အထွေထွေညီလာခံ
အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ဝေဒနာခံစားနေရတဲ့ သန့်ရှင်းသူများကို သတိရပေးပါ
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


10:17

အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ဝေဒနာခံစားနေရတဲ့ သန့်ရှင်းသူများကို သတိရပေးပါ

ပဋိညာဉ်များစောင့်ထိန်းခြင်းဟာ ယေရှုခရစ်၏အပြစ်ဖြေခြင်းယဇ်၏တန်ခိုးကိုဖွင့်ပေးပြီး ဆင်းရဲဒုက္ခခံစားရသူများအတွက် ပျော်ရွှင်မှုပေးနိုင်ပါတယ်။

ကောင်းကင်ဘုံရှင်အဘ၏ပျော်ရွှင်ခြင်းအစီအစဉ်တွင် သူ၏သားသမီးများအားလုံးကိုစမ်းသပ်မည့်သေစေနိုင်သောအတွေ့အကြုံတစ်ခု ကိုရင်ဆိုင်ရမည့် စမ်းသပ်မှုပါဝင်ပါတယ်။ လွန်ခဲ့သောငါးနှစ်က ကျွန်တော်ကင်ဆာရောဂါခံစားခဲ့ရပါတယ်။ ခွဲစိတ်မှုများ၊ ဓာတ်ရောင်ခြည်ကုသမှုများနှင့်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ကျွန်တော်ခံစားခဲ့ရပြီး ယခုထိလည်း ခံစားနေရဆဲပါ။ ကျွန်တော် အိပ်မပျော်တဲ့ညတွေမှာ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေကြုံခဲ့ရပါတယ်။ ဆေးဘက်ဆိုင်ရာစာရင်းများအရ ကျွန်တော်ဟာ မျှော်မှန်းထားသည်ထက်ပိုစော၍ သေဆုံးနိုင်ပြီး၊ ကျွန်တော့် အတွက်အရာအားလုံးဟုဆိုနိုင်သော မိသားစုတစ်စုကိုချန်ရစ်ခဲ့ရတော့မှာပါ။

သင် မည်သည့်နေရာတွင် နေထိုင်ပါစေ စမ်းသပ်မှုအမျိုးမျိုးနှင့် သေစေနိုင်လောက်တဲ့ အားနည်းချက်အမျိုးမျိုးကြောင့် ခံစားနေရသည့် ကာယပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအခြေအနေသည် ယခုဖြစ်နေ သို့ တစ်နေ့နေ့တွင် သင့်ဘဝတွင် ရောက်ရှိလာပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာဝေဒနာများဟာ သဘာဝအရအိုမင်းရင့်ရော်ခြင်း၊ မျှော်လင့်မထားသောရောဂါများနှင့်မတော်တဆမှုများ၊ ဆာလောင်မွတ်သိပ်ခြင်း သို့ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ သို့ အလွဲသုံးစားမှု၊ အကြမ်းဖက်လုပ်ရပ်များနှင့်စစ်ပွဲများ တို့ကြောင့်ဖြစ်နိုင်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာများသည် စိုးရိမ်ပူပန်မှု သို့ စိတ်ဓာတ်ကျခြင်းဟာ အိမ်ထောင်ဖက်၊ မိဘ၊ သို့ယုံကြည်ရသောခေါင်းဆောင်များမှသစ္စာဖောက်ခြင်း၊ အလုပ်အကိုင် သို့ ငွေကြေးကမောက်ကမ၊ အခြားသူများ၏မမျှတသောစီရင်ချက်၊ သူငယ်ချင်းများ၊ ကလေးများ၊ သို့မဟုတ် အခြားမိသားစုဝင်များ၏ရွေးချယ်မှုများ၊ ပုံစံအမျိုးမျိုးဖြင့်အလွဲသုံးစားပြုခြင်း၊ အိမ်ထောင်ရေး သို့ ကလေးများအတွက်မပြည့်စုံသောအိပ်မက်များ ချစ်ခင်သူများဖျားနာခြင်း သို့ သေဆုံးခြင်း၊ ဒါမှမဟုတ်အခြားရင်းမြစ်များစွာ တို့မှဖြစ်ပေါ်လာနိုင်ပါတယ်။

ကျွန်တော်တို့ အယောက်တိုင်းဆီကိုရောက်လာတဲ့ တစ်မူထူးတဲ့၊ တစ်ခါတစ်ရံ အားအင်ဆုတ်ယုတ်စေသော အဲဒီဆင်းရဲဝေဒနာကို သင်ဘယ်လိုများရင်ဆိုင်နိုင်ပါမလဲ။

ကျေးဇူးတော်အားဖြင့်၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတွင် မျှော်လင့်ချက်ကိုတွေ့ရှိရပြီး အဲ့မျှော်လင့်ချက်က သင်၏ဘဝတစ်စိတ်တစ်ပိုင်းလည်းဖြစ်လာနိုင်ပါတယ်။ ဒီနေ့ ကျွန်တော် ကျမ်းချက်၊ ပရောဖက်ပြုသွန်သင်ချက်တွေ၊ အမှုဆောင်လည်ပတ်မှုတွေအများကြီးနဲ့ ကိုယ့်ကျန်းမာရေးစမ်းသပ်မှုတွေကနေ မျှော်လင့်ချက်ရှိတဲ့ သဘောတရားလေးခုကို ဝေမျှချင်ပါတယ်။ ဒီသဘောတရားတွေဟာ ကျယ်ကျယ်ပြန့်ပြန့်အသုံးချရုံတင်မကပါဘူး၊ လေးနက်သောပုဂ္ဂိုလ်ရေးဆိုင်ရာလည်းဖြစ်ပါတယ်။

ပထမ၊ ဆင်းရဲဒုက္ခဆိုတာ ဘုရားသခင် သင်၏ဘဝကိုမနှစ်သက်တာလို့မဆိုလိုပါ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်ကယေရှု၏တပည့်တော်များသည်ဗိမာန်တော်၌မျက်မမြင်တစ်ဦးကိုမြင်တဲ့အခါ၊ “အရှင်ဘုရား၊ ဤသူအပြစ်ကြောင့် သို့ သူ၏မိဘများအပြစ်ကြောင့် ကန်းသလော” ဟုမေးခဲ့တယ်။

ကိုယ်တော်ရဲ့တပည့်များဟာ ယနေ့လူများစွာကဲ့သို့ ၊ ဘဝတွင် အခက်အခဲများနှင့်ဆင်းရဲဝေဒနာအားလုံး ဟာ အပြစ်၏ ရလဒ်ဖြစ်တယ်လို့ မှားယွင်းစွာ ယုံကြည်ခဲ့ပုံရပါတယ် ။ သို့သော်ကယ်တင်ရှင်က “ဤသူ၏အပြစ်ကြောင့်လည်းမဟုတ် မိဘနှစ်ပါး၏အပြစ်ကြောင့်လည်းမဟုတ်၊ ဘုရားသခင်၏အမှုတော်များကို သူ့၌ထင်ရှားစေမည်” ဟုပြန်ပြောခဲ့ပါတယ်။

ဘုရားသခင်၏အမှုတော်သည် ကျွန်ုပ်တို့၏မသေနိုင်သောအဖြစ်နှင့် ထာဝရအသက်တာကို ကျော်လွန်စေရန်ဖြစ်ပါတယ်။ သို့သော်အခြားသူတစ်ဦး၏အပြစ်ရှာသော အခွင့်ကိုအသုံးပြုခြင်းကြောင့်—ချမှတ်ထားသောစမ်းသပ်မှုများနှင့်ဆင်းရဲဒုက္ခများသည်—ဘုရားသခင်၏အမှုတော်ကိုတိုးတက်စေနိုင်ပါသလား။

ကယ်တင်ရှင်က သူ၏ပဋိညာဉ်ခံလူမျိုးအား “ငါသည်သင့်ကို သန့်စင်ခဲ့ပြီ၊… ငါသည် ဆင်းရဲဒုက္ခမီးပြင်းဖိုထဲ၌ သင့်ကိုရွေးကောက်ခဲ့ပြီ။” သင်၏ဆင်းရဲခက်ခဲမှုများ မည်သို့ပင်ဖြစ်နေပါစေ သင့်ချစ်မြတ်နိုးရသောကောင်းကင်ဘုံရှင်အဖဟာ သင့်စိတ်ဝိညာဉ်ကို သန့်စင်ရန် လမ်းညွှန်ပေးနိုင်ပါတယ်။ သန့်စင်ထားသော ဝိညာဉ်များဟာ အခြားသူများ၏ ဝန်ထုပ်ဝန်ပိုးများကို စစ်မှန်တဲ့ စာနာမှုနဲ့ သနားကြင်နာမှုဖြင့် ဆောင်ရွက်ပေးနိုင်ပါတယ်။ “ကြီးစွာသောဒုက္ခမှ” လွတ်မြောက်လာသောသန့်စင်သောဝိညာဉ်များဟာ ဘုရားသခင့်ရှေ့တော်၌ထာဝစဉ်ပျော်ရွှင်စွာနေထိုင်ရန်အဆင်သင့်ဖြစ်နေကာ “ဘုရားသခင်က သူတို့၏မျက်ရည်အားလုံးကိုသုတ်ပေးပါလိမ့်မယ်။”

ဒုတိယ၊ ကောင်းကင်ဘုံရှင်အဘသည် သင်၏ဆင်းရဲဒုက္ခကိုအလွန်သတိပြုမိပါတယ်။ စမ်းသပ်မှုတွေရှိစဉ်မှာ၊ ကျွန်တော်တို့က ဘုရားသခင်အဝေးကြီးမှာရှိနေတယ်၊ ကျွန်တော်တို့ရဲ့နာကျင်မှုတွေကို ဂရုမစိုက်ဘူးလို့ လွဲမှားစွာတွေးနိုင်ပါတယ်။ ပရောဖက်ဂျိုးဇက်စမစ်တောင် သူ့ဘဝရဲ့ နိမ့်ကျတဲ့နေရာမှာ ဒီခံစားချက်ကို ဖော်ပြခဲ့ပါတယ်။ လစ်ဘာတီအကျဉ်းထောင်တွင် အကျဉ်းချခံရချိန်တွင် ထောင်နှင့်ချီသော နောက်ဆုံးကာလ သန့်ရှင်းသူများကို သူတို့အိမ်များမှ နှင်ထုတ်ခံနေရစဉ် ဂျိုးဇက်သည် ဤသို့ဆုတောင်းခြင်းအားဖြင့် နားလည်မှုရှာဖွေခဲ့တယ် “အိုဘုရားသခင်၊ ကိုယ်တော်သည် အဘယ်မှာရှိသလဲ။ ကိုယ်တော်၏ပုန်းကွယ်ရာနေရာကို ဖုံးသည့် ပေါင်းမိုးဘယ်မှာလဲ။” သူက “အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ဝေဒနာခံစားနေရတဲ့ သန့်ရှင်းသူများကို သတိရပေးပါ” ဆိုပြီးအသနားခံလိုက်ပါတယ်။

ကိုယ်တော်ရှင်၏အဖြေက ယောသပ်နှင့် ဆင်းရဲဝေဒနာခံစားရသူအားလုံးကို စိတ်ချစေခဲ့သည်၊

ငါ့သား၊ သင်၏စိတ်ဝိညာဉ်ကို ငြိမ်းချမ်းခြင်းရှိစေလော့။ သင်၏ ဒုက္ခနှင့် ဆင်းရဲဒုက္ခများသည် ခဏသာရှိလိမ့်မည်။

“ထို့နောက်တွင်၊ သင်သည် ကောင်းစွာကြံ့ကြံ့ခံလျှင်၊ ဘုရားသခင်သည် သင့်ကို အထက်၌ ချီးမြှောက်လိမ့်မည်”၊။၁၀

ဒုက္ခရောက်နေတဲ့ သန့်ရှင်းသူတွေဟာ စမ်းသပ်မှုတွေမှာ ဘုရားသခင့်မေတ္တာကို ဘယ်လိုခံစားရသလဲဆိုတာ ကျွန်တော်နဲ့အတူ ဝေမျှပေးခဲ့ကြပါတယ်။ ပြင်းထန်တဲ့နာကျင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ဆရာဝန်တွေ မသိရသေးတဲ့အချိန်မှာ ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံကို ကောင်းကောင်းမှတ်မိနေပါသေးတယ်။ နေ့လယ်စာစားတဲ့အခါ ပုံမှန်ကောင်းချီးပေးဖို့ ရည်ရွယ်ပြီး ကျွန်တော့်ဇနီးနဲ့အတူထိုင်ခဲ့ပါတယ်။ အဲဒီအစား၊ ကျွန်တော်လုပ်နိုင်တာကတော့ ငိုလိုက်ရုံပဲ၊ “ကောင်းကင်ဘုံရှင်အဖ၊ ကျေးဇူးပြုပြီးကျွန်တော့်ကိုကူညီပါ။ ကျွန်တော်အရမ်းဖျားနေတယ်။” နောက်စက္ကန့် ၂၀ ကနေ ၃၀ အထိ၊ သူ့ရဲ့မေတ္တာအားဖြင့် ကျွန်တော်သက်သာရာရခဲ့ပါတယ်။ ကျွန်တော် နာမကျန်းဖြစ်မှုအတွက်အကြောင်းပြချက်မရရှိခဲ့၊ အဆုံးစွန်သောရလဒ်ကိုညွှန်ပြခြင်းမရှိ၊ နာကျင်မှုမှသက်သာမှုမရရှိခဲ့ပါ။ သူ့ရဲ့စင်ကြယ်တဲ့မေတ္တာကိုပဲ ကျွန်တော်ခံစားခဲ့ရပါတယ်၊ အဲဒါက လုံလောက်ပါတယ်။

စာငှက်တစ်ကောင်ရဲ့ကျဆုံးမှုကိုတောင် သတိပြုမိတဲ့ ကောင်းကင်ဘုံရှင်အဖဟာ ခင်ဗျားတို့ရဲ့ ဆင်းရဲဒုက္ခတွေကို သတိထားမိတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။၁၁

တတိယ၊ ယေရှုခရစ်တော်သည် ဆင်းရဲခက်ခဲမှုကို ကောင်းစွာခံရပ်နိုင်ရန် ခွန်အားရှိစေရန် ကိုယ်တော်၏အစွမ်းတန်ခိုးကို ကမ်းလှမ်းထားသည်။ ဤတန်ခိုးအာဏာကို သူ၏အပြစ်ဖြေခြင်းမှတဆင့်ဖြစ်နိုင်ပါတယ်။၁၂ အသင်းသားအများစုက သူတို့ဟာ နည်းနည်းပိုခက်ခဲတယ် ဆိုရင်တောင် သူတို့ဘာသာ ခံစားနိုင်တယ်လို့ ထင်ကြမှာကို ကျွန်တော်စိုးရိမ်မိပါတယ် ။ ဤသည်မှာရှင်သန်ဖို့ခက်ခဲသောနည်းလမ်းဖြစ်ပါတယ်။ မင်းရဲ့ခဏတာခွန်အားက မင်းရဲ့ဝိညာဉ်ကိုခိုင်ခံ့စေဖို့အတွက် ကယ်တင်ရှင်ရဲ့အဆုံးမရှိသောစွမ်းအားနဲ့ဘယ်တော့မှနှိုင်းယှဉ်လို့မရပါဘူး။၁၃

မော်မုန်ကျမ်းက ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏နာကျင်မှု၊ ဖျားနာမှုများနှင့် မသန်မစွမ်းမှုများကို “သူ့အပေါ်သို့ ယူဆောင်” လိမ့်မယ်ဟု သွန်သင်ထားပါတယ်။၁၄ သင်ဆင်းရဲခက်ခဲချိန်မှာ ခွန်အားပေးဖို့ ယေရှုခရစ်တော်၏ ကမ်းလှမ်းထားတဲ့ တန်ခိုးကို သင်ဘယ်လိုအသုံးပြုနိုင်ပါသလဲ။ သော့ချက်မှာ ကိုယ်တော်နှင့်ပြုလုပ်ထားသော ပဋိညာဉ်များကို စောင့်ထိန်းခြင်းဖြင့် ကယ်တင်ရှင်ထံ စည်းနှောင်ခြင်းဖြစ်ပါတယ်။ ယဇ်ပုရောဟိတ်အခွင့်အာဏာများကိုလက်ခံတဲ့အခါ ဤပဋိညာဉ်များကိုကျွန်ုပ်တို့ပြုလုပ်ကြပါတယ်။၁၅

အယ်လမာလူမျိုးတို့ဟာ နှစ်ခြင်းခံခြင်းပဋိညာဉ်ထဲ ဝင်ရောက်လာပါတယ်။ နောက်ပိုင်းတွင် သူတို့သည် ချုပ်နှောင်ခံခဲ့ရပြီး လူထုရှေ့ဝတ်ပြုကိုးကွယ်ရန် သို့မဟုတ် အသံကျယ်ကျယ်ဖြင့်ပင် ဆုတောင်းရန် တားမြစ်ခံခဲ့ရပါတယ်။ သို့တိုင် သူတို့သည် မိမိတို့၏နှလုံးထဲ တိတ်ဆိတ်စွာကြွေးကြော်ခြင်းဖြင့် သူတို့၏ပဋိညာဉ်များကို အတတ်နိုင်ဆုံး စောင့်ထိန်းခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ဘုရားသခင့် တန်ခိုးတော် ပေါ်လာတယ်။ “ကိုယ်တော်ရှင်ကသူတို့ရဲ့ဝန်တွေကို လွယ်လွယ်ကူကူထမ်းနိုင်အောင် သူတို့ကိုခွန်အားပေးခဲ့ပါတယ်။”၁၆

ကျွန်ုပ်တို့ခေတ်တွင် ကိုယ်တော်ရှင်က ”အတွေးတိုင်း၌ငါ့ကိုကြည့်ပါ၊ သံသယမဖြစ်နဲ့၊ မကြောက်နဲ့၊”ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့သည် ကိုယ်တော်ကို အစဉ်သတိရစေရန် ပဋိညာဉ်ကို စောင့်ထိန်းသောအခါ၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် ကျွန်တော်တို့နှင့်အတူ ရှိလိမ့်မယ်လို့ ကတိပေးထားပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ စမ်းသပ်မှုများကိုခံနိုင်ရည်ရှိရန်နှင့်ကျွန်ုပ်တို့ကိုယ်တိုင်မလုပ်နိုင်သောအရာများကိုလုပ်နိုင်ရန် ခွန်အားပေးပါတယ်။ “ကုသမှုအချို့ကို အခြားကမ္ဘာက နေရာအချို့တွင် ဖြစ်ပွားနိုင်ပါတယ်” ဆိုပြီး ဥက္ကဌ ဂျိမ်းစ် အီး ဖော့စ်သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်တို့ကို ဝိညာဉ်တော်က ကုသပေးနိုင်ပါတယ်။၁၈

“ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုးတော်သည် ထင်ရှားတယ်” ဆိုတဲ့ ဗိမာန်တော်ပဋိညာဉ်တွေနဲ့ ပညတ်ချက်တွေအားဖြင့်လည်း ကောင်းချီးခံစားရပါတယ်။၁၉ ကြောက်စရာကောင်းတဲ့ မတော်တဆထိခိုက်မှုတစ်ခုကြောင့် ဆယ်ကျော်သက်သမီးတစ်ယောက်ဆုံးပါးသွားတဲ့ အမျိုးသမီးတစ်ယောက်ဆီ ကျွန်တော်လည်ပတ်ခဲ့ပြီး နောက်ပိုင်းမှာ သူ့ခင်ပွန်းက ကင်ဆာဖြစ်သွားခဲ့ပါတယ်။ ဒီလိုဆုံးၡုံးမှုနဲ့ ဆင်းရဲခက်ခဲမှုတွေကို သူမ ဘယ်လိုခံနိုင်ရည်ရှိနိုင်လဲ လို့ ကျွန်တော်မေးခဲ့ပါတယ်။ သူမက ပုံမှန်ဗိမာန်တော်ဝတ်ပြုကိုးကွယ်ချိန်အတွင်း ရရှိခဲ့တဲ့၊ ထာဝရမိသားစုရဲ့ ဝိညာဉ်ရေးရာစိတ်ချမှုကနေ ခွန်အားရလာတာဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ကတိပြုထားသည့်အတိုင်း ကိုယ်တော်ရှင်၏အိမ်တော်၏ စည်းမျဉ်းများက သူမကို ဘုရားသခင့်တန်ခိုးတော်ကို တပ်ဆင်ပေးခဲ့ပါတယ်။၂၀

စတုတ္ထအချက်က နေ့တိုင်း ပျော်ရွှင်မှုရှာဖို့ ရွေးချယ်ပါ။ ဝေဒနာခံစားနေရသူများဟာ ညသာဆက်တိုက်ဖြစ်နေပြီး နေ့အလင်းရောင်ကဘယ်တော့မှရောက်လာမှာမဟုတ်ဘူးလို့ မကြာခဏခံစားရတတ်ပါတယ်။ ငိုကျွေးလိုက်တာ ကောင်းပါတယ်။၂၁ သို့သော် သင်သည် ညဉ့်နက်သန်းခေါင်တွင် ဆင်းရဲခက်ခဲမှုများခံစားရပါက ယုံကြည်ခြင်းကိုရွေးချယ်ခြင်းဖြင့် တောက်ပသောနံနက်ခင်းများသို့ နိုးထနိုင်ပါတယ်။၂၂

ဥပမာ၊ နာကျင်မှုနဲ့ ဆံပင်မရှိပေမဲ့ ကုလားထိုင်ပေါ်မှာ ခမ်းနားထည်ဝါစွာ ပြုံးပြနေတဲ့ကင်ဆာရောဂါကုသခံရတဲ့ မိခင်ငယ်တစ်ယောက်ဆီ ကျွန်တော်လည်ပတ်ခဲ့ပါတယ်။ ကလေးမမွေးနိုင်ပေမယ့် လူငယ်ခေါင်းဆောင်အဖြစ်ပျော်ရွှင်စွာအလုပ်လုပ်နေတဲ့သက်လတ်ပိုင်းဇနီးမောင်နှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။ အဘွားငယ်၊ အမေ၊ ဇနီး တစ်ယောက်လည်းဖြစ်တဲ့—ရက်အနည်းငယ်အတွင်း ကွယ်လွန်တော့မယ့် ချစ်ခင်ဖွယ်အမျိုးသမီး—နဲ့အတူ ကျွန်တော်ထိုင်နေခဲ့ပါတယ်၊ မိသားစုရဲ့မျက်ရည်များကြားမှ ရယ်မောပျော်ရွှင်စရာအမှတ်တရများလည်းရှိခဲ့ပါတယ်။

ဥက္ကဌရမ်ဆဲ အမ် နယ်လ်ဆင်သင်ကြားခဲ့တာကို ဒီဝေဒနာ ခံစားနေရတဲ့ သန့်ရှင်းသူများတွေက ပုံနမူနာ ပြခဲ့ကြတယ်။

ဘာပဲလုပ်လုပ်ကျွန်တော်တို့၏အသက်တာကိုသာကြည့်ပြီးလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ရဲ့နေ့စဥ်နေထိုင်မှုအသက်တာတွင်ဝမ်းမြောက်ခြင်းနည်းနည်းသာခံစားရမယ်။

“ကျွန်တော်တို့ဘဝတွေရဲ့ အာရုံစိုက်မှုဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအစီအစဉ်၊ ပြီးတော့ ယေရှုခရစ်တော်နှင့် သူ့ရဲ့ဧဝံဂေလိတရားတော်အပေါ်မှာ ရှိတဲ့အခါ၊ ကျွန်တော်တို့ဘဝမှာ ဘာတွေပဲဖြစ်နေနေ—ဒါမှမဟုတ် မဖြစ်ဘဲပဲနေနေ—ဝမ်းမြောက်မှုကို ကျွန်တော်တို့ ခံစားနိုင်ကြပါတယ်။”၂၃

ကျွန်တော်၏ကောင်းကင်ဘုံရှင်အဘက သူ၏ဆင်းရဲဒုက္ခရောက်နေတဲ့သန့်ရှင်းသူများကိုအောက်မေ့ပြီး ချစ်တယ်၊ သင့်အကြောင်းကိုအရမ်းသတိပြုမိတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။၂၄ သင် ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် သိပါတယ်။ သူက အမှန်ပင် ကျွန်တော်တို့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကို ခံစားပြီး၊ ကျွန်တော်တို့ရဲ့ဝမ်းနည်းမှုတွေကို ဆောင်ယူသွားခဲ့ပါတယ်။၂၅ နေ့စဉ်ခံစားရသူတစ်ဦးအနေနဲ့၂၆—ပဋိညာဉ်များစောင့်ထိန်းခြင်းက ဒုက္ခရောက်နေတဲ့ သင်တို့ကို ခွန်အားနဲ့သာမက ပျော်ရွှင်မှုပေးဖို့ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းတန်ခိုးတော်ကို ဖွင့်ပေးမယ်ဆိုတာ—ကျွန်တော်သိပါတယ်။

ဆင်းရဲဝေဒနာခံစားရသောသူအပေါင်းတို့အတွက်၊ “ဘုရားသခင်သည် သားတော်အားဝမ်းမြောက်ခြင်းအားဖြင့် သင်၏ဝန်ကိုပေါ့ပါးစေပါစေ”၂၇ လို့ ကျွန်တောင်းဆုတောင်းပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။