ဘုရားသခင်နှင့် သူ့အမှုတော်အပေါ်သစ္စာရှိလော့
ကျွန်တော်တို့သည် ယေရှုခရစ်တော်၏သက်သေခံချက်ကိုရှာဖွေရန်၊ ကျွန်တော်တို့၏ကိလေသာများကိုပေါင်းကူးပေးရန်၊ ကျွန်တော်တို့၏အပြစ်များကိုနောင်တရရန်နှင့်ဘုရားသခင်နှင့်သူ၏အမှုတော်များအတွက်သစ္စာရှိရန် လိုအပ်ပါသည်။
ပြီးခဲ့တဲ့အောက်တိုဘာတုန်းက၊ ကျွန်တော်ဟာ ဥက္ကဋ္ဌရပ်ဆဲလ်အမ် ဘောလာ့ဒ်နဲ့ အသင်းလူကြီး ဂျက်ဖရီအာရ်၊ ဟော်လန်တို့နဲ့အတူ၊ အင်္ဂလန်ကို သွားဖို့ တာဝန်ပေးခံခဲ့ရပါတယ်၊ အဲဒီမှာ ကျွန်တော်တို့သုံးယောက်စလုံး လူငယ်သာသနာပြုများအဖြစ် အမှုတော်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော့အဘေး ဟေဘာစီ၊ ကင်းဘောလ် နဲ့ သူ့အဖော်တွေ ပထမဆုံးသာသနာပြုများအဖြစ်ရှိခဲ့ရာ၁ ဗြိတိသျှကျွန်းမှာအသင်းတော်အစောပိုင်းသမိုင်းကို ပြန်တွေးကြရင်း၊ သွန်သင်ခြင်းနဲ့ သက်သေခံခြင်းအထူးအခွင့်အရေးကိုလည်း ရခဲ့ကြပါတယ်။
ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင်က ဒီတာဝန်ပေးခြင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို ကျီစယ်ပါတယ်၊ ဒီတမန်တော်သုံးပါးကို သူတို့လူငယ်ဘဝမှာ အမှုတော်ဆောင်ခဲ့တဲ့နေရာကို သွားဖို့ တာဝန်ပေးတာဟာ ပုံမှန်မဟုတ်ဘူးလို့ မှတ်ချက်ချပါတယ်။ အားလုံးဟာ မိမိတို့မူရင်းသာသနာပြုရာနေရာကို သွားဖို့ တာဝန်အပေးခံလိုကြောင်းကို သူကအသိအမှတ်ပြပါတယ်။ သူ၏မျက်နှာပေါ်တွင်အပြုံးကြီးဖြင့်၊ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်ကတူညီသောသာသနာတွင်အမှုထမ်းခဲ့သောတမန်တော်သုံးပါးပါဝင်တဲ့ ထိုထုံးတမ်းစဉ်လာကိုသူအတိအကျရှင်းပြခဲ့ပါသည်၊ ထို့နောက်သူတို့လည်း အလားတူတာဝန်ကိုလက်ခံရရှိပါလိမ့်မည်။
အဲဒီတာဝန်အတွက် ပြင်ဆင်ခြင်းအဖြစ်၊ ကျွန်တော်ဟာ နောက်ပိုင်းမှာ တမန်တော်အဖြစ် ခေါ်သွင်းခံခဲ့ရသူ မြေးတစ်ယောက်ဖြစ်တဲ့ အော်ဆန် အက်ဖ် ဝှစ်တနီ၊ ရေးထားတဲ့ ဟေဘာစီ၊ ကင်းဘောလ်၏ဘဝ ကို ပြန်ဖတ်ခဲ့ပါတယ်။ ဒီအတွဲကို ကျွန်တော် ၇ နှစ်သားနီးပါးအရွယ်မှာ ကျွန်တော့ချစ်မေမေက ကျွန်တော့်ကို ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဇူလိုင် ၂၄၊ ၁၉၄၇ မှာ ဥက္ကဋ္ဌ ဂျော့ဂျ်အဲလဘတ်စမစ် ဆက်ကပ်ခဲ့တဲ့ ဤအရာ နေရာမှန်မော်ကွန်းတိုင် ဆက်ကပ်ခြင်းကို တက်ဖို့ ပြင်ဆင်နေခဲ့ကြတာပါ။၂ သူမက ကျွန်တော့်ကို ကျွန်တော့်ဘိုးဘေး ဟေဘာ စီ၊ ကင်းဘောလ်အကြောင်းကို ပိုသိစေချင်ခဲ့တာပါ။
ဒီစာအုပ်မှာ ကျွန်တော်တို့ခေတ်အတွက် ထူးခြားချက်ရှိတဲ့ ဥက္ကဋ္ဌကင်းဘောလ်ရဲ့ ဂုဏ်ရည်ကို ဖော်ပြတဲ့ လေးနက်တဲ့ဖော်ပြချက်တစ်ခု ပါဝင်ပါတယ်။ ဖော်ပြချက်ကို မဝေငှမီ၊ နောက်ခံအကြောင်းအနည်းငယ်ပြောပြပါရစေ။
ပရောဖက်ဂျိုးဇက်စမစ်၊ လစ်ဘာတီ အကျဉ်းထောင်မှာ အကျဉ်းချခံရစဉ်မှာ တမန်တော်များဖြစ်တဲ့ ဘရင်ဟမ်ရမ်းနဲ့ ဟေဘာစီ၊ ကင်းဘောလ်တို့မှာ တာဝန်ရှိပါတယ်၊ ဆိုးရွားတဲ့ဒုက္ခအခြေအနေတွေအောက်မှာ၊ သန့်ရှင်းသူတို့ကို မစ်ဆိုရီပြည်မှ ကယ်ထုတ်ရာမှာ ကြီးကြပ်ဖို့ပါ။ အုပ်ချုပ်သူ လီဘန်၊ ဒဗလျူ ဘော့ဂ်စ်ထုတ်ခဲ့တဲ့အမြစ်ပြတ်သုတ်သင်ခြင်းအမိန့်ကြောင့်၊ ကယ်ထုတ်ခြင်းက ကြီးစွာလိုအပ်ခဲ့ပါတယ်။၃
နောက်နှစ်ပေါင်း ၃၀ နီးပါးကြာတဲ့အခါမှာ၊ ဟေဘာစီ၊ ကင်းဘောလ်က ပထမဥက္ကဋ္ဌအဖွဲ့မှာရှိနေခဲ့ပါပြီ၊ ဒီသမိုင်းကို မျိုးဆက်သစ်နဲ့ ပြန်တွေးတဲ့အခါ၊ သွန်သင်တာက၊ “သင်တို့ကို ကျွန်တော်ပြောပါရစေ၊ သင်တို့များစွာဟာ ဒုက္ခ၊ ဆင်းရဲနဲ့ ညှဉ်းပမ်းနှိပ်စက်ခြင်းအလုံးစုံရောက်တဲ့အခါ၊ ခံနိုင်ကြောင်း၊ သင်တို့ဟာ ဘုရားသခင်နဲ့ သူ့အမှုတော်အပေါ်မှာ သစ္စာရှိ” ကြောင်း ပြဖို့ အခွင့်အရေးတွေအများကြီးရှိပါတယ်။၄
ဟေဘာက ဆက်ပြောပါတယ်၊ “ကျွန်တော့်အဖို့ကတော့၊ ရောက်လာနေတဲ့ ခက်ခဲမှုတွေဟာ၊ ဒီအမှုတော်ရဲ့ အမှန်တရားအကြောင်း အသိဉာဏ်ရှိဖို့ သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါလိမ့်မယ်။ အခက်အခဲတွေဟာ၊ ဒီကိုယ်ပိုင်အသိဉာဏ် သို့မဟုတ် သက်သေမပိုင်ဆိုင်ရင် ကျဆုံးမယ့် ယောက်ျား၊ မိန်းမတို့ရဲ့စရိုက်လက္ခဏာတစ်ခု ဖြစ်ပါလိမ့်မယ်။ သင့်မှာ သက်သေခံချက်မရှိလျှင်၊ မှန်ကန်စွာနေပါ၊ ကိုယ်တော်ရှင်ကို ပဋ္ဌနာပြုပါ၊ [မရ][မချင်း] မရပ်တန့်ပါနဲ့။ သင်အဲလိုမလုပ်ရင် ရပ်တည်ရမှာမဟုတ်ပါ။ ဘယ်ယောက်ျား၊ ဘယ်မိန်းမမှ အငှာအလင်းနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမရှိမယ့်အချိန် ရောက်လာပါလိမ့်မယ်။ အယောက်တိုင်းဟာ မိမိကိုယ်တိုင်ရဲ့အထဲက အလင်းနဲ့ လမ်းညွှန်ခံရပါလိမ့်မယ်။ သင့်မှာ အဲဒါမရှိလျှင်၊ ရပ်တည်ရမှာမဟုတ်ပါ၊ ထို့ကြောင့် ယေရှုအကြောင်း သက်သေခံချက်ကို ရှာပါ၊ အဲဒီမှာ စွဲမြဲပါ၊ စုံစမ်းတဲ့အချိန်တွေရောက်လာတဲ့အခါ သင်ထိမိပြီးမလဲနိုင်စေဖို့ ဖြစ်ပါတယ်။”၅
ကျွန်တော်တို့အယောက်တိုင်းဟာ ဘုရားသခင့်အမှုတော်အကြောင်း ၆နဲ့ ယေရှုခရစ်တော်ရဲ့ မူရင်းကဏ္ဍအကြောင်း ကိုယ်ပိုင်သက်သေတစ်ခု လိုအပ်ပါတယ်။ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း အခန်းကြီး ၇၆ က ဘုန်းအသရေသုံးခုရဲ့ အဆင့်ကို ရည်ညွှန်းပါတယ်၊ ဆီလက်ရှယ်လ်ဘုန်းအသရေကို နေနဲ့နှိုင်းထားပါတယ်။ ပြီးတော့၊ ထီရက်စထရီရယ်လ်နိုင်ငံတော်ကို လနဲ့နှိုင်းထားပါတယ်။ ၇
နေမှာကိုယ်ပိုင်အလင်းရှိပါတယ်၊ ဒါပေမယ့် လဟာ အလင်းပြန်ထားတာ သို့မဟုတ် “အငှားအလင်း” ဖြစ်ပါတယ်။ ထီရက်စထရီရယ်လ် နိုင်ငံအကြောင်းကို ပြောရာမှာ အခန်းငယ် ၇၉က ဖော်ပြထားပါတယ်၊ “ဤသူတွေဟာ ယေရှုအကြောင်းသက်သေခံချက်မှာ မရဲရင့်တဲ့သူတွေဖြစ်ပါတယ်။” ကျွန်တော်တို့ဟာ အငှားအလင်းအားဖြင့် ဆီလက်ရှယ်လ်နိုင်ငံတော်ကို မရရှိနိုင်၊ အဘဘုရားသခင်နဲ့ မနေနိုင်ကြပါဘူး၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလိတရားတော်အကြောင်း ကိုယ်ပိုင်သက်သေခံချက်လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ ဒုစရိုက်ပေါတဲ့ ၈၊ လူတွေရဲ့ပညတ်တွေကြောင့် ဘုရားသခင်ဆီကနေ စိတ်နှလုံး လည်တဲ့လူတွေရှိတဲ့ လောကမှာ နေကြပါတယ်။ ၉။ ဘုရားသခင့်အမှုတော်နဲ့ ယေရှုခရစ်တော်အကြောင်း သက်သေခံချက်ကို ရှာခြင်းနဲ့ပတ်သက်လို့ ဟေဘာကင်းဘောလ်ရဲ့ ကျမ်းစာတွေထဲမှာ စိုးရိမ်မှုအကြောင်း စိတ်ဝင်စားဖွယ်ဥပမာတွေကို အယ်လမာ သူ၏ သားသုံးယောက်ကို အကြံ ပေးတဲ့နေရာမှာ ဖော်ပြထားပါတယ်။ ၁၀ သူ့သားနှစ်ယောက်ဟာ ဘုရားသခင်နဲ့ သူ့အမှုတော်အပေါ်မှာ သစ္စာရှိ ကြပါတယ်။ ဒါပေမယ့် သားတစ်ယောက်က မကောင်းတဲ့ဆုံးဖြတ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့အဖို့ ကတော့၊ အယ်လမာရဲ့ အကြံဉာဏ်ရဲ့ အကြီးဆုံးထူးခြားချက်ကတော့ သူဟာ သူ့သားသမီးတွေရဲ့အကျိုးအတွက် ပေးခြင်းဖြစ်ပါတယ်။
ဟေဘာကင်းဘောလ်လိုပဲ၊ အယ်လမာရဲ့ပထဆုံးစိုးရိမ်မှုကတော့၊ အယောက်တိုင်း ယေရှုခရစ်တော်အကြောင်း သက်သေခံချက်ရရှိဖို့နဲ့ ဘုရားသခင်နဲ့သူ့အမှုတော်အပေါ် သစ္စာရှိ ဖို့ဖြစ်ပါတယ်။
အယ်လမာရဲ့ သူ့သား ဟေလမန်ကို မှတ်သားလောက်တဲ့ သွန်သင်ခြင်းမှာ၊ သူက “ဘုရားသခင်၌ မိမိတို့ရဲ့ ကိုးစားခြင်းကို ထားရှိတဲ့သူတွေဟာ သူတို့ရဲ့ စုံစမ်းခြင်းနဲ့ ဒုက္ခတွေ၊ ပြီးတော့ သူတို့ရဲ့ ဝေဒနာတွေကျရောက်ချိန်မှာ ထောက်မခံရပြီး၊ နောက်ဆုံးမှာ ချီးမြှောက်ခံရမယ်”၁၁ လို့ကတိပေးထားပါတယ်။
အယ်လမာ ကောင်းကင်တမန်တစ်ပါးကို မြင်ရတဲ့နေရာမှာ ရရှိခဲ့တဲ့ ထင်ရှားစွာဖော်ပြချက်ဟာ ရှားပါးပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြုတဲ့ ထင်မြင်ချက်တွေဟာ ပိုအရေးကြီးပါတယ်။ ဒီထင်မြင်ချက်တွေဟာ ကောင်းကင်တမန်ထင်ရှားစွာဖော်ပြချက်တွေလိုပဲ အတူတူအရေးကြီးပါတယ်။ ဥက္ကဋ္ဌ ဂျိုးဇက်ဖီးလဒင်းစမစ်က သွန်သင်ခဲ့ပါတယ်၊ “စိတ်ဝိညာဉ်အပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆီကရောက်လာတဲ့ ထင်မြင်ချက်တွေဟာ ရူပါရုံတစ်ခုထက်များစွာပိုပြီး ထူးခြားပါတယ်။ ဝိညာဉ်တော်က ဝိညာဉ်ကို ပြောတဲ့အခါ၊ စိတ်ဝိညာဉ်အပေါ် ထင်ဟပ်ချက်က ဖျက်ပစ်ဖို့ များစွာပိုခက်ခဲပါတယ်။”၁၂
ဒါက ကျွန်တော်တို့ကို အယ်လမာရဲ့ သူ့ဒုတိယသား ရှိဗလုန်ကို ပေးတဲ့အကြံဉာဏ်ဆီကို ပို့ဆောင်ပါတယ်။ ရှိဗလုန်ဟာ ဖြောင့်မတ်ပါတယ်၊ သူ့အစ်ကို ဟေလမန်လိုပါပဲ။ ကျွန်တော်အလေးထားပြောလိုတဲ့ အကြံဉာဏ်ကတော့၊ အယ်လမာ ၃၈း၁၂ ဖြစ်ပါတယ်၊ အဲဒါက တစ်ပိုင်းအနေနဲ့ ယခုလို ဖော်ပြပါတယ်၊ “သင်သည် ချစ်ခြင်းနှင့် ပြည့်စေခြင်းငှာ သင်၏ကိလေသာမှန်သမျှတို့ကို ချုပ်တည်းရမည့်အကြောင်း ဂရုပြုလော့။
ချုပ်တည်းခြင်းဟာ စိတ်ဝင်စားစရာ စကားတစ်လုံးပါ။ ကျွန်တော်တို့ဟာ မြင်းစီးတဲ့အခါ၊ ထိန်းဖို့ ဇက်ကြိုးကို သုံးပါတယ်။ သံတူကြောင်းကွဲစကားတစ်ခုကတော့၊ လမ်းညွှန်၊ ထိန်းချုပ်၊ သို့မဟုတ် ချုပ်တည်းခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရုပ်ကိုယ်ခန္ဓာရမယ်ဆိုတာကို သိကြရတဲ့အခါ ဝမ်းမြောက်လို့ ဟစ်အော်ခဲ့ကြကြောင်း ဓမ္မဟောင်းကျမ်းက ကျွန်တော်တို့ကို ပြောပြပါတယ်။ ၁၃ ကိုယ်ခန္ဓာဟာ မကောင်းမှုမဟုတ်ပါ၊ အဲဒါက လှတယ်၊ မရှိမဖြစ်လိုအပ်ပါတယ်၊ ဒါပေမယ့် အချို့ဇောစိတ်တွေဟာ၊ သင့်လျော်စွာ မသုံး၊ သင့်လျော်စွာ မချုပ်ထိန်းလျှင်၊ ကျွန်တော်တို့ကို ဘုရားသခင်နဲ့ သူ့အမှုတော်ဆီကနေ ကွဲကွာစေနိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့သက်သေခံချက်တွေကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။
အထူးသဖြင့် ဇောစိတ်နှစ်ခုအကြောင်းပြောကြပါစို့—ပထမ၊ ဒေါသနဲ့ ဒုတိယ ရမ္မက်။၁၄ နှစ်ခုစလုံးဟာ မချုပ်တည်းဘဲ သို့မဟုတ် မထိန်းချုပ်ဘဲထားရင်၊ နှလုံးသားကို ကြီးစွာနာကျင်စေတယ်၊ ဝိညာဉ်တော်ရဲ့ လွှမ်းမိုးမှုကို ပျက်ပြားစေတယ်၊ ကျွန်တော်တို့ကို ဘုရားသခင်နဲ့သူ့အမှုတော်ဆီကနေ ကွဲကွာစေတယ်ဆိုတာ စိတ်ဝင်စားဖွယ်ပါ။ မာရ်နတ်က ကျွန်တော်တို့ဘဝတွေကို အကြမ်းဖက်ခြင်းနဲ့ စာရိတ္တပျက်ပြားခြင်းပုံရိပ်တွေနဲ့ ဖြည့်ဖို့အခွင့်အရေးမှန်သမျှကို ယူပါတယ်။
အချို့မိသားစုတွေမှာ၊ ဒေါသထွက်တဲ့ ခင်ပွန်း သို့မဟုတ် ဇနီးက ကိုယ့်အိမ်ထောင်ဖက် သို့မဟုတ် ကလေးတစ်ယောက်ကို ရိုက်ဖို့ဆိုတာ မထူးဆန်းပါဘူး။ ဇူလိုင်မှာ၊ လန်ဒန်ရှိ အင်္ဂလန်ပါလီမန်ပါတီစုံအစည်းအဝေးတစ်ခုမှာ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ ၁၅ အမျိုးသမီးတွေနဲ့ လူငယ်တွေကို အကြမ်းဖက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ဖော်ပြခဲ့ကြပါတယ်။ အကြမ်းဖက်မှုအပြင်၊ အခြားသူတွေဟာ နှုတ်ဖြင့်နှိပ်စက်မှုနဲ့တွေ့နေကြရပါတယ်။ မိသားစုနဲ့ပတ်သက်လို့ ကြေညာချက်က ကျွန်တော်တို့ကို ပြောပြတာက “အိမ်ထောင်ဖက် သို့မဟုတ် သားသမီးကို နှိပ်စက်သောသူများသည် … တစ်နေ့တွင် ဘုရားသခင်ရှေ့၌ တာဝန်ရှိမည်ဖြစ်၏။”၁၆
ဒီဟာကို ဥက္ကဋ္ဌနယ်လဆင်က မနေ့ကမနက်မှာ ခိုင်ခိုင်မာမာအလေးထားခဲ့ပါတယ်။၁၇ သင့်မိဘတွေက သင့်ကို နှိပ်စက်ခဲ့သည်ဖြစ်စေ၊ မနှိပ်စက်ခဲ့သည်ဖြစ်စေ၊ သင်ဟာ သင့်အိမ်ထောင်ဖက် သို့မဟုတ် ကလေးတွေကို ကိုယ်နှင့်ဖြစ်စေ၊ စိတ်နှင့်ဖြစ်စေ၊ နှုတ်နှင့်ဖြစ်စေ နှိပ်စက်မှာမဟုတ်တဲ့အကြောင်း ကျေးဇူးပြု၍ စိတ်ဆုံးဖြတ်ပါ။
ကျွန်တော်တို့ခေတ်ရဲ့ အထင်ရှားဆုံးစိန်ခေါ်မှုကတော့၊ လူမှုရေးနဲ့ဆက်နွှယ်နေတဲ့ ရန်တွေ့ခြင်း၊ နှုတ်နှင့် နှိပ်စက်ခြင်းဖြစ်ပါတယ်။ ကိစ္စများစွာတို့မှာ၊ ဒေါသနဲ့ စော်ကားတဲ့ ဘာသာစကားတို့ဟာ အကြောင်းပြချက်၊ ဆွေးနွေးခြင်းနဲ့ ယဉ်ကျေးမှုတို့ကို အစားထိုးခဲ့ကြပါတယ်။ များစွာတို့ဟာ ကယ်တင်ရှင်ရဲ့ တမန်တော်ကြီးပေတရုရဲ့ ဆုံးမခြင်းဖြစ်တဲ့၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ သည်းခံခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီအစ်ကိုစုံမက်ခြင်း၊ မေတ္တာအစရှိသည့် ခရစ်တော်ကဲ့သို့သော အရည်အချင်းတို့ကို ရှုကြလော့၁၇ ဆိုတာကို စွန့်ခဲ့ကြပါတယ်။ သူတို့ဟာ ခရစ်တော်ကဲ့သို့သောနှိမ့်ချခြင်း အရည်အချင်းကိုလည်း စွန့်ပစ်ခဲ့ကြပါတယ်။
ဒေါသကိုထိန်းချုပ်ခြင်းနဲ့ ဇောစိတ်တွေကို ချုပ်တည်းခြင်းအပြင်၊ ကျွန်တော်တို့ဟာ ကိုယ့်အတွေး၊ စကားနဲ့ အပြုအမူတွေကို ထိန်းချုပ်ခြင်းအားဖြင့် စာရိတ္တစင်ကြယ်ရာဘဝတွေဆီကို ဦးတည်ဖို့လိုပါတယ်။ ညစ်ညမ်းရုပ်ရှင်ကို ရှောင်ဖို့၊ ကိုယ့်အိမ်တွေမှာ ကြည့်တဲ့အရာရဲ့ သင့်လျော်မှုကို အကဲဖြတ်ဖို့၊ ပြီးတော့ အပြစ်များတဲ့ လုပ်ဆောင်မှုမှန်သမျှကို ရှောင်ဖို့ လိုအပ်ပါတယ်။
ဒါက ကျွန်တော်တို့ကို အယ်လမာရဲ့ သူ့သား ကော်ရန်တန်ကိုပေးတဲ့ အကြံဉာဏ်ဆီကို ဆောင်ယူပါတယ်။ ကော်ရန်တန်ဟာ သူ့ညီအစ်ကို ဟေလမန်၊ ရှိဗလုန်တို့လိုမဟုတ်ဘဲ၊ စာရိတ္တလွန်ကျူးခြင်းမှာ ရှိခဲ့ပါတယ်။
ကော်ရန်တန်ဟာ စာရိတ္တပျက်ခြင်းမှာ ရှိခဲ့တာကြောင့်၊ အယ်လမာအနေနဲ့ သူ့ကို နောင်တရခြင်းအကြောင်း သွန်သင်ဖို့ လိုအပ်ပါတယ်။ အပြစ်ရဲ့ပြင်းထန်ခြင်းအကြောင်းကို သွန်သင်ရပါတယ်၊ ပြီးမှ ဘယ်လိုနောင်တရရမယ်ဆိုတာကိုသွန်သင်ရပါတယ်။ ၁၉
ဒါကြောင့် အယ်လမာရဲ့ ကာကွယ်ခြင်းအကြံဉာဏ်က ဇောစိတ်တွေကို ချုပ်တည်းဖို့ဖြစ်ပါတယ်၊ လွန်ကျူးခဲ့သူတွေအတွက် သူအကြံဉာဏ်ကတော့၊ နောင်တရဖို့ဖြစ်ပါတယ်။ ၂၀၁၉ ဧပြီ အထွေထွေညီလာခံမှာ ဥက္ကဋ္ဌနယ်လဆင်က အသင်းသားတွေကို နောင်တရခြင်းနဲ့ပတ်သက်လို့ လေးနက်တဲ့အကြံဉာဏ်ကို ပေးခဲ့ပါတယ်။ နေ့စဉ်နောင်တရခြင်းဟာ ကျွန်တော်တို့ဘဝတွေမှာ တစ်သားတည်းဖြစ်တဲ့အရာဖြစ်တယ်ဆိုတာ ရှင်းလင်းစေခဲ့ပါတယ်။ “နောင်တရခြင်းဟာ ဖြစ်စဉ်တစ်ခုမဟုတ်ပါ၊ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ စိတ်ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုအတွက် သော့ချက်ဖြစ်ကြောင်း၊” သွန်သင်ခဲ့ပါတယ်။ “နေ့စဉ်နောင်တရခြင်းဟာ စင်ကြယ်ခြင်းသို့ လမ်းကြောင်းဖြစ်ပါတယ်၊ စင်ကြယ်ခြင်းက တန်ခိုးကို ဖြစ်စေပါတယ်။” ၂၀ ကော်ရန်တန်ဟာ ဥက္ကဋ္ဌနယ်လဆင်အကြံပေးခဲ့တာကို လုပ်ဆောင်ခဲ့မယ်ဆိုလျှင်၊ မစင်ကြယ်တဲ့အတွေးတွေ ဝင်ဝင်ချင်းမှာ နောင်တရခဲ့ပါလိမ့်မယ်။ ကြီမားတဲ့လွန်ကျူးခြင်း ဖြစ်လာခဲ့မှာမဟုတ်ပါဘူး။
အယ်လမာ သူ့သားတွေကို ပေးခဲ့တဲ့ နိဂုံးချုပ်အကြံဉာဏ်ကတော့ ကျမ်းစာအားလုံးထဲက အရေးကြီးတဲ့ ဩဝါဒအချို့ဖြစ်ပါတယ်။ အဲဒါက ယေရှုခရစ်တော်ဖြစ်စေခဲ့တဲ့ အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ဆက်နွှယ်နေပါတယ်။
ခရစ်တော်က အပြစ်ကို ဆောင်ယူသွားမယ့်အကြောင်း အယ်လမာက သက်သေခံခဲ့ပါတယ်။၂၁ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာမပါဘဲနဲ့ဆိုလျှင်၊ ထာဝရမျှတခြင်းသဘောတရားက အပြစ်ပေးခြင်းလိုအပ်ပါလိမ့်မယ်။၂၂ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကရုဏာက နောင်တရပြီးကြသူတွေအတွက် အနိုင်ရနိုင်စေပါတယ်၊ သူတို့ကို ဘုရားသခင့်မျက်မှောက်တော်သို့ ပြန်လာဖို့ အခွင့်ပေးပါတယ်။ ကျွန်တော်တို့ဟာ ဒီကောင်းမြတ်တဲ့ဩဝါဒကို နှလုံးသွင်းဖို့ ကောင်းစွာလုပ်ဆောင်ကြပါလိမ့်မယ်။
ဘယ်သူမှ မိမိအကျင့်တစ်ခုတည်းနဲ့ ဘုရားသခင်ဆီကို ပြန်မသွားနိုင်ပါဘူး။ ကျွန်တော်တို့အားလုံး ကယ်တင်ရှင်ရဲ့ ယဇ်အကျိုးကျေးဇူးကို လိုအပ်ပါတယ်။ အားလုံးအပြစ်ပြုခဲ့ပြီးကြပါပြီ၊ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်သာ ကျွန်တော်တို့ ကရုဏာကို ရရှိနိုင်ကြ၊ ဘုရားသခင်နဲ့ အတူနေနိုင်ကြပါတယ်။၂၄
ကော်ရန်တန်ကျူးလွန်ခဲ့တဲ့အပြစ်တွေလောက် သေးသည်ဖြစ်စေ ပြင်းထန်သည်ဖြစ်စေ၊ နောင်တရခြင်းလမ်းစဉ်ကို ဖြတ်ကျော်ပြီးကြ သို့မဟုတ် ဖြတ်ကျော်ကြမယ့်သူ ကျွန်တော်တို့အားလုံးအတွက်ကိုလည်း အယ်လမာက ကော်ရန်တန်ကို အလွန်ကောင်းတဲ့ အကြံဉာဏ်ပေးခဲ့ပါတယ်။ အခန်းကြီး ၄၂ အခန်းငယ် ၂၉မှာဖော်ပြပါတယ်၊ “ယခုမူကား၊ ငါ့သား၊ ငါအလိုရှိသည်ကား၊ သင်သည် ဤအရာတို့က သင့်ကို စိတ်ညှိုးငယ်စေခြင်း မရှိစေတော့နှင့်၊ သင်၏အပြစ်များကသာ သင့်ကို စိတ်ညှိုးငယ်ပါလေစေ။ ထိုစိတ်ညှိုးငယ်ခြင်းအားဖြင့် သင့်ကို နောင်တရခြင်းသို့ ဆောင်ယူလိမ့်မည်။”
ကော်ရန်တန်က အယ်လမာရဲ့ အကြံဉာဏ်ကို ပမာဏပြုခဲ့ပြီး၊ လေးစားစွာ နောင်တရ၊ အစေခံခဲ့ပါတယ်။ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ အနာငြိမ်းစေခြင်းဟာ အားလုံးအတွက် ရရှိနိုင်ပါတယ်။
အယ်လမာရဲ့ခေတ်၊ ဟေဘာရဲ့ခေတ်၊ သေချာပေါက် ကျွန်တော်တို့ခေတ်မှာ၊ ကျွန်တော်တို့အားလုံး ယေရှုခရစ်တော်အကြောင်း မိမိကိုယ်တိုင်ရဲ့ သက်သေခံချက်ကို ရှာဖို့၊ ကျွန်တော်တို့ရဲ့ ဇောစိတ်တွေကို ချုပ်တည်းဖို့၊ ကျွန်တော်တို့ရဲ့အပြစ်တွေမှ နောင်တရဖို့၊ ပြီးတော့ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ငြိမ်းချမ်းခြင်းကို ရှာဖို့နဲ့ ဘုရားသခင်နဲ့ သူ့အမှုတော်မှာ သစ္စာရှိကြဖို့ လိုအပ်ပါတယ်။
မကြာသေးမီက မိန့်ခွန်းနဲ့ ဒီမနက်မှာ၊ ဥက္ကဋ္ဌနယ်လဆင်က ယခုလိုပြောခဲ့ပါတယ်၊ “ယေရှုခရစ်တော်အကြောင်း သင်တို့ရဲ့ သက်သေခံချက် အတွက်တာဝန်ယူကြဖို့ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။ အဲဒါအတွက် လုပ်ဆောင်ကြပါ။ အဲဒါကို ပိုင်ဆိုင်ကြပါ။ အဲဒါကို ဂရုစိုက်ကြပါ။ ကြီးထွားစေဖို့ ပြုစုပျိုးထောင်ကြပါ။ အဲဒီနောက်၊ သင်တို့ဘဝမှာ အလွန်တရာ အံ့ဩဖွယ်အမှုတွေဖြစ်လာဖို့ စောင့်ကြည့်ကြပါ။”၂၄
ကျွန်တော်တို့ ယခု ဥက္ကဋ္ဌနယ်လဆင်ဆီကနေ ကြားရမှာဖြစ်လို့ ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌနယ်လဆင်ဟာ ကျွန်တော်တို့ခေတ်အတွက် ကိုယ်တော်ရှင်ရဲ့ ပရောဖက်ဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ သူ့အားဖြင့်ရရှိတဲ့ အံ့ဩဖွယ် လမ်းပြလှုံ့ဆော်မှုနဲ့ လမ်းညွှန်မှုတို့ကို ကျွန်တော်မြတ်နိုးတန်ဖိုးထားပါတယ်။
ကယ်တင်ရှင်ရဲ့ ဘုရားအဖြစ်နဲ့ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာရဲ့ အမှန်ဖြစ်ခြင်းတို့ကို ကိုယ်တော်ရှင် ယေရှုခရစ်တော်ရဲ့ တမန်တော်တစ်ပါးအဖြစ် ကျွန်တော်အသေအချာသက်သေခံပါတယ်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။