အထွေထွေညီလာခံ
အားပေးမှုအမွေအနှစ်
၂၀၂၂ အောက်တိုဘာအထွေထွေညီလာခံ


14:29

အားပေးမှုအမွေအနှစ်

သင်တို့ကို ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ဆီ ပြန်သွားဖို့ အရည်အချင်းပြည့်မီစေရန် ကြိုးစားခြင်းမှာ ဆက်ရှိနေကြဖို့ ကျွန်တော်အားပေးပါတယ်။

ကျွန်တော်ချစ်ရသော ညီအစ်ကိုညီအစ်မများခင်ဗျာ၊ယေရှုခရစ်တော်ရဲ့ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အထွေထွေညီလာခံမှာ သင်တို့နဲ့အတူ စုဝေးရတာကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။ သင်တို့ဘယ်မှာပဲရှိရှိ သင်တို့ရဲ့ ယုံကြည်ခြင်းနဲ့ မေတ္တာကို ကျွန်တော်တို့ခံစားခဲ့ရပါတယ်။ လှုံ့ဆော်ခံသွန်သင်ချက်၊ အစွမ်းထက်သောသက်သေခံချက်များနှင့် ခမ်းနားသောတေးဂီတများဖြင့် ကျွန်တော်တို့ ပြုပြင်မွမ်းမံထားပါတယ်။

ကျွန်တော် သင်တို့ကို ကောင်းကင်ဘုံရှင်အဖနှင့် ယေရှုခရစ်တော်ထံပြန်လာရန် အရည်အချင်းပြည့်မီဖို့ ကြိုးစားအားထုတ်ခြင်းကို ဆက်ပြီးပြုကြဖို့ တိုက်တွန်းပါတယ်။ သင်ဟာ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ မည်သည့်နေရာမှာပဲရှိရှိ၊ လူ့ဇာတိရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုများ သို့မဟုတ် စာတန်ရဲ့ ဆန့်ကျင်မှု တစ်ဖက်မှာရုန်းကန်မှုကို တွေ့ရပါလိမ့်မယ်။

ကျွန်တော့် အမေကပြောခဲ့သလိုပါပဲ တစ်ခုခုခက်ခဲတယ်လို့ ညည်းညူတဲ့အခါ၊ “အို ဟားလ်၊ ဟုတ်တာပေါ့၊ ခက်တာပေါ့။ အဲသလိုပဲဖြစ်ရမှာ။ ဘဝဆိုတာ စာမေးပွဲ တစ်ခုပဲ”

သူမကအဲဒါကို ပြုံးရင်းနဲ့တောင် အဲဒါကို အေးအေးဆေးဆေး ပြောနိုင်ခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အကြောင်းအရာနှစ်ကို သိလို့ပါ။ ရုန်းကန်မှု မည်သို့ပင်ရှိပါစေ၊ သူမ၏ကောင်းကင်ဘုံရှင်အဖနှင့်အတူနေရန် အိမ်ပြန်ဖို့မှာ အရေးကြီးဆုံးအရာဖြစ်ပါတယ်။ ကယ်တင်ရှင်ကို ယုံကြည်ခြင်းအားဖြင့် သူမအဲဒီလိုလုပ်နိုင်တယ်ဆိုတာ သူမသိပါတယ်။

ကိုယ်တော်နဲ့ နီးတယ်လို့ သူမခံစားခဲ့ရပါတယ်။ သူမသေတော့မယ်လို့ သိလိုက်ရတဲ့အချိန်တွေမှာ၊ အိပ်ခန်းထဲမှာ လဲလျောင်းရင်းကယ်တင်ရှင်အကြောင်း ကျွန်တော်နဲ့စကားပြောခဲ့ပါတယ်။ သူမအိပ်ရာနားကနေ တခြားအခန်းတစ်ခန်းဆီကို တံခါးတစ်ပေါက်ရှိပါတယ်။ မကြာခင်မှာ သူမကိုယ်တော်ရှင်ကိုတွေ့ရဖို့ အေးအေးဆေးဆေး စကားပြောတဲ့အခါ ပြုံးပြီး တံခါးကိုကြည့်ခဲ့ပါတယ်။ တံခါးကိုကြည့်ပြီး အခန်းရဲ့နောက်ကွယ်က အခန်းကို သူမစိတ်ကူးကြည့်နေတာကို ကျွန်တော်မှတ်မိပါသေးတယ်။

အခုတော့ သူမဟာ ဝိညာဉ်လောကမှာ ရှိနေပါပြီ။ သူမက ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာ စမ်းသပ်မှုနှစ်များတစ်လျှောက်လုံး သူမလိုချင်ခဲ့သော ဆုကို သူမစောင့်ကြည့်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့အတွက် သူမ ထားခဲ့တဲ့ အားပေးမှု အမွေအနှစ်ကို မော်ရော်နိုင်း ၇ မှာအကောင်းဆုံးဖော်ပြထားပါတယ်၊ အဲဒီမှာ မော်မုန်က သူ့သား မော်ရော်နိုင်းနဲ့ သူ့လူမျိုးကို အားပေးပါတယ်။ ကျွန်တော့်အမေရဲ့ သူ့မိသားစုကိုပေးခဲ့သလိုမျိုး၊ မျိုးဆက်တစ်ခုအဖို့ အားပေးမှုအမွေအနှစ်တစ်ခုရှိပါတယ်။ မော်မုန်က အဲဒီအားပေးမှုအမွေအနှစ်ကို ထာဝရအသက်အတွက် မိမိတို့၏ လူ့ဇာတိစမ်းသပ်မှုအားလုံးမှတစ်ဆင့်၊ အရည်အချင်းပြည့်မီဖို့ သန္နိဋ္ဌာန်ရှိသူအားလုံးကို ပေးခဲ့ပါတယ်။

မော်မုန်က မော်ရော်နိုင်း ၇ ရဲ့ ပထမအပိုဒ်ငယ်တွင် ယေရှုခရစ်တော်၊ ကောင်းကင်တမန်များနှင့် ခရစ်တော်ရဲ့ဝိညာဉ်တော်၏ သက်သေခံချက်ဖြင့် အစပြုပြီး ယင်းက ကျွန်တော်တို့ကို အကောင်းအဆိုးခွဲခြားသိစေဖို့ အခွင့်ပေးပါတယ်၊ ဒါကြောင့် မှန်တာကို ရွေးချယ်နိုင်စွမ်းရှိပါတယ်။

သူက သူတို့၏ကောင်းကင်အိမ်သို့သွားရာလမ်းပေါ်တွင် ရုန်းကန်နေသူများအား အားပေးမှုပြုရာတွင် အောင်မြင်သူအားလုံးနည်းတူ၊

“အကြောင်းမူကား၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့အတိုင်း၊ သူ၏နာမတော်ကို သူတို့ယုံကြည်ခြင်းမရှိလျှင်၊ ကယ်တင်ခြင်းသို့ အဘယ်သူမျှ မရောက်နိုင်။ သို့ဖြစ်၍၊ ဤအရာတို့ရပ်တန့်သွားလျှင်၊ ယုံကြည်ခြင်းသည်လည်း ရပ်တန့်သွား၏။ လူသား၏အခြေအနေမှာလည်း အလွန်ဆိုးရွား၏။ သူတို့သည်ကား၊ ရွေးနှုတ်ခြင်းကို ပြုမထားခဲ့လေသကဲ့သို့ ဖြစ်ကြ၏။

သို့ရာတွင်၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါသည် သင်တို့၏သာ၍ကောင်းမြတ်သောအရာများကို တရားစီရင်၏။ အကြောင်းမူကား၊ သင်တို့၏သိမ်မွေ့အောက်ကျို့ခြင်းကြောင့်၊ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းရှိကြကြောင်း ငါစီရင်၏။ သင်တို့သည် သူ့ကို ယုံကြည်ခြင်းမရှိလျှင်၊ သူ့အသင်းတော်၏လူများ၌ ရေတွက်ခံရဖို့ မသင့်လျော်။” 1

မော်မုန်ဟာ နူးညံ့သိမ်မွေ့ခြင်းကို သူတို့၏ယုံကြည်ခြင်းခိုင်ခံ့မှု၏ သက်သေသာဓကအဖြစ် ရှုမြင်ခဲ့ပါတယ်။ သူတို့ဟာ ကယ်တင်ရှင်အပေါ်မှီခိုနေရတယ်ဟု ခံစားရကြောင်း သူသိမြင်ခဲ့ပါတယ်။ သူဟာ ထို ယုံကြည်ခြင်းကိုမှတ်သားခြင်းဖြင့် သူတို့ကိုအားပေးခဲ့ပါတယ်။ မော်မုန်ဟာ သူတို့၏ယုံကြည်ခြင်းနှင့် နူးညံ့သိမ်မွေ့မှုတို့က သူတို့၏ရုန်းကန်မှုတွင် အောင်မြင်မှုအပေါ် ယုံကြည်မှုနှင့် စိတ်ချမှုတို့ကို တည်ဆောက်ပေးမှာကို သိမြင်စေဖို့ ကူညီခြင်းဖြင့် သူတို့ကို ဆက်၍အားပေးခဲ့ပါတယ်။

“ထိုမှတစ်ဖန်၊ ငါ၏ချစ်လှစွာသောညီအကိုတို့၊ မျှော်လင့်ခြင်းအကြောင်းကို သင်တို့အား ငါပြောလို၏။ သင်တို့၌ မျှော်လင့်ခြင်းမရှိကြလျှင်၊ ယုံကြည်ခြင်းကို အဘယ်သို့အားဖြင့်၊ ရရှိနိုင်ကြမည်နည်း။

“ထို့အတူ၊ သင်တို့သည် အဘယ်အရာကို မျှော်လင့်ကြမည်နည်း။ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် သူ၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်တို့အားဖြင့် အသက်ထာဝရရှင်ရာသို့ ထမြောက်စေဖို့ မျှော်လင့်ခြင်းရှိကြလိမ့်မည်။ ဤအမှုသည်ကား၊ ကတိတော်အတိုင်း သူ့ကို သင်တို့၏ယုံကြည်ခြင်းကြောင့်ပေတည်း။

“သို့ဖြစ်၍၊ အကြင်လူသည် ယုံကြည်ခြင်းရှိလျှင်၊ မျှော်လင့်ခြင်းရှိဖို့ လိုအပ်၏။ အကြောင်းမူကား၊ ယုံကြည်ခြင်းမရှိဘဲနှင့် အဘယ်မျှော်လင့်ခြင်းမျှမရှိနိုင်။

“ထိုမှတစ်ဖန်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ထိုသူသည် သိမ်မွေ့အောက်ကျို့ခြင်း၊ ထို့အတူ စိတ်နှလုံးနှိမ့်ချခြင်းမရှိလျှင် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း မရှိနိုင်။”

ထို့နောက် မော်မုန်က ခရစ်တော်ကိုစင်ကြယ်သောမေတ္တာဖြင့် ဖြည့်စွက်ထားသော သူတို့ရဲ့နှလုံးသားများ၏ဆုကျေးဇူးကို လက်ခံရရှိရန် သူတို့သည်လမ်းခရီးတွင်ရှိနေကြောင်း သက်သေခံခြင်းဖြင့် သူတို့ကိုအားပေးခဲ့ပါတယ်။ သူက သူတို့ကို ယေရှုခရစ်တော်၌ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ထာဝရအသက်တာဆုကျေးဇူးရရန် ခိုင်မာသောမျှော်လင့်ချက်တို့အတွက် အတူတကွ ရက်လုပ်ပေးခဲ့ပါတယ်။ သူတို့ကို ဤနည်းနဲ့ အားပေးခဲ့ပါတယ်၊

“အကြောင်းမူကား၊ သိမ်မွေ့အောက်ကျို့သောသူနှင့် စိတ်နှလုံးနှိမ့်ချသောသူတို့မှတစ်ပါး၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှနှစ်သက်ဖွယ်မရှိ။ လူသည် သိမ်မွေ့အောက်ကျို့၍၊ စိတ်နှလုံးနှိမ့်ချလျက်၊ ယေရှုအား ခရစ်တော်ဖြစ်ကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဝန်ခံလျှင်၊ ထိုသူသည် မေတ္တာရှိဖို့လိုအပ်၏။ အကြောင်းမူကား၊ ထိုသူသည်မေတ္တာမရှိလျှင်အချည်းနှီးသက်သက်ဖြစ်၏။ သို့ဖြစ်၍၊ ထိုသူသည် မေတ္တာရှိဖို့ လိုအပ်၏။”

နောက်ကြောင်းပြန်ကြည့်ရင်၊ မေတ္တာဆုကျေးဇူး—ခရစ်တော်ရဲ့စင်ကြယ်တဲ့ချစ်ခြင်းမေတ္တာ—ဟာ ခွန်အားရှိမှု၊ လမ်းညွှန်မှု၊ တည်တံ့မှုနဲ့ သူမရဲ့အိမ်ပြန်လမ်း၌ ရုန်းကန်မှုမှာ အမေ့ကို ဘယ်လိုပြောင်းလဲစေခဲ့တယ်ဆိုတာ ကျွန်တော်အခု သိလာရပါပြီ။

“မေတ္တာသည်ကား၊ စိတ်ရှည်တတ်၏၊ ထို့အတူ ကြင်နာတတ်၏၊ ထို့အတူ ငြူစူခြင်းမရှိ၊ ထို့အတူ မာနထောင်လွှားခြင်း မရှိ၊ ကိုယ်ကျိုးမရှာတတ်၊ လွယ်ကူစွာ အမျက်မထွက်စေတတ်၊ မကောင်းမှုကို မတွေးတတ်၊ ထို့အတူ ဒုစရိုက်၌ ရွှင်လန်းဝမ်းမြောက်ခြင်းမရှိ၊ သို့ရာတွင် သမ္မာတရား၌ ရွှင်လန်းဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာတို့ကို သည်းခံတတ်၏။ ခပ်သိမ်းသောအရာတို့ကို ယုံတတ်၏။ ခပ်သိမ်းသောအရာတို့ကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာတို့ကို ကြံ့ကြံ့ခံတတ်၏။

“သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့၌ မေတ္တာမရှိလျှင်၊ သင်တို့သည် အချည်းနှီးသက်သက်ဖြစ်၏။ အကြောင်းမူကား၊ မေတ္တာသည် အဘယ်တော့မျှ မချို့တဲ့။ သို့ဖြစ်၍၊ အရာခပ်သိမ်းတို့ထက်အကြီးမြတ်ဆုံးဖြစ်သည့် မေတ္တာ၌ စွဲမြဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ခပ်သိမ်းသောအရာတို့ ချို့တဲ့ရကြပေမည်—

“သို့ရာတွင်၊ မေတ္တာသည် ခရစ်တော်၏ စင်ကြယ်သောချစ်ခြင်းဖြစ်ပြီး၊ ကာလအစဉ်အဆက် တည်၏။ နောက်ဆုံးသောနေ့၌ ထိုအရာကို ပိုင်ဆိုင်လျက် တွေ့ရသောသူမှန်သမျှသည် ကောင်းသောအကျိုးခံရလိမ့်မည်။

“သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ခမည်းတော်ထံသို့ စိတ်နှလုံးအစွမ်းရှိသမျှဖြင့် ဆုတောင်းကြလော့၊ သူ့သားတော်၊ ယေရှုခရစ်တော်၏ စစ်မှန်သောတပည့်တော်များအား ပေးတော်မူသည့် ဤချစ်ခြင်းဖြင့် သင်တို့၌ ပြည့်နိုင်ကြစေကြောင်းပေတည်း၊ သင်တို့သည် ဘုရားသခင်၏သားများ ဖြစ်လာနိုင်ကြစေခြင်းငှာ၊ ငါတို့သည် သူ့အား ဖြစ်တော်မူသည့်အတိုင်း မြင်ရမည်ဖြစ်၍၊ သူပေါ်ထွန်းလာတော်မူသောအခါ၌ သူနှင့် တူကြစေခြင်းငှာ၊ ငါတို့၌ ဤမျှော်လင့်ခြင်း ရှိနိုင်ကြစေခြင်းငှာ၊ သူစင်ကြယ်တော်မူသကဲ့သို့ပင် ငါတို့စင်ကြယ်နိုင်ကြစေခြင်းငှာလည်းဖြစ်ပေ၏။”

မော်မုန်ရဲ့ ပုံသက်သေနဲ့ သွန်သင်မှုတွေရဲ့ အားပေးမှုအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အမေရဲ့ အမွေအနှစ်ကြောင့်လည်း ကျွန်တော်ကောင်းချီးခံစားခဲ့ရပါတယ်။ အာဒံကနေ မျက်မှောက်ခေတ်အထိ ပရောဖက်တွေဟာ၊ သွန်သင်ခြင်းနဲ့ ပုံသက်သေအားဖြင့်၊ ကျွန်တော့်ကို ခွန်အားပေးခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင်သိပြီး သူတို့၏မိသားစုများကိုရိုသေလေးစားသောကြောင့်၊ သူတို့ရဲ့ ရုန်းကန်မှုတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စစ်ဆေးဖို့ ဒါမှမဟုတ် ကြီးမားတဲ့ လက်ဆောင်တွေ အကြောင်းပြောဖို့ ကျွန်တော်ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မြင်တွေ့ခဲ့တာတွေက ကျွန်တော့်ကို အားပေးခဲ့ပြီး ပိုကောင်းလာအောင် ပြောင်းလဲစေခဲ့ပါတယ်။

ကျွန်တော့်ဇနီးရဲ့ကိုယ်ရေးကိုယ်တာကို စွက်ဖက်ရမှာကို စိုးရိမ်ပေမယ့်၊ သူ့ရဲ့ အားပေးမှုနဲ့ပတ်သက်တဲ့ အကြောင်းအနည်းငယ်ကို ကျွန်တော်ထည့်ပြောပါမယ်။ ဒါကြောင့်ကျွန်တော်ဂရုတစိုက်ပြောပါတယ်။ သူမဟာ ချီးမွမ်းမှုကို ရှာလည်းမရှာတတ်၊ တန်ဖိုးလည်းမထားတတ်တဲ့ သီးသန့်လူတစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်တို့ လက်ထပ်တာ အနှစ် ၆၀ ရှိပါပြီ။ အဲ့ဒီအတွေ့အကြုံကြောင့် ယုံကြည်ခြင်း၊ မျှော်လင့်ချက်၊ နူးညံ့သိမ်မွေ့ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ကျွန်တော်တို့ကိုယ်ပိုင်မရှာ၊ သမ္မာတရား၌ ဝမ်းမြောက်ခြင်း၊ မကောင်းမှုကို မတွေးတောဘဲ၊ မေတ္တာတရားထက်သန်ခြင်းဟူသော ဤကျမ်းစာစကားများ၏ အဓိပ္ပါယ်ကို ယခု ကျွန်တော်နားလည်လာတာဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံကိုအခြေခံပြီး၊ သာမန်လူသားတွေဟာ ဘဝရဲ့ လှုပ်ရွရွဖြစ်နေတဲ့ အဲဒီအတွေးအခေါ်အားလုံးကို နေ့စဉ်အသက်တာထဲ ခေါ်ဆောင်သွားနိုင်တယ်ဆိုတဲ့ သက်သေခံချက်ကို ကျွန်တော်သက်သေခံနိုင်ပါတယ်။

သင်တို့ သန်းနဲ့ချီ နားထောင်နေတဲ့ သူတွေဟာ အဲဒီလိုလူတွေကို သိကြပါတယ်။ သင်တို့ထဲက တော်တော်များများက အဲလိုလူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ထိုကဲ့သို့ အားရှိစရာ ပုံနမူနာများနှင့် မေတ္တာရှိသော မိတ်ဆွေများ လိုအပ်ကြ ပါတယ်။

သင်ဟာ တစ်ယောက်ယောက်ရဲ့အမှုတော်ဆောင် ညီအစ်မ သို့မဟုတ် အမှုတော်ဆောင် ညီအစ်ကိုအဖြစ် တစ်ယောက်ယောက်နဲ့အတူ ထိုင်တဲ့အခါ၊ ကိုယ်တော်ရှင်ကို ကိုယ်စားပြုပါတယ်။ ကိုယ်တော်ဘာလုပ်မလဲ၊ ဘာပြောမလဲဆိုတာ စဉ်းစားကြည့်ပါ။ ကိုယ်တော်က သူတို့ကို ကိုယ်တော်ထံလာဖို့ဖိတ်ခေါ်တော်မူမှာပါ။ ကိုယ်တော်က သူတို့ကို အားပေးတော်မူမှာပါ။ ကိုယ်တော်က သူတို့လုပ်ဆောင်ရမယ့် အပြောင်းအလဲတွေရဲ့ အစကို သတိပြုပြီး ချီးမွမ်းပေးတော်မူမှာပါ။ ပြီးတော့ ကိုယ်တော်ရှင်က သူတို့အတွက် အတုယူဖို့ အကောင်းဆုံး ပုံသက်သေဖြစ်တော်မူမှာပါ။

ဘယ်သူမှ ဒါကို အပြည့်အဝ မလုပ်နိုင်သေးပါဘူး၊ ဒါပေမဲ့ ဒီညီလာခံကို နားထောင်ခြင်းအားဖြင့်၊ သင်ဟာလမ်းခရီးမှာ ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ ကယ်တင်ရှင်က သင်ရဲ့ ရုန်းကန်မှုတွေကို အသေးစိတ်သိပါတယ်။ ကိုယ်တော်ရှင်က ယုံကြည်ခြင်း၊ မျှော်လင့်ချက်နဲ့ မေတ္တာတွေမှာ ကြီးထွားလာနိုင်တဲ့ သင့်ရဲ့ ကြီးမားတဲ့အလားအလာကို သိပါတယ်။

သင့်ကို ကိုယ်တော်ပေးတဲ့ ပညတ်ချက်တွေနဲ့ ပဋိညာဉ်တွေဟာ သင့်ကို ထိန်းချုပ်ဖို့ စမ်းသပ်မှုတွေမဟုတ်ပါဘူး။ ၎င်းတို့ဟာ ဘုရားသခင်၏ဆုကျေးဇူးအားလုံးကို လက်ခံရရှိစေရန်နှင့် သင့်ကိုချစ်မြတ်နိုးသော၊ ကောင်းကင်ဘုံရှင်အဖနှင့် ကိုယ်တော်ရှင်ထံ ပြန်ပို့ပေးရန် သင့်ကို မြှင့်တင်ပေးတဲ့ ဆုကျေးဇူးတစ်ခုဖြစ်ပါတယ်။

ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့အပြစ်တွေအတွက်အဖိုးခကို ပေးဆပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နောင်တရရန်နှင့်ကလေးတစ်ယောက်ကဲ့သို့ဖြစ်ရန် ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ကိုယုံကြည်လျှင်ထာဝရအသက်၏ကောင်းချီး၊ ဘုရားသခင်၏လက်ဆောင်အားလုံး၏အကြီးမြတ်ဆုံးကိုလက်ခံရရှိရန်အဆင်သင့်ဖြစ်ဖို့နှင့် သန့်ရှင်းဖို့ကို တောင်းဆိုနိုင်ပါတယ်။

ကိုယ်တော်ရဲ့ဖိတ်ခေါ်ချက်ကို သင်လက်ခံမယ့်အကြောင်း၊ အဲဒီဖိတ်ခေါ်ချက်ကို ကောင်းကင်ဘုံရှင်အဖရဲ့ အခြားသားသမီးတွေဆီကို သင်ကမ်းလှမ်းမယ့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။

ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့သာသနာပြုတွေအတွက် ကျွန်တော်ဆုတောင်းပေးပါတယ်။ သူတို့သည် လူတိုင်းကို ဖိတ်ခေါ်ခြင်းဟာ ယေရှုခရစ်တော်ရဲ့ နာမကို မိမိတို့အပေါ်မှာခံယူခဲ့ကြတဲ့ သူ့ရဲ့အစေခံတွေမှတစ်ဆင့် ကိုယ်တော်ဆီကလာတာဖြစ်ကြောင်းကို အလိုရှိကြ၊ ယုံကြည်ကြစေရန် တိုက်တွန်းဖို့ လမ်းပြလှုံ့ဆော်ခံကြရပါစေ။

ကိုယ်တော်အသက်ရှင်တယ်၊ သူ့အသင်းတော်ကို ဦးဆောင်နေတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်ကတော့ ကိုယ်တော့်ရဲ့သက်သေပါ။ ဥက္ကဋ္ဌ ရပ်စယ်လ် အမ် နယ်လဆင် က ကမ္ဘာတစ်ဝန်းလုံးအတွက် ဘုရားသခင်၏ အသက်ရှင်သော ပရောဖက်ဖြစ်ပါတယ်။ အဲ့တာမှန်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။