လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃။ ယဇ်ပုရောဟိတ်အခွင့် အခြေခံသဘောတရားများ


“၃။ ယဇ်ပုရောဟိတ်အခွင့် အခြေခံသဘောတရားများ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၃။ ယဇ်ပုရောဟိတ်အခွင့် အခြေခံသဘောတရားများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ဗိမာန်တော်အနီးလမ်းလျှောက်နေသည့်မိသားစု

၃။

ယဇ်ပုရောဟိတ်အခွင့် အခြေခံသဘောတရားများ

၃၊၀

နိဒါန်း

ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်ထံမှ အခွင့်အာဏာနှင့် တန်ခိုးဖြစ်ပါသည်။ ယဇ်ပုရောဟိတ်အခွင့်အားဖြင့်၊ ကောင်းကင်ဘုံရှင်အဘသည် “လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်” (မောရှေ ၁း၃၉) ကိုပြီးမြောက်စေပါသည်။ ဘုရားသခင်သည် မြေကြီးပေါ်ရှိ ကိုယ်တော်၏သားသမီးတို့အား ဤအမှုကို ဆောင်ရွက်ဖို့ ကူညီရန် အခွင့်အာဏာနှင့် တန်ခိုးကို ပေးထားပါသည် (ရှု အခန်း ၁)။

၃၊ ၂

ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာများ

ပဋိညာဉ်များနှင့် ယဇ်ပုရောဟိတ်အခွင့် ဘိသိက်မင်္ဂလာတို့အားဖြင့် ဘုရားသခင်သည် ကြီးစွာသောကောင်းချီးမင်္ဂလာများကို ကိုယ်တော်၏သားသမီးအားလုံးအတွက် ရရှိနိုင်စေပါသည်။ ဤကောင်းချီးမင်္ဂလာများတွင် အောက်ပါတို့ ပါဝင်ပါသည်၊

  • ဗတ္တိဇံနှင့် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ အသင်းသားဖြစ်ခြင်း

  • သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး။

  • ပွဲတော်သုံးဆောင်ခြင်း။

  • အသင်းတော်အမှုတော်ဆောင်တာဝန်များနှင့် တာဝန်ပေးခြင်းများ၌ အမှုဆောင်ရန် အခွင့်အာဏာနှင့် တန်ခိုး။

  • မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာများနှင့် အနာငြိမ်းစေခြင်း၊ နှစ်သိမ့်ခြင်းနှင့် လမ်းညွှန်မှု စသည့် ယဇ်ပုရောဟိတ်အခွင့် အခြားကောင်းချီးမင်္ဂလာများကို ရရှိခြင်း။

  • ဗိမာန်တော်ထဲ၌ ဘုရားသခင်၏တန်ခိုးဖြင့် ဝိညာဉ်ပကတိအပ်နှင်းခံရခြင်း။

  • မိသားစုဝင်တစ်ဦးနှင့် ထာဝရကာလအတွက်တံဆိပ်ခတ်ခံရခြင်း။

  • ထာဝရအသက်ကတိတော်။

၃၊ ၃

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နှင့် အာရုန်ယဇ်ပုရောဟိတ်အခွင့်

အသင်းတော်တွင်၊ ယဇ်ပုရောဟိတ်အခွင့်၌ အပိုင်းနှစ်ပိုင်း ရှိပါသည်၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နှင့် အာရုန်ယဇ်ပုရောဟိတ်အခွင့် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၁)။

၃၊ ၃၊ ၁

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်သည် “ဘုရားသခင့်သားတော်၏ အသင်းအတိုင်းရှိသည့် သန့်ရှင်းသောယဇ်ပုရောဟိတ်အခွင့်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၃) ဖြစ်ပါသည်။ ထိုအရာသည် ဘုရားသခင်၏သားများနှင့် သမီးများ ကိုယ်တော်ကဲ့သို့ဖြစ်လာနိုင်ရာတန်ခိုးဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၉-၂၁၁၃၂း၁၉-၂၀)။

ဤအခွင့်အာဏာအားဖြင့်၊ အသင်းတော်ခေါင်းဆောင်များသည် အသင်းတော်၏ ဝိညာဉ်ပကတိအမှုအားလုံးကို လမ်းညွှန်စီမံဆောင်ရွက်ကြပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၁၈)။

ပန္နက်ဥက္ကဋ္ဌသည် ပန္နက်၌ ဦးစီးယဇ်ပုရောဟိတ်မင်းဖြစ်ပါသည် (ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၈-၁၀၊ လည်းရှု ဤလက်စွဲစာအုပ်ရှိ အခန်း ၆)။ သင်းအုပ်သည် အသင်းတော်စု၌ ဦးစီးယဇ်ပုရောဟိတ်မင်းဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၁၀၇း၁၇၊ လည်းရှု ဤလက်စွဲစာအုပ်ရှိ အခန်း ၇)။

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်၏ အမှုအရာများနှင့် တာဝန်များအကြောင်း အချက်အလက်အတွက်၊ ရှု ၈၊ ၁

၃၊ ၃၊ ၂

အာရုန်ယဇ်ပုရောဟိတ်အခွင့်

အာရုန်ယဇ်ပုရောဟိတ်အခွင့်သည် “မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နှင့် တွဲဖက်တစ်ခု” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၁၄) ဖြစ်ပါသည်။ ထိုအခွင့်တွင်အောက်ပါတို့၏သော့များ ပါဝင်ပါသည်၊

  • ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်း။

  • နောင်တရခြင်း ဧဝံဂေလိတရားတော်။

  • အပြစ်များမှ လွှတ်ခြင်းအတွက် ဗတ္တိဇံအပါအဝင် အပြင်ပိုင်းဘိသိက်မင်္ဂလာများ၌ စီမံဆောင်ရွက်ခြင်း။

(ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃း၁၈၄း၂၆-၂၇၁၀၇း၂၀။)

သင်းအုပ်သည် အသင်းတော်စုတွင် အာရုန်ယဇ်ပုရောဟိတ်အခွင့်၏ ဥက္ကဋ္ဌ ဖြစ်ပါသည် (ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၁၅)။

အာရုန်ယဇ်ပုရောဟိတ်အခွင့်အကြောင်း နောက်ထပ်အချက်အလက်အတွက် ရှု ၁၀၊ ၁၊ ၃

၃၊ ၄

ယဇ်ပုရောဟိတ်အခွင့်အာဏာ

ယဇ်ပုရောဟိတ်အခွင့်အာဏာသည် ဘုရားသခင်ကို ကိုယ်စားပြုရန် နှင့် ကိုယ်တော်၏နာမတော်ဖြင့် ဆောင်ရွက်ရန် အခွင့်အာဏာပေးခြင်းဖြစ်ပါသည်။ အသင်းတော်တွင်၊ ယဇ်ပုရောဟိတ်အခွင့်အာဏာအားလုံးကို ယဇ်ပုရောဟိတ်အခွင့်သော့များကိုင်ဆောင်သူတို့၏လမ်းညွှန်မှုအောက်တွင် ကျင့်သုံးပါသည်။

၃၊ ၄၊ ၁

ယဇ်ပုရောဟိတ်အခွင့်သော့များ

ယဇ်ပုရောဟိတ်အခွင့်သော့များသည် ဘုရားသခင်၏သားသမီးများကိုယ်စား ယဇ်ပုရောဟိတ်အခွင့်အသုံးပြုခြင်းကို လမ်းညွှန်သည့် အခွင့်အာဏာဖြစ်ပါသည်။

၃၊ ၄၊ ၁၊ ၁

အာရုန်ယဇ်ပုရောဟိတ်အခွင့်သော့ကိုင်ဆောင်သူများ

ကိုယ်တော်ရှင်သည် ကိုယ်တော်၏တမန်တော်တစ်ဦးချင်းတို့အား မြေကြီးပေါ်တွင် နိုင်ငံတော်နှင့် စပ်ဆိုင်သည့် သော့အားလုံးကို အပ်နှင်းခဲ့ပါသည်။ သက်ရှိတမန်တော်အကြီး၊ အသင်းတော်ဥက္ကဋ္ဌသည် မြေကြီးပေါ်တွင် ထိုယဇ်ပုရောဟိတ်အခွင့်သော့များအားလုံးကို ကျင့်သုံးရန် တစ်ဦးတည်းသောအခွင့်အာဏာရသူဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၁း၁-၂၁၀၇း ၆၄-၆၇၊ ၉၁-၉၂၁၃၂း၇)။

အသင်းတော်ဥက္ကဋ္ဌ၏လမ်းညွှန်မှုအောက်တွင်၊ အောက်ပါယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်တို့အား သော့များကို ပေးထားပါသည်၊ ထို့ကြောင့် သူတို့သည် မိမိတို့တာဝန်ကျရာဒေသများတွင် ဦးစီးနိုင်မည်ဖြစ်ပါသည်။

  • ပန္နက်နှင့် ခရိုင်ဥက္ကဋ္ဌများ။

  • သင်းအုပ်များနှင့် အသင်းတော်ခွဲ ဥက္ကဋ္ဌများ။

  • မေလခိဇေဒက်နှင့် အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့ ဥက္ကဋ္ဌများ။

  • ဗိမာန်တော်ဥက္ကဋ္ဌများ။

  • သာသနာပြုဥက္ကဋ္ဌများနှင့် သာသနာပြုလေ့ကျင့်ရေးဋ္ဌာနဥက္ကဋ္ဌများ။

ဤခေါင်းဆောင်များသည် မိမိတို့ အမှုတော်ဆောင်တာဝန်များ၌ ခွဲခန့်ခံရသောအခါ၊ ယဇ်ပုရောဟိတ်အခွင့်သော့များကို ရရှိကြပါသည်။

ယဇ်ပုရောဟိတ်အခွင့် သော့များကို ဒေသန္တရယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်တို့၏အတိုင်ပင်ခံများ သို့မဟုတ် အသင်းတော်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများအပါအဝင် အခြားသူများသို့ ပေးမထားပါ။ အသင်းတော်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများသည် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတို့၏လမ်းညွှန်မှုအောက်တွင် ဦးစီးပါသည် (ရှု ၄၊ ၂၊ ၄)။

၃၊ ၄၊ ၁၊ ၂

ကိုယ်တော်ရှင်၏အမှုတော်အစီအစဉ်

ယဇ်ပုရောဟိတ်အခွင့်သော့များသည် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို အစီအစဉ်ကျသောပုံစံဖြင့် ပြီးမြောက်စေကြောင်း သေချာစေပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၁၁၁၃၂း၈)။ ယဇ်ပုရောဟိတ်အခွင့်သော့ကိုင်ဆောင်သူများသည် မိမိတို့တာဝန်ကျရာဒေသများအတွင်း၌ ကိုယ်တော်ရှင်၏အမှုတော်ကို လမ်းညွှန်ကြပါသည်။ ဦးစီးအခွင့်အာဏာသည် ခေါင်းဆောင်၏အမှုတော်ဆောင်တာဝန်၏ သီးသန့် တာဝန်များအတွက်သာ တရားဝင်ပါသည်။ ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်များသည် မိမိတို့အမှုတော်ဆောင်တာဝန်များမှ ဖြေလွှတ်ခံရသောအခါ၊ ဤသော့များကို မကိုင်ဆောင်တော့ပါ။

၃၊ ၄၊ ၂

ယဇ်ပုရောဟိတ်အခွင့် အပ်နှင်းခြင်းနှင့် ခန့်ထားခြင်း

ယဇ်ပုရောဟိတ်အခွင့်သော့ကိုင်ဆောင်သူတို့၏လမ်းညွှန်မှုအောက်တွင်၊ အာရုန်ယဇ်ပုရောဟိတ်အခွင့်နှင့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်များကို ထိုက်တန်သည့် အသင်းတော်အမျိုးသားအသင်းသားတို့ကို အပ်နှင်းပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၄-၁၇)။ သင့်လျော်သောယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းပြီးသောအခါ၊ ထိုသူကို ထိုယဇ်ပုရောဟိတ်အခွင့်ရှိ သင်းထောက် သို့မဟုတ် အသင်းလူကြီး ကဲ့သို့သောအမှုအရာတစ်ခုသို့ ခန့်ထားပါသည်။ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးသည် ယဇ်ပုရောဟိတ်အခွင့်ကို ထိုအမှုအရာ၏အခွင့်အရေးများနှင့် တာဝန်များအတိုင်း ကျင့်သုံးပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၉၉)။

ယဇ်ပုရောဟိတ်အခွင့် အပ်နှင်းခြင်းနှင့် ခန့်ထားခြင်းအကြောင်း နောက်ထပ်အချက်အလက်အတွက် ရှု ၈၊ ၁၊ ၁နှင့် ‌၁၈၊ ၁၀

၃၊ ၄၊ ၃

အသင်းတော်၌ အမှုဆောင်ရန် ယဇ်ပုရောဟိတ်အခွင့်အာဏာကို လွှဲပေးခြင်း

၃၊ ၄၊ ၃၊ ၁

ခွဲခန့်ခြင်း

အသင်းသားတို့ကို ယဇ်ပုရောဟိတ်အခွင့်သော့ကိုင်ဆောင်သူတို့၏ လမ်းညွှန်မှုအောက်၌ ခွဲခန့်သောအခါ၊ သူတို့သည် ထိုအမှုတော်ဆောင်တာဝန်ကို ထမ်းရွက်ရန် ဘုရားသခင်ထံမှ အခွင့်အာဏာပေးခြင်းကို ခံရပါသည်။ ဥပမာအားဖြင့်၊

  • အသင်းတော်စု လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် သင်းအုပ်အားဖြင့် ခေါ်သွင်း၍ ခွဲခန့်ခံရသောအမျိုသမီးတစ်ဦးသည် အသင်းတော်စု၌ လူမှုသက်သာရေးအဖွဲ့အမှုကို လမ်းညွှန်ရန် အခွင့်အာဏာပေးထားခံရပါသည်။

ခေါ်သွင်း၍ ခွဲခန့်ခံထားရသောသူအားလုံးသည် မိမိတို့ကို ဦးစီးသူတို့၏လမ်းညွှန်မှုအောက်တွင် အမှုဆောင်ကြပါသည် (ရှု ၃၊ ၄၊ ၁၊ ၂)။

သူတို့သည် အမှုတော်ဆောင်တာဝန်တစ်ခုမှ ဖြေလွှတ်ခံရသောအခါ၊ ထိုတာဝန်နှင့် ဆက်စပ်သည့် အခွင့်အာဏာမရှိတော့ပါ။

၃၊ ၄၊ ၃၊ ၂

တာဝန်ပေးခြင်းများ

အသင်းတော်ဦးစီးခေါင်းဆောင်များသည် တာဝန်ပေးခြင်းများဖြင့် အခွင့်အာဏာကို လွှဲပေးနိုင်ပါသည်။ အမျိုးသားအမျိုးသမီးတို့သည် ဤတာဝန်ပေးခြင်းများကို ရရှိသည့်အခါ ဆောင်ရွက်ရန် ဘုရားသခင်ထံမှ အခွင့်အာဏာပေးထားသည်ကို ခံရပါသည်။ ဥပမာအားဖြင့်၊

  • ပထမဥက္ကဋ္ဌအဖွဲ့နှင် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့တို့သည် ဒေသများကို စီမံဆောင်ရွက်ရန်နှင့် ပန္နက်ညီလာခံများ၌ ဦးစီးရန် တာဝန်ပေးခံရသည့် ခုနစ်ကျိပ်ဝင်တို့အား အခွင့်အာဏာလွှဲပေးပါသည်။

  • အမှုတော်ဆောင်ညီအစ်ကိုများနှင့် အမှုတော်ဆောင်ညီအစ်မများအဖြစ် အမှုဆောင်ရန် အသင်းတော်အသင်းသားတို့အား အခွင့်အာဏာကို လွှဲပေးပါသည်။

တာဝန်ပေးခြင်းအားဖြင့် လွှဲပေးသည့် အခွင့်အာဏာမှာ တာဝန်ပေးခြင်း၏ သီးသန့်တာဝန်များနှင့် ကြာချိန်အတိုင်းကန့်သတ်ချက်ရှိပါသည်။

၃၊ ၄၊ ၄

ယဇ်ပုရောဟိတ်အခွင့်အာဏာကို ဖြောင့်မတ်စွာကျင့်သုံးခြင်း

ဤအခွင့်အာဏာကို ဖြောင့်မတ်ခြင်းဖြင့်သာ အသုံးပြုနိုင်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၁း၆)။ ဖျောင်းဖျခြင်းအားဖြင့်၊ စိတ်ရှည်ခြင်းအားဖြင့်၊ နူးညံ့ခြင်းနှင့် သိမ်မွေ့အောက်ကျို့ခြင်း၊ ချစ်ခြင်းနှင့် ကြင်နာခြင်းတို့အားဖြင့် ကျင့်သုံးပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၁း၄၁-၄၂)။

ယဇ်ပုရောဟိတ်အခွင့်အာဏာကို ကျင့်သုံးသူများသည် သူတို့၏ဆန္ဒကို အခြားသူများအပေါ် ဖိအားမပေးပါ။ အခွင့်အာဏာကို တကိုယ်ကောင်းဆန်သောရည်ရွယ်ချက်များအတွက် အသုံးမပြုပါ။

၃၊ ၅

ယဇ်ပုရောဟိတ်အခွင့် တန်ခိုး

ယဇ်ပရောဟိတ်အခွင့်တန်ခိုးသည် ဘုရားသခင်၏တန်ခိုးဖြစ်ပြီး၊ ထိုတန်ခိုးကို သူ၏သားသမီးများကိုကောင်းချီးပေးရန်အသုံးပြုပါသည်။ ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်တန်ခိုးသည် အသင်းတော်အသင်းသား— ကျားနှင့် မ— တို့ ကိုယ်တော်နှင့်ပြုခဲ့သည့် ပဋိညာဉ်များကို စောင့်ထိန်းကြသည်နှင့်အမျှ သူတို့အားလုံးထံ စီးဆင်းပါသည်။ အသင်းသားများသည် ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများကို ရရှိစဉ်တွင် ဤပဋိညာဉ်များကို ပြုကြပါသည်။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၉-၂၀။)

အသင်းသားများရရှိနိုင်သည့် ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာတို့တွင် ပါဝင်သောအရာများမှာ၊

  • သူတို့ဘဝများအတွက် လမ်းညွှန်မှု။

  • သူတို့အားပေးအပ်ထားသည့်၊ ခွဲခန့်ထားသည့်၊ သို့မဟုတ် လုပ်ဆောင်ရန် တာဝန်ပေးထားသည့် အမှုကို မည်သို့ ပြီးပြည့်စုံစေရမည်ကို သိရန် ဗျာဒိတ်တော်။

  • ယေရှုခရစ်တော် နှင့် ကောင်းကင်ဘုံရှင်အဘတို့နှင့် ပိုတူလာစေရန် အကူအညီနှင့် ခွန်အား။

၃၊ ၅၊ ၁

ပဋိညာဉ်များ

ပဋိညာဉ်တစ်ခုသည် ဘုရားသခင်နှင့် သူ၏သားသမီးများကြား သန့်ရှင်းမွန်မြတ်သည့် ကတိတစ်ခုဖြစ်ပါသည်။ ဘုရားသခင်သည် ပဋိညာဉ်များအတွက် ပြဋ္ဌာန်းချက်များ ပေးပါသည်၊ ကိုယ်တော်၏သားသမီးများသည် ထိုပြဋ္ဌာန်းချက်များကို နာခံရန် သဘောတူကြပါသည်။ ဘုရားသခင်သည် ကိုယ်တော်၏သားသမီးတို့ ပဋိညာဉ်ကို ပြီးပြည့်စုံစေသည်နှင့်အမျှ သူတို့ကို ကောင်းချီးပေးဖို့ ကတိထားတော်မူပါသည်။

မိမိတို့ပဋိညာဉ်များကို စောင့်ထိန်းခြင်း၌ အဆုံးတိုင်အောင်တည်ကြည်သောသူအားလုံးသည် ထာဝရအသက်ကို ရလိမ့်မည် (ရှု ၂ နီဖိုင်း ၃၁း၁၇-၂၀ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၄း၇)။

မိဘများ၊ အသင်းတော်ခေါင်းဆောင်များနှင့် အခြားသူများသည် လူတို့အား ဧဝံဂေလိတရားတော်ဘိသိက်မင်္ဂလာများကို ရရှိစဉ် ပဋိညာဉ်များပြုဖို့ ပြင်ဆင်ရန် ကူညီကြပါသည်။ သူတို့သည် သူ သို့မဟုတ် သူမ ပြုမည့် ပဋိညာဉ်များကို ထိုလူနားလည်စေကြောင်း သေချာစေပါသည်။ လူတစ်ဦး ပဋိညာဉ်တစ်ခု ပြုပြီးနောက်၊ သူတို့သည် သူ သို့မဟုတ် သူမအား ထိုပဋိညာဉ်ကို စောင့်ထိန်းဖို့ ကူညီကြပါသည်။ (ရှု မောဇိယ ၁၈း၈-၁၁၊ ၂၃-၂၆။)

၃၊ ၅၊ ၂

ဘိသိက်မင်္ဂလာများ

ဘိသိက်မင်္ဂလာတစ်ခုသည် ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့် ဆောင်ရွက်သည့် သန့်ရှင်းမွန်မြတ်သောလုပ်ဆောင်မှုတစ်ခုဖြစ်ပါသည်။

ဘိသိက်မင်္ဂလာများစွာတို့တွင်၊ လူတို့သည် ဘုရားသခင်နှင့် ပဋိညာဉ်များ ပြုကြပါသည်။ ဥပမာများတွင် ဗတ္တိဇံ၊ ပွဲတော်၊ ဝိညာဉ်ပကတိအပ်နှင်းခြင်း၊ လက်ထပ်တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာ ပါဝင်ပါသည်။

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာများသည် ထာဝရအသက်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ နောက်ထပ်အချက်အလက်အတွက်၊ ရှု ၁၈၊ ၁

၃၊ ၆

ယဇ်ပုရောဟိတ်အခွင့်နှင့် အိမ်

ပဋိညာဉ်စောင့်ထိန်းသည့် အသင်းတော်အသင်းသားအားလုံး—အမျိုးသမီးများ၊ အမျိုးသားများနှင့် ကလေးများ—သည် သူတို့အိမ်များ၌ သူတို့ကိုယ်သူတို့နှင့် သူတို့၏မိသားစုများကို ခွန်အားဖြည့်ပေးရန် ဘုရားသခင်၏ ယဇ်ပုရောဟိတ်အခွင့်တန်ခိုးဖြင့် ကောင်းချီးပေးခံကြရပါသည် (ရှု ၃၊ ၅)။ ဤတန်ခိုးသည် အသင်းသားတို့အား သူတို့၏ကိုယ်ပိုင်ဘဝများနှင့် မိသားစုများ၌ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းကို ဆောင်ရွက်ခြင်းတွင် ကူညီလိမ့်မည် (ရှု ၂၊ ၂)။

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သည့် အမျိုးသားများသည် မိသားစုဝင်တို့အား လမ်းညွှန်ချက်များ၊ အနာငြိမ်းစေခြင်းနှင့် နှစ်သိမ့်ခြင်းတို့ပံ့ပိုးပေးရန် ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာများ ပေးနိုင်ပါသည်။ လိုအပ်သောအခါ၊ အသင်းတော်အသင်းသားများသည် ဆင့်ပွားမိသားစုဝင်များ၊ အမှုတော်ဆောင်ညီအစ်ကိုများ၊ သို့မဟုတ် ဒေသန္တတရ အသင်းတော်ခေါင်းဆောင်များထံ ဤကောင်းချီးမင်္ဂလာများကို တောင်းဆိုနိုင်ပါသည်။