အထွေထွေညီလာခံ
ကိုယ်တော်ကိုသိကျွမ်းစေခြင်း
၂၀၂၂ အောက်တိုဘာအထွေထွေညီလာခံ


10:49

ကိုယ်တော်ကိုသိကျွမ်းစေခြင်း

ယောဟန် ၁၇:၃

ကျွန်တော်ရဲ့အလေးနက်ဆုံးဆန္ဒမှာ သခင်ယေရှုကိုသူ၏နာမများစွာဖြင့်သိကျွမ်းလာပြီး ကိုယ်တော်နှင့်တူလာဖို့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က၊ ကျွန်တော် အာရီဇိုးနားရှိ မိခင်အသင်းတော်စု ပွဲတော်အစည်းအဝေးအတွင်း ဘဝပြောင်းအတွေ့အကြုံတစ်ခု ရခဲ့ပါတယ်။ “[ကျွန်တော်တို့ကိုယ်ပေါ်]မှာ [ယေရှုခရစ်တော်]ရဲ့ နာမတော်ကို ခံယူ၊” ဖို့ ကျွန်တော်တို့ရဲ့ လိုလိုလားလားရှိခြင်းကို ပွဲတော်ဆုတောင်းမှာ ဖော်ပြထားတဲ့အတိုင်း၊ ယေရှုမှာ နာမများစွာရှိတာကို သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့ကို သတိပေးပါတယ်။ အဲဒီနောက် ဒီမေးခွန်းက ကျွန်တော့်စိတ်နှလုံးထဲကို ရောက်လာခဲ့ပါတယ်၊ “ဒီတစ်ပတ်မှာ ယေရှုခရစ်ရဲ့နာမတော်တွေထဲက ဘယ်နာမကို ကျွန်တော့်အပေါ်မှာ ခံယူရမှာပါလဲ။”

နာမတော်သုံးခု ကျွန်တော့်စိတ်ထဲ ရောက်လာပါတယ်၊ အဲဒါတွေကို ကျွန်တော်ရေးချခဲ့ပါတယ်။ အဲဒီနာမသုံးခုထဲက တစ်ခုချင်းဆီမှာ၊ ကျွန်တော်ပိုပြီးပြည့်စုံစွာဖွံ့ဖြိုးလိုတဲ့ ခရစ်တော်ကဲ့သို့သော အရည်အချင်းတွေပါဝင်ပါတယ်။ အဲဒါရဲ့နောက်တစ်ပတ်မှာ၊ ကျွန်တော်အဲဒီနာမသုံးခုကို အာရုံစိုက်ခဲ့၊ သူတို့နဲ့လျော်ညီတဲ့ အရည်အချင်းတွေနဲ့ စရိုက်လက္ခဏာတွေကို ထွေးပွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက၊ ကျွန်တော် အဲဒီမေးခွန်းကို ကျွန်တော့်ကိုယ်ပိုင်ကိုးကွယ်မှုအဖြစ် ဆက်မေးခဲ့ပါတယ်၊ “ဒီတစ်ပတ်မှာ ယေရှုရဲ့နာမတော်တွေထဲက ဘယ်နာမကို ကျွန်တော့်အပေါ်မှာ ခံယူရမှာပါလဲ။” အဲဒီမေးခွန်းကို ဖြေခြင်း၊ ပြီးတော့ ဆက်နွှယ်နေတဲ့ ခရစ်တော်ကဲ့သို့သော အရည်အချင်းတွေကို ဖွံ့ဖြိုးဖို့ ကြိုးစားခြင်းက ကျွန်တော့်ဘဝကို ကောင်းချီးပေးခဲ့ပါတယ်။

ကိုယ်တော်ရဲ့ ကြီးစွာသောကိုယ်စားဆုတောင်းခြင်းမှာ၊ ယေရှုက ဒီအရေးကြီးတဲ့ သမ္မာတရားကို ဖော်ပြခဲ့ပါတယ်၊ “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို၎င်း၊ သိကျွမ်းခြင်းတည်း။” ယေရှုခရစ်တော်ကို သူ့နာမများစွာသိကျွမ်းခြင်းကနေ ရောက်လာတဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ တန်ခိုးကို ဒီနေ့ကျွန်တော် သင်တို့နဲ့ဝေငှလိုပါတယ်။

ကျွန်တော်တို့ တစ်စုံတစ်ယောက်ကို သိကျွမ်းဖို့ ရိုးရှင်းတဲ့နည်းတစ်ခုကတော့ သူတို့အမည်တွေကို သိအောင်လုပ်ခြင်းဖြစ်ပါတယ်။ ပြောထားတာတစ်ခုရှိပါတယ်၊ “ဘယ်စကားမှာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့အမည်ဟာ အဲဒီလူအတွက် အချိုဆုံးနဲ့ အရေးအကြီးဆုံးပါ။” တစ်စုံတစ်ဦးကို အမည်မှားခေါ်မိတာမျိုး၊ သို့မဟုတ် သူတို့အမည်ကို မေ့နေတာမျိုး ကြုံဖူးပါသလား။ ကျွန်တော့်ဇနီး၊ အဲလက်စ်နဲ့ ကျွန်တော် တစ်ခါတစ်ရံမှာ၊ ကျွန်တော်တို့ကလေးတစ်ယောက်ကို “လိုလာ” လို့ခေါ်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ၊ သင်တို့ခန့်မှန်းချင်ခန့်မှန်းမိမှာပါ၊ လိုလာဟာ ကျွန်တော်တို့ရဲ့ ခွေးပါ။ ပိုကောင်းသည်ဖြစ်စေ၊ ပိုဆိုးသည်ဖြစ်စေ၊ တစ်စုံတစ်ဦးရဲ့ အမည်ကို မေ့ခြင်းဆိုတာ သင်ဟာ သူတို့ကို ကောင်းကောင်းမသိဘူးလို့ အဲဒီလူကို ဆိုလိုပါတယ်။

ယေရှုက လူတွေကိုသိပါတယ်၊ နာမည်ထုတ်ခေါ်ခဲ့ပါတယ်။ ရှေးဣသရေလအမျိုးသားတွေကို ကိုယ်တော်ရှင်က မိန့်တော်မူခဲ့ပါတယ်၊ “မစိုးရိမ်နှင့်။ သင့်ကို ငါ ရွေးနှုတ်ပြီ။ နာမည်ထုတ်ခေါ်ပြီ၊ သင့်ကို ငါဆိုင်၏။” ပသခါမနက်မှာ၊ မာရိကို ယေရှုအမည်ထုတ်ခေါ်တဲ့အခါ ရှင်ပြန်ထမြောက်တဲ့ ခရစ်တော်အကြောင်း သူမရဲ့သက်သေခိုင်မာခဲ့ပါတယ်။ အလားတူပဲ၊ ဘုရားသခင်က ဂျိုးဇက်စမစ်ကို သူ့ရဲ့ ယုံကြည်တဲ့ဆုတောင်းကို ဖြေရာမှာ အမည်ထုတ်ခေါ်ခဲ့ပါတယ်။

အချို့ကိစ္စတွေမှာ၊ ယေရှုက သူ့တပည့်တော်တွေကို သူတို့သဘာဝ၊ စွမ်းရည်နဲ့ အလားအလာတို့ကို ဖော်ညွှန်းတဲ့ အမည်သစ်တွေပေးခဲ့ပါတယ်။ ယေဟောဝါက ယာကုပ်ကို “ဘုရားသခင်နှင့်နိုင်သူ” သို့မဟုတ် “ဘုရားသခင်ကို အနိုင်ပေးသူ” လို့ဆိုလိုတဲ့၊ ဣသရေလဆိုတဲ့အမည်သစ်ကိုပေးခဲ့ပါတယ်။ ယေရှုက ယာကုပ်နဲ့ ယောဟန်ကို ဗောနရဂက်အမည်သစ်ကိုပေးခဲ့ပါတယ်၊“မိုးကြိုးသား” လို့ဆိုလိုပါတယ်။ ယေရှုက သူ့ရဲ့အနာဂတ်ခေါင်းဆောင်မှုကိုရှုမြင်ရင်း၊ ရှိမုန်ကို ကေဖ သို့မဟုတ် ပေတရုလို့အမည်ပေးခဲ့ပါတယ်၊ အဲဒါက ကျောက် လို့ဆိုလိုပါတယ်။

ယေရှုက ကျွန်တော်တို့ကို အမည်နဲ့တွဲသိသလိုမျိုး၊ ကျွန်တော်တို့ ယေရှုကို ပိုပြီးကောင်းကောင်းသိဖို့ရာနည်းလမ်းကတော့ သူ့အမည်များစွာကို သိအောင်လုပ်ခြင်းဖြစ်ပါတယ်။ ဣသရေလနဲ့ ပေတရုတို့ရဲ့အမည်လိုပဲ၊ ယေရှုရဲ့အမည်များစွာဟာ ကျွန်တော်တို့ကို သူ့ရဲ့အထူးတာဝန်၊ ရည်ရွယ်ချက်၊ စရိုက်လက္ခဏာနဲ့ အရည်အချင်းတွေကို နားလည်စေဖို့ ကူညီတဲ့ ခေါင်းစဉ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယေရှုရဲ့အမည်ကို သိကျွမ်းလာကြတာနဲ့အမျှ၊ သူ့ရဲ့ ဘုရားအထူးတာဝန်နဲ့သူရဲ့ကိုယ်ကျိုးမဲ့စရိုက်လက္ခဏာကို ပိုပြီးကောင်းကောင်းနားလည်လာကြပါလိမ့်မယ်။ သူ့ရဲ့အမည်များစွာကို သိခြင်းဟာ ကျွန်တော်တို့ကို သူနဲ့ပိုတူလာဖို့၊ ကျွန်တော်တို့ဘဝတွေမှာ ဝမ်းမြောက်ခြင်းနဲ့ ရည်ရွယ်ချက်တွေကို ဖြစ်စေတဲ့ခရစ်တော်ကဲ့သို့သော အရည်အချင်းကို ဖွံ့ဖြိုးစေဖို့လည်း လမ်းပြလှုံ့ဆော်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက၊ ဥက္ကဋ္ဌနယ်လဆင်ဟာ ခေါင်းစည်းလမ်းညွှန်ရှိ ယေရှုခရစ်တော်နဲ့စပ်လျဉ်းတဲ့ ကျမ်းစာအားလုံးကို လေ့လာခဲ့ပါတယ်။၁၀ အဲဒီနောက် သူက အရွယ်ရောက်လူငယ်တွေကို ဒီအလားတူကျမ်းစာတွေကို လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ယေရှုရဲ့ အမည်များစွာနဲ့ စပ်လျဉ်းလို့၊ ဥက္ကဋ္ဌနယ်လဆင်က ပြောခဲ့ပါတယ်၊ “ယေရှုခရစ်တော်အကြောင်းမှန်သမျှကို လေ့လာခြင်းဟာ သင်တို့အတွက်သူ့ရဲ့ ခေါင်းစဉ်နဲ့ အမည် အမျိုးမျိုးဆိုလိုတဲ့အရာတိုင်းကို ကိုယ်တိုင် နားလည်ဖို့၊ ဆုတောင်းခြင်းထက်သန်စွာနဲ့ အားတက်သရောရှာခြင်း ဖြစ်ပါတယ်”၁၁

ဥက္ကဋ္ဌနယ်လဆင်ရဲ့ ဖိတ်ခေါ်ချက်ကို လိုက်လျှောက်ရင်း၊ ကျွန်တော်ဟာ ယေရှုရဲ့အမည်များစွာတို့နဲ့ပတ်သက်လို့ ကျွန်တော့်ကိုယ်ပိုင်စာရင်းတစ်ခုကို စတင်ခဲ့ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်စာရင်းမှာ ယခု အမည် ၃၀၀ ကျော်ရှိပါတယ်၊ ကျွန်တော်မတွေ့ရသေးတာတွေအပြင် နောက်ထပ်များစွာရှိတယ်ဆိုတာ သေချာပါတယ်။

ကိုယ်တော်အတွက်သာ သီးသန့်ထားတဲ့ ယေရှုရဲ့ အမည်အချို့ရှိပေမယ့် ၁၂ ကျွန်တော်တို့အယောက်တိုင်းနဲ့ စပ်ဆိုင်တဲ့ အမည်နဲ့ ခေါင်းစဉ်ငါးခုကို ကျွန်တော်ဝေငှလိုပါတယ်။ သင်တို့ ယေရှုကို သူ့ရဲ့ များစွာသောအမည်တွေနဲ့ သိလာတာနဲ့အမျှ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့်၊ ခရစ်တော်ကဲ့သို့သောအရည်အချင်းတွေနဲ့ လိုက်လျောညီထွေတဲ့ အခြားအမည်တွေရှိတယ်ဆိုတာ၊ ယေရှုရဲ့ပဋိညာဉ်ခံတပည့်တော်တွေအဖြစ် သင့်အပေါ်မှာ ခံယူလိုကြမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ၁၃

ပထမ၊ ယေရှုဟာ ကောင်းသောသိုးထိန်းဖြစ်ပါတယ်။၁၄ ဆိုတဲ့အတိုင်းပဲ၊ ယေရှုက သူ့သိုးတွေကို သိကျွမ်းပါတယ်၊၁၅ “သူ့ကိုယ်ပိုင် သိုးတွေကို အမည်ထုတ်ခေါ်ပါတယ်”၁၆၊ ဘုရားသခင်ရဲ့ သိုးသငယ်အဖြစ်၊ သူ့ဘဝကို သူ့သိုးတွေအတွက် ပေးခဲ့ပါတယ်။၁၇ ထိုနည်းတူစွာ၊ ယေရှုက ကျွန်တော်တို့ကို ကောင်းသောသိုးထိန်းတွေ ဖြစ်စေလိုပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ မိသားစုတွေမှာနဲ့၊ အမှုတော်ဆောင်ညီအစ်ကို မောင်နှမများအဖြစ်နဲ့ပါ။ ယေရှုခရစ်တော်အပေါ် ကျွန်တော်တို့ရဲ့ ချစ်ခြင်းကို သရုပ်ဖော်ရာနည်းတစ်ခုကတော့ သူ့သိုးတွေကို ကျွေးမွေးခြင်းဖြစ်ပါတယ်။၁၈ မျက်စိလည်နေတဲ့သိုးတွေအတွက်၊ ကောင်းသောသိုးထိန်းဟာ ပျောက်သောသိုးတွေကို ရှာဖို့ တောရိုင်းထဲကို သွားပါတယ်ပြီးတော့ ဘေးကင်းရာကို ပြန်လာတဲ့အထိ၁၉ သူတို့နဲ့အတူနေပါတယ်။ ကောင်းသောသိုးထိန်းများအဖြစ် ပြီးတော့ ဒေသခံအခြေအနေအခွင့်ပေးသမျှ၊ ကျွန်တော်တို့ဟာ လူတွေကို သူတို့အိမ်တွေမှာ အမှုတော်ဆောင်ခြင်းမှာ အချိန်ပိုသုံးဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်ခြင်းမှာ၊ တိုးမြှင့်ဖို့ စာရိုက်ပို့ခြင်းနဲ့ နည်းပညာကို သုံးရပါမယ်၊ ကိုယ်တွေ့ဆက်သွယ်မှုကို အစားမထိုးရပါဘူး။၂၀

ဒုတိယ၊ ယေရှုဟာ နောက်မင်္ဂလာအကျိုးတို့၏ယဇ်ပုရောဟိတ်မင်းဖြစ်ပါတယ်။၂၁ သူကားတိုင်ပေါ်ကွပ်မျက်ခံရဖို့ နာရီအနည်းငယ်ပဲလိုတဲ့အချိန်မှာ၊ ယေရှုက မိန့်တော်မူပါတယ်၊ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ။”၂၂ ယနေ့မှာ၊ ကျွန်တော်တို့ကမ္ဘာဟာ မကြာခဏနှစ်ခြမ်းကွဲလို့၊ အခွဲခံရလို့၊ ကျွန်တော်တို့အဖို့ အပေါင်းလက္ခဏာ၊ အကောင်းမြင်ခြင်းနဲ့ မျှော်လင့်ခြင်းတို့ကို ဟောပြောလေ့ကျင့်ဖို့ ကြီးစွာလိုအပ်ခြင်းရှိပါတယ်။ ကျွန်တော်တို့အတိတ်မှာ ဘယ်လိုစိန်ခေါ်မှုတွေပဲရှိရှိ၊ ယုံကြည်ခြင်းက အနာဂတ်ကို အမြဲညွှန်ပြပါတယ်၊ ၂၃၊ မျှော်လင့်ခြင်းနဲ့ ဖြည့်ပေးပါတယ်၊ ကောင်းစွာရွှင်လန်းစေဖို့ ယေရှုရဲ့ ဖိတ်ခေါ်ခြင်းကို ပြီးပြည့်စုံစေဖို့ ကျွန်တော်တို့ကို အခွင့်ပေးပါတယ်။ ၂၄ ဧဝံဂေလိတရားတော်မှာ ဝမ်းမြောက်စွာနေထိုင်ခြင်းက ကျွန်တော်တို့ကို နောက်မင်္ဂလာတို့ရဲ့ တပည့်တော်တွေ ဖြစ်လာဖို့ကူညီပါတယ်။

ယေရှုရဲ့ခေါင်းစဉ်တွေထဲက အခြားတစ်ခုကတော့၊ သူဟာ မနေ့၊ ယနေ့၊ ကာလအစဉ်အဆက်၊ အတူတူဖြစ်တယ်ဆိုတာပါပဲ။၂၅ တစ်သမတ်တည်းရှိခြင်းဟာ ခရစ်တော်ကဲ့သို့သော အရည်အချင်းဖြစ်ပါတယ်။ ယေရှုဟာ သူ့ခမည်းတော်ရဲ့အလိုကို၂၆ အမြဲလုပ်ဆောင်ခဲ့ပါတယ်၊ သူ့လက်က ကျွန်တော်တို့ကို ကယ်တင်ဖို့၊ ကူညီဖို့နဲ့ အနာငြိမ်းစေဖို့ အဆက်မပြတ်ဆန့်ပါတယ်။၂၇ ကျွန်တော်တို့ဟာ ဧဝံဂေလိတရားတော်၌ နေထိုင်ရာမှာ ပိုပြီးတသမတ်တည်း ရှိကြတာနဲ့အမျှ၊ ယေရှုလို ပိုပြီးဖြစ်လာကြပါလိမ့်မယ်။၂၈ လူတွေခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲလွင့်သွားလို့၂၉ လောကဟာ ရေပန်းစားမှုအလိုက် ကြီးစွာပြောင်းလဲခြင်းကို တွေ့ကြုံရမှာ ဖြစ်သော်လည်း၊ ဧဝံဂေလိတရားတော်မှာ တသမတ်တည်းနေခြင်းက ကျွန်တော်တို့ကို လောကမုန်တိုင်းအတွင်းမှာ မြဲမြံ၍ မတိမ်းယိမ်းဘဲရှိကြစေရန် ကူညီပါတယ်။၃၀ ကျွန်တော်တို့ဟာ “ကိုယ်တော်ရှင်အတွက် အချိန်ပေး”ဖို့ ဥက္ကဋ္ဌနယ်လဆင်ရဲ့ ဖိတ်ခေါ်ခြင်းကို လက်ခံခြင်းဖြင့်လည်း သတမတ်တည်းရှိခြင်းကို သရုပ်ဖော်နိုင်ပါတယ်။၃၁ ကြီးစွာသော ဝိညာဉ်ပကတိခွန်အားဟာနေ့စဉ်ဆုတောင်းခြင်း၊ နောင်တရခြင်း၊ ကျမ်းစာလေ့လာခြင်း၊ ပြီးတော့ အခြားသူတွေကို အစေခံခြင်း၃၃တို့လို သေးငယ်ရိုးရှင်းတဲ့အရာတွေ၃၂ ဆီကလာပါတယ်။

စတုတ္ထက၊ ယေရှုဟာ ဣသရေလအမျိုးရဲ့ သန့်ရှင်းသောဘုရားဖြစ်ပါတယ်။ ၃၄ ယေရှုရဲ့ ဘဝဟာ သန့်ရှင်းခြင်းပုံစံတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယေရှုနောက်ကို လိုက်လျှောက်ကြတာနဲ့အမျှ၊ ဣသရေလအမျိုးသားတို့သန့်ရှင်းသူဖြစ်လာနိုင်ပါတယ်။ ၃၅ ကျွန်တော်တို့ဟာ “ကိုယ်တော်ရှင်အဖို့သန့်ရှင်းခြင်း” လို့ရေးခြစ်ထားတဲ့ ဗိမာန်တော်ကို ပုံမှန်သွားကြတာနဲ့အမျှ သန့်ရှင်းခြင်းမှာ တိုးလာနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ ဗိမာန်တော်ထဲမှာ ကိုးကွယ်တဲ့အခါတိုင်း ကျွန်တော်တို့အိမ်တွေကို သန့်ရှင်းခြင်းနေရာတွေဖြစ်စေဖို့ ပိုကြီးတဲ့တန်ခိုးနဲ့ အပ်နှင်းခံရပြီးမှ ထွက်ခွာကြပါတယ်။၃၆ သန့်ရှင်းသောဗိမာန်တော်ကို ဝင်ရောက်ဖို့ လက်ရှိထောက်ခံချက်မရှိတဲ့သူတိုင်း၊ သင်တို့ရဲ့ သင်းအုပ်နဲ့တွေ့ဖို့၊ အဲ့ဒီသန်ရှင်းတဲ့နေရာကို ဝင်ရောက် သို့မဟုတ် ပြန်သွားဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဗိမာန်တော်ထဲက အချိန်က ကျွန်တော်တို့ဘဝတွေမှာ သန့်ရှင်းမှုကို တိုးစေပါတယ်။

ယေရှုရဲ့ နောက်ဆုံးအမည်တစ်ခုကတော့ ကိုယ်တော်ဟာ သစ္စာနဲ့ သမ္မာ ဖြစ်ပါတယ်။၃၇ ယေရှုဟာ အမြဲသစ္စာရှိ၊ အစဉ်သမ္မာတရားရှိသလိုပဲ၊ သူရဲ့ အထက်သန်ဆုံးဆန္ဒက ကျွန်တော်တို့ဘဝတွေမှာ ဒီအရည်အချင်းတွေကို ဖော်ပြကြစေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယုံကြည်ခြင်း တုံ့ဆိုင်းတဲ့အခါ၊ မုန်တိုင်းထန်တဲ့ဂါလိလဲပင်လယ်မှာ နစ်စပြုတဲ့ ပေတရုလိုပဲ “ကိုယ်တော်ရှင်၊ ကျွန်ုပ်ကို ကယ်ပါ၊”လို့ ယေရှုဆီကို တောင်းလျှောက်နိုင်ကြပါတယ်။၃၈ အဲဒီနေ့မှာ၊ ယေရှုဟာ နစ်နေတဲ့ တပည့်တော်ကို ကယ်တင်ဖို့ အရောက်ဆင်းသွားခဲ့ပါတယ်။ ကိုယ်တော်က ကျွန်တော့်အတွက် အလားတူလုပ်ဆောင်ခဲ့ပါတယ်၊ သင့်အတွက်လည်း အလားတူလုပ်ဆောင်ပါလိမ့်မယ်။ ယေရှုအပေါ် ဘယ်တော့မှ လက်မလျှော့ပါနဲ့—သူကသင့်အပေါ်ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ သစ္စာရှိ မှန်ကန်တဲ့အခါ၊ “ငါ၌တည်နေကြလော့” “ငါနှင့်အတူနေလော့” လို့လည်း၃၉အဓိပ္ပာယ်ရတဲ့ ယေရှုရဲ့ ခေါ်သွင်းခြင်းကို လိုက်လျှောက်ကြပါတယ်။ ကျွန်တော်တို့ဟာ မေးခွန်းတွေနဲ့ ချေပခံရ၊ ကျွန်တော်တို့ယုံကြည်ခြင်းအတွက် ပြက်ရယ်ပြုခံရ၊ လောကရဲ့ ကြီးမားကျယ်ဝန်းတဲ့အဆောက်အဦးထဲကသူတွေရဲ့ လှောင်ပြောင်တဲ့ လက်ညှိုးတွေနဲ့အထိုးခံကြရတဲ့အခါ၊ ဆက်၍သစ္စာရှိကြ၊ မှန်ကန်ကြပါတယ်။ ဒီအခိုက်အတန့်တွေမှာ၊ ကျွန်ုပ်တို့ဟာ “အတွေးတိုင်း၌ငါ့ကိုကြည့်ပါ၊ သံသယမဖြစ်နဲ့၊ မကြောက်နဲ့၊”၄၀ ဆိုတဲ့ ယေရှုရဲ့တောင်းဆိုမှုကို သတိရကြပါတယ်။ ကျွန်တော်တို့သတိရကြတာနဲ့အမျှ၊ သူက ကျွန်တော်တို့ကို သူနဲ့ထာဝရအတူ နေဖို့လိုအပ်တဲ့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ခွန်အားတို့ကို ၄၁ ပေးပါတယ်။

ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုက ကျွန်တော်တို့အတွက်အလိုရှိတာက သူ့ကိုသိစေဖို့ပါ၊ ဘာကြောင့်လဲဆိုရင် သူ့နာမဟာ ကောင်းကင်အောက်မှာ ကျွန်တော်တို့ကယ်တင်ခြင်းသို့ရောက်နိုင်ရာ တစ်ခုတည်းသောအမည်ဖြစ်လို့ပါပဲ။ ၄၂ ယေရှုဟာ လမ်းခရီးဖြစ်ပါတယ်၊ သမ္မာတရားဖြစ်ပါတယ်၊ အသက်လည်းဖြစ်ပါတယ်၊—သူ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံမရောက်နိုင်ပါဘူး။၄၃ ယေရှုဟာတစ်ခုတည်းသောလမ်းဖြစ်ပါတယ်။ အဲဒီအကြောင်းကြောင့်၊ ယေရှုက ခေါ်ပါတယ်၊ “ငါ့ထံသို့ လာကြလော့၊” ၄၄ “ငါ့နောက်ကို လိုက်လျှောက်ကြလော့၊” ၄၅၊ “ငါနှင့်အတူလျှောက်ကြလော့၊”၄၆၊ “ငါ့အကြောင်းကို သင်ယူကြလော့” ၄၇

ကျွန်တော့်စိတ်နှလုံးအကြွင်းမဲ့ဖြင့်၊ ယေရှုခရစ်တော်အကြောင်း သက်သေခံပါတယ်၊ သူအသက်ရှင်ကြောင်း၊ သူ သင့်ကိုချစ်ကြောင်း၊ ပြီးတော့ သူကသင့်ကို အမည်နဲ့တွဲသိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ သူဟာ ဘုရားသခင်ရဲ့သားဖြစ်ပါတယ်၊ ၄၈၊ ခမည်းတော်ရဲ့ တစ်ပါးတည်းသောချစ်သားဖြစ်ပါတယ်။၄၉ သူက ကျွန်တော်တို့ရဲ့ကျောက်၊ ကျွန်တော်တို့ရဲ့ ခံတပ်၊ ကျွန်တော်တို့ရဲ့ဒိုင်း၊ ကျွန်တော်တို့ရဲ့ ခိုလှုံရာ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ကယ်လွှတ်ရှင်ဖြစ်ပါတယ်။၅၀ သူဟာ မှောင်မိုက်ထဲမှာ တောက်ပတဲ့ အလင်း ဖြစ်ပါတယ်။၅၁ သူက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၅၂နဲ့ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်ဖြစ်ပါတယ်။ ၅၃ သူဟာ ရှင်ပြန်ထမြောက်ခြင်းနဲ့ အသက်ဖြစ်ပါတယ်။၅၄ ကျွန်တော့်ရဲ့ အလေးနက်ဆုံးဆန္ဒကတော့ သင်တို့ဟာ ယေရှုကို သူရဲ့ များစွာသောနာမတွေဖြင့် သိလာကြမယ့်အကြောင်း၊ သင်တို့ဘဝမှာ သူ့ရဲ့ ဘုရားအရည်အချင်းတွေကို ပုံသက်သေပြုရင်း သူနဲ့ပိုတူလာကြမယ့်အကြောင်းပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။