ကျွန်ုပ်တို့သည် ခက်ခဲသောအရာတို့ကို ကိုယ်တော်အားဖြင့်လုပ်ဆောင်နိုင်၏
ကျွန်တော်တို့ဟာ ခက်ခဲတဲ့အချိန်တွေမှာ ကိုယ်တော်ရှင်၌ ယုံကြည်ခြင်းကို ကျင့်သုံးကြတဲ့အခါ၊ ကျွန်တော်တို့ရဲ့ တပည့်တော်အရာမှာ တိုးတက်ကြပါတယ်။
ကယ်တင်ရှင်၏မြေကြီးပေါ်အမှုတော်ဆောင်ကာလအတွင်းမှာ၊ ကိုယ်တော်ဟာ မျက်မမြင်လူတစ်ယောက်ကို သတိပြုမိခဲ့ပါတယ်။ ယေရှုရဲ့တပည့်တော်တွေက “အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် ကန်းသနည်း။ ကိုယ့်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလော” လို့ မေးကြပါတယ်။
ကယ်တင်ရှင်ရဲ့ ခိုင်မာတဲ့၊ ချစ်ခြင်းရှိတဲ့၊ ရိုးသားတဲ့အဖြေက၊ ကိုယ်တော်ဟာကျွန်တော်တို့ရဲ့ ရုန်းကန်မှုတွေကို သတိပြုကြောင်း ကျွန်တော်တို့ကို စိတ်ချစေပါတယ်၊ “ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။”၁
တမင်မနာခံမှုကြောင့် အချို့စိန်ခေါ်မှုတွေဖြစ်လာနိုင်သော်လည်း၊ ဘဝစိန်ခေါ်မှုများစွာတို့ဟာ အခြားအကြောင်းရင်းတွေကြောင့် ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ စိန်ခေါ်မှုတွေရဲ့ရင်းမြစ်ဘယ်လိုပဲဖြစ်ပါစေ၊ အဲဒါတွေဟာ တိုးတက်ဖို့ ရွှေရောင်အခွင့်အလမ်းတွေဖြစ်ပါတယ်။
ကျွန်တော်တို့မိသားစုဟာ ဘဝဒုက္ခတွေကနေ မလွတ်ခဲ့ပါဘူး။ တိုးတက်နေတဲ့၊ မိသားစုကြီးတွေကို ကျွန်တော်လေးစားပါတယ်။ အဲလိုမိသားစုတွေကို ကျွန်တော်စိတ်ဝင်စားပါတယ်၊ အထူးသဖြင့် ကျွန်တော်ဆယ်ကျော်သက်အရွယ်မှာ တကိုရာဒီ၊ ဂါနာရှိ ကျွန်တော့်အမေ့ဘက်ကဦးလေး၊ ဆာဖိုနဲ့ သူ့ဇနီးတို့မှတဆင့် အသင်းတော်အကြောင်းကို သိခဲ့ရတုန်းကပေါ့။
ဟန်နာနဲ့ ကျွန်တော်လက်ထပ်တော့၊ ကျွန်တော်တို့ရဲ့ အမျိုးအဘကောင်းချီးမင်္ဂလာကို ပြီးပြည့်စုံစေချင်ခဲ့ကြပါတယ်၊ အဲဒါက ကျွန်တော်တို့ကို သားသမီးများစွာနဲ့ ကောင်းချီးခံစားရလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ရဲ့ တတိယသားမမွေးခင်မှာ၊ ဟန်နာဟာနောက်ထပ်ကလေးမွေးနိုင်မှာမဟုတ်တဲ့အကြောင်း၊ ဆေးပညာအရသိခဲ့ရပါတယ်။ ကျေးဇူးတော်ပါပဲ၊ ကက်နက်ဟာ သူနဲ့သူ့အမေ နှစ်ဦးစလုံးအဖို့ အသက်အန္တရာယ်ရှိတဲ့အခြေအနေမှာ ဘေးကင်းစွာရောက်လာခဲ့ပါတယ်၊ သူ့အမေလည်း နေပြန်ကောင်းလာခဲ့ပါတယ်။ သူဟာ၊ ဘုရားကျောင်းတက်ခြင်း၊ နေ့စဉ်မိသားစုဆုတောင်းခြင်းတွေ၊ ကျမ်းစာလေ့လာခြင်း၊ မိသားစုညနေနဲ့ လျော်ကန်တဲ့ အပန်းဖြေလှုပ်ရှားမှုတွေအပါအဝင် ကျွန်တော်တို့ရဲ့မိသားစုဘဝမှာ ကောင်းစွာပါဝင်စပြုနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ဟာ မိသားစုကြီးတစ်ခုမှာ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေကို ထိန်းညှိရပေမယ့်လည်း၊ “မိသားစု၊ လောကသို့ကြေညာချက်” ရဲ့ သွန်သင်မှုတွေကို ကျွန်တော်တို့ရဲ့ ချစ်သောသားသမီးသုံးယောက်နဲ့အတူ လက်တွေ့ကျင့်သုံးရတာ ဝမ်းမြောက်စရာပါ။ အဲဒီသွန်သင်မှုတွေကို လိုက်လျှောက်ခြင်းက ကျွန်တော်ရဲ့ တိုးလာတဲ့ယုံကြည်ခြင်းကို များစွာထပ်လောင်းပေါင်းထည့်ပေးပါတယ်။
ကြေညာချက်မှာ ဖော်ပြထားတဲ့အတိုင်း၊ “ယောက်ျားနဲ့ မိန်းမ လက်ထပ်ခြင်းဟာ ကိုယ်တော်ရဲ့ ထာဝရအစီအစဉ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သားသမီးများကို အိမ်ထောင်ဖက်ပြုထားသောသူများ၌ မွေးဖွားခွင့်ရှိပါသည်၊ အိမ်ထောင်ဖက် သစ္စာကတိများ၌ လုံးဝသစ္စာရှိခြင်းဖြင့် အလေးထားလိုက်နာသည့် အဘနှင့် အမိတို့၏ ပြုစုစောင့်ရှောက်ခြင်းကိုလည်း ခံရမည်။”၂ ကျွန်တော်တို့ဟာ ဒီအခြေခံသဘောတရားတွေကို လက်တွေ့ကျင့်သုံးလို့ ကောင်းချီးခံစားခဲ့ကြရပါတယ်။
ဒါပေမယ့်၊ ပန္နက်ဥက္ကဋ္ဌတစ်ဦးအဖြစ် ကျွန်တော်အမှုတော်ဆောင်ရင်း စနေတနင်္ဂနွေတစ်ရက်မှာ၊ မိဘတွေရင်ဆိုင်နိုင်တဲ့ အဆိုးဆုံးဒုက္ခကို ကြုံခဲ့ကြရပါတယ်။ ကျွန်တော်တို့မိသားစု ဘုရားကျောင်းလှုပ်ရှားမှုတစ်ခုကနေ ပြန်လာပြီး နေ့လည်စာစားဖို့ စုဝေးကြပါတယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ သားသုံးယောက် ကျွန်တော်တို့ဝန်းထဲမှာ ကစားဖို့ ထွက်သွားကြပါတယ်။
တစ်ခုခုတော့မှားနေပြီလို့ ကျွန်တော့ဇနီးမှာအကြိမ်ကြိမ်မြင်ယောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပန်းကန်တွေဆေးနေတဲ့အချိန်မှာ သူက ကျွန်တော့ကို ကလေးတွေကို သွားကြည့်ဖို့ပြောပါတယ်။ ကျွန်တော်လည်း သူတို့ကစားလို့ ပျော်ရွှင်တဲ့အသံကို ကြားနိုင်တာမို့ ဘေးကင်းကြတယ်လို့ ထင်မိပါတယ်။
ကျွန်တော်တို့နှစ်ယောက်စလုံး၊ သားတွေကို ကြည့်ဖို့ ထွက်ခဲ့တဲ့အခါမှာ၊ ၁၈ လသားကက်နက်ဟာ သူ့အစ်ကိုတွေမမြင်ဘဲ၊ ရေပုန်းထဲမှာ ယက်ကန် ယက်ကန်ဖြစ်နေတာကို တွေ့ကြပါတယ်။ ကျွန်တော်တို့ သူ့ကို ဆေးရုံကို အလောတကြီးပို့ကြပါတယ်၊ ဒါပေမယ့် သူ့ကိုကယ်ဖို့ ကြိုးစားသမျှ အချည်းနှီးဖြစ်ခဲ့ရပါတယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အဖိုးတန်သားလေးကို ဒီလူ့ဘဝမှာပြုစုဖို့ အခွင့်မရခဲ့တဲ့အတွက် ယူကျုံးမရဖြစ်ခဲ့ကြရပါတယ်။ ကက်နက်ဟာ ကျွန်တော်တို့မိသားစုရဲ့ ထာဝရတစ်စိတ်တစ်ပိုင်းဖြစ်မယ်ဆိုတာ ကျွန်တော်တို့သိသော်လည်း၊ ကျွန်တော် အမှုတော်ဆောင်တာဝန်ကို တိုးမြှင့်ဆောင်ရွက်ဖို့ ကျွန်တော်တတ်နိုင်သမျှ လုပ်ဆောင်နေစဉ်မှာ ဒီဝမ်းနည်းစရာကြီးကို ကျွန်တော့်ဆီမှာ ဖြစ်ဖို့ ဘုရားသခင် ဘာလို့ အခွင့်ပေးတာလဲလို့ ကျွန်တော့်ကိုယ်ကျွန်တော်မေးနေမိပါတယ်။ သန့်ရှင်းသူတွေကို အမှုတော်ဆောင်ရာမှ ကျွန်တော့်ရဲ့တာဝန်တွေထဲကို ထမ်းဆောင်ရာကနေ အိမ်ပြန်လာခါစပဲရှိပါသေးတယ်။ ဘုရားသခင်က ဘာကြောင့် ကျွန်တော့်အမှုတော်ဆောင်ခြင်းကို မကြည့်နိုင်တာလဲ၊ ကျွန်တော်တို့သားကို မကယ်တင်နိုင်တာလဲ၊ ကျွန်တော်တို့မိသားစုကို ဒီဝမ်းနည်းစရာကနေ မကယ်တင်နိုင်တာလဲ။ အဲဒါကို စဉ်းစားလေလေ၊ ကျွန်တော် ခါးသည်းလာလေလေပါပဲ။
ကျွန်တော့်ဇနီးဟာ သူမရဲ့ လှုံ့ဆော်မှုကို ကျွန်တော်မတုန့်ပြန်ခြင်းအတွက်၊ ကျွန်တော့်ကို ဘယ်တော့မှ အပြစ်မတင်ခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော် ဘဝအလှည့်အပြောင်းသင်ခန်းစာတစ်ခုကို ရခဲ့ပြီး၊ ဘယ်တော့မှ မချိုးဖောက်မယ့်စည်းကမ်းနှစ်ခုကို ချခဲ့ပါတယ်။
စည်ကမ်း ၁ သင့်ဇနီးရဲ့ လှုံ့ဆော်မှုတွေကို နားထောင်ပြီး၊ ပမာဏပြုပါ။
စည်းကမ်း ၂ သင်ဟာ အကြောင်းတစ်ခုခုကြောင့် မသေမချာဖြစ်နေရင်၊ စည်းကမ်း ၁ ကို ကိုးကားပါ။
အဲဒီအတွေ့အကြုံက ကြေကွဲစရာဖြစ်ပေမယ့်၊ ကျွန်တော်တို့ ဆက်ပြီးဝမ်းနည်းပူဆွေးရပေမယ့်လည်း၊ ကျွန်တော်တို့ရဲ့ လေးလံတဲ့ဝန်ဟာ နောက်ဆုံးမှာ ပေါ့သွားခဲ့ပါတယ်။၃ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကနေ အထူးသင်ခန်းစာတွေရခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဗိမာန်တော်ပဋိညာဉ်တွေနဲ့ စည်းလုံးပေါင်းစည်းခြင်းကို ခံစား လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ကက်နက်ကို နောက်လောကမှာ ကျွန်တော်တို့ရဲ့သားအဖြစ် ခံယူနိုင်ကြောင်း သိကြပါတယ်၊ ဘာကြောင့်လဲဆိုရင် သူဟာ ပဋိညာဉ်နဲ့မွေးခဲ့လို့ပါ။ ကျွန်တော်တို့ဟာ အခြားသူတွေကို အမှုတော်ဆောင်ဖို့နဲ့ သူတို့ရဲ့ နာကျင်မှုတွေကို အလေးထားဖို့ လိုအပ်တဲ့ အတွေ့အကြုံတွေကိုလည်း ရခဲ့ကြပါတယ်။ ကျွန်တော်တို့ ကိုယ်တော်ရှင်၌ ယုံကြည်ခြင်းကို ကျင့်သုံးပြီးကတည်းက ကျွန်တော်တို့ရဲ့ ခါးသည်းမှုလွင့်ပြယ်သွားတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံက ဆက်ပြီးခက်နေဦးမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့ တမန်တော်ပေါလုရဲ့ဆုံးမစာကို သင်ယူခဲ့ရပါတယ်၊ ကျွန်တော်တို့ဟာ “[ကျွန်တော်တို့ကို ခွန်အားဖြည့်ပေးတဲ့] ခရစ်တော်အားဖြင့် အရာတိုင်းကို လုပ်ဆောင်နိုင်ပါတယ်” ကိုယ်တော်ကို အာရုံစိုက်မယ်ဆိုရင်ပေါ့။၄
ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင်က သွန်သင်ခဲ့ပါတယ်၊ ယေရှုခရစ်တော်နှင့်သူ၏ဧဝံဂေလိတရားပြီးတော့ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဥ်ဖြင့် ဦးစားပေးနေထိုင်သောအခါ ကျွန်တော်တို့၏အသက်တာတွင်ဖြစ်ပျက်တာ၊ မဖြစ်ပျက်တာ ဘယ်လိုပဲရှိရှိ ဝမ်းမြောက်ခြင်းကိုခံစားနိုင်တယ်။ သူက ထပ်ပြောခဲ့ပါသေးတယ်၊ “ဝမ်းမြောက်ခြင်းဟာ ကိုယ်တော်ဆီက၊ ပြီးတော့ ကိုယ်တော်ကြောင့် ဖြစ်လာတာပါ။”၅
ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ကောင်းသောပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့နဲ့ ပြည့်နိုင်ပါတယ်။ ကယ်တင်ရှင်နဲ့ ကိုယ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာကြောင့် ကျွန်တော်တို့ခံစားရတဲ့ချစ်ခြင်းဟာ ကျွန်တော်တို့ ကြိုးစားနေတဲ့အချိန်တွေမှာ အားကောင်းတဲ့ အင်အားစုတစ်ခုဖြစ်လာပါတယ်။ “ဘဝနှင့်စပ်လျဉ်းသည့် မမျှတ[ခက်ခဲသည့်] အရာမှန်သမျှသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၆ မှန်ရာသို့ ရောက်နိုင်၏။” ကိုယ်တော်မိန့်တော်မူခဲ့ပါတယ်၊ “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ။”၇ လူ့ဇာတိမှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ နာကျင်မှု၊ ဖျားနာမှု၊ စုံစမ်းမှုတွေ ဘာပဲဖြစ်နေနေ၊ ကျွန်တော်တို့ ကြံ့ကြံ့ခံနိုင်ကြဖို့ သူက ကျွန်တော်တို့ကို ကူညီနိုင်ပါတယ်။
ကျွန်တော်တို့ဟာ လူ့ဇာတိ ရုန်းကန်မှုတွေနဲ့ စိန်ခေါ်မှုတွေကနေ မလွတ်တဲ့ ယေရမိ၊ ယောဘ၊ ဂျိုးဇက်စမစ်၊ ပြီးတော့ နီဖိုင်းတို့လို ကြီးမြတ်၊ မြင့်မြတ်တဲ့ ခေါင်းဆောင်တွေအကြောင်း ကျမ်းစာအကြောင်းအရာများစွာကို တွေ့ရပါတယ်။ သူတို့ဟာ ပြင်းထန်တဲ့အခြေအနေတွေမှာတောင်၈ ကိုယ်တော်ရှင်ကို နာခံဖို့ သင်ယူခဲ့ကြတဲ့ လူ့ဇာတိသားတွေဖြစ်ကြပါတယ်။
လစ်ဗာတီအကျဉ်းထောင်ထဲက ဆိုးရွားတဲ့ကာလတွေမှာ၊ ဂျိုးဇက်စမစ်က ဟစ်ကြွေးခဲ့ပါတယ်၊ “အို ဘုရားသခင်၊ ကိုယ်တော် ဘယ်မှာလဲ။ ကိုယ်တော်၏ပုန်းကွယ်ရာနေရာကို၉ ဖုံးသည့် ပေါင်းမိုးဘယ်မှာလဲ။” ကိုယ်တော်ရှင်က ဂျိုးဇက်ကို ကောင်းစွာခံနိုင်ရည်ရှိဖို့ သွန်သင်ခဲ့ပါတယ်၁၀ အကယ်၍ ခံနိုင်ရည်ရှိခဲ့ပါက၊ ဤအရာအားလုံးဟာ အတွေ့အကြုံကိုပေးလိမ့်မယ်၊ သူ၏ကောင်းကျိုးအတွက်ဖြစ်လိမ့်မယ်လို့ ကတိပေးခဲ့ပါတယ်။၁၁
ကျွန်တော့အတွေ့အကြုံကို ပြန်စဉ်းစားရင်း၊ အခက်ခဲဆုံးကာလ၊ ကျွန်တော့်ကို သက်တောင့်သက်တာနေရာကနေဆွဲထုတ်ခဲ့တဲ့ ကာလအတွင်းမှာ ကျွန်တော့ရဲ့ အကောင်းဆုံးသင်ခန်းစာအချို့ကို သင်ယူခဲ့ရပါတယ်။ လူငယ်တစ်ယောက်အဖြစ် သက်ငယ်ကျမ်းစာသင်တန်းမှာ အသင်းတော်အကြောင်းသင်ယူစဉ်၊ ပြောင်းလဲခါစတစ်ယောက်အဖြစ်၊ ပြီးတော့ အချိန်ပြည့်သာသနာပြုတစ်ယောက်အဖြစ်၊ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေ၊ ကျွန်တော့်ပညာရေးမှာ၊ ကျွန်တော့်အမှုတော်ဆောင်တာဝန်ကို တိုးမြှင့်ဆောင်ရွက်ဖို့ကြိုးစားရာမှာ၊ ပြီးတော့ မိသားစုတစ်ခုကို ထူထောင်ရာမှာ ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေက ကျွန်တော့အနာဂတ်အတွက် ပြင်ဆင်ပေးခဲ့ပါတယ်။ အခက်အခဲတွေကို ကိုယ်တော်ရှင်၌ ယုံကြည်ခြင်းနဲ့ ပိုပြီးရွှင်လန်းစွာတုန့်ပြန်လေလေ၊ တပည့်တော်အဖြစ်မှာကျွန်တော်ပိုပြီးတိုးတက်လေလေပါပဲ။
ကျွန်တော်တို့ဘဝတွေမှာ ခက်ခဲတဲ့အရာတွေဟာ၊ ကျွန်တော်တို့ကျပ်တည်းကျဉ်းမြောင်းတဲ့လမ်းကြောင်းကို၁၂ ဝင်ဝင်ချင်းပဲ မအံ့ဩရပဲရောက်လာပါတယ်။ ယေရှုခရစ်တော်ဟာ “နာခံခြင်းကို သူခံစားရတဲ့ အရာတွေကနေ” ၁၃သင်ယူခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်နောက်ကို လိုက်လျှောက်ကြတာနဲ့အမျှ ၊ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာပေါ့၊ ကိုယ်တော်နဲ့ပိုပြီးတူလာဖို့ တိုးတက်နိုင်ကြပါတယ်။
ဗိမာန်တော်ထဲမှာ ကျွန်တော်တို့ ကိုယ်တော်ရှင်နဲ့ပြုတဲ့ ပဋိညာဉ်တွေထဲက တစ်ခုကတော့ ပူဇော်ခြင်းပညတ်ကို ကျင့်သုံးဖို့ဖြစ်ပါတယ်။ ပူဇော်ခြင်းဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ရဲ့ တစ်စိတ်တစ်ပိုင်း အမြဲဖြစ်နေခဲ့ပါတယ်။ အဲဒါက မြေကြီးပေါ်မှာ နေထိုင်ခဲ့တဲ့ သို့မဟုတ် နေထိုင်မယ့်သူအားလုံးအတွက် ယေရှုခရစ်တော်ရဲ့ ကြီးစွာသော အပြစ်ဖြေခြင်းမင်္ဂလာအကြောင်း သတိပေးခြင်းတစ်ခုဖြစ်ပါတယ်။
ကိုယ်တော်ရှင်က ကျွန်တော်တို့ရဲ့ ဖြောင့်မတ်တဲ့ဆန္ဒတွေကို အမြဲဖြည့်စွမ်းပေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်အမျိုးအဘကောင်းချီးမင်္ဂလာထဲမှာ ကတိထားခဲ့တဲ့ ကလေးများစွာကို ကျွန်တော်သတိရပါတယ်။ ကောင်းချီးမင်္ဂလာက ပြီးပြည့်စုံနေပါတယ်။ ကျွန်တော်နဲ့ကျွန်တော့ဇနီးဟာ၊ ဂန်နာ အငူကမ်းခြေသာသနာမှာ နိုင်ငံ ၂၅ နိုင်ငံကျော်က ရာပေါင်းများစွာသော သာသနာပြုတွေနဲ့ အမှုတော်ဆောင်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော်တို့အဖို့ ကိုယ့်ကလေးတွေလိုပဲ ချစ်စရာလေးတွေပါ။
ကျွန်တော်တိုဟာ ခက်ခဲတဲ့အချိန်တွေမှာ ကိုယ်တော်ရှင်ကို ယုံကြည်ခြင်း၌ ကျင့်သုံးကြတဲ့အခါ၊ ကျွန်တော်တို့ရဲ့ တပည့်တော်အရာမှာ တိုးတက်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့ဒီလိုတိုးတက်ကြတာနဲ့အမျှ၊ ကိုယ်တော်က ကျွန်တော်တို့ကို ကရုဏာကြီးစွာခွန်အားဖြည့်ပေးမှာ၊ ကျွန်တော်တို့ရဲ့ ဝန်တွေကို ထမ်းရာမှာ ကူညီမှာဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။