ကျွန်တော်တို့၏ နှလုံးသားတစ်ခုလုံး
အကယ်၍ ကယ်တင်ရှင်က ကျွန်တော်တို့ကို ကောင်းကင်သို့ မြှင့်တင်စေလိုလျှင် ကိုယ်တော်နှင့် ကိုယ်တော်၏ဧဝံဂေလိတရားအပေါ် ကျွန်တော်တို့၏ကတိကဝတ်သည် အမှတ်တရ သို့မဟုတ် အခါအားလျော်စွာ မဖြစ်နိုင်ပါ။
ကိုယ်တော်ထံအား ပူဇော်သက္ကာ
ယေရှုခရစ်တော်ဟာ၊ ကျွန်တော်တို့အတွက် သူ့ဘဝကို မပေးဆပ်မီနေ့တွေမှာ၊ ယေရုရှလင်ရှိ ဗိမာန်တော်မှာ ရှိခဲ့ပါတယ်၊ လူတွေဗိမာန်တော်ဘဏ္ဍာတိုက်မှာလှူတာကို ကြည့်နေရင်းနဲ့ပါ။ “ငွေရတတ်သောသူအများတို့ဟာ များစွာသွင်းချကြပါတယ်၊” ဒါပေမယ့် အဲဒီအချိန်မှာ ဆင်းရဲတဲ့မုဆိုးမတစ်ဦးရောက်လာပြီး၊ “တစ်ပဲလောက်တန်တဲ့ကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချခဲ့ပါတယ်။” အဲဒါက တကယ့်ကို နည်းတဲ့မမာဏပါ၊ မှတ်ထားဖို့တောင်မထိုက်တန်ပါဘူး။
သို့သော်လည်း အမြင်အားဖြင့် အရေးမပါဘူးလို့ထင်ရတဲ့ ဒီလှူဒါန်းမှုက ကယ်တင်ရှင်ရဲ့အာရုံကို ဆွဲဆောင်ခဲ့ပါတယ်။ တကယ်တော့၊ အဲဒါက သူ့ကို အလွန် လေးလေးနက်နက်လေးစားစရာဖြစ်စေလို့ “သူကတပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ၍ သွင်းချခဲ့ပြီ။
“အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍သွင်းချကြ၏။ ထို မိန်းမမူကားအလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီ။”၁
ဒီရိုးရှင်းတဲ့တွေ့ရှိချက်အားဖြင့်၊ ကယ်တင်ရှင်က သူ့နိုင်ငံတော်မှာ ပူဇော်သက္ကာတွေကို ဘယ်လိုတိုင်းတာတယ်ဆိုတာကို ကျွန်တော်တို့ကို သွန်သင်ခဲ့ပါတယ်—အဲဒါက ကျွန်တော်တို့တတွေပုံမှန်တိုင်းတာပုံနဲ့ အလွန်ကွဲပြားပါတယ်။ ကိုယ်တော်ရှင်အဖို့ကတော့၊ အလှူရဲ့တန်ဖိုးဆိုတာ ဘဏ္ဍာတိုက်မှာသက်ရောက်မှုနဲ့မတိုင်းတာပါဘူး၊ အလှူရှင်ရဲ့စိတ်နှလုံးအပေါ်သက်ရောက်မှုနဲ့သာတိုင်းတာပါတယ်။
ဒီသစ္စာရှိမုဆိုးမကို ချီးမွမ်းရာမှာ၊ ကယ်တင်ရှင်က ကျွန်တော်တို့ကိုတပည့်တော်ဖြစ်ခြင်းရဲ့များစွာသောဖွင့်ဆိုချက်မှန်သမျှကို တိုင်းတာဖို့ စံနှုန်းတစ်ခုကို ပေးခဲ့ပါတယ်။ ယေရှုကသွန်သင်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့အလှူဟာ ကြီးချင်ကြီးမယ်၊ ငယ်ချင်ငယ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒါက ကျွန်တော်တို့ရဲ့ လှိုက်လှဲမှုအားလုံးဖြစ်ရပါမယ်။
ဒီအခြေခံသဘောတရားကို မော်မုန်ကျမ်းပရောဖက် အာမလေခိရဲ့ တောင်းဆိုမှုမှာ ထင်ဟပ်ထားပါတယ်၊ “ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်သည့် ခရစ်တော်ထံသို့ လာ၍၊ သူ၏ကယ်တင်ခြင်းနှင့် သူ၏ရွေးနှုတ်ခြင်းတန်ခိုးကို ခံယူကြလော့။ ထိုမှတစ်ပါး၊ သူ့ထံသို့ လာ၍ သင်တို့၏စိတ်ဝိညာဉ်တစ်ခုလုံးကို ပူဇော်သက္ကာအဖြစ် ပူဇော်ကြလော့။”၂
ဒါပေမယ့်ဒီဟာက ဘယ်လိုများ ဖြစ်နိုင်ပါသလဲ။ ကျွန်တော်တို့အများစုအဖို့၊ အဲသလိုစိတ်ဝိညာဉ်တစ်ခုလုံးရဲ့ကတိကဝတ်စံနှုန်းမျိုးဟာ လက်လှမ်းမမီသယောင်ရှိပါတယ်။ ကျွန်တော်တို့ဟာ အတော်ပါးသွားအောင်ဆွဲဆန့်ထားပြီးကြပါပြီ။ ဘဝရဲ့ တောင်းဆိုမှုများစွာနဲ့၊ ကိုယ်တော်ရှင်ကို ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တစ်ခုလုံးနဲ့ပူဇော်ဖို့ ကျွန်တော်တို့ရဲ့ဆန္ဒတွေကို ကျွန်တော်တို့ဘယ်လို ဟန်ချက်ညီနိုင်စေကြမှာပါလဲ။
ကျွန်တော်တို့ရဲ့စိန်ခေါ်မှုတွေမှာ၊ ဟန်ချက်ညီခြင်းဆိုတာ အလုံးစုံစိတ်ဝင်စားစရာတွေအကြား အချိန်ကို ညီမျှစွာခွဲခြားတာဖြစ်တယ်လို ကျွန်တော်တို့ထင်တဲ့အရာဖြစ်ကောင်းဖြစ်ပါမယ်။ ဒီပုံစံမျိုးနဲ့ကြည့်ကြပါတယ်၊ ယေရှုခရစ်တော်အဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာ ကျွန်တော်တို့လုပ်ရမယ့်အရာများစွာထဲက ကျွန်တော်တို့ရဲ့အလုပ်များတဲ့အစီအစဉ်တွေထဲမှာ ကျွန်တော်တို့ထည့်ထားဖို့လိုတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်၊ အဲဒါကို ကြည့်စရာတစ်ခြားနည်းရှိကောင်းရှိနိုင်ပါတယ်။
ဟန်ချက်ညီခြင်း ဆိုတာ စက်ဘီးစီးသလိုပါပဲ။
ကျွန်တော့်ဇနီး ဟာရီရက်နဲ့ကျွန်တော်ဟာအတူစက်ဘီးစီးသွာရတာကို ကြိုက်ပါတယ်။ အဲဒါဟာ၊ အချိန်ကိုလည်း အတူသုံးရင်းအလွန်ကောင်းတဲ့လေ့ကျင့်ခန်းယူနည်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့စက်ဘီးစီးနေစဉ်မှာ၊ ကျွန်တော်အများကြီး ဟောဟဲလိုက်မနေပါဘူး၊ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အလှကမ္ဘာကို ကြည်နူးရင်းနဲ့ သာသာယာယာစကားကြွယ်နေခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့စက်ဘီးတွေပေါ်မှာ ဟန်ချက်ညီနေဖို့ အများကြီးအာရုံစိုက်စရာမလိုသလောက်ပါပဲ။ ကျွန်တော်တို့အတော်ကြာအောင်စီးနေခဲ့ကြတာမိုလို့ စဉ်းတောင်မစဉ်းစားမိပါဘူး—ကျွန်တော်တို့အဖို့ပုံမှန်နဲ့ နေသားကျလာနေပါပြီ။
ဒါပေမယ့် တစ်ယောက်ယောက် စက်ဘီးစီးစပြီးသင်နေတာကို မြင်ရတိုင်း၊ အဲဒီဘီးလုံးသေးသေးလေးနှစ်ဘီးပေါ်မှာ ကိုယ်ကိုဟန်ချက်ညီအောင်ထိန်းရတာ မလွယ်ဘူးဆိုတာ သတိရစေပါတယ်။ အချိန်လိုပါတယ်။ အလေ့အကျင့်လိုပါတယ်။ သည်းခံခြင်းလိုပါတယ်။ တစ်ကြိမ် နှစ်ကြိမ်လဲကျဖို့တောင်လိုပါတယ်။
အများအားဖြင့်၊ စက်ဘီးပေါ်မှာဟန်ချက်ညီအောင်လုပ်နိုင်ခဲ့တဲ့သူတွေဟာ ဒီအရေးကြီး နည်းနာကို သင်ယူရပါတယ်။
သင့်ခြေထောက်ကို မကြည့်ပါနှင့်။
ရှေ့ကို ကြည့်ပါ။
သင့်မျက်လုံးတွေကို သင့်ရှေ့ကလမ်းပေါ်မှာအာရုံစိုက်ပါ။ သင်၏ပန်းတိုင်ကိုအာရုံစိုက်ပါ။ ပြီးတော့ခြေနင်းကိုနင်းပါ။ ဟန်ချက်ညီနေခြင်းဆိုတာ ရှေ့ကိုရွေ့လျားနေခြင်းပဲဖြစ်ပါတယ်။
ယေရှုခရစ်တော်ရဲ့တပည့်တော်တွေအဖြစ် ကျွန်တော်တို့ရဲ့ဘဝတွေမှာ ဟန်ချက်ညီခြင်းကို ရှာခြင်းနဲ့ပတ်သက်လာတဲ့အခါ အလားတူအခြေခံသဘောတရားတွေသက်ရောက်ပါတယ်။ သင်တို့ရဲ့အရေးကြီးလုပ်ငန်းများစွာမှာ အချိန်နဲ့စွမ်းအားကို ခွဲဝေရာမှာ လူအမျိုးမျိုးအလိုက်၊ ဘဝအခြေအနေအမျိုးမျိုးအလိုက် ကွဲပြားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ယေဘုယျ၊ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ သခင်၊ ယေရှုခရစ်တော်ရဲ့လမ်းကို လိုက်ပြီး၊ ကျွန်တော်တို့ရဲ့ချစ်သောကောင်းကင်ဘုံရှင်အဘဆီ ပြန်သွားဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဘယ်သူတွေပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဘဝတွေမှာ အခြားဘာတွေပဲဖြစ်နေဖြစ်နေ ဒီရည်ရွယ်ချက်က ပုံမှန်၊ တစ်သမတ်တည်းဆက်ရှိနေရမှာဖြစ်ပါတယ်။ ၃
လေယာဉ်ပျံ ပျံသလို ပျံတက်ပါ။
ယခုဆိုရင်၊ တက်ကြွတဲ့စက်ဘီးသမားတွေအဖို့၊ တပည့်တော်ဖြစ်ခြင်းကို စက်ဘီးစီးရတာနဲ့နှိုင်းယှဉ်ခြင်းဟာ အသုံးတဲ့တဲ့ နှိုင်းယှဉ်ချက်တစ်ခုဖြစ်နိုင်ပါတယ်။ စက်ဘီးသမားမဟုတ်သူများအဖို့၊ မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ တခြားနှိုင်းယှဉ်ချက်တစ်ခုရှိပါတယ်၊ အဲဒါက ယောက်ျား၊ မိန်းမ၊ ကလေးတိုင်း စပ်ဆိုင်နိုင်ပါလိမ့်မယ် ဆိုတာ ကျွန်တော် သေချာပါတယ်။
တပည့်တော်ဖြစ်ခြင်းဟာ၊ ဘဝမှာ ကိစ္စအများစုလိုပဲ၊ လေယာဉ်ပျံတစ်စင်းပျံခြင်းနဲ့လည်း နှိုင်းယှဉ်လို့ရနိုင်ပါတယ်။
ခရီးသည်တင်ဂျက်လေယာဉ်ကြီးတစ်စီး မြေကြီးကနေတက်ပြီး ပျံသန်းတာဘယ်လောက်အံ့ဩစရာကောင်းသလဲလို့ ခဏရပ်ပြီးစဉ်းစားဖူးပါသလား။ ဒီပျံသန်းစက်တွေကို သမုဒ္ဒရာတွေ၊ တိုက်တွေကို ဖြတ်ပြီး၊ ကောင်းကင်မှာ ကြော့ကြော့မော့မော့ဆက်ပြီးပျံသန်းစေတာက ဘယ်အရာပါလဲ။
ရိုးရိုးလေးစဉ်းစားကြည့်ရအောင်၊ လေယာဉ်တစ်စင်းဟာ သူ့တောင်ပံတွေအပေါ် လေရွေ့လျားတဲ့အခါမှသာပျံသန်းပါတယ်။ အဲဒီရွေ့လျားမှုက လေယာဉ်ကို မြင့်တက်စေတဲ့ လေဖိအားခြားနားချက်တွေကို ဖန်တီးပါတယ်။ ပျံတက်ခြင်းကိုဖန်တီးဖို့ တောင်ပံတွေပေါ်မှာ လုံလောက်တဲ့လေရွေ့လျားမှုကို သင်ဘယ်လိုရမှာပါလဲ။ အဖြေကတော့ ရှေ့တိုးတွန်းအားပဲဖြစ်ပါတယ်။
လေယာဉ်ဟာ ပြေးလမ်းပေါ်မှာရပ်နေရင်းအမြင့်မတက်ပါဘူး။ လေတိုက်လွန်းတဲ့နေ့မှာတောင်၊ လေယာဉ်ဟာဆွဲထားတဲ့အားတွေကို တုန့်ပြန်ဖို့ လုံလောက်တဲ့တွန်းအားနဲ့ ရှေ့ကို ရွေ့မနေဘူးဆိုရင် လုံလောက်တဲ့မြင့်တက်ခြင်းမဖြစ်ပါဘူး။
ရှေ့ကိုရွေ့တဲ့အဟုန်က စက်ဘီးကို ဟန်ချက်ညီစေ၊ တည့်မတ်စေသလိုမျိုးပဲ၊ ရှေ့ကို ရွေ့လျားခြင်းက လေယာဉ်ကို မြေထုဆွဲအားရဲ့ဆွဲထားခြင်းကို ကျော်လွှားဖို့ ကူညီပါတယ်။
ဒါက ကျွန်တော်တို့ယေရှုခရစ်တော်ရဲ့တပည့်တော်တွေအဖို့ ဘယ်လိုဆိုလိုပါသလဲ။ ဆိုလိုတာက၊ ကျွန်တော်တို့ဟာ ဘဝမှာ ဟန်ချက်ညီခြင်းကိုရှာချင်ရင်၊ ပြီးတော့ ကျွန်တော်တို့ကို ကယ်တင်ရှင်ကနေ ကောင်းကင်ဘုံကို မြှင့်တင်ပေးစေချင်ရင်၊ သူ့အဖို့နဲ့ သူ့ဧဝံဂေလိတရားတော်အတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ်က သာမန်လျှံကာ၊ ရံဖန်ရံခါ ဖြစ်လို့မရပါဘူး။ ယေရုရှလင်ကမုဆိုးမလိုပဲ၊ ကျွန်တော်တို့ဟာ ကိုယ်တော်ကို ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တစ်ခုလုံးနဲ့ ပူဇော်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလှူက သေးငယ်ကောင်းသေးငယ်ပါလိမ့်မယ်၊ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့စိတ်ဝိညာဉ်ကနေလာရမှာဖြစ်ပါတယ်။
ယေရှုခရစ်တော်ရဲ့ တပည့်တော်တစ်ယောက်ဖြစ်ရခြင်းဟာ၊ ကျွန်တော်တို့လုပ်ဆောင်တဲ့အရာများစွာထဲက တစ်ခုသာမဟုတ်ပါဘူး။ ကယ်တင်ရှင်ဟာ ကျွန်တော်တို့လုပ်ဆောင် သမျှရဲ့နောက်မှာစိတ်ဓာတ်မြှင့်တင်ပေးတဲ့ တန်ခိုးဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ခရီးမှာ ရပ်နားမှတ်တိုင်တစ်ခုမဟုတ်ပါဘူး။ သူဟာ အလှကြည့်လမ်းသွယ်တစ်ခုမဟုတ်သလို အထင်ကရမှတ်တိုင်တစ်ခုလည်းမဟုတ်ပါဘူး။ သူဟာ “လမ်းခရီးဖြစ်ပါတယ်၊ သမ္မာတရားလည်းဖြစ်ပါတယ်၊ ဘယ်သူမှ ခမည်းတော်ဆီကို မရောက်နိုင်ပါဘူး၊ [ယေရှုခရစ်တော်]အားဖြင့်သာ ရောက်နိုင်ပါတယ်။”၄ ဒါက လမ်းကြောင်းနဲ့ ကျွန်တော်တို့ရဲ့ အဆုံးစွန် ပန်းတိုင်ပါ။
ဟန်ချက်ညီခြင်းနဲ့ မြှင့်တင်ခြင်းဖြစ်လာတာက ကျွန်တော်တို့ “စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်နှင့်အတူ ဘုရားသခင်နှင့် ခပ်သိမ်းသောလူသားတို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်”၅ကြတဲ့အခါမှာဖြစ်ပါတယ်။
စွန့်လွှတ်ခြင်းနှင့် ဆက်ကပ်ခြင်း
ကျွန်တော်တို့ဘဝတွေကို အလွန်အလုပ်များစေတဲ့ လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်လို့ရော ဘယ်လိုလုပ်ကြမှာလဲ။ ချစ်တဲ့သူတွေနဲ့ အချိန်အတူရှိခြင်း၊ ကျောင်းတက်ခြင်း၊ အလုပ်အတွက်ပြင်ဆင်ခြင်း၊ အသက်မွေးဝင်ငွေရှာခြင်း၊ မိသားစုကို ဂရုစိုက်ခြင်း၊ ပတ်ဝန်းကျင်မှာ အကျိုးဆောင်ခြင်း—ဒီဟာတွေအားလုံးကို ဘယ်မှသင့်တော်မှာလဲ။ ကယ်တင်ရှင်က ကျွန်တော်တို့ကို ပြန်အာမခံထားပါတယ်။
“ဒါတွေအားလုံးကို သင်တို့ အသုံးလိုကြောင်း သင်တို့ရဲ့ကောင်းကင်ဘုံရှင်အဘ သိတော်မူပါတယ်။
“ဘုရားသခင်၏နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြပါ၊ ဒါတွေအားလုံးကို သင်တို့ကို ထပ်ပေးတော်မူပါလိမ့်မယ်။”၆
ဒါပေမယ့် အဲဒါက လွယ်တယ်လို့ မဆိုလိုပါဘူး။၇ စွန့်လွှတ်ခြင်းနဲ့ ဆက်ကပ်ခြင်းနှစ်ခုစလုံးလိုအပ်ပါတယ်။
တစ်ခုခုကို လွှတ်ပေးရတာ၊ ပြီးတော့ အခြားအရာတွေကို ကြီးထွားစေရတာမျိုး လိုအပ်ပါတယ်။
စွန့်လွှတ်ခြင်းနဲ့ ဆက်ကပ်ခြင်း ကျွန်တော်တို့ နာခံဖို့ ဗိမာန်တော်ထဲမှာ ပဋိညာဉ်ပြုခဲ့တဲ့ ကောင်းကင်ဘုံပညတ်နှစ်ခုဖြစ်ပါတယ်။ ဒီပညတ်နှစ်ခုက ဆင်တူပေမယ့် ထပ်တူမကျပါဘူး။ စွန့်လွှတ်တယ်ဆိုတာ ပိုပြီးအဖိုးတန်တဲ့အရာတစ်စုခုခုအတွက် တစ်ခုခုကို စွန့်ပစ်ခြင်းဖြစ်ပါတယ်။ ရှေးက၊ ဘုရားသခင်ရဲ့လူမျိုးတွေဟာ ကြွလာမယ့် မေရှိယကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့သိုးစုများမှ အဦးဖွားသောသားတို့ကို စွန့်လွှတ်ခဲ့ကြပါတယ်။ သမိုင်းတစ်လျှောက်မှာ၊ သစ္စာရှိသန့်ရှင်းသူတို့ဟာ ကယ်တင်ရှင်အတွက် သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒတွေ၊ သက်သာမှုတွေ၊ ပြီးတော့ သူတို့ဘဝတွေကိုတောင် စွန့်လွှတ်ခဲ့ကြပါတယ်။
ကျွန်တော်တို့မှာ ကြီးတာရော၊ သေးတာရောအစုံရှိပါတယ်၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်နောက်ကို ပိုပြီးပြည့်စုံစွာလိုက်လျှောက်ဖို့အတွက် စွန့်လွှတ်ဖို့ လိုအပ်ပါတယ်။၈ ကျွန်တော်တို့ရဲ့ စွန့်လွှတ်မှုတွေက ကျွန်တော်တို့ အမှန်တန်ဖိုးထားတဲ့အရာကို ဖော်ပြပါတယ်။ စွန့်လွှတ်မှုတွေဟာ သန့်ရှင်းမွန်မြတ်ပြီး ကိုယ်တော်ရှင်က ဂုဏ်ယူပါတယ်။၉
ဆက်ကပ်ခြင်း အရေးကြီးခြင်းတစ်ခုအနေနဲ့ စွန့်လွှတ်ခြင်းနဲ့ ကွဲပြားပါတယ်။ ကျွန်တော်တို့ဟာ တစ်ခုခုကို ဆက်ကပ်တဲ့အခါ၊ ယဇ်ပလ္လင်ပေါ်မှာ ကုန်သွားစေဖို့ ပစ်ထားကြတာမဟုတ်ပါဘူး။ အဲဒီအစား၊ ကိုယ်တော်ရှင်ရဲ့ အကျိုးဆောင်ခြင်းမှာအသုံးပြုဖို့ ထားကြတာပါ။ ကျွန်တော်တို့က အဲဒါကို သူ့အတွက်နဲ့ သူ့ရဲ့ သန့်ရှင်းသောရည်ရွယ်ချက်တွေအတွက် ဆက်ကပ်ကြပါတယ်။၁၀ ကျွန်တော်တို့အား ကိုယ်တော်ပေးတော်မူသော အရည်အချင်းများကို လက်ခံရရှိပြီး ကိုယ်တော်၏နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပိုမိုအထောက်အကူဖြစ်လာစေရန်၊ ၎င်းတို့ကို အမြောက်အမြား တိုးမြင့်လာစေရန် ကြိုးပမ်းကြပါတယ်။
ကျွန်တော်တို့ထဲက အလွန်အနည်းစုပဲ ကယ်တင်ရှင်အတွက် ကျွန်တော်တို့ရဲ့ဘဝတွေကို စွန့်လွှတ်ဖို့ တောင်းဆိုခံရတာပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ သူ့အတွက် ကျွန်တော်တို့ဘဝတွေကို ဆက်ကပ်ဖို့ ဖိတ်ခေါ်ခံကြရပါတယ်။
အလုပ်တစ်ခု၊ ဝမ်းမြောက်မှုတစ်ခု၊ ရည်ရွယ်ချက်တစ်ခု
ကျွန်တော်တို့တတွေ ဘဝကိုသန့်စင်စေဖို့၊ ပြီးတော့ အတွေးတိုင်းမှာ ခရစ်တော်ကို မျှော်ကြည့်ဖို့ ကြိုးစားကြတာနဲ့အမျှ၁၂ အခြားအရာတိုင်းက ညီညွတ်စပြုပါတယ်။ ဘဝဟာ မခိုင်မာသော ဟန်ချက်ညီခြင်းမှာ ရှိတဲ့သီးခြားအားထုတ်မှုတွေရဲ့ စာရင်းရှည်တစ်ခုလို့ ခံစားရတော့မှာမဟုတ်ပါဘူး။
အချိန်ကြာလာတာနဲ့အမျှ၊ အားလုံးဟာ အလုပ်တစ်ခုတည်းဖြစ်လာပါတယ်။
ဝမ်းမြောက်ခြင်းတစ်ခု။
သန့်ရှင်းသောရည်ရွယ်ချက်တစ်ခု။
ဒါဟာ ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ဝတ်ပြုခြင်းရဲ့ အလုပ်ဖြစ်ပါတယ်။ ဘုရားသခင် သားသမီးတွေကို မေတ္တာနဲ့ အမှုဆောင်ခြင်း ဖြစ်ပါတယ်။၁၃
ကျွန်တော်တို့ဟာ ဘဝကိုကြည့်ပြီး လုပ်စရာရာတွေအများကြီးကို မြင်ရတဲ့အခါ မွန်းကျပ်ခြင်းကို ခံစားရပါတယ်။ ကျွန်တော်တို့ဟာ—ဘုရားသခင်နဲ့ သူ့သားသမီးတွေကို ရာပေါင်းများစွာသော မတူတဲ့နည်းတွေနဲ့ချစ်ခြင်းနဲ့အစေခံခြင်းဆိုတဲ့—တစ်ခုတည်းသောအရာကို မြင်တဲ့အခါ အဲဒါတွေကို ဝမ်းမြောက်ခြင်းနဲ့ အာရုံစိုက်နိုင်ပါတယ်။
ဒါက ကျွန်တော်တို့ကို ဟန့်တားတဲ့ အရာတိုင်းကို စွန့်လွှတ်ခြင်းနဲ့ ကျန်တာအားလုံးကို ကိုယ်တော်ရှင်နဲ့ သူ့ရည်ရွယ်ချက်တွေအတွက် ဆက်ကပ်ခြင်းအားဖြင့်— ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တစ်ခုလုံးကို ပူဇော်ခြင်းဖြစ်ပါတယ်။
အားပေးခြင်းနှင့် သက်သေခံချက်စကား
ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများနဲ့ ချစ်သောမိတ်ဆွေများခင်ဗျာ၊ သင်တို့ပိုပြီးလုပ်ဆောင်လိုတဲ့အချိန်တွေရှိပါလိမ့်မယ်။ သင့်ရဲ့ ချစ်သောကောင်းကင်ဘုံရှင်အဘက သင့်နှလုံးသားကို သိပါတယ်။ သင့်နှလုံးသားကလုပ်ချင်တဲ့အရာတိုင်းကို သင်မလုပ်နိုင်ဘူးဆိုတာ သူ သိပါတယ်။ ဒါပေမယ့် သင်က ဘုရားသခင်ကို ချစ်နိုင် အစေခံနိုင်ပါတယ်။ သင်တို့ဟာ သူ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ သင်က သူရဲ့သားသမီးတွေကို ချစ်ပြီး အမှုဆောင်နိုင်ပါတယ်။ သင့်အားထုတ်မှုတွေက သင့်နှလုံးသားကို စင်ကြယ်စေ၊ သင့်ရဲ့ အသရေရှိတဲ့အနာဂတ်အတွက် ပြင်ဆင်နေကြပါတယ်။
ဒါကဗိမာန်တော်ဘဏ္ဍာတိုက် ရဲ့ပြူတင်းပေါက်ကို နားလည်ရမယ့်အရာဖြစ်ပါတယ်။ သူမရဲ့အလှူက ဣသရေလဥစ္စာတွေကို ပြောင်းလဲစေမှာမဟုတ်တာ သူမအမှန်သိပါတယ်၊ ဒါပေမယ့်အဲဒါက သူမကိုပြောင်းလဲစေနိုင်ပါတယ်—ဘာဖြစ်လို့လဲဆိုရင်၊ နည်းပေမယ့်၊ သူမ ပိုင်ဆိုင်သမျှဖြစ်လို့ပါပဲ။
ဒါကြောင့်၊ ကျွန်တော့် ချစ်သောမိတ်ဆွေတွေနဲ့ ယေရှုခရစ်တော်ရဲ့ တပည့်တော် အပေါင်းတို့ခင်ဗျာ၊ “ကောင်းမှုမှာ ငြီးငွေ့ခြင်း” မရှိပဲနေကြပါစို့၊ ဘာဖြစ်လို့လဲဆိုရင် [ကျွန်တော်တို့]ဟာ “ကြီးမြတ်သောအမှုတော်ရဲ့ အုတ်မြစ်ကို ချနေ” ကြတာဖြစ်ပါတယ်။ သေးငယ်သောအရာတွေထဲကနေ “ကြီးမြတ်သောအရာတွေ”၁၄ ထွက်လာပါလိမ့်မယ်။
ဒါမှန်တဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်၊ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ သခင်၊ ကျွန်တော်တို့ရဲ့ရွေးနှုတ်ရှင်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ချစ်သောကောင်းကင်ဘုံရှင်အဘဆီကို ပြန်သွားရာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောလမ်းဖြစ်တယ်ဆိုတာကိုလည်း သက်သေခံပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။