မှုသည် ကျွန်ုပ်တို့ကို ထာဝရအသက်သို့ လမ်းညွှန်သည့် လမ်းကြောင်းသို့ ဝင်ရောက်ရန်နှင့် ဆက်၍ရှိနေစေရန် ကူညီပါသည်။

၁၊ ၃၊ ၄

ကျမ်းစာများ

ကိုယ်တော်ရှင်၏ပရောဖက်များနှင့် တမန်တော်များ၏လမ်းညွှန်မှုအောက်တွင်၊ အသင်းတော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သန့်ရှင်းသောကျမ်းစာများတွင်တွေ့ရသည့်အတိုင်း ပံ့ပိုး၍၊ ကာကွယ်စောင့်ရှောက်ထားပါသည်။ ကျမ်းစာများသည် ခရစ်တော်အကြောင်းကို သက်သေခံပါသည်၊ ကိုယ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ပါသည်၊ ကျွန်ုပ်တို့ကို ကိုယ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံးဖို့လည်းကူညီပါသည် (ရှု ယာကုပ် ၇း၁၀-၁၁ဟေလမန် ၁၅း၇)။

၁၊ ၃၊ ၅

ဧဝံဂေလိတရားတော်သင်ယူခြင်းနှင့် သွန်သင်ခြင်းအထောက်အကူ

အသင်းတော်သည် တစ်ဦးချင်းနှင့် မိသားစုများကို ဧဝံဂေလိတရားတော်သမ္မာတရားများကို သင်ယူရန်နှင့် ဤသမ္မာတရားများကို မိသားစုဝင်များနှင့်အခြားသူတို့အား သွန်သင်ရန် သူတို့၏တာဝန်များ၌ ထောက်မပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၈၈း၇၇-၇၈၊ ၁၁၈၊ လည်းရှု ဤလက်စွဲစာအုပ်ရှိ ၂၊ ၂၊ ၃ )။

၁၊ ၃၊ ၆

အမှုဆောင်ခြင်းနှင့် ခေါင်းဆောင်မှုအခွင့်အလမ်းများ

အသင်းတော်၌ အမှုတော်ဆောင်တာဝန်များနှင့် တာဝန်ပေးခြင်းများဖြင့်၊ ဘုရားသခင်သည် အသင်းသားတို့အား အမှုဆောင်ရန်နှင့် ဦးဆောင်ရန် အခွင့်အလမ်းများပေးပါသည်။ အသင်းတော်သည် လိုအပ်သောအသင်းသားများကို ဂရုစိုက်ဖို့နှင့် အခြားသူတို့ကို လူသားခြင်းစာနာသည့် သက်သာမှုပေးဖို့ ကူညီရန်ဖွဲ့စည်းပုံတစ်ခု ပံ့ပိုးပေးထားပါသည် (ရှု မောဇိယ ၁၈း၂၇-၂၉)။

၁၊ ၃၊ ၇

သန့်ရှင်းသူပတ်ဝန်းကျင်တစ်ခု

သန့်ရှင်းသူပတ်ဝန်းကျင်တစ်ခု၊ အသင်းတော်အသင်းသားများသည် ဘုရားသခင်ကို ကိုးကွယ်ရန်နှင့် ပွဲတော်သုံးဆောင်ခြင်းဖြင့် ကယ်တင်ရှင်ကို အောက်မေ့ရန် ပုံမှန်စုဝေးကြပါသည် (ရှု မော်ရော်နိုင်း ၆း၄-၆ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၇)။ အသင်းသားများသည် တစ်ဦးနှင့်တစ်ဦးကိုလည်း ဂရုစိုက်ကြ၊ အမှုတော်ဆောင်ကြပါသည် (ရှု ဧဖက်ဩဝါဒစာ ၂း၁၉)။

၁၊ ၄

ဘုရားသခင်၏အမှုတော်၌ သင်၏ကဏ္ဍ

အသင်းတော်၌ ခေါင်းဆောင်တစ်ဦးအဖြစ်၊ သင်သည် သင်အမှုဆောင်သူများ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ သူတို့ရှိနေကြစဉ် သူတို့ကို သွန်သင်ရန်နှင့် ထောက်မရန် ခေါ်သွင်းခံထားရပါသည် (ရှု ၁၊ ၂)။ သင်သည် သင်၏အမှုတော်ဆောင်တာဝန်ကို ပြီးပြည့်စုံစေရန်နှင့် “ဘုရားသခင်၏နှုတ်ကပတ်တော်ကို လုံ့လဝီရိယရှိသမျှနှင့် သွန်သင်ပေး”(ယာကုပ် ၁း၁၉) ရန် တာဝန်ရှိပါသည်။ ကိုယ်တော်၏စပျစ်ဥယျာဉ်ထဲ၌ ကိုယ်တော်ရှင်နှင့်အတူ အလုပ်လုပ်ရခြင်းသည် သင့်ဆီ ကြီးစွာသော ဝမ်းမြောက်ခြင်း(ရှု ယာကုပ် ၅း၇၀-၇၂) ကိုသယ်ယူလာပေးပါသည်။

ဘုရားသခင်၏အမှုတော်အကြောင်း၊ သင်လုပ်ဆောင်စေရန် ကိုယ်တော်ဖိတ်ခေါ်တော်မူသည့်အရာအကြောင်း၊ ထို့အတူ ကိုယ့်တော်အသင်းတော်၏ရည်ရွယ်ချက်အကြောင်း ရှင်းလင်းသောနားလည်မှုရှိခြင်းသည် သင့်အား စိတ်ဝိညာဉ်များကို ခရစ်တော်ဆီဆောင်ယူရာ သင်၏အားထုတ်မှုများကို အာရုံစိုက်စေရန် ကူညီလိမ့်မည်။

ဤအခန်းရှိအခြေခံသဘောတရားများကို အကြိမ်ကြိမ်ရည်ညွှန်းပါ။ သင်အမှုဆောင်သည့်သူတို့၏ဘဝများ၌ ဘုရားသခင်၏ရည်ရွယ်ချက်များကို ပြည့်စေရန် သင်မည်သို့ကူညီနိုင်မည်ကို သိရန် ဆုတောင်းခြင်းထက်သန်စွာရှာပါ။ ဘုရားသခင်သည် သင့်ကိုသန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုများဖြင့် လမ်းညွှန်လိမ့်မည်။