နိဒါန်း
မော်မုန်ကျမ်းသည် သမ္မာကျမ်းကဲ့သို့သော သန့်ရှင်းသည့် ကျမ်းစာတွဲဖြစ်၏။ ထိုကျမ်းသည် ရှေးကအမေရိက၌ နေထိုင်သူများနှင့် ပြုတော်မူသည့် ဘုရားသခင်၏အမှုတော်များအကြောင်း မှတ်တမ်းဖြစ်ပြီး၊ ထာဝရတည်မြဲသောဧဝံဂေလိတရားတော်အပြည့်အစုံ ပါဝင်၏။
ထိုကျမ်းကို ရှေးပရောဖက်များစွာတို့က ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်ဝိညာဉ်တို့အားဖြင့် ရေးထား၏။ ရွှေပုရပိုက်ပြားများပေါ်၌ ရေးထားသော သူတို့၏စကားများကို မော်မုန်ဟုအမည်ရှိသော ပရောဖက်-သမိုင်းပြုစုသူတစ်ဦးက ကိုးကား၍ အကျဉ်းချုပ်ထား၏။ ကြီးစွာသောယဉ်ကျေးမှုနှစ်ခုအကြောင်းကို ထိုမှတ်တမ်းက ဖော်ပြ၏။ ယဉ်ကျေးမှုတစ်ခုသည် ဘီစီ ၆၀၀ ၌ ယေရုရှလင်မှ ရောက်လာခဲ့ပြီး၊ ထို့နောက်တွင် နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများဟုထင်ရှားသော လူမျိုးနှစ်မျိုးအဖြစ်ကွဲပြားသွား၏။ ဗာဗုလုန်ရဲတိုက်၌ ဘာသာစကားများကို ကိုယ်တော်ရှင်ရှုပ်ထွေးစေတော်မူသောအချိန်၌ အခြားသောယဉ်ကျေးမှုသည် များစွာစော၍ရောက်လာ၏။ ဤအုပ်စုသည် ယာရက်အမျိုးသားများဟု ထင်ရှား၏။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက်တွင်၊ လာမန်အမျိုးသားတို့မှတစ်ပါး၊ အားလုံး ပျက်စီးသွားခဲ့၏။ သူတို့သည် အမေရိကန်အင်ဒီယန်လူမျိုးတို့၏ ဘိုးဘေးများဖြစ်ကြ၏။
မော်မုန်ကျမ်းတွင် မှတ်တမ်းတင်ထားသည့် အရေးပါဆုံးဖြစ်သောအဖြစ်အပျက်မှာ ကိုယ်တော်ရှင်ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက် မကြာမြင့်မီတွင် နီဖိုင်းအမျိုးသားတို့၌ ကိုယ်တိုင်အမှုတော်ဆောင်ခြင်းဖြစ်၏။ ထိုအမှုက ဧဝံဂေလိတရားတော်၏ ဩဝါဒများကို ရှင်းပြပြီး၊ ကယ်တင်ခြင်းအစီအစဉ်၏အဓိကအချက်များကို ဖော်ပြ၍၊ ယခုဘဝ၌ ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊ လာမည့်ဘဝ၌ ထာဝရကယ်တင်ခြင်းကိုလည်းကောင်း ရရှိခြင်းငှာ ပြုရမည့်အရာများကိုလည်း လူသားတို့ကို ပြောပြ၏။
မော်မုန်သည် သူ၏ရေးခြင်းတို့ပြီးဆုံးပြီးနောက်၊ မှတ်တမ်းကို သူ၏သား မော်ရော်နိုင်းထံသို့ ပေးအပ်ခဲ့၏။ ထိုမော်ရော်နိုင်းသည် သူကိုယ်တိုင်၏စကားအနည်းငယ်ထပ်၍ရေးခဲ့ပြီး၊ ပုရပိုက်ပြားတို့ကို ကူမော်ရတောင်ကုန်း၌ ဝှက်ထားခဲ့၏။ ဘုန်းဝင်စားလျက်၊ ရှင်ပြန်ထမြောက်သူ ထိုမော်ရော်နိုင်းသည် ၁၈၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂျိုးဇက်စမစ်ထံသို့ ပေါ်ထွက်လာပြီး၊ ရှေးမှတ်တမ်းနှင့် ထိုမှတ်တမ်းကို ရည်ရွယ်ထားသည့် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခြင်းနှင့် စပ်လျဉ်း၍ သွန်သင်ခဲ့၏။
နောက်ဆုံးတွင်၊ ထိုပုရပိုက်ပြားများကို ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတော်တို့အားဖြင့် ဘာသာပြန်သူ ဂျိုးဇက်စမစ်ထံသို့ ပေးအပ်လေ၏။ ယေရှုခရစ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းနှင့်၊ သူ့ထံသို့လာပြီး၊ သူ့ဧဝံဂေလိတရားတော်၏ပညတ်တရားနှင့် ဘိသိက်မင်္ဂလာများကို နာခံမည့်သူမှန်သမျှ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်း နောက်ထပ်သက်သေအသစ်တစ်ခုအဖြစ်၊ ယခုတွင်၊ ထိုမှတ်တမ်းကို ဘာသာစကားများစွာဖြင့် ပုံနှိပ်ထား၏။
ဤမှတ်တမ်းနှင့်စပ်လျဉ်း၍၊ ပရောဖက်ဂျိုးဇက်စမစ်က ဆိုလေသည်မှာ မော်မုန်ကျမ်းသည် မြေကြီးပေါ်ရှိစာအုပ်အားလုံးတို့၌ အမှန်ဆုံးဖြစ်ပြီး၊ ကျွန်ုပ်တို့ဘာသာတရား၏ အထိန်းကျောက်ဖြစ်၍၊ လူသားသည် အခြားတစ်စုံတစ်ခုသောစာအုပ်ထက် ထိုကျမ်း၏ပညတ်များအတိုင်း နေထိုင်ခြင်းအားဖြင့် ဘုရားသခင်နှင့် ပို၍နီးလာလိမ့်မည်ဖြစ်ကြောင်း၊ ညီအစ်ကိုတို့ကို အကျွန်ုပ်ပြောပြပေ၏။
ဂျိုးဇက်စမစ်ထံသို့ ထပ်လောင်း၍၊ ကိုယ်တော်ရှင်သည် အခြားသူ ဆယ့်တစ်ဦးအား ရွှေပုရပိုက်ပြားများကို သူတို့ကိုယ်တိုင် မြင်တွေ့ရန်နှင့် မော်မုန်ကျမ်း၏ အမှန်ဖြစ်ခြင်းနှင့် အထွတ်အမြတ်ဖြစ်ခြင်းအကြောင်း အထူးသက်သေများအဖြစ် ပေးသနားတော်မူ၏။ သူတို့၏ရေးထားသော သက်သေခံချက်များသည် ဤကျမ်းတွင် “သက်သေသုံးဦး၏ သက်သေခံချက်” နှင့် “သက်သေရှစ်ဦး၏ သက်သေခံချက်” အဖြစ် ပါဝင်၏။
ကျွန်ုပ်တို့သည် နေရာတိုင်း၌ရှိသောလူသားခပ်သိမ်းတို့အား၊ မော်မုန်ကျမ်းကို ဖတ်ကြရန်၊ ထိုကျမ်း၌ပါရှိသည့် သတင်းစကားကို သူတို့စိတ်နှလုံး၌ မှတ်ကျုံး၍စဉ်းစားဆင်ခြင်ပြီးနောက်၊ ထိုကျမ်း မှန်မမှန်၊ ဘုရားသခင်ထာဝရအဘအား ခရစ်တော်၏နာမတော်အားဖြင့်မေးလျှောက်ကြရန် ဖိတ်ခေါ်ပါသည်။ ဤလမ်းသို့လိုက်၍ ယုံကြည်ခြင်းဖြင့်မေးလျှောက်ကြသောသူတို့သည် ထိုကျမ်း၏မှန်ကန်ခြင်းနှင့် အထွတ်အမြတ်ဖြစ်ခြင်းအကြောင်း သက်သေခံချက်ကို သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ရရှိကြပေလိမ့်မည်။ (မော်ရော်နိုင်း ၁၀း၃–၅ တွင်ကြည့်ပါ။)
သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဤမြင့်မြတ်သောသက်သေကို ရရှိသောသူတို့သည် ယေရှုခရစ်တော်ကို လောက၏ကယ်တင်ရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ဤနောက်ဆုံးသောကာလ၌ ဂျိုးဇက်စမစ်သည် သူ၏ဗျာဒိတ်ဟောသူနှင့် ပရောဖက်ဖြစ်ကြောင်းကိုလည်းကောင်း၊ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် မေရှိယ၏ ဒုတိယအကြိမ် ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရာ၊ မြေကြီးပေါ်၌ နောက်တစ်ဖန်တည်ဆောက်ထားသည့် ကိုယ်တော်ရှင်၏နိုင်ငံတော်ဖြစ်ကြောင်းကိုလည်းကောင်း ထိုတူသောတန်ခိုးတော်အားဖြင့်ပင် သိလာကြလိမ့်မည်။