သင်၏သက်သေခံချက်ကို အားဖြည့်ခြင်းနှင့်ဝေငှခြင်း
သင်တို့ရဲ့သက်သေခံချက်ကို စကားအရာနဲ့ အကျင့်အရာဖြင့်ဝေငှဖို့အခွင့်အရေးတွေကို ရှာကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။
နိဒါန်း
ဘဝကိုသတ်မှတ်တဲ့အခိုက်အတန့်တွေဟာ သင်ငယ်ရွယ်စဉ်မှာတောင်မှ၊ အကြိမ်ကြိမ်မမျှော်လင့်ဘဲရောက်လာတတ်ပါတယ်၊ အထက်တန်းကျောင်းသားကီဗင်အကြောင်း ဝေငှခွင့်ပြုပါ၊ သူဟာ ကျောင်းသားခေါင်းဆောင်ပွဲအတွက် နိုင်ငံအပြင်ဘက် ခရီးသွားဖို့ ရွေးချယ်ခံခဲ့ရပါတယ်၊ သူ့ကိုယ်ပိုင်စကားတွေအရပါ။
“တန်းစီရင်း ကျွန်တော့်အလှည့်ရောက်တဲ့အခါ၊ တရားဝင်မှတ်ပုံတင်စာရေးက ကျွန်တော့နာမည်ကို မေးပါတယ်။ သူမရဲ့စာရင်းကိုကြည့်ပြီးပြောပါတယ် ‘မင်းက ယုတကလူငယ်အမျိုးသားပေါ့’
“‘ကျွန်တော်တစ်ယောက်တည်းလို့ ဆိုလိုတာလား’ ကျွန်တော်မေးပါတယ်။
“‘ဟုတ်တယ်၊ တစ်ယောက်တည်းပဲ။’ သူမက ကျွန်တော့နာမည်အောက်မှာ ‘ယုတ’လို့ပုံနှိပ်ထားတဲ့ အမည်ကဒ်တစ်ခုကို ကျွန်တော့်ကို ပေးပါတယ်။ ကျွန်တော်လည်း ညှပ်ထားရင်း၊ တံဆိပ်မှတ်ခံရသလို ခံစားမိပါတယ်။
ကျွန်တော့်လို အမည်ကဒ်ချိတ်ထားတဲ့အခြားအထက်တန်းကျောင်းသား ငါးယောက်နဲ့အတူ ဟိုတယ်ဓာတ်လှေကားထဲကို တိုးဝင်ခဲ့ပါတယ်။ ‘ဟေး မင်းယုတကလား၊ မင်း မော်မုန်တစ်ယောက်လား၊ ကျောင်းသားတစ်ယောက်က မေးပါတယ်။
“တစ်နိုင်ငံလုံးက ကျောင်းသားတွေထဲမှာ ကျွန်တော် အပြင်ဘက်ရောက်နေတယ်လို့ ခံစားမိပါတယ်။ ‘ဟုတ်ကဲ့၊ ကျွန်တော်တုံ့ဆိုင်းဆိုင်းနဲ့ ဝန်ခံလိုက်ပါတယ်။
“‘မင်းတို့ဟာ ကောင်းကင်တမန်တွေကို မြင်ခဲ့တယ်လို့ပြောတဲ့ ဂျိုးဇက်စမစ်ကို ယုံကြည်တဲ့သူတွေလား။ မင်းအဲဒါကို တကယ်မယုံဘူးလား၊ ယုံတယ်လား’။
“ကျွန်တော်ဘာပြောရမှန်းမသိခဲ့ဘူး။ ဓာတ်လှေကားထဲမှာရှိတဲ့ကျောင်းသားတွေအားလုံးက ကျွန်တော့်ကို စိုက်ကြည့်နေကြပါတယ်။ ကျွန်တော်ရောက်ရုံပဲရှိသေး၊ လူတိုင်းက ကျွန်တော်ဟာ ကွဲပြားတယ်လို့ ထင်ကြပါတယ်။ ကျွန်တော်လည်း ကာကွယ်လိုစိတ်ရှိလာပြီး၊ ‘ဂျိုးဇက်စမစ်ဟာ ဘုရားသခင်ရဲ့ပရောဖက်တစ်ပါး ဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်’ လို့ ပြောခဲ့ပါတယ်။
“‘အဲဒါဘယ်ကရောက်လာတာလဲ’ ကျွန်တော်သိချင်ခဲ့ပါတယ်။ ကျွန်တော့်အထဲမှာရှိတယ်ဆိုတာကို ကျွန်တော်မသိခဲ့ပါဘူး။ အဲဒီစကားတွေမှန်တယ်ဆိုတာကိုတော့ ခံစားရပါတယ်။
“‘ဟေး၊ မင်းတို့အားလုံးဟာ ဘာသာရူးတွေလို့ပြောတာကြားဖူးတယ်၊’ သူကပြောပါတယ်။
“အဲလိုနေရင်း၊ ဓာတ်လှေကားတံခါး ပွင့်လို့ မသက်မသာ ခဏရပ်သွားပါတယ်။ ကျွန်တော်တို့ ခရီးဆောင်အိတ်တွေစုနေစဉ်မှာ၊ သူက ရယ်ရင်း အခန်းထဲကို ဆင်းသွားပါတယ်။
“အဲဒီနောက်၊ ကျွန်တော့်နောက်ကနေ အသံတစ်သံက မေးပါတယ်‘ ဟေး မော်မုန်တွေမှာ တစ်ခြား သမ္မာကျမ်းတစ်မျိုးမရှိဘူးလား’
“အို မဟုတ်ပါဘူး။ လာပြန်ပြီလား။ ဓာတ်လှေကားထဲမှာ ကျွန်တော်နဲ့အတူရှိခဲ့တဲ့ တစ်ခြားကျောင်းသားတစ်ယောက်ဖြစ်တဲ့ ခရစ်စတိုဖာကို ကြည့်ဖို့ ကျွန်တော်လှည့်လိုက်ပါတယ်။
“‘အဲဒါက မော်မုန်ကျမ်းလို့ ခေါ်ပါတယ်’ ကျွန်တော်စကားလွှဲချင်လို့ ပြောလိုက်ပါတယ်။ ကျွန်တော့်အိတ်တွေကိုဆွဲပြီး အခန်းထဲကို စဆင်းသွားခဲ့ပါတယ်။
“‘အဲဒါက ဂျိုးဇက်စမစ်ဘာသာပြန်ခဲ့တဲ့စာအုပ်လား’ သူက မေးပါတယ်။
“‘ဟုတ်တာပေါ့’လို့ ကျွန်တော်ဖြေပါတယ်။ ကျွန်တော်ဆက်ပြောပါတယ်၊ ကသိကအောက်ဖြစ်တာကို ရှောင်ဖို့ မျှော်လင့်ရင်းနဲ့ပါ။
“‘ဟုတ်ပါပြီ၊ ကျွန်တော်တစ်အုပ်လောက် ဘယ်လိုရနိုင်မလဲဆိုတာ ခင်ဗျားသိပါသလား’
“သက်ငယ်ကျမ်းစာသင်ကျောင်းမှာ ကျွန်တော်သင်ခဲ့ရတဲ့ ကျမ်းစာတစ်ခု ကျွန်တော့်ဆီရောက်လာပါတယ်။ ‘ငါသည် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကြောင့် မရှက်ကြောက်။’၁ ဒီဟာ စိတ်ထဲရောက်လာတာနဲ့၊ ကျွန်တော် အလွန်ကသိကအောက်ဖြစ်ခဲ့တာကို ရှက်မိပါတယ်။
“ကျန်တဲ့သတင်းပတ်မှာ အဲဒီကျမ်းစာက ကျွန်တော့ဆီကနေ ခွာမသွားခဲ့ပါဘူး။ ကျွန်တော်တတ်နိုင်သမျှ အသင်းတော်အကြောင်းမေးခွန်းများစွာကို ဖြေခဲ့ပါတယ်၊ မိတ်ဆွေများစွာဖွဲ့ခဲ့ပါတယ်။
“ကျွန်တော့်ဘာသာတရားအတွက် ကျွန်တော်ဂုဏ်ယူမိတာကို ကျွန်တော်တွေ့ခဲ့ရပါတယ်။
“ကျွန်တော် ခရစ္စတိုဖာကို မော်မုန်ကျမ်းတစ်အုပ်ပေးခဲ့ပါတယ်။ သူက နောက်မှာ ကျွန်တော်ဆီစာရေးခဲ့ပါတယ်၊ သာသနာပြုတွေကို သူ့အိမ်ကို ဖိတ်ခေါ်ခဲ့ကြောင်းကိုလည်း ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။
“ကျွန်တော့်သက်သေခံချက်ကို ဝေငှဖို့ ကသိကအောက်မဖြစ်ဖို့ ကျွန်တော်သင်ယူခဲ့ရပါတယ်။” ၂
ကျွန်တော်ကီဗင်ရဲ့သတ္တိနဲ့ လမ်းပြလှုံ့ဆော်ခံရပါတယ်။ အဲဒါက ကမ္ဘာတစ်ဝန်းမှာ အသင်းတော်ရဲ့သစ္စာရှိအသင်းသားတွေရဲ့ နေ့တိုင်းထပ်တလဲလဲဖြစ်တဲ့သတ္တိပါ။ ကျွန်တော့်အတွေးတွေကို ဝေငှရင်း၊ သင်တို့ကို ဒီမေးခွန်းလေးခုကို စဉ်းစားဖို့ ဖိတ်ခေါ်ပါတယ်။
-
သက်သေခံချက်ဆိုတာ ဘာလဲလို့ ကျွန်ုပ်နားလည်ပါသလား။
-
ကျွန်ုပ်သက်သေခံချက်ကို ဘယ်လိုဝေငှရမယ်ဆိုတာသိပါသလား။
-
ကျွန်ုပ်သက်သေခံချက်ကို ဝေငှရာမှာ အတားအဆီးတွေက ဘာတွေလဲ။
-
ကျွန်ုပ်သက်သေခံချက်ကို ဘယ်လိုထိန်းထားမှာလဲ။
သက်သေခံချက်ဆိုတာ ဘာလဲလို့ ကျွန်ုပ်သိနားလည်ပါသလား။
သင့်ရဲ့သက်သေခံချက်ဟာ အဖိုးတန်ဆုံးဥစ္စာတစ်ခုပါ၊ လေးနက်တဲ့ ဝိညာဉ်ပကတိခံစားချက်တွေနဲ့ အကြိမ်ကြိမ်ဆက်နွှယ်နေပါတယ်။ ဒီခံစားချက်တွေဟာ တိတ်ဆိတ်စွာအမြဲဆက်သွယ်ကြပြီး၊ “ဖြည်းညှင်းတဲ့အသံ”အဖြစ်ဖော်ပြထားပါတယ်။၃ အဲဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လွှမ်းမိုးမှုအားဖြင့် ဝိညာဉ်ပကတိသက်သေတစ်ခုအဖြစ် ပေးထားတဲ့ သမ္မာတရားအကြောင်း သင့်ရဲ့ ယုံကြည်မှု သို့မဟုတ် အသိပညာဖြစ်ပါတယ်။ ဒီသက်သေကို ရရှိခြင်းက သင်ပြောတဲ့ပြုတဲ့အရာကို ပြောင်းလဲပေးပါလိမ့်မယ်။ သင့်သက်သေခံချက်ရဲ့ အဓိကအရာတွေကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အတည်ပြုပါတယ်၊ ပါဝင်တာတွေက၊
-
ဘုရားသခင်က သင့်ရဲ့ ကောင်းကင်ဘုံရှင်အဘဖြစ်တယ်၊ သင်ဟာ သူ့ကလေးဖြစ်တယ်။ ကိုယ်တော်က သင့်ကိုချစ်ပါတယ်။
-
ယေရှုခရစ်တော်အသက်ရှင်ပါတယ်။ ကိုယ်တော်ဟာ အသက်ရှင်တဲ့ဘုရားသခင်ရဲ့ သားတော်၊ သင့်ရဲ့ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဖြစ်ပါတယ်။
-
ဂျိုးဇက်စမစ်ဟာ ယေရှုခရစ်တော်ရဲ့ အသင်းတော်ကို ပြန်လည်ဆောင်ယူဖို့ ဘုရားသခင်ရဲ့ ခေါ်သွင်းခံထားရတဲ့ ပရောဖက်တစ်ပါးဖြစ်ပါတယ်။
-
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ အသင်းတော်ဖြစ်ပါတယ်။
-
ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို ယနေ့မှာ အသက်ရှင်တဲ့ပရောဖက်ဖြင့် ဦးဆောင်ပါတယ်။
ကျွန်ုပ်သက်သေခံချက်ကို ဘယ်လိုဝေငှရမယ်ဆိုတာ သိပါသလား။
သင်ဟာ ဝိညာဉ်ပကတိခံစားချက်တွေကို အခြားသူတွေနဲ့ဝေငှတဲ့အခါ သင့်ရဲ့သက်သေခံချက်ကို ဝေငှပါတယ်။ အသင်းတော်အသင်းသားတစ်ယောက်အနေနဲ့၊ သင့်မှာ အသင်းတော်ပုံမှန်အစည်းအဝေးတွေ၊ သို့မဟုတ် သိပ်ပုံမှန်မဟုတ်တဲ့အစည်းအဝေးတွေ၊ မိသားစု၊ မိတ်ဆွေတွေ၊ ပြီးတော့ အခြားသူတွေနဲ့ တစ်ဦးချင်းစကားပြောတွေမှာ သင်ရဲ့နှုတ်ထွက်သက်သေခံချက်ကို ဝေငှဖို့ အခွင့်အရေးတွေရှိပါတယ်။
သင့်ရဲ့သက်သေခံချက်ကို ဝေငှစရာတခြားနည်းကတော့ ဖြောင့်မတ်တဲ့အမူအကျင့်အားဖြင့် ဖြစ်ပါတယ်။ ယေရှုခရစ်တော်၌ သင့်ရဲ့ သက်သေခံချက်ဟာ သင်ပြောတဲ့အရာသာမဟုတ်ပါ- သင်ဘယ်သူလဲဆိုတာဖြစ်ပါတယ်။
ယေရှုခရစ်တော်နောက် လိုက်လျှောက်ဖို့ သင်အသံထွက်သက်သေခံတဲ့အခါ သို့မဟုတ် သင့်ရဲ့ ကတိကဝတ်လှုပ်ရှားမှုအားဖြင့် သရုပ်ပြတဲ့အခါ၊ သင်ဟာ အခြားသူတွေကို “ခရစ်တော်ဆီလာဖို့” ၄ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။
အသင်းတော်အသင်းသားတွေဟာ အချိန်တိုင်း၊ အရာတိုင်းနဲ့ နေရာတိုင်းမှာ ဘုရားသခင့်သက်သေများအဖြစ် ရပ်တည်ကြပါတယ်။၅ ဒစ်ဂျစ်တယ်စကြာဝဠာထဲမှာ ဒါကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ကိုယ်ပိုင် လမ်းပြလှုံ့ဆော်တဲ့အကြောင်းအရာကို အသုံးပြုခြင်း သို့မဟုတ် အခြားသူတွေပြင်ဆင်ထားတဲ့ စိတ်ဓာတ်မြှင့်တင်တဲ့ ဝေငှခြင်းတွေဟာ အဆုံးမရှိပါဘူး။ ကျွန်တော်တို့ဟာ ချစ်ကြ၊ ဝေငှကြ၊ အွန်လိုင်းကနေ ဖိတ်ခေါ်တဲ့အခါ သက်သေခံကြပါတယ်။ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်က သင့်ကို ဘယ်လိုပုံသွင်းပေးတယ်ဆိုတာကို လူမှုကွန်ယက်ကို သင်သုံးတဲ့အခါမှာလည်း သင့်ရဲ့ အွန်လိုင်းစကား၊ တိုက်ရိုက်စကားနဲ့ တင်ပြမှုတွေဟာ ပိုမြင့်မြတ်တဲ့၊ ပိုသန့်ရှင်းတဲ့ ရည်ရွည်ချက်ဆီကို ပို့ဆောင်ပါလိမ့်မယ်။
ကျွန်ုပ်သက်သေခံချက်ကို ဝေငှာရာမှာ အတားအဆီးတွေက ဘာတွေလဲ။
သင့်ရဲ့သက်သေခံချက်ကို ဝေငှရာမှာ အတားအဆီးတွေကတော့ ပြောရမယ့်အရာနဲ့ပတ်သက်လို့ မသေချာခြင်းပါဝင်နိုင်ပါတယ်။ မက်သရူးကောင်လီ၊ အစောပိုင်းတမန်တော်တစ်ပါးက အသက် ၁၇ နှစ်မှာ နယူးဇီလန်ကို ငါးနှစ်သာသနာပြုထွက်သွားတုန်းက ဒီအတွေ့အကြုံကို ဝေငှခဲ့ပါတယ်။
“ကျွန်တော်ထွက်ခွာတဲ့နေ့မှာ ကျွန်တော့်အဖေရဲ့ ဆုတောင်းတွေကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကျွန်တော့်ဘဝတစ်ခုလုံးမှာ ပိုကောင်းတဲ့ကောင်းချီးမင်္ဂလာတစ်ခုကို ဘယ်တုန်းကမှမကြားဖူးခဲ့ပါဘူး။ ဒါကတော့ ရထားဘူတာရုံမှာ ကျွန်တော့်ကိုပြောခဲ့တဲ့ နောက်ဆုံးစကားတွေပါ၊ ‘လူလေး၊ မင်းအဲဒီသာသနာပြုရာကို သွားရမယ်၊ မင်းလေ့လာရမယ်၊ မင်းရဲ့ဒေသနာတွေကို ပြင်ဆင်ရမယ်၊ မင်းတာဝန်ပေးခံရတဲ့အချိန်အချို့မှာ၊ မင်းကောင်းကောင်းပြင်ဆင်ထားတယ်လို့ ထင်လိမ့်မယ်၊ ဒါပေမယ့် မင်း ရှေ့ထွက်တဲ့အခါ စိတ်မှာလုံးဝ ဗလာဖြစ်နေလိမ့်မယ်’ ကျွန်တော် အဲဒီအတွေ့အကြုံကို တစ်ကြိမ်မကရခဲ့ပါတယ်။
“ကျွန်တော်ကပြောပါတယ်၊ ‘သင့်စိတ်ဗလာဖြစ်တဲ့အခါ သင်ဘာလုပ်သလဲ’
“သူကပြောပါတယ်၊ ‘သင်ဟာ အဲဒီမှာ ကိုယ့်စိတ်နဲ့ကိုယ်ရှေ့ထွက်တာ၊ ဂျိုးဇက်စမစ်ဟာ အသက်ရှင်တဲ့ဘုရားသခင်ရဲ့ ပရောဖက်တစ်ပါးဖြစ်ကြောင်း သင်သက်သေခံတာဖြစ်တယ်၊ သင့်စိတ်ထဲကို အတွေးတွေလှိမ့်ဝင်လာလိမ့်မယ်၊ စကားလုံးတွေ ပါးစပ်ထဲရောက်လာလိမ့်မယ်၊ နားထောင်သူတိုင်းရဲ့ နှလုံးသားဆီရောက်သွားလိမ့်မယ်။’ ကျွန်တော့်စိတ်လည်း၊ သာသနာပြုစဉ်အတွင်းမှာ အချိန်အများစုမှာ ဗလာဖြစ်လျက်၊ သခင်ကားစင်တင်ခံရစဉ်ကတည်းက ကမ္ဘာ့သမိုင်းမှာ အကြီးမြတ်ဆုံး အဖြစ်အပျက်ကို သက်သေခံဖို့ အခွင့်ပေးခဲ့ပါတယ်။ ဒါကို တစ်ခါတစ်ရံစမ်းကြည့်ပါ၊ ယောက်ျားလေး၊ မိန်းကလေးများခင်ဗျာ။ သင့်မှာ တခြားပြောစရာမရှိလျှင်၊ ဂျိုးဇက်စမစ်ဟာ ဘုရားသခင်ရဲ့ ပရောဖက်တစ်ပါး ဖြစ်တဲ့အကြောင်း သက်သေခံပါ၊ အသင်းတော်ရဲ့ သမိုင်းတစ်ခုလုံး သင့်စိတ်ထဲကို လှိမ့်ဝင်လာပါလိမ့်မယ်။” ၆
ဒီလိုပဲ၊ ဥက္ကဋ္ဌဒလျံအိပ်ခ်ျအုတ် ကဝေငှခဲ့ပါတယ်, “သက်သေခံချက်အချို့ကို ဒူးထောက်ဆုတောင်းနေစဉ်မှာထက် ရပ်ပြီးသက်သေခံစဉ်မှာ ပိုပြီးကောင်းကောင်းရရှိပါတယ်။” ၇ ဝိညာဉ်တော်က ပြောသူနဲ့ နားထောင်သူကို အတူတူ သက်သေခံပါတယ်။
ကီဗင်ရဲ့အကြောင်းက အလေးထားဖော်ပြတဲ့ တခြားအတားအဆီးတစ်ခုကတော့၊ အကြောက်တရားဖြစ်ပါတယ်။ ပေါလုက တိမောသေဆိုကို ရေးခဲ့သလိုပဲ၊
“ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။
“ထို့ကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကို ရှက်ကြောက်ခြင်းမရှိနှင့်။”၈
အကြောက်ခံစားမှုတွေဟာ ကိုယ်တော်ရှင်ဆီကမလာပါ၊ မာရ်နတ်ဆီကသာ အကြိမ်ကြိမ်လာပါတယ်။ ယုံကြည်ခြင်းရှိလျက်၊ ကီဗင်လုပ်ခဲ့သလိုလုပ်ခြင်းက၊ သင့်ကို ဒီခံစားချက်တွေကို နိုင်ဖို့နဲ့ သင့်နှလုံးသားမှာရှိတဲ့အရာကို လွတ်လပ်စွာဝေငှဖို့ အခွင့်ပေးပါလိမ့်မယ်။
ကျွန်ုပ်သက်သေခံချက်ကို ဘယ်လိုထိန်းသိမ်းမှာလဲ။
သက်သေခံချက်တစ်ခုဟာ ကျွန်တော်တို့အထဲမှာ ပင်ကိုယ်အားဖြင့်ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ သို့သော်၊ အဲဒါကို ထိန်းသိမ်းထားဖို့၊ ပိုပြီးပြည့်ပြည့်စုံစုံဖွံ့ဖြိုးဖို့၊ ကျွန်တော်တို့ ရဲ့ သက်သေခံချက်ကို ကောင်းကောင်းဂရုစိုက်အားဖြည့်ရမှာဖြစ်ပါတယ်။ ၉ ကျွန်တော်တို့ အဲသလိုလုပ်လျှင်၊ “အဲဒါက အမြစ်ထွက်၊ ကြီးထွားပြီး အသီး သီးပါလိမ့်မယ်။” ၁၀ ဒီလိုမလုပ်လျှင်၊ “ညှိုးနွမ်းသွား”ပါလိမ့်မယ်။ ၁၁
ချစ်တဲ့ ပထမဥက္ကဋ္ဌအဖွဲ့ဝင်တိုင်းက ကျွန်တော်တို့ကို သက်သေခံချက်တစ်ခုကို ဘယ်လိုထိန်းသိမ်းရမယ့်လမ်းညွှန်ချက်နဲ့ ပံ့ပိုးပေးထားပါတယ်။
ဥက္ကဋ္ဌ ဟင်နရီဘီအိုင်းရင်းက ကျွန်တော်တို့ကို သွန်သင်ထားပါတယ် “သင့်ရဲ့ သက်သေခံချက် ဖွံ့ဖြိုးတိုးတက်ဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့ခြင်း၊ သဲလှိုက်အူလှိုက်ဆုတောင်းခြင်း၊ ကိုယ်တော်ရှင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းခြင်းတို့ကို ညီညီညာညာအဆက်မပြတ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။” ၁၂
ဥက္ကဋ္ဌဒလျံအိပ်ခ်ျ အုတ်က ကျွန်တော်တို့ကို သက်သေခံချက် စွဲကိုင်ထားဖို့ သတိပေးထားပါတယ်၊ “ကျွန်တော်တို့ သီတင်းပတ်တိုင်း ပွဲတော်သုံးဆောင်ဖို့ လိုအပ်ပါတယ် ( ရှု ဩ&ပဋိ ၅၉း၉) သူ့ရဲ့ဝိညာဉ်တော် ကျွန်တော်တို့နဲ့ အမြဲရှိစေဖို့ ဆိုတဲ့ အဖိုးတန် ကတိတော်အတွက် အရည်အချင်း ပြည့်မီစေဖို့ဖြစ်ပါတယ်’။ (ဩ&ပဋိ ၂၀း၇၇)။”၁၃
ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊နယ်လဆင်က မကြာသေးမီက ကြင်နာစွာအကြံပေးထားပါတယ်၊
“[သင့်ရဲ့သက်သေခံချက်] သမ္မာတရားကို ကျွေးမွေးပါ။
“ သင့်ကိုယ်သင် ရှေးခေတ်နဲ့ ယခုခေတ်ပရောဖက်တွေရဲ့စကားတွေနဲ့ အားဖြည့်ပေးပါ။ ကိုယ်တော်ကို ဘယ်လိုပိုပြီးကောင်းကောင်းနားထောင်ရမလဲဆိုတာ သွန်သင်ပေးဖို့ ကိုယ်တော်ရှင်ကို တောင်းလျှောက်ပါ။ ဗိမာန်တော်ထဲမှာနဲ့ မိသားစုသမိုင်းအလုပ်မှာ အချိန်ပိုသုံးပါ။
“သင့်ရဲ့သက်သေခံချက်ကို သင့်ရဲ့အမြင့်ဆုံးဦးစားပေးမှုမှာထားပါ။”၁၄
နိဂုံး
ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ သင်တို့ဟာ သက်သေခံချက်ဆိုတာဘာလဲဆိုတာကို ပိုပြီးပြည့်ပြည့်စုံစုံနားလည်ကြ၊ ဝေငှကြတာနဲ့အမျှ၊ မသေချာမှု၊ ကြောက်ခြင်း အတားအဆီးတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်၊ ဒီအဖိုးတန်ဆုံးဥစ္စာ၊ သင်တို့ရဲ့သက်သေခံချက်ကို အားဖြည့်၊ ထိန်းသိမ်းနိုင်စွမ်းရှိပါလိမ့်မယ်။
ကျွန်တော်တို့ဟာ မိမိတို့သက်သေခံချက်တွေကို ရဲရင့်စွာသက်သေခံကြတဲ့ ရှေးခေတ်နဲ့ ယခုခေတ်ပရောဖက်တွေရဲ့ မရေတွက်နိုင်တဲ့ ပုံသက်သေတွေနဲ့ ကောင်းချီးခံစားကြရပါတယ်။
ခရစ်တော်သေပြီးနောက်မှာ၊ ပေတရုက ရပ်တည်သက်သေခံခဲ့ပါတယ်။
“သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။
“ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” ၁၅
အာမြူးလက်ဟာ၊ ယုံကြည်ခြင်းအကြောင်း အယ်လမာရဲ့ ဒေသနာနောက်မှာ၊ အားကြီးစွာဖော်ပြခဲ့ပါတယ်၊ “ရှုလော့၊ ဤအရာများမှန်ကန်ကြောင်းကို သင်တို့ထံသို့ ငါကိုယ်တိုင် သက်သေခံမည်။ ရှုလော့၊ ငါဆိုသည်ကား၊ ခရစ်တော်သည် သူ့လူမျိုးတို့၏လွန်ကျူးခြင်းများကို သူ့အပေါ်၌ ခံယူခြင်းငှာ၊ လူသားများသို့ ကြွလာတော်မူမည့်အကြောင်း၊ ထို့အတူ လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူမည့်အကြောင်း ငါသိ၏။ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။”၁၆
ဂျိုးဇက်စမစ်နဲ့ ဆစ်ဒနီရစ်ဂဒွန်တို့ဟာ ရှင်ပြန်ထမြောက်ခဲ့တဲ့ကယ်တင်ရှင်အကြောင်း အသရေရှိတဲ့ရူပါရုံကို ကြည့်ရင်း သက်သေခံခဲ့ပါတယ်။
“ယခုမူကား၊ သူ့အကြောင်းကို များစွာသောသက်သေခံချက်များ ပြီးလေပြီးနောက်၊ ဤအရာသည်ကား၊ သူအသက်ရှင်တော်မူကြောင်း၊ သူ့အကြောင်း နောက်ဆုံးအနေအဖြစ် ကျွန်ုပ်တို့ပေးသည့် သက်သေခံချက်ပေတည်း။
“အကြောင်းမူကား၊ ကျွန်ုပ်တို့သည် သူ့ကို ဘုရားသခင်၏လက်ယာတော်ဘက်၌ပင် မြင်ကြရ၏။ သူသည် ခမည်းတော်ဖြစ်ဖွားစေသည့် တစ်ပါးတည်းသောသားတော်ဖြစ်ကြောင်း သက်သေခံသည့် အသံကိုလည်း ကျွန်ုပ်တို့ကြားကြပေ၏။” ၁၇
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ရဲ့သက်သေခံချက်ကို စကားနဲအကျင့်နဲ့ သက်သေခံဖို့ အခွင့်အရေးတွေကို ရှာကြဖို့ သင်တို့ကို ကျွန်တော် ဖိတ်ခေါ်ပါတယ်။ အဲဒီလိုမျိုးအခွင့်အရေးတစ်ခု ကျွန်တော့်ဆီ မကြာသေးမီက ရောက်လာခဲ့ပါတယ်၊ တောင်အမေရိကရှိ မြို့တော်တစ်ခုရဲ့ မြို့ဝန်နဲံအစည်းအဝေးတစ်ခုအပြီး၊ သူ့အခန်းတွေထဲမှာ သူရဲ့အစိုးရအဖွဲ့အရာရှိအချို့နဲ့တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ အလွန်လှိုက်လှဲတဲ့ခံစားချက်တွေနဲ့ နိဂုံးချုပ်ခဲ့တော့၊ ကျွန်တော်သက်သေခံချက်ဝေငှဖို့ တုံ့နှေးစွာတွေးခဲ့ပါတယ်။ လှုံ့ဆော်မှုရဲ့နောက်မှာ၊ ကျွန်တော်လည်း ယေရှုခရစ်တော်ဟာ အသက်ရှင်တဲ့ဘုရားသခင်ရဲ့သားတော်၊ လောကရဲ့ကယ်တင်ရှင်ဖြစ်ကြောင်း သက်သေခံခဲ့ပါတယ်။ အဲဒီတခဏချင်းမှာ အရာတိုင်းပြောင်းလဲခဲ့ပါတယ်။ အခန်းထဲမှာရှိတဲ့ဝိညာဉ်ဟာ ငြင်းလို့မရပါဘူး။ အယောက်တိုင်းကို တို့ထိသွားတဲ့ဟန်ရှိပါတယ်။ “နှစ်သိမ့်ရှင်က ခမည်းတော်နဲ့ သားတော်အကြောင်းကို သက်သေခံပါတယ်။” ၁၈ ကျွန်တော့်သက်သေခံချက်ကို ဝေငှဖို့ သတ္တိကို စေ့ဆော်ခဲ့တဲ့အတွက် ကျွန်တော်ကျေးဇူးတင်ရှိပါတယ်။
ဒီလိုမျိုးအခိုက်အတန့်ရောက်လာတဲ့အခါ၊ ဆုပ်ကိုင်ထွေးပွေ့လိုက်ပါ။ သင်လုပ်ဆောင်တဲ့အခါ သင့်အထဲမှာ နှစ်သိမ့်ရှင်ရဲ့ နွေးထွေးမှုကို သင်ခံစားရပါလိမ့်မယ်။
ကျွန်တော့်ရဲ့ သက်သေခံချက်နဲ့ သက်သေကို သင်တို့နဲ့ဝေငှပါတယ်၊ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘဖြစ်ပါတယ်၊ ယေရှုခရစ်တော်အသက်ရှင်ပါတယ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ဒီနေ့မြေကြီးပေါ်မှာ ကျွန်တော်တို့ရဲ့ ချစ်သောပရောဖက် ဥက္ကဋ္ဌ ရပ်ဆဲလ်အမ်၊ နယ်လဆင် ဦးဆောင်တဲ့ ဘုရားသခင့်အသင်းတော်ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။