အထွေထွေညီလာခံ
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၏အလွန်တရာအံ့ဩဖွယ်အမှုများ
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


9:13

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၏အလွန်တရာအံ့ဩဖွယ်အမှုများ

သူ၏ဧဝံဂေလိတရားဟာ ကျွန်တော်တို့အတွက် မျှော်လင့်ချက်၊ ငြိမ်းချမ်းမှုနှင့်ရွှင်လန်းမှုပေးနိုင်ပြီး ယခုသာမက အနာဂတ်မျိုးဆက်များအတွက် အခြားသောမရေမတွက်နိုင်အောင်ကောင်းချီးပေးနိုင်မယ် ဆိုတာကို ကျွန်တော်သိပါတယ်။

အသက်ရှည်ကြပါစေ။ ဖိလစ်ပိုင်၏ အံ့ဩဖွယ်ကောင်းတဲ့သူတော်စင်များထံမှ ကျွန်ုပ် ချစ်ခြင်းမေတ္တာနှင့်နွေးထွေးသောအပြုံးများကို ယူဆောင်လာပါတယ်။ ဒီနှစ်ဟာ ဖိလစ်ပိုင်ကျွန်းများသို့ သာသနာပြုများ ပထမဆုံးရောက်ရှိလာခဲ့သည့် နှစ် ၆၀ ပြည့်နှစ်လည်းဖြစ်ပါတယ်။ ယနေ့တွင် မစ်ရှင် ၂၃ ခုနှင့် ပန္နက် ၁၂၃ ခုတွင်အသင်းတော်အဖွဲ့ဝင် ၈၀၀၀၀၀ ကျော် ရှိနေပါပြီ။ ယခုအခါ လည်ပတ်နေသော၊ ဆောက်လုပ်ဆဲသို့မဟုတ်ကြေညာထားသော ဗိမာန်တော်ခုနှစ်ခုရှိပါတယ်။ ဒါကတကယ့်ကိုအံ့ဖွယ်အမှုပါပဲ။ ၂ နီဖိုင်း ၁၀း၂၁ “ကြီးမြတ်တော်မူသည်ကား၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံ အရပ်တို့၌ ရှိကြသောသူတို့အပေါ် ကိုယ်တော်ရှင်ပေးထားသော ကတိတော်များပေတည်း” ဟူသောဟောကြားချက်၏ပြည့်စုံခြင်းကို ကျွန်ုပ်တို့မျက်မြင်တွေ့နေရပါတယ်။

ဖိလစ်ပိုင်နိုင်ငံရှိ ဥက္ကဌ ဟင့်ခ်လေ

ဤအံ့ဖွယ်အမှုသည် ၁၉၆၁ ခုနှစ် မနီလာမြို့တွင် အယ်ဒါ ဂိုဒန် ဘီ ဟင်ဂလီ ၏ဆုတောင်းချက်၌ပါဝင်သော ပရောဖက်ပြုချက်ပြည့်စုံခြင်းလည်းဖြစ်ပါတယ်။ “ဤပြည်ကလူအများဟာ သူတို့ဆီလာမယ့်လူတွေအပေါ်မှာ ဖော်ရွေပျူငှာပြီး၊ ကြင်နာပြီး၊ ကျေးဇူးပြုတတ်ဖို့၊ ကိုယ်တော်ရှင်ရဲ့ကောင်းချီးတွေကို ကျွန်ုပ်တို့တောင်းခံပါတယ်၊ ဟုတ်ပါတယ်၊ ကိုယ်တော်ရှင်၊ ဤသတင်းစကားကိုလက်ခံရရှိခြင်းအားဖြင့် ကောင်းချီးခံစားရမည့်သူတွေ [အများကြီး၊] ထောင်ချီအများကြီးရှိပါစေလို့ ကျွန်ုပ်တို့ဆုတောင်းပါတယ်။ သူတို့ကို လက်ခံနိုင်သောစိတ်နှင့် နားလည်နိုင်သောနှလုံးသားများ၊ ဧဝံဂေလိတရား၏ဥပဒေများကို ရဲရင့်စွာနေထိုင်ရန်၊ လက်ခံယုံကြည်ရန် ကိုယ်တော်ကောင်းချီးပေးပါ။” (ဂိုတန် ဘီ ဟင်ကလီ၊ အမေရိကန်စစ်သင်္ချိုင်း၊ ဖိလစ်ပိုင်၊ ဧပြီ ၂၈၊ ၁၉၆၁)။

ရက်ဗီလို မိသားစု

ယုံကြည်မှုရှိသောနောက်ပိုင်းကာလသူသန့်ရှင်းသူများစွာ၊ ထောင်ပေါင်းမြောက်များစွာတို့အပြင် ဧဝံဂေလိတရားတော်အံဖွယ်အမှုသည် တိုင်းပြည်နှင့်၎င်း၏လူများကို အပြုသဘောဆောင်သောအပြောင်းအလဲများဖြစ်စေပါ။ ကျွန်တော်ဟာ ဤအရာ၏အသက်ရှင်သောသက်သေဖြစ်ပါတယ်။ ကျွန်တော့်မိဘတွေ တောင်ပိုင်းမင်ဒါနာအိုကျွန်းမှာ အသင်းတော်ကို စတင်ဝင်ခဲ့တုန်းက ကျွန်တော်ခြောက်နှစ်သားပဲရှိသေးပါတယ်။ ထိုအချိန်တွင်၊ နိုင်ငံတစ်ဝန်းလုံး၌ မစ်ရှင်တစ်ခုသာရှိခဲ့ပြီး ပန္နက်များလည်းမရှိသေးပါ။ ကိုယ်တော်ရှင်နောက်ကိုလိုက်ဖို့ ကျွန်တော်မိဘတွေရဲ့ ခွန်အားနဲ့ကတိသစ္စာတွေအတွက်ထာဝရကျေးဇူးတင်မိပါတယ်။ သူတို့နဲ့ ဖိလစ်ပိုင်မှာရှိတဲ့အသင်းတော်ရဲ့ ရှေ့ဆောင်သူအားလုံးကို ကျွန်တော်လေးစားပါတယ်။ သူတို့ဟာ အောင်မြင်သောမျိုးဆက်များတွေအတွက် ကောင်းချီးပေးရန်လမ်းခင်းပေးခဲ့ပါတယ်။

မော်မုန်ကျမ်း၌ ဗိင်္ယာမိန်မင်းကြီးက ပြောထားပါတယ်၊ “ထိုမှတဖန်၊ ဘုရားသခင်၏ပညတ်တော်များကိုစောင့်ထိန်းသောသူတို့သည် ကောင်းချီးခံစားရ၍၊ ပျော်ရွှင်သောအခြေအနေကိုလည်း သင်တို့ဆင်ခြင်ကြစေကြောင်း ငါအလိုရှိ၏။ ရှုလော့၊ သူတို့သည်အရာရာ၌ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံးတွင် ကောင်းချီးခံစားကြရ၏” မောဇိယ ၂း၄၁

ကျွန်ုပ်တို့သည် ဧဝံဂေလိတရား၏ဥပဒေသများကို နာခံ၍နေထိုင်သည့်အခါ ကောင်းချီးခံစားရပြီး၊ ပြောင်းလဲ၍ ယေရှုခရစ်တော်ကဲ့သို့ ပို၍ဖြစ်လာပါတယ်။ ဒါဟာ ဧဝံဂေလိတရားရဲ့ ကျွန်တော့်မိသားစုအပါအဝင်ဖိလစ်ပိုင်သန့်ရှင်းသူများကို ကောင်းချီးပေးပြောင်းလဲစေခဲ့ခြင်းဖြစ်ပါတယ်။ ဧဝံဂေလိတရားဟာ ပျော်ရွှင်သော၊ ကြွယ်ဝသောဘဝရရှိရန် မှန်ကန်တဲ့လမ်းကြောင်းဖြစ်ပါတယ်။

ဧဝံဂေလိတရား၏ပထမဆုံးဥပဒေမှာ ကိုယ်တော်ရှင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်လူမျိုးများစွာဟာဆိုရင် ဘုရားသခင်၌ ပကတိယုံကြည်ချက်ရှိကြပါတယ်။ ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ကိုယုံကြည်ရန်နှင့် ကျွန်ုပ်တို့ဆုတောင်းချက်များ၏ အဖြေများကိုရနိုင်သည်ကို သိဖို့ လွယ်ကူလှပါတယ်။

အိုဘီဒိုဇာ မိသားစု

ထို့အတွက် အိုဘီဒူဇ မိသားစုက သင့်လျော်သောဥပမာတစ်ခုဖြစ်ပါတယ်။ ညီအကို အိုဘီဒူဇဟာ ကျွန်တော်ငယ်ငယ်တုန်းက အသင်းခွဲဥက္ကဋ္ဌဖြစ်ပါတယ်။ ညီအကိုနှင့်ညီအစ်မ အိုဘီဒူဇရဲ့ အကြီးမားဆုံးဆန္ဒဟာ မနီလာဗိမာန်တော်မှာ သူတို့၏မိသားစုနှင့်တံဆိပ်ခတ်နိုင်ဖို့ဖြစ်ပါတယ်။ သူတို့ဟာ မနီလာမြို့မှ၊ မိုင် ၁၀၀၀ (၁၆၀၀ ကီလိုမီတာ) ကွာသော ဂျနရယ် ဆန်သို့စ် မြို့တွင်နေထိုင်ကြပါတယ်။ မိသားစုကိုးယောက်အတွက်၊ ဗိမာန်တော်သို့ခရီးသွားဖို့ မဖြစ်နိုင်တဲ့ပုံရှိခဲ့ပါတယ်။ သို့သော် ဒီစုံတွဲဟာ မြတ်သောပုလဲကိုဝယ်ရန် သူ၏ရှိသမျှသွား၍ရောင်းချခဲ့သော ကုန်သည်လိုပါပဲ (ရှု မဿဲ ၁၃း၄၅-၄၆) ခရီးစရိတ်အတွက် သူတို့ရဲ့အိမ်ကိုရောင်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ညီအစ်မ အိုဘီဒူဇ က သူတို့မှာပြန်လာဖို့အိမ်မရှိတော့တဲ့အတွက် စိတ်ပူခဲ့ပါတယ်။ ဒါပေမယ့်ညီအစ်ကို အိုဘီဒူဇ က ကိုယ်တော်ရှင်ထောက်ပံ့ပေးလိမ့်မယ်လို့ သူမကိုအာမခံခဲ့တယ်။

သူတို့အား ၁၉၈၅ ခုနှစ်တွင်ဗိမာန်တော်၌ ယခုနှင့် ထာဝရကာလတစ်ခုလုံး အတွက်မိသားစုအဖြစ် တံဆိပ်ခတ်ခဲ့ပါတယ်။ ဗိမာန်တော်ထဲမှာ သူတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပုလဲနဲ့ နှိုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှု—ကို တွေ့ရတယ်။ ညီအစ်ကို အိုဘီဒူဇ ၏စကားအတိုင်း၊ ဘုရားသခင် ထောက်ပံ့ပေးခဲ့ပါတယ်။ မနီလာမှပြန်လာသောအခါ၊ ကြင်နာတတ်သောအသိမိတ်ဆွေများက သူတို့ကိုနေထိုင်ဖို့နေရာများပေးခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ကိုယ်ပိုင်အိမ်ကို ဝယ်ယူနိုင်ခဲ့ကြပါတယ်။ ကိုယ်တော်ရှင်ဟာ သူ့အားယုံကြည်ကြောင်းပြသော သူများကိုဂရုစိုက်ပေးပါတယ်။

ဧဝံဂေလိတရား၏ဒုတိယဥပဒေမှာ နောင်တရခြင်းဖြစ်ပါတယ်။ နောင်တရခြင်းသည် အပြစ်မှဝေးကွာသွားပြီး ဘုရားသခင်ထံ ခွင့်လွှတ်မှုတောင်းခံရန် တိုးဝှေ့ခြင်းဖြစ်ပါတယ်။ ၎င်းသည် စိတ်နှင့်နှလုံးသားရဲ့ အပြောင်းအလဲဖြစ်ပါတယ်။ ဥက္ကဋ္ဌနယ်လ်ဆင် သွန်သင်သည့်အတိုင်း၊ ထိုအရာဟာ “နေ့စဉ်နှင့်အမျှပိုကောင်းအောင်နေထိုင်ခြင်းဖြစ်ပါတယ်၊” (“ကျွန်ုပ်တို့ဟာ ပိုကောင်းအောင် လုပ်နိုင်ပြီး ပိုကောင်းအောင် နိုင်ပါတယ်၊” Liahona, မေ ၂၀၁၉၊ ၆၇)။

နောင်တရခြင်းဆိုတာ ဆပ်ပြာနဲ့တူပါတယ်။ လူငယ်ဓာတုဗေဒအင်ဂျင်နီယာတစ်ယောက်အနေနဲ့၊ ကျွန်တော်ဖိလစ်ပိုင်ဆပ်ပြာစက်ရုံတစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ်။ ဆပ်ပြာပြုလုပ်ပုံနဲ့ ဘယ်လိုအလုပ်လုပ်ပုံကို ကျွန်တော်သင်ယူခဲ့ပါတယ်။ သင် အယ်လ်ကာလီဘေ့စ် နှင့် ဆီရောပြီး ဗက်တီးရီးယားတိုက်ဖျက်ဆေးများ ပေါင်းစပ်လိုက်သောအခါ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို ဖယ်ရှားပေးနိုင်သည့် အားကောင်းသောအရာတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။ ဆပ်ပြာလိုပဲ၊ နောင်တရခြင်းဟာ သန့်ရှင်းရေးဓာတ်ကူပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် ကျွန်တော်တို့အား ကျွန်ုပ်တို့၏အညစ်အကြေးများနှင့်အပျက်အစီးဟောင်းများကိုဖယ်ရှားရန်အခွင့်ပေးပါတယ်၊ ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း ဘုရားသခင်နှင့်အတူရှိရန်ထိုက်တန်ကြပါတယ်၊ မစင်ကြယ်သောအရာများသည် “[ဘုရားသခင်]၏နိုင်ငံတော်ကိုအမွေမခံနိုင်သောကြောင့်ပါပဲ” (အယ်လမာ ၁၁း၃၇)။

ကျွန်တော်တို့သည် နောင်တရခြင်းအားဖြင့်ယေရှုခရစ်တော်၏စင်ကြယ်ခြင်း၊ သန့်ရှင်းစေသောတန်ခိုးကိုခံယူနိုင်ပါတယ်။ နောင်တရခြင်းဟာ ပြောင်းလဲခြင်းဖြစ်စဉ်၏အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ ဤအရာဟာ မော်မုန်ကျမ်း၌ လာမန်အမျိုးသားတွေမှာဖြစ်ပျက်ခဲ့တဲ့အရာဖြစ်ပါတယ်။ လာမန်အမျိုးသားများသည် လုံးဝပြောင်းလဲခြင်းသို့ရောက်သောအခါ သူတို့သည် “ဘယ်သောအခါမှမရွေ့လျော့မဖောက်ပြန်တော့ပါ” (ရှု အယ်လမာ ၂၃း၆-၈)။ သူတို့သည် သူတို့၏စစ်လက်နက်များကိုမြှုပ်နှံခဲ့ပြီး ၎င်းတို့အားထပ်မံမတူးဖော်ခဲ့ပါ။ သူတို့က ပဋိညာဉ်ကိုချိုးဖောက်ခြင်းထက် သေခြင်းကိုသာအလိုရှိခဲ့ကြပါတယ်။ ပြီးတော့ သူတို့ကသက်သေပြခဲ့ကြပါတယ်။ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေကအံ့ဖွယ်အမှုတွေကိုဖြစ်စေခဲ့တယ်ဆိုတာကျွန်တော်တို့သိပါတယ်၊ သူတို့နဲ့တိုက်တဲ့ရန်သူထောင်ပေါင်းများစွာဟာ သူတို့ရဲ့လက်နက်တွေကိုချပြီးပြောင်းလဲခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့၏သားတွေ၊ ကျွန်တော်တို့သိသောသူရဲကောင်းများဟာ မယုံနိုင်လောက်သောအလေးပေးမှုများဖြင့် တိုက်ပွဲတွင်အကာအကွယ်ရရှိခဲ့ကြပါတယ်။

အယ်ဒါ ရက်ဗီလို၏ အဖေ

ကျွန်တော့်မိသားစုနှင့်ဖိလစ်ပိုင်လူမျိုးသန့်ရှင်းသူများစွာတို့ဟာ အလားတူပြောင်းလဲခြင်းဖြစ်စဉ်ကိုဖြတ်သန်းခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာယေရှုခရစ်တော်၏ဧဝံဂေလိတရားကိုလက်ခံပြီး အသင်းတော်သို့ ဝင်သောအခါ၊ ကျွန်တော်တို့၏လမ်းကြောင်းများနှင့်ယဉ်ကျေးမှုကို ဧဝံဂေလိတရားနှင့်လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲခဲ့ကြပါတယ်။ မှားယွင်းတဲ့ရိုးရာဓလေ့တွေကို ကျွန်တော်တို့စွန့်လွှတ်ခဲ့ကြပါတယ်။ ဤအမှုကို ဧဝံဂေလိတရားကိုသင်ယူခဲ့ပြီး နောင်တရခဲ့တဲ့ ကျွန်တော့်အဖေဆီမှာ မြင်တွေ့ရပါတယ်။ သူဟာ ဆေးလိပ်အလွန်သောက်သူဖြစ်ပါတယ်၊ ဒါပေမယ့် သူစီးကရက်တွေကိုလွှတ်ပစ်ခဲ့ပါပြီ၊ တစ်လိပ်မှပြန်ထိမကြည့်တော့ပါဘူး။ ပြောင်းလဲဖို့သူ့ဆုံးဖြတ်ချက်ကြောင့်၊ သူ့ထံမှမျိုးဆက်လေးဆက်တိုင် ကောင်းချီးခံစားခဲ့ရပါတယ်။

ရက်ဗီလိုမိသားစု၏ မျိုးဆက်များ

နောင်တရခြင်းသည် ကျွန်တော်တို့အားမြင့်မြတ်သောဘိသိက်မင်္ဂလာများမှတစ်ဆင့် ပဋိညာဉ်တွေပြုဖို့နှင့် ‌စောင့်ထိန်းစေဖို့ ပို့ဆောင်ပါတယ်။ ကယ်တင်ခြင်းနှင့်ချီးမြှောက်ခြင်း၏ပထမဆုံးကတိတော်မှာ အပြစ်မှဖြေလွှတ်ခြင်းအတွက်ရေနှစ်ခြင်း ဖြင့်ဗတ္တိဇံခံယူခြင်းဖြစ်ပါတယ်။ ဗတ္တိဇံသည် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ရရှိစေပြီး ကိုယ်တော်ရှင်နှင့်ပဋိညာဉ်ဖွဲ့ခွင့်ရရှိစေပါတယ်။ အပတ်တိုင်း ကျွန်တော်တို့ ပွဲတော်သုံးဆောင်တဲ့အခါ ထိုဗတ္တိဇံဆိုင်ရာပဋိညာဉ်ကို အသစ်ထပ်မံပြုလုပ်နိုင်ပါတယ်။ ဒါကလည်း အံ့ဖွယ်အမှုပါပဲ။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီအံ့ဖွယ်အမှုကို သင်တို့ရဲ့ဘဝထဲကိုယူဆောင်ဖို့ ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ ယေရှုခရစ်တော်ထံသို့ လာ၍ သူ၌သင်၏ယုံကြည်ခြင်းကိုတင်ပြနိုင်ရန်လေ့ကျင့်နိုင်ဖို့ရွေးချယ်ပါ၊ နောင်တရပြီး ကယ်တင်ခြင်းနှင့်ချီးမြှောက်ခြင်းဆိုင်ရာကတိတော်များ၌တွေ့ရှိနိုင်သောပဋိညာဉ်များကိုပြုလုပ်၍စောင့်ထိန်းပါ။ ဤအရာက သင့်အားခရစ်တော်နှင့်ထမ်းပိုးတွဲစေပြီး ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးများနှင့်ကောင်းချီးများကိုရရှိစေပါလိမ့်မယ် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၄း၂၀)။

ယေရှုခရစ်တော်က ကျွန်တော်တို့တစ်ယောက်ချင်းစီကိုချစ်ပြီးအသက်ရှင်တယ်ဆိုတဲ့ မှန်ကန်မှုကို ကျွန်တော်သက်သေခံချင်ပါတယ်။ သူ၏ဧဝံဂေလိတရားဟာ ကျွန်တော်တို့အတွက် မျှော်လင့်ချက်၊ ငြိမ်းချမ်းမှုနှင့်ရွှင်လန်းမှုပေးနိုင်ပြီး ယခုသာမက အနာဂတ်မျိုးဆက်များအတွက် အခြားသောမရေမတွက်နိုင်အောင်ကောင်းချီးပေးနိုင်မယ် ဆိုတာကို ကျွန်တော်သိပါတယ်။ အဲ့ဒါဟာ ဖိလစ်ပိုင်သန့်ရှင်းသူများ၏လှပနွေးထွေးသောအပြုံးများကြောင့် ဖြစ်ပါတယ်။ ဒါဟာ ဧဝံဂေလိတရား၏အံ့ဖွယ်အမှုတော်နှင့်ခရစ်တော်၏ဩဝါဒဖြစ်ပါတယ်။ ဒီအရာအကြောင်းကို ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။