အထွေထွေညီလာခံ
ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာရီကိန်းများကို ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ရင်ဆိုင်ခြင်း
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


9:49

ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာရီကိန်းများကို ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ရင်ဆိုင်ခြင်း

ကျွန်တော်တို့ဟာ ခရစ်တော်၌ ယုံကြည်ခြင်းနဲ့ သူ့ပညတ်တော်တွေကို စောင့်ထိန်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဝိညာဉ်ဟာရီကိန်းတွေကို အကောင်းဆုံးရင်ဆိုင်ကြပါတယ်။

လွန်ခဲ့တဲ့ခြောက်နှစ်မှာ၊ ကျွန်တော့်ချိုသည်း၊ အန်းနဲ့ကျွန်တော် ပင်လယ်ကွေ့ကမ်းခြေအနီး တက္ကဆက်မှာ နေခဲ့ကြပါတယ်၊ အဲဒီမှာ အကြီးမားဆုံးဟာရီကိန်းအချို့ အမေရိကန်ပြည်ထောင်စုကို တိုက်ခတ်ခဲ့လို့၊ အကြီးအကျယ်ပျက်စီးပြီး၊ အသက်များစွာဆုံးရှုံးခဲ့ကြပါတယ်။ ဝမ်းနည်းစွာပဲ၊ မကြာသေးမီက လတွေမှာ အဲ့သလိုစိတ်ထိခိုက်စရာ အဖြစ်တွေရှိခဲ့ပါတယ်။ တစ်နည်းနည်းနဲ့ ထိခိုက်ခံရသူအားလုံးတို့အတွက် ကျွန်တော်တို့ရဲ့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ၂၀၁၇ ခုနှစ်မှာ၊ ကျွန်တော်တို့ကိုယ်တိုင် ဟာဗီဟာရီကိန်းနဲ့ ကြုံခဲ့ရပါတယ်၊ အဲဒီမုန်တိုင်းက စံချိန်တင်မိုးရေချိန် လက်မ ၆၀ (၁၅၀ စင်တီမီတာ) အထိရွာစေခဲ့ပါတယ်။

သဘာဝတရားတွေက ဟာရီကိန်းတွေဖြစ်ပေါ်ခြင်းကို လွှမ်းမိုးပါတယ်။ သမုဒ္ဒရာအပူချိန်က အနည်းဆုံး ၈၀ ဒီဂရီ ဖာရင်ဟိုက် (၂၇ ဒီဂရီ စင်တီဂရိတ်)၊ သမုဒ္ဒရာမျက်နှာပြင်အောက် ၁၆၅ ပေ (၅၀ မီတာ)အထိရှိရပါတယ်။ လေက သမုဒ္ဒရာရေနွေးနဲ့ တွေ့တဲ့အခါ၊ ရေကို အငွေ့ပြန်စေပြီး လေထုထဲကို တက်စေပါတယ်၊ အဲဒီမှာ ငွေ့ရည်ဖွဲ့ပါတယ်။ အဲဒီနောက်တိမ်တွေဖြစ်ပေါ်လာပြီး၊ လေတွေက သမုဒ္ဒရာမျက်နှာပြင်ပေါ်မှာ ဝဲကတော့ပုံစံဖြစ်စေပါတယ်။

ဟာရီကိန်း

ဟာရီကိန်းတွေဟာ အရွယ်အလွန်ကြီးပါတယ်၊ လေထုထဲကို ပေ ၅၀,၀၀၀ (၁၅,၂၄၀ မီတာ)၊ ငါးသောင်းကျော်အထိရောက်ပြီး၊ အနည်းဆုံး ၁၂၅ မိုင် (၂၀၀ ကီလိုမီတာ) အထိတိုက်ခတ်ပါတယ်။ စိတ်ဝင်စားစရာက၊ ဟာရီကိန်းတွေဟာ ကုန်းပေါ်ရောက်တာနဲ့၊ သူတို့ရဲ့အားကို ဖြည့်ပေးဖို့လိုအပ်တဲ့ ရေနွေးတွေရဲ့အပေါ်မှာ မရှိတော့တာကြောင့် အားပျော့စပြုပါတယ်။

သင်ဟာ စိတ်ထိခိုက်စရာ ဇာတိပိုင်းဟာရီကိန်းနဲ့ ရင်ဆိုင်ချင်မှဆိုင်ရမှာပါ။ ဒါပေမယ့်၊ ကျွန်တော်တို့အယောက်စီတိုင်းဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်တဲ့၊ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို စုံစမ်းတဲ့ ဝိညာဉ်ပိုင်းတွေ့ကြုံခဲ့ပြီးကြ၊ တွေ့ကြုံရမှာလည်းဖြစ်ပါတယ်။ ဒီနေ့ကမ္ဘာမှာ၊ အဲဒါတွေဟာ ကြိမ်နှုန်းနဲ့ပြင်းအား တိုးလာတဲ့ဟန်ရှိပါတယ်။ ကံကောင်းထောက်မလို့၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ အဲဒါတွေကို ဝမ်းမြောက်စွာ ကျော်လွှားဖို့ သေချာတဲ့နည်းတစ်ခု ပံ့ပိုးပေးထားပါတယ်။ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်အတိုင်း နေထိုင်ခြင်းအားဖြင့်၊ ကျွန်တော်တို့ စိတ်ချရတဲ့အရာကတော့ “ဒုက္ခမှောင်မိုက်တိမ်တိုက်တွေ ကျွန်တော်တို့ကို လွှမ်းမိုးလို့ ကျွန်တော်တို့ရဲ့ ငြိမ်သက်ခြင်းကို ဖျက်ဆီးဖို့ ခြိမ်းခြောက်ခံရတဲ့အခါ၊ ကျွန်တော်တို့ရှေ့မှာ တောက်ပတဲ့မျှော်လင့်ခြင်းအပြုံးရှိတယ်၊ လွတ်မြောက်ခြင်းဟာလည်းနီးလာပြီ” ဆိုတာပဲဖြစ်ပါတယ်။

ဥက္ကဋ္ဌ ရပ်ဆဲလ်အမ်၊ နယ်လဆင်က ရှင်းပြခဲ့ပါတယ်။

“သန့်ရှင်းသူတွေဟာ အခြေအနေတိုင်းမှာ ပျော်ရွှင်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ နေ့ဆိုး၊ သတင်းပတ်ဆိုး၊ နှစ်ဆိုးနဲ့ပင်ကြုံနေရသော်လည်း ဝမ်းမြောက်ခြင်းကို ခံစားနိုင်ပါတယ်။

“… ကျွန်တော်တို့ခံစားရတဲ့ ဝမ်းမြောက်ခြင်းဟာ ကျွန်တော်တို့ဘဝအခြေအနေတွေနဲ့ နည်းနည်းပဲဆိုင်ပါတယ်၊ ကျွန်တော်တို့ဘဝရဲ့အာရုံစိုက်ခြင်းနဲ့ပဲဆိုင်ပါတယ်။

“ကျွန်တော်တို့ဘဝရဲ့အာရုံစိုက်ခြင်းဟာ … ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလိတရားပေါ်မှာရှိတဲ့အခါ၊ ကျွန်တော်တို့ဘဝမှာ ဖြစ်ခြင်း—မဖြစ်ခြင်းက—ဘယ်လိုပဲရှိရှိ ဝမ်းမြောက်ခြင်းကို ကျွန်တော်တို့ ခံစားနိုင်ကြပါတယ်။”

သဘာဝဟာရီကိန်းတွေကို သဘာဝတရားတွေလွှမ်းမိုးသလိုပဲ၊ ကျွန်တော်တို့ဝိညာဉ်ဟာရီကိန်းအတွင်းမှာ ဝမ်းမြောက်ခြင်းကို ဘယ်လိုခံစားရမယ်ဆိုတာ ဘုရားတရားတွေကလွှမ်းမိုးပါတယ်။ ဘဝမုန်တိုင်းတွေကို ကျွန်တော်တို့ ရဲ့ရင့်စွာရင်ဆိုင်တဲ့အခါ ခံစားရတဲ့ ဝမ်းမြောက်ခြင်း သို့မဟုတ် ဝမ်းနည်းပူဆွေးခြင်းတွေဟာ ဘုရားသခင်ချမှတ်ထားတဲ့ တရားတွေနဲ့ တွဲနေပါတယ်။ ဥက္ကဋ္ဌနယ်လဆင်က ဝေငှခဲ့ပါတယ်၊ “အဲဒါတွေကို ပညတ်တော်တွေလို့ခေါ်ပါတယ်၊ ဒါပေမယ့် အဲဒါတွေဟာ ပင့်အားသဘောတရား၊ ဆွဲအားသဘောတရား၊ ပြီးတော့ နှလုံးခုန်ခြင်းကို လွှမ်းမိုးတဲ့သဘောတရားတွေလိုပဲ မှန်ပါတယ်။”

ဥက္ကဋ္ဌနယ်လဆင်ကဆက်ပြောပါတယ်၊ “ရိုးရှင်းတဲ့ပုံသေနည်းတစ်ခုဖြစ်လာပါတယ်၊ သင်ပျော်ရွှင်ချင်လျှင်၊ ပညတ်တော်တွေကို စောင့်ထိန်းပါ။”

သံသယဟာ ယုံကြည်ခြင်းနဲ့ ဝမ်းမြောက်ခြင်းရဲ့ ရန်သူတစ်ဦးဖြစ်ပါတယ်။ သမုဒ္ဒရာရေနွေးဟာ ဟာရီကိန်းတွေပေါ်ပေါက်ရာနေရာဖြစ်သလို၊ သံသယဟာ ဝိညာဉ်ဟာရီကိန်းတွေပေါ်ပေါက်ရာနေရာဖြစ်ပါတယ်။ ယုံကြည်မှုဟာ ရွေးချယ်မှုတစ်ခုဖြစ်သလို့၊ သံသယဟာလည်း အဲသလိုပါပဲ။ ကျွန်တော်တို့ဟာ သံသယဖြစ်ဖို့ ရွေးချယ်တဲ့အခါ၊ အပြုခံဖြစ်ဖို့ ရွေးချယ်ကြတာပါ၊ မာရ်နတ်ကို အခွင့်ပေးလိုက်တာပါ၊ အဲသလိုနဲ့ ကျွန်တော်တို့ကို အားနည်းစေ၊ ထိလွယ်ခိုက်လွယ်စေပါတယ်။

စာတန်က ကျွန်တော်တို့ကို သံသယပေါ်ပေါက်ရာနေရာဆီကို ပို့ဆောင်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့ရဲ့နှလုံးသားတွေကို မာကျောစေဖို့ ကြိုးစားပါတယ်၊ ကျွန်တော်တို့တတွေမယုံကြည်စေဖို့ပါ။ သံသယပေါက်ပွားရာနေရာဟာ အမြင်အားဖြင့်ငြိမ်းချမ်းခြင်းကြောင့် နှစ်လိုဖွယ်ကောင်းဟန်ရှိနိုင် ပါတယ်၊ ရေနွေးတွေက ကျွန်တော်တို့ကို “ဘုရားသခင်၏နှုတ်မှထွက်သည့် နှုတ်ကပတ်တော်မှန်သမျှအားဖြင့်” အသက်မွေးစေဖို့ မလိုအပ်ပါဘူး။ အဲသလိုရေနွေးတွေထဲမှာ စာတန်က ကျွန်တော်တို့ရဲ့ဝိညာဉ်နိုးကြားမှုမှာ လျှော့ပေါ့စေဖို့ ကျွန်တော်တို့ကို သွေးဆောင်ပါတယ်။ အဲဒီ နမော်နမဲ့နေခြင်းဟာ ကျွန်တော်တို့ “အအေးမဟုတ် အပူလည်းမဟုတ်” တဲ့နေရာမှာ ဝိညာဉ်ရေးနားသွင်းမှုကင်းမဲ့ခြင်းကို ဆွဲဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်မှာ စွဲမြဲမထားဘူးဆိုလျှင်၊ သံသယနဲ့ဆွဲဆောင်မှုတွေက ကျွန်တော်တို့ကို အလွန်တရာအံ့ဩဖွယ်တွေ၊ ရေရှည်ပျော်ရွှင်မှုတို့ကို မတွေ့မယ့်၊ “[ကျွန်တော်တို့ရဲ့]စိတ်မှာ ကိန်းဝပ်ခြင်း” မရှိစေမယ့် နေရာကို ပို့ဆောင်ပါလိမ့်မယ်။

ဟာရီကိန်းတွေ ကုန်းမြေမှာ အားပျော့သွားသလိုပဲ၊ ကျွန်တော်တို့ရဲ့အုတ်မြစ်ကို ခရစ်တော်အပေါ်မှာ တည်ဆောက်ကြတဲ့အခါ သံသယဟာလည်း ယုံကြည်ခြင်းနဲ့ အစားထိုးခံရပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့ဟာ ဝိညာဉ်ဟာရီကိန်းတွေကို သူတို့ရဲ့ သင့်လျော်တဲ့ရှုထောင့်နဲ့ မြင်နိုင်စွမ်းရှိကြပါတယ်၊ ပြီးတော့ အဲဒါတွေကို အောင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ စွမ်းအားကလည်း ကြီးမားလာပါတယ်။ အဲဒီနောက်မှာ “မြဲမြံသောအုတ်မြစ်ဖြစ်သည့် ထိုကျောက်ပေါ်၌ သင်တို့ကို တည်ဆောက်ထားသောကြောင့်၊ နတ်ဆိုးသည် သူ၏ပြင်းစွာသောလေ၊ အမှန်စင်စစ်၊ လေပွေထဲ၌ သူ၏မြားတံတို့ကို လွှတ်သဖြင့်၊ သင်တို့ကို ဝမ်းနည်းပူဆွေးခြင်းချောက်နှင့် အဆုံးမရှိသည့်အမင်္ဂလာများထံသို့ ဆွဲ၍ချရန် တန်ခိုးရှိလိမ့်မည်မဟုတ်။”၁၀

ဥက္ကဌ နယ်လ်ဆင်က သင်ကြားပေးခဲ့ပါတယ်။

“ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ယုံကြည်ခြင်းအားလုံးရဲ့ အုတ်မြစ်၊ မြင့်မြတ်သောတန်ခိုးရဲ့ နည်းလမ်းဖြစ်ပါတယ်။ …

“ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သူ့ရဲ့ စုံလင်တဲ့ တန်ခိုးဆီကို ရောက်ရှိစေဖို့ စုံလင်တဲ့ ယုံကြည်ခြင်း မလိုအပ်ပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့ကို ယုံကြည်ဖို့ တောင်းဆိုပါတယ်။”၁၁

ဧပြီအထွေထွေညီလာခံကတည်းက၊ ကျွန်တော်နဲ့ကျွန်တော့်မိသားစုဟာ “[ကျွန်တော်တို့ရဲ့]စိန်ခေါ်မှုတွေကို ပြိုင်ဘက်ကင်း တိုးတက်မှုနဲ့ အခွင့်အလမ်းအဖြစ် ပြောင်းလဲ”၁၂ ရာမှာ ကျွန်တော်တို့ကို ကူညီဖို့ ယေရှုခရစ်တော်၊ ပြီးတော့ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာ၌ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးဖို့ကြိုးစားနေကြပါတယ်။

ကျွန်တော်တိုရဲ့မြေးမလေး ရူဘီဟာ ထက်မြက်သော တာဝန်ယူစိတ်နဲ့ကောင်းချီးခံစားခဲ့ရပါတယ်။ သူ့ကို မွေးတုန်းက၊ သူ့အစာပြွန်ဟာ အစာအိမ်နဲ့ ဆက်မနေပါဘူး။ နို့စို့ကလေးတစ်ယောက်အနေနဲ့တောင်မှ၊ ရူဘီဟာ မိဘတွေရဲ့အကူအညီနဲ့ ဒီစုံစမ်းမှုကို ထူးခြားနဲ့သန္နိဋ္ဌာန်နဲ့တွေ့ကြုံခဲ့ပါတယ်။ ရူဘီဟာ ယခုဆိုလျှင်အသက်ငါးနှစ်ရှိပါပြီ။ သူမဟာ အလွန်ငယ်သေးပေမယ့်လည်း၊ သူမရဲ့အခြေအနေတွေကို သူမရဲ့ပျော်ရွှင်မှုကို ဆုံးဖြစ်စေဖို့ အခွင့်မပေးတဲ့နေရာမှာ အားကောင်းတဲ့ပုံသက်သေတစ်ခုဖြစ်ပါတယ်။ သူမဟာ အမြဲပျော်ရွှင်တယ်။

လွန်ခဲ့တဲ့မေမှာ၊ သူမဘဝမှာ ယုံကြည်ခြင်းနဲ့ပတ်သက်လို့ အပိုဟာရီကိန်းတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ ပြန်လည်ပြုပြင်ခွဲစိတ်ဖို့လိုအပ်တဲ့၊ ကောင်းကောင်းမဖွံ့ဖြိုးတဲ့ လက်ကလေးနဲ့မွေးလာခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတော်ရှုပ်ထွေးလှတဲ့ ခွဲစိတ်ခြင်းမတိုင်မီမှာ၊ ကျွန်တော်တို့သူ့ဆီအလည်သွားပြီး၊ ကယ်တင်ရှင်ရဲ့လက်ကို နွေးထွေးစွာကိုင်နေတဲ့ ကလေးတစ်ယောက်ရဲ့လက်ကို လှလှပပသရုပ်ဖော်တဲ့ ပုံလေးတစ်ပုံပေးခဲ့ပါတယ်။ သူမ ကြောက်မကြောက် ကျွန်တော်တို့မေးတဲ့အခါ၊ “မကြောက်ဘူး၊ ကျွန်မပျော်တယ်၊” လို့ပြန်ပြောခဲ့ပါတယ်။

ကယ်တင်ရှင်လက်ပုံ ပန်းချီကိုင်ထားသော ရူဘီ

အဲ့ဒါနဲ့ကျွန်တော်တို့ကလည်း “ရူဘီ၊ အဲဒါဘယ်လိုဖြစ်တာလဲ” လို့ သူမကို မေးပါတယ်။

ရူဘီက ယုံကြည်မှုအပြည့်နဲ့အခိုင်အမာပြောပါတယ်၊ “ယေရှုက ကျွန်မလက်ကို ကိုင်ထားမှာဖြစ်လို့ပါ။”

ရူဘီရဲ့ ပြန်ကောင်းလာခြင်းဟာ အလွန်အံ့ဩစရာပါ၊ သူမဆက်ပြီးပျော်ဖို့ရှိပါတယ်။ ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ကို မကြာမကြာသွေးဆောင်နိုင်တဲ့ သံသယရဲ့ မိုက်မဲခြင်းဟာ ကလေးတစ်ယောက်ရဲ့ ယုံကြည်ခြင်းရဲ့ စင်ကြယ်ခြင်းနဲ့ ဘယ်လောက်များ ကွဲပြားပါသလဲခင်ဗျာ။ ၁၃ ဒါပေမယ့်ကျွန်တော်တို့အားလုံးဟာ ကလေးငယ်လေးတွေလို့ဖြစ်လာနိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့ မယုံကြည်ခြင်းတွေကို ဘေးမှာချထားဖို့ ရွေးချယ်ပါ။ အဲဒါဟာ ရိုးရှင်းတဲ့ရွေးချယ်မှုတစ်ခုပါ။

ဂရုစိုက်တဲ့အဘတစ်ယောက်က ကယ်တင်ရှင်ဆီလုံ့လဝီရိယထက်သန်စွာ တောင်းလျှောက်ပါတယ်၊ “ကိုယ်တော်သည် တတ်နိုင်တော်မူလျှင်၊…အကျွန်ုပ်ကို ကယ်မတော်မူပါ။”၁၄

ယေရှုကလည်း သူ့ကို မိန့်တော်မူပါတယ်။

“သင်သည် ယုံကြည်နိုင်လျှင်၊ ခပ်သိမ်းသောအမှုတို့သည် ယုံကြည်သူအဖို့ ဖြစ်နိုင်၏။

“အဘသည် ချက်ချင်း… ဟစ်ကြော်၍၊ အကျွန်ုပ်ယုံကြည်ပါ၏ သခင်၊ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်လေ၏။”၁၅

ဒီနှိမ့်ချတဲ့အဘဟာ သူ့ရဲ့သံသယထက်၊ သူ့ရဲ့ ခရစ်တော်၌ယုံကြည်ခြင်းကို စိတ်ချဖို့ ပညာရှိစွာရွေးချယ်ပါတယ်။ “သင်တို့ရဲ့ မယုံကြည်ခြင်းကသာ သင်တို့ဘဝမှာ တောင်တွေကို ရွေ့စေဖို့ အလွန်တရာအံ့ဩဖွယ်အမှုတွေနဲ့ သင်တို့ကို ဘုရားသခင်ကောင်းချီးပေးခြင်းကနေ တားဆီးနိုင်ပါတယ်၊”၁၆ လို့ ဥက္ကဌ နယ်လ်ဆင်ကဝေမျှပါတယ်။

ကျွန်တော်တို့ကို သိခြင်းအဆင့်နဲ့မသတ်မှတ်ဘဲ ယုံကြည်ခြင်းအဆင့်နဲ့သာသတ်မှတ်တယ်ဆိုတာဟာ ဘုရားသခင်အလွန်ကရုဏာကြီးတော်မူခြင်းဖြစ်ပါတယ်ခင်ဗျာ။

အယ်လမာက သွန်သင်ပါတယ်။

“ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်သောသူသည် မင်္ဂလာရှိ၏။”၁၇

“[အကြောင်းမူကား]ဘုရားသခင်သည် သူ၏နာမတော်ကို ယုံကြည်သည့်သူခပ်သိမ်းတို့ကို ကရုဏာကြီးတော်မူ၏။ ထို့ကြောင့်၊ ရှေးဦးစွာ၌၊ သင်ယုံကြည်သင့်၏။”၁၈

ဟုတ်ကဲ့၊ ရှေးဦးစွာ၌၊ ဘုရားသခင်က ကျွန်တော်တို့ သူ့ကို ယုံကြည်စေဖို့ အလိုရှိပါတယ်။

ကျွန်တော်တို့ဟာ ခရစ်တော်၌ ယုံကြည်ခြင်းနဲ့ သူ့ပညတ်တော်တွေကို စောင့်ထိန်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဝိညာဉ်ဟာရီကိန်းတွေကို အကောင်းဆုံးရင်ဆိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ နာခံခြင်းက “ကျွန်တော်တို့ဘဝတွေမှာ—ဖြစ်ခြင်းသို့မဟုတ် မဖြစ်ခြင်း—က [ဘာပဲဖြစ်နေနေ]”၁၉အောင်နိုင်ဖို့ ကျွန်တော်တို့ကိုယ်ပိုင်ထက်သာလွန်တဲ့ တန်ခိုးနဲ့ ချိတ်ဆက်ပေးပါတယ်။ ဟုတ်ကဲ့၊ ဘုရားသခင်က ယုံကြည်ခြင်းနဲ့ နာခံခြင်းအတွက် “[ကျွန်တော်တို့ကို] ချက်ချင်းကောင်းချီးပေးတော်မူပါတယ်”။၂၀ အမှန်က၊ အချိန်ကြာလာတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုဟာ ပျော်ရွှင်ခြင်းသို့ ပြောင်းလဲပြီး၊ ကျွန်တော်တို့ ခရစ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံး၍၊ သူ့ပညတ်တော်တွေကို စောင့်ထိန်းကြတာနဲ့အမျှ၊ “ကျွန်တော်တို့ဟာ ခရစ်တော်၌ အသက်ရှင်ခြင်းသို့ ရောက်စေကြပါတယ်”။၂၁

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့တတွေ ဒီနေ့ “သံသယမရှိ၊ ယုံကြည်ခြင်းသာရှိဖို့ ရွေးချယ်ကြပါစို့။” ၂၂ “မှန်သောလမ်းဟာ ခရစ်တော်၌ယုံကြည်ဖို့ပါ။”၂၃ ကျွန်တော်တို့ဟာ “[သူ့လက်ဝါး]မှာ စာထိုးထားတာ”၂၄ ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ တံခါးရှေ့မှာရပ်ပြီး ခေါက်နေတဲ့ ကယ်တင်ရှင်၊ ရွေးနှုတ်ရှင်ဖြစ်ပါတယ်။ ၂၅ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။