အထွေထွေညီလာခံ
ခမည်းတော်အစီအစဉ်ရှိဘုရားချစ်ခြင်း
ဧပြီ ၂၀၂၂ အထွေထွေညီလာခံ


14:47

ခမည်းတော်အစီအစဉ်ရှိဘုရားချစ်ခြင်း

ဤပြန်လည်ထူထောင်ထားသော အသင်းတော်၏ အယူဝါဒနှင့် မူဝါဒများ၏ ရည်ရွယ်ချက်မှာ ဘုရားသခင့်သားသမီးများအား ဆီလက်ရှယ်လ်နိုင်ငံတော်၌ ကယ်တင်ခြင်းအတွက်နှင့် ချီးမြှောက်ခြင်းအတွက် ပြင်ဆင်ရန်ဖြစ်ပါတယ်။

ဧဝံ‌ဂေလိတရားအစီအစဉ်ဟာ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးအားလုံးအတွက် သူ့ရဲ့ ချစ်ခြင်းကိုပြသပါတယ်။ ဒါကို နားလည်ဖို့၊ ကျွန်တော်တို့ သူ့အစီအစဉ်နဲ့ ပညတ်တော်တွေကို နားလည်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ သူက သားသမီးတွေကို အရမ်းချစ်လို့ သူ့ရဲ့ တစ်ဦးတည်းသောသား၊ ယေရှုခရစ်တော်ကို ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်အဖြစ်၊ ကျွန်တော်တို့အတွက် ခံစားပြီးသေဖို့ ပေးခဲ့ပါတယ်။ ယေရှုခရစ်တော်ရဲ့ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်မှာ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဉ်အကြောင်း တစ်မူထူးခြားတဲ့နားလည်ခြင်း ကျွန်တော်တို့မှာရှိပါတယ်။ ဒါက ကျွန်တော်တို့ကို လူ့ဇာတိဘဝရည်ရွယ်ချက်၊ အဲဒီနောက်မှာဖြစ်တဲ့ ဘုရားစီရင်ခြင်း၊ ပြီးတော့ ဘုရားသခင့်သားသမီးအားလုံးရဲ့ အဆုံးစွန်သောအသရေရှိ ပန်းတိုင်တို့ကို ရှုမြင်ရာမှာခြားနားတဲ့နည်းကို ပေးပါတယ်။

ကျွန်တော်သင်တို့ကို ချစ်ပါတယ်၊ ညီအစ်ကို မောင်နှမများခင်ဗျာ။ ဘုရားသခင်ရဲ့သားသမီးအားလုံးကို ချစ်ပါတယ်။ ယေရှုဟာ “ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းလို့အမေးခံရတဲ့အခါ” ဘုရားသခင်၊ ပြီးတော့ကိုယ်နဲ့စပ်ဆိုင်သောသူတွေကို ချစ်ခြင်းဟာ ဘုရားသခင်ရဲ့ ကြီးမြတ်သောပညတ်တော်တွေထဲက ပထမပညတ်ဖြစ်၏ လို့သွန်သင်ခဲ့ပါတယ်။ အဲဒီပညတ်တွေဟာ ပထမဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ချစ်ခြင်းကို အတုယူဖို့ကြိုးစားခြင်းအားဖြင့် ကျွန်တော်တို့ကို ဝိညာဉ်ပကတိကြီးထွားစေရန် ဖိတ်ခေါ်ကြလို့ပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှာ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘနဲ့ သူ့သားတော်၊ ယေရှုခရစ်တော် တည်ထောင်ခဲ့တဲ့ ချစ်ခြင်းဩဝါဒနဲ့ မူဝါဒတွေအကြောင်း ပိုပြီးနားလည်ခြင်း ကျွန်တော်တို့အားလုံးမှာရှိကြစေဖို့ ကျွန်တော်အလိုရှိပါတယ်။ ကျွန်တော်ဒီမှာပြောတဲ့အရာက ဘုရားသခင်ရဲ့ချစ်ခြင်းဟာ ဩဝါဒနဲ့ အဲဒီလမ်းပြလှုံ့ဆော်တဲ့ အသင်းတော်မူဝါဒတွေကို ရှင်းလင်းစေရန် ရှာဖွေဖို့ဖြစ်ပါတယ်။

I.

လူ့ဇာတိဘဝနောက်မှာ အခြေခံအားဖြင့်ဖြစ်လာတဲ့ တရားစီရင်ခြင်းအကြောင်း ယေဘုယျနားလည်မှုလွဲခြင်းတစ်ခုကတော့ လူကောင်းတွေ ကောင်းကင်ဘုံ လို့ခေါ်တဲ့နေရာကို သွားကြပြီး၊ လူဆိုးတွေ ငရဲ လို့ခေါ်တဲ့ထာဝရတည်မြဲတဲ့နေရာကို သွားကြတယ်ဆိုတာပါပဲ။ အန္တိမပန်းတိုင်နှစ်ခုသာရှိတယ်ဆိုတဲ့ ဒီအမှားယူဆချက်က ကောင်းကင်ဘုံအတွက် လိုအပ်တဲ့ပညတ်တော်တွေအားလုံးကို မစောင့်ထိန်းနိုင်တဲ့သူတွေအားလုံးဟာ ငရဲအတွက် သေချာပေါက် အမြဲလျာထားခံရတယ်လို့ ရည်ညွှန်းပါတယ်။

ချစ်တဲ့ကောင်းကင်ဘုံရှင်အဘမှာ သူ့သားသမီးတွေအတွက် ပိုကောင်းတဲ့အစီအစဉ်တစ်ခုရှိပါတယ်။ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ ဗျာဒိတ်ရဩဝါဒက သွန်သင်ပေးတာက၊ ဘုရားသခင်ရဲ့သားသမီးအားလုံး —ဒီမှာထည့်သွင်းစဉ်းစားဖို့ အတော်နည်းတဲ့ ချွင်းချက်တွေရှိသော်လည်း—သူတို့ဟာ နောက်ဆုံးမှာ ဘုန်းအသရေ နိုင်ငံတော်မှာ ရောက်ရှိကြပါလိမ့်မယ်။ “ငါ့ခမည်းတော်၏ အိမ်တော်၌ နေစရာအခန်း များစွာရှိ၏၊” လို့ယေရှုက သွန်သင်ခဲ့ပါတယ်။ ယခုခေတ်ဗျာဒိတ်တော်အရ၊ အဲဒီနေစရာအခန်းတွေဆိုတာ ကွဲပြားတဲ့ဘုန်းအသရေနိုင်ငံတော်သုံးခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ နောက်ဆုံးတရားစီရင်ခြင်းမှာ ကျွန်တော်တို့အယောက်တိုင်းဟာ ကျွန်တော်တို့စိတ်နှလုံးရဲ့ အကျင့်တွေ၊ ဆန္ဒတွေအတိုင်း တရားစီရင်ခံကြရမှာဖြစ်ပါတယ်။ အဲဒါမတိုင်ခင်မှာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နောင်တမရတဲ့အပြစ်တွေအတွက် ခံစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျမ်းစာတွေက ရှင်းလင်းပါတယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ ဖြောင့်မတ်တဲ့တရားသူကြီးက ကျွန်တော်တို့ကို အဲဒီဘုန်းအသရေနိုင်ငံတော်သုံးခုထဲက တစ်ခုမှာ ကျွန်တော်တို့ကို နေစရာပေးပါလိမ့်မယ်။ ဒီလိုနဲ့၊ ယခုခေတ်ဗျာဒိတ်တော်ကနေ ကျွန်တော်တို့ သိရတာက အားလုံး “တရားစီရင်ခံရမယ်၊ လူတိုင်း ပြင်ဆင်ထားသည့် နေစရာအခန်းများ၌၊ မိမိကိုယ်တိုင်၏ အကျင့်များအတိုင်း မိမိကိုယ်တိုင်၏ အုပ်ချုပ်ခံဒေသကို ရရှိကြမယ်” ဆိုတာပါပဲ။

ကိုယ်တော်ရှင်က ဒီနိုင်ငံတော်တွေထဲက နှစ်ခုအကြောင်းကို နှိုင်းစာပြောရလျှင် အနည်းငယ်သာဖော်ပြဖို့ ရွေးချယ်ခဲ့ပါတယ်။ တစ်ဖက်မှာတော့၊ ကိုယ်တော်ရှင်က ဘုန်းအသရေအမြင့်ဆုံး နိုင်ငံတော်အကြောင်းကို များစွာဖော်ပြခဲ့ပါတယ်၊ အဲဒါကို သမ္မာကျမ်းမှာ “နေ၏ဂုဏ်အသရေ” လို့ ဖော်ပြပါတယ်။

“ဆီလက်ရှယ်လ်” ဘုန်းအသရေမှာ အဆင့် သို့ အဆင့်အတန်း သုံးဆင့်ရှိပါတယ်။ အဲဒါတွေထဲက အမြင့်ဆုံးကတော့ ‌ဆီလက်ရှယ်လ်နိုင်ငံတော်မှ ချီးမြှောက်ခြင်းဖြစ်ပါတယ်၊ အဲဒီထဲမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အဘနဲ့ သူ့သားတော်၊ ယေရှုခရစ်တော်တို့လို ဖြစ်လာနိုင်ကြပါတယ်။ ကျွန်တော်တို့ကို ဘုရားစရိုက်လက္ခဏာဖွံ့ဖြိုးဖို့နဲ့ သဘာဝပြောင်းလဲဖို့ ကူညီရန်၊ ကျွန်တော်တို့ရဲ့ ဘုရားဆိုင်ရာ ဖြစ်နိုင်စွမ်းအင်ကို သိမှတ်စေဖို့ လိုအပ်ပါတယ်၊ ကိုယ်တော်ရှင်က ဩဝါဒကို ဖော်ပြခဲ့ပြီး၊ ထာဝရပညတ်ပေါ်မှာအခြေခံ၍ ပညတ်တော်တွေကို တည်ဆောက်ခဲ့ပါတယ်။ ဒါက ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်မှာ ကျွန်တော်တို့ သွန်သင်တဲ့အရာဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုလျှင်၊ ဒီပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ ဩဝါဒနဲ့ မူဝါဒတွေရဲ့ ရည်ရွယ်ချက်က ဘုရားသခင်ရဲ့ သားသမီးတွေကို ဆီလက်ရှယ်လ်ဘုန်းအသရေ၌ ကယ်တင်ခြင်းအတွက် ၊ အထူးသဖြင့်၊ အမြင့်ဆုံးဘုံးအသရေမှာ ချီးမြှောက်ခြင်း အတွက်ဖြစ်လို့ပါပဲ။

ဘုရားသခင်ရဲ့ဗိမာန်တော်ထဲမှာ ပြုခဲ့တဲ့ ပဋိညာဉ်တွေနဲ့ သစ္စာရှိသူတို့ကို ပေးခဲ့တဲ့ ကောင်းချီးမင်္ဂလာတွေဟာ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကမ္ဘာတဝှမ်း ဗိမာန်တော်အဆောက်အဦးတွေကို ရှင်းပြပါတယ်၊ အဲဒီအကြောင်းကို ဓမ္မတေးအဖွဲ့အလွန်သာယာစွာသီဆိုခဲ့ကြပြီးပါပြီ။ အချို့က ဒီအလေးထားမှုကို အကြံအိုက်ကြပါတယ်၊ ဗိမာန်တော်ပဋိညာဉ်တွေနဲ့ ဘိသိက်မင်္ဂလာတွေက ကျွန်တော်တို့ကို ချီးမြှောက်ခြင်းရရှိမှုဆီကို လမ်းညွှန်တယ်ဆိုတာကို နားမလည်ဘဲ ရှိနေကြပါတယ်။ ဘုန်းအသရေအဆင့်သုံး ခုအကြောင်း ဗျာဒိတ်ဖော်ပြတဲ့သမ္မာတရားအကြောင်းအရာ ဖြင့်သာ ဒီအရာကို နားလည်နိုင်ပါတယ်။ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ သူ့သားသမီးအားလုံးအတွက် ကြီးမြတ်သောချစ်ခြင်းကြောင့်၊ သူက အခြားဘုန်းအသ‌ရေနိုင်ငံတော်သုံးခုကို ပံ့ပိုးခဲ့ပါတယ်—မနေ့က အသင်းလူကြီး ကွမ်တင်အယ်လ်ကွတ်ရှင်းပြခဲ့သလိုပါပဲ—အဲဒါတွေအားလုံးဟာ ကျွန်တော်တို့ နားလည်နိုင်တာထက် ပိုပြီး အံ့ဩစရာကောင်းပါတယ်။ ၁၀

ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက ဒါတွေအားလုံးကို ဖြစ်နိုင်စေပါတယ်။ သူက “ခမည်းတော်ကို ချီးမွမ်း၍၊ သူ့လက်ဖြင့်ဖန်ဆင်းတော်မူတဲ့ ခပ်သိမ်းသောအရာတို့ကို ကယ်တင်တော်မူ၏။”၁၁ အဲဒီကယ်တင်ခြင်းကို ဘုန်းအသရေနိုင်ငံတော်အမျိုးမျိုးမှာ ပေးထားပါတယ်။ “နိုင်ငံတော်အားလုံးမှာပေးထားတဲ့ဥပဒေ”၁၂ ရှိကြောင်း ယခုခေတ်ဗျာဒိတ်တော်ကနေ ကျွန်တော်တို့သိကြပါတယ်။ အထူးသဖြင့်၊

“ဆီလက်ရှယ်လ်နိုင်ငံတော်၏ ဥပဒေကို နာခံရန် မတတ်နိုင်သောသူသည် ဆီလက်ရှယ်လ်ဘုန်းအသရေ၌ မတည်တံ့နိုင်။

“ထီရက်စ်ထရီရယ်လ်နိုင်ငံတော်၏ ဥပဒေကို နာခံရန် မတတ်နိုင်သောသူသည်လည်း ထီရက်စ်ထရီရယ်လ် ဘုန်းအသရေ၌ မတည်တံ့နိုင်။

“ထီလက်စ်ရှယ်လ်နိုင်ငံတော်၏ ဥပဒေကို နာခံရန် မတတ်နိုင်သောသူသည်လည်း ထီလက်စ်ရှယ်လ် ဘုန်းအသရေ၌ မတည်တံ့နိုင်။”၁၃

တစ်နည်းအားဖြင့်၊ နောက်ဆုံးတရားစီရင်ခြင်းမှာ ကျွန်တော်တို့ ရရှိတဲ့ ဘုန်းအသရေကို ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ ချစ်စရာအစီအစဉ်တွင်ပါဝင်ရန် ကျွန်တော်တို့ကျင့်သုံးဖို့ရွေးချယ်တဲ့ဥပဒေများအားဖြင့် ဆုံးဖြတ်ပါတယ်။ အဲဒီအစီအစဉ်မှာ၊ နိုင်ငံတော်များစွာရှိလို့ သူ့သားသမီးအားလုံးဟာ သူတို့ “တည်” နိုင်တဲ့နိုင်ငံတော်တစ်ခုမှာ ခန့်အပ်ခံရနိုင်ပါတယ်။

II.

ကိုယ်တော်ရှင်ရဲ့ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ သွန်သင်မှုတွေနဲ့ မူဝါဒတွေက ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီး အားလုံးအတွက် သူ့ရဲ့ ချစ်စရာအစီအစဉ်ရဲ့ အကြောင်းအရာအားဖြင့်သာ ပြည့်စုံစွာနားလည်နိုင်တဲ့ ဒီထာဝရသမ္မာတရားတွေကို သုံးပါတယ်။

ဒီနည်းနဲ့၊ ကျွန်တော်တို့က ပုဂ္ဂလလွတ်လပ်စွာရွေးချယ်ပြုမူနိုင်ခွင့်ကို အလေးထားပါတယ်။ အများစုက ဒီအသင်းတော်ရဲ့ဘာသာရေးလွတ်လပ်မှုကိုမြှင့်တင်တဲ့ကြီးစွာသောအားထုတ်မှုတွေကို သတိပြုမိကြပါတယ်။ ဒီအားထုတ်မှုတွေဟာ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ရဲ့ ‌ဖြည့်စွမ်းမှုတွေဖြစ်ပါတယ်။ —ကျွန်တော်တို့အသင်းသားတွေသာမဟုတ်—သူ့သားသမီးအားလုံးကို အဖိုးတန် လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ မွေ့လျော်ရန် ကူညီဖို့ ကျွန်တော်တို့ကြိုးစားကြပါတယ်။

အလားတူစွာပဲ၊ ကျွန်တော်တို့ဟာ ခရစ်ယာန်ဘာသာဝင်တွေရှိတဲ့နေရာတွေကိုတောင် သာသနာပြုတွေကို ဘာကြောင့်လွှတ်ကြတာလဲလို့ တစ်ခါတစ်ရံအမေးခံကြရပါတယ်။ ကျွန်တော်တို့ရဲ့ သာသနာပြုအားထုတ်မှုတွေနဲ့သက်ဆိုင်ခြင်းမရှိဘဲ၊ ကျွန်တော်တို့အသင်းသားမဟုတ်တဲ့သူတွေကို အလွန်များတဲ့လူမှုကူညီရေးတွေကို ဘာကြောင့်ပေးကြတာလဲလို့လည်း အမေးခံရကြပါတယ်။ ဒီလိုလုပ်တာက ကိုယ်တော်ရှင်ရဲ့သားသမီးအားလုံးကို ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေလို့ မှတ်ယူရမယ်လို့ ကျွန်တော်တို့ကို သွန်သင်ပေးထားလို့ပဲဖြစ်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိ၊ ဇာတိပကတိ ကြွယ်ဝမှုကို လူတိုင်းနဲ့ ဝေငှချင်ကြပါတယ်။

ထာဝရဩဝါဒက ကလေးတွေနဲ့ပတ်သက်လို့ သိသာတဲ့အမြင်ကိုလည်း ပေးပါတယ်။ ဒီအမြင်အားဖြင့်၊ ကျွန်တော်တို့ဟာ ကလေးတွေကို ကျွေးမွေးပြုစုပျိုးထောင်ခြင်းဟာ ဘုရားအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒီအမှုမှာ ပါဝင်ဖို့ အခွင့်ပေးတဲ့သူတွေရဲ့ဝမ်းမြောက်စရာ၊ သန့်ရှင်းမွန်မြတ်တဲ့တာဝန်ဖြစ်ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့အစီအစဉ်အောက်မှာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပျော်ရွှင်မှုအတွက် အကောင်းဆုံးအခြေအနေတွေကို ပံ့ပိုးတဲ့ အခြေခံသဘောတရားတွေနဲ့ အလေ့အကျင့်တွေကို သွန်သင်ပေးကြ၊ ကာကွယ်ကြဖို့ မိန့်မှာခံထားကြရပါတယ်။

III.

နောက်ဆုံးအနေနဲ့၊ ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ မိသားစုဗဟိုပြုအသင်းတော်တစ်ခုလို့ ကောင်းစွာထင်ရှားပါတယ်။ ဒါပေမယ့်ကောင်းကောင်းနားမလည်တာက၊ ကျွန်တော်တို့ရဲ့ မိသားစုဗဟိုပြုခြင်းဟာ လူ့ဇာတိဆက်‌ဆံ‌ရေးအတွက်ကန့်သတ်ထားတာမဟုတ်ဘူးဆိုတာပါပဲ။ ထာဝရဆက်ဆံရေးတွေဟာလည်း ကျွန်တော်တို့ ဘာသာရေးယုံကြည်မှုရဲ့အခြေခံဖြစ်ပါတယ်။ ပြန်လည်ထူထောင်ထားသော အသင်းတော်၏တာဝန်မှာ ဘုရားသခင့်သားသမီးအားလုံး မိမိတို့၏နောက်ဆုံးကံကြမ္မာအဖြစ် အရည်အချင်းပြည့်မီစေရန် ကူညီပေးဖို့ဖြစ်ပါတယ်။ ခရစ်တော်၏အပြစ်ဖြေခြင်းမှတစ်ဆင့် ပေးထားသော ရွေးနှုတ်ခြင်းအားဖြင့်၊ အမေ ဧဝက “နာခံမှုရှိသမျှကို ဘုရားသခင်ပေးတော်မူသည်”၁၄ဟုကြေညာခဲ့သည့် ထာဝရအသက် (ကောင်းကင်နိုင်ငံတော်တွင် ဆီလက်ရှယ်လ်ချီးမြှောက်ခြင်း) အားလုံး ထာဝရအသက် ရရှိနိုင်ပါတယ်။ ဒါက ကယ်တင်ခြင်းထက် ပိုပါတယ်။ ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လဆင်က ကျွန်တော်တို့ကို သတိပေးထားပါတယ်၊ “ဘုရားသခင်ရဲ့ ထာဝရအစီအစဉ်မှာ ကယ်တင်ခြင်းက ပုဂ္ဂလကိစ္စဖြစ်ပါတယ်၊ [ဒါပေမယ့်]၊ ချီးမြှောက်ခြင်းက မိသားစုကိစ္စဖြစ်ပါတယ်။” ၁၅

ကျွန်တော်တို့အဖို့ အခြေခံကတော့ ချီးမြှောက်ခြင်းဆိုတာ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက် ထာဝရလက်ထပ်ခြင်းရဲ့ ပဋိညာဉ်တွေအပေါ် သစ္စာရှိခြင်းအားဖြင့် သာရရှိနိုင်တယ်ဆိုတဲ့ ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဖြစ်ပါတယ်။၁၆ အဲဒီဘုရားဩဝါဒဟာ “ကျား၊ မ ကွဲပြားမှုသည် တစ်ဦးချင်းစီ၏ လူ့ဇာတိမတိုင်မီ၊ လူ့ဇာတိနှင့် ထာဝရကာလတို့၌ သတ်မှတ်ချက်နှင့် ရည်ရွယ်ချက်တို့၏ အခြေခံ လက္ခဏာတစ်ရပ် ဖြစ်တယ်။”၁၇ ဆိုတာကို ကျွန်တော်တို့ ဘာကြောင့်သွန်သင်ပေးသလဲဆိုတာပါပဲ။

အဲဒါက ကိုယ်တော်ရှင်က သူ့ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက် လက်ထပ်ခြင်းဆိုတဲ့ သူ့ဩဝါဒကို ပြောင်းလဲတဲ့လူမှုရေးနဲ့ ဥပဒေရေးဖိအားတွေကို ‌ဆန့်ကျင်ဖို့၊ ပြီးတော့ ယောက်ျာနဲ့မိန်းမကြား ရှုပ်ထွေးစေခြင်း၊ ကျားမ ပြောင်းလဲခြင်း၊ ‌ရောစပ်ခြင်းတို့ကို ဆန့်ကျင်ဖို့ ဘာကြောင့်တောင်းဆိုတာလဲဆိုတာလည်းဖြစ်ပါတယ်။

ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ ဒီအခြေခံတွေအပေါ်သဘောထားတွေဟာ မကြာခဏတိုက်ခိုက်ခံရပါတယ်။ အဲဒါကို ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖ၏ အစီအစဉ်သည် “အရာရာတိုင်းတွင် ဆန့်ကျင်မှု”၁၈ နှင့် စာတန်၏အပြင်းထန်ဆုံး ဆန့်ကျင်မှုကို ထိုအစီအစဉ်အတွက် ခွင့်ပြုစေပါတယ်။ ထို့ကြောင့်၊ သူက လက်ထပ်ခြင်းကို ပုံစံပျက်စေခြင်း၊ ကလေးမွေးဖွားခြင်းကို စိတ်အားလျော့စေခြင်း၊ သို့မဟုတ် ကျားမရှုပ်ထွေးစေခြင်းအားဖြင့် ချီးမြှောက်ခြင်းဆီသို့ တိုးတက်မှုကို ဆန့်ကျင်ပါတယ်။ သို့သော်လည်း၊ ကျွန်တော်တို့သိတာက ရေရှည်မှာ၊ ကျွန်တော်တို့ရဲ့ချစ်သောကောင်းကင်ဘုံရှင်အဘရဲ့ ဘုရားရည်ရွယ်ချက်နဲ့ အစီအစဉ်ဟာ ပြောင်းလဲမှာမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအခြေအနေတွေ ပြောင်းလဲသွားနိုင်ပြီး၊ သူတို့ရဲ့ပဋိညာဉ်တွေကို ထိန်းသိမ်းထားတဲ့ သစ္စာရှိသူတွေဟာ ကတိထားရာကောင်းချီးတိုင်းအတွက် အရည်အချင်းပြည့်မီဖို့ အခွင့်အရေးရမယ်ဆိုတာ ဘုရားသခင်ရဲ့အစီအစဉ်က အာမခံထားပါတယ်။၁၉

ထာဝရအသက်အတွက် ပြင်ဆင်ရန် ကျွန်တော်တို့ကို ကူညီတဲ့ ပြိုင်ဘက်ကင်းအဖိုးတန်သွန်သင်ချက်တစ်ခု၊ “ဘုရားသခင်ရဲ့ဆုကျေးဇူးတွေအားလုံးထဲကအကြီးမြတ်ဆုံး”၂၀ကတော့ ၁၉၉၅ ခု မိသားစုကြေညာချက်ဖြစ်ပါတယ်။ ၂၁ ယင်း၏ကြေညာချက်များဟာ လက်ရှိဥပဒေအချို့၊ အလေ့အကျင့်များနှင့် ထောက်ခံအားပေးမှုများနှင့် ဥပမာ အတူနေထိုင်ခြင်း၊ လိင်တူလက်ထပ်ခြင်းတို့နှင့် ကွဲပြားခြားနားနေသည်မှာ အမှန်ပါပဲ။ သားသမီးများအတွက် ခမည်းတော်၏ချစ်ခြင်းအစီအစဉ်ကို အပြည့်အဝနားမလည်သူများသည် ဤမိသားစုကြေညာချက်ကို ပြောင်းလဲနိုင်သည့် မူဝါဒကြေညာချက်တစ်ခုမျှသာ စဉ်းစားကြပါလိမ့်မယ်။ ယင်းနှင့်ဆန့်ကျင်လျက်၊ မိသားစုကြေညာချက်ဟာ ယတိပြတ်ဩဝါဒအပေါ်မှာတည်ထောင်ထားကြောင်း၊ ထာဝရဖွံ့ဖြိုးမှုရဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ထွန်းနိုင်ရာ မိသားစုဆက်ဆံရေး‌မျိုးတွေကို ဖွင့်ဆိုကြောင်း နောက်ပိုင်းကာလသန့်ရှင်းသူတွေက အတည်ပြုကြပါတယ်။

အဲဒါက ပြန်လည်ဆောင်ယူထားတဲ့ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်ရဲ့ ထူးခြားတဲ့ ဩဝါဒနဲ့ မူဝါဒတွေအတွက် အကြောင်းအရာတွေဖြစ်ပါတယ်။

IV

လူ့ဇာတိဘဝမှာ များစွာသောဆက်ဆံရေးတွေနဲ့ အခြေအနေတွေမှာ၊ ကျွန်တော်တို့အယောက်တိုင်းဟာ ကွဲပြားမှုတွေနဲ့ နေကြရပါတယ်။ ကိုယ့်အပေါင်းအဖော်တွေကို ချစ်ရမယ့်‌ယေရှုခရစ်တော်ရဲ့နောက်လိုက်များအဖြစ် ကျွန်တော်တို့ဟာ ကိုယ်ယုံကြည်သလို မယုံကြည်ကြသူတွေနဲ့ ငြိမ်းချမ်းစွာနေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ချစ်စရာကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့အားလုံးအတွက် သူက သေပြီးနောက်ဘဝကို လျာထားပြီးဖြစ်ပါတယ်၊ အဆုံးစွန်ဆုံးကတော့၊ ဘုန်းအသရေနိုင်ငံတော်တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့အားလုံးကို သူ့ရဲ့ အမြင့်ဆုံး ပညတ်တော်တွေ၊ ပဋိညာဉ်တွေ၊ ပြီးတော့ ဘိသိက်မင်္ဂလာတွေကို စောင့်ထိန်းခြင်းဖြင့် ရရှိနိုင်တဲ့သူ့ရဲ့အမြင့်ဆုံးကောင်းချီးမင်္ဂလာတွေအတွက် ကြိုးစားစေလိုပါတယ်၊ အဲဒါတွေအားလုံးဟာ ကမ္ဘာတဝန်းမှာဆောက်ထားတဲ့ သူ့ရဲ့သန့်ရှင်းသောဗိမာန်တော်တွေထဲမှာ အမြင့်ဆုံးကို ရောက်ကြပါတယ်။ ကျွန်တော်တို့ဟာ ဒီထာဝရသမ္မာတရားတွေကို အခြားသူတွေနဲ့ ဝေငှဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအားလုံးအပေါ်ရှိတဲ့ ကျွန်တော်တို့ရဲချစ်ခြင်းနဲ့ ၊ ကျွန်တော်တို့ဟာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို အမြဲလက်ခံကြပါတယ်။ မော်မုန်ကျမ်းပရောဖက်တွေ သွန်သင်ထားတဲ့အတိုင်း ကျွန်တော်တို့ဟာ “ဘုရားသခင်နဲ့လူသားအားလုံးကို ချစ်ခြင်း”၂၂ ရှိလျက်၊ ရှေ့ကို ဆက်ပြီးကြိုးစားကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ညီလာခံမှာ ဥက္ကဋ္ဌနယ်လဆင်က ကြေညာခဲ့ပါတယ်၊ ကျွန်တော်တို့ကယ်တင်ရှင်အကြောင်းသိခြင်းဟာ လူ့စိတ်ဝိညာဉ်တိုင်း အဖို့ ပိုပြီးကိုယ်တွေ့အရေးကြီးတဲ့အချိန် ကမ္ဘာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။… ခရစ်တော်ရဲ့ စင်ကြယ်တဲ့ဩဝါဒက တန်ခိုးကြီးပါတယ်။ အဲဒါကို နားလည်ပြီး မိမိဘဝမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားသူတိုင်းရဲ့ ဘဝကို ပြောင်းလဲပေးပါတယ်။”၂၃

ကျွန်တော်တို့အားလုံး အဲဒီသန့်ရှင်းမွန်မြတ်တဲ့ဩဝါဒကို ကျွန်တော်တို့ရဲ့ဘဝတွေမှာ အကောင်အထည်ဖော်နိုင်ကြမည့်အကြောင်း ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။