ကျမ်းစာများ
ပရောဖက်ဂျိုးဇက်စမစ်၏ သက်သေခံချက်


ပရောဖက်ဂျိုးဇက်စမစ်၏ သက်သေခံချက်

မော်မုန်ကျမ်းပေါ်ထွက်လာခြင်းအကြောင်း၊ ပရောဖက်​ဂျိုးဇက်​စမစ်ကိုယ်တိုင်၏​စကားများ​သည်ကား၊

စက်တင်ဘာလ နှစ်ဆယ့်​တစ်ရက်နေ့၊ ၁၈၂၃၊ ၏ … ညဦးတွင် … ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ကျွန်ုပ်​ကိုယ်တိုင် ဆုတောင်းခြင်းနှင့် ပဌနာပြုခြင်းဖြင့် ဆက်​ကပ်၏။

ကျွန်ုပ်သည် ဘုရားသခင်အား ထိုကဲ့သို့ ပဌနာ​ပြုလျက်​ရှိစဉ်တွင်၊ ကျွန်ုပ်၏​အခန်း​အတွင်း၌ အလင်း​ရောင်တစ်ခု ထွက်​ပေါ်လာသည်ကို တွေ့ရှိ​ရ၏။ ထိုအလင်း​ရောင်သည် အခန်းကို မွန်းတည့်​ချိန်မှာ​ထက် သာ၍​လင်းလေသည့်​တိုင်အောင် ဆက်၍​ဖြာ​ထွက်၏။ ထို့နောက်တွင်၊ ကျွန်ုပ်၏​အိပ်ရာ​ဘေး၌ ပုဂ္ဂိုလ်​တစ်ဦး ရုတ်တရက်ပေါ်ထွက်လာပြီး၊ လေထဲတွင်​ရပ်နေ၏။ အကြောင်းမူကား၊ သူ၏​ခြေထောက်များသည် ကြမ်း​ပြင်နှင့် မထိပေ။

သူသည် အထူးကဲဆုံး​အဖြူရောင်​ဝတ်ရုံပွပွကို ဝတ်ဆင်​ထား၏။ ထိုအရာသည် မြေကြီးပေါ်တွင် ကျွန်ုပ်​မြင်ဖူးသမျှသော​အရာများ​ထက် သာလွန်သော အဖြူရောင်​ဖြစ်၏။ မြေကြီး​အရာ​တစ်စုံတစ်ခုကိုမျှ ထိုကဲ့သို့ အလွန်​ဖြူပြီး တောက်ပလာစေခြင်းငှာ ပြုနိုင်မည်​မဟုတ်သည်ကိုလည်း ကျွန်ုပ်​ယုံကြည်ပါ၏။ သူ၏လက်နှင့် လက်ဖျံတို့​သည်လည်း လက်ကောက်​ဝတ်​အပေါ်အထိ ဗလာကျင်းလျက်​ရှိ၏။ သူ၏​ခြေတို့သည်လည်း ခြေထောက်များကဲ့သို့ပင် ခြေချင်း​ဝတ်​အထက်​အနည်းငယ်​အထိ ဗလာကျင်းလျက်​ရှိ၏။ သူ၏​ဦးခေါင်းနှင့် လည်ပင်းတို့သည်လည်း၊ ဖုံးအုပ်မထားဘဲရှိ၏။ သူ့တွင် ဤဝတ်ရုံ​မှတစ်ပါး အခြား​အဝတ်​မရှိသည်ကို ကျွန်ုပ်​တွေ့ရ၏။ ထိုဝတ်ရုံမှာ ပွင့်လျက်​ရှိသဖြင့် ကျွန်ုပ်သည် သူ၏​ရင်အုပ်ကို မြင်နိုင်၏။

သူ၏​ဝတ်ရုံသည်သာလျှင် အလွန်​ဖြူသည်​မဟုတ်ဘဲ သူ၏​တစ်ကိုယ်လုံးသည်လည်း မဖော်ပြနိုင်​လောက်အောင် အသရေထင်ရှားပြီး၊ သူ၏​မျက်နှာ​ထားမှာ လျှပ်စီးလက်ခြင်းနှင့် အမှန်ပင်​တူပေ၏။ အခန်းသည် အလွန်​လင်းသော်လည်း သူ့​ကိုယ်ခန္ဓာ​တစ်ဝိုက်တွင်​မျှလောက် အလွန်​မတောက်ပပေ။ ကျွန်ုပ်သည် သူ့ကို ကြည့်မြင်စက ကြောက်လန့်​သော်လည်း၊ မကြာမြင့်မီတွင် ကြောက်ခြင်းသည် ကျွန်ုပ်ကို စွန့်ခွာ​သွား၏။

ကျွန်ုပ်၏​နာမည်ကို​ခေါ်၍ ပြောကြားသည်မှာ သူသည် ဘုရားသခင်၏​မျက်မှောက်တော်မှ ကျွန်ုပ်ထံသို့ စေလွှတ်တော်မူသည့် တမန်တော်​တစ်ပါး​ဖြစ်ကြောင်း၊ သူ၏​အမည်မှာ မော်ရော်နိုင်း​ဖြစ်ကြောင်း၊ ကျွန်ုပ်​လုပ်ဆောင်စေဖို့ရာ အလုပ်​တစ်ခု ဘုရားသခင်၌ ရှိတော်မူကြောင်း၊ ကျွန်ုပ်၏​အမည်ကို ခပ်သိမ်းသော​ပြည်သား၊ ဆွေမျိုးစုနှင့် အသီးသီး​ဘာသာစကားကို​ပြောသူတို့၌ အကောင်း​အားဖြင့်​လည်းကောင်း၊ အဆိုး​အားဖြင့်​လည်းကောင်း တွေး​ထင်ကြလိမ့်မည်​ဖြစ်ကြောင်း၊ သို့မဟုတ်၊ ထိုအမည်ကို ခပ်သိမ်းသော​လူမျိုးတို့၌ အကောင်းနှင့်​အဆိုး​နှစ်မျိုးစလုံး ပြောဆိုကြလိမ့်မည်​ဖြစ်ကြောင်း​ပေတည်း။

ရွှေပုရပိုက်ပြားများပေါ်တွင် ရေးထားပြီး၊ ဤတိုက်၌ ယခင်က​နေထိုင်ကြသော​သူများနှင့် သူတို့​ပေါက်ဖွားခဲ့ရာ​အရပ်တို့​အကြောင်း မှတ်တမ်း​ပါဝင်လျက်​ရှိသည့် မြှုပ်ထားသော ကျမ်းတစ်ကျမ်း​ရှိလေကြောင်း သူဆို၏။ ထို့အတူ သူဆိုလေသည်ကား၊ ကယ်တင်ရှင်မှ ရှေးက​နေထိုင်သော​သူများထံသို့ ပေးအပ်တော်မူသည့် ထာဝရ​တည်မြဲသော ဧဝံဂေလိတရားတော်​အပြည့်အစုံ ထိုကျမ်း၌​ပါဝင်ကြောင်း​ဖြစ်၏။

ထို့အတူ၊ သူဆိုသည်ကား၊ ငွေကိုင်းများထဲ၌ ကျောက်နှစ်လုံး ရှိလေကြောင်း—ဤကျောက်တို့ကို ရင်အုပ်​တန်ဆာ၌​ချည်နှောင်ထားပြီး၊ ဥရိမ်နှင့် သုမိမ်ဟု​ခေါ်၍—ရွှေပုရပိုက်ပြားများနှင့်​အတူ မြှုပ်ထားကြောင်း၊ ဤကျောက်များကို ပိုင်ဆိုင်၍ အသုံး​ပြုသောသူများကို ‘မြင်သောသူများ’ဟု ရှေးသို့မဟုတ် ယခင်​အချိန်က ခေါ်ကြကြောင်း၊ ထိုကျမ်းကို ဘာသာပြန်ခြင်း​တည်းဟူသော ရည်ရွယ်ချက်​အတွက် ဤကျောက်တို့ကို ဘုရားသခင်​ပြင်ဆင်​ပေးထားတော်မူကြောင်းတို့​ဖြစ်၏။ …

ထိုမှတစ်ဖန်၊ ကျွန်ုပ်ကို သူ​ပြောပြသည်မှာ ကျွန်ုပ်သည် သူပြောလေသည့် ထိုပုရပိုက်ပြားများကို ရလျှင်—ထိုအရာတို့ကို ရယူရမည့်​အချိန်သည် ပြီးပြည့်စုံခြင်းသို့ မရောက်သေး၍—ထိုအရာတို့ကို ပြရဖို့ ကျွန်ုပ်ကို ကိုယ်တော်ရှင်​မိန့်မှာတော်မူမည့်​သူတို့မှတစ်ပါး အဘယ်သူ့ကိုမျှ မပြရမည့်​အကြောင်း၊ ဥရိမ်နှင့် သုမိမ်တို့နှင့်​အတူ၊ ရင်အုပ်​တန်ဆာတို့ကိုလည်း မပြရမည့်​အကြောင်း၊ ကျွန်ုပ်သည် ပြလျှင် ဖျက်ဆီးခံရမည့်​အကြောင်း​ဖြစ်၏။ သူနှင့် ကျွန်ုပ် ထိုပုရပိုက်ပြားများ​အကြောင်းကို ပြောဆိုလျက်​ရှိစဉ်တွင်၊ ရူပါရုံကို ကျွန်ုပ်၏​စိတ်၌​ဖွင့်ပေးသဖြင့်၊ ကျွန်ုပ်သည် ပုရပိုက်ပြားများ မြှုပ်ထားသော​နေရာကို မြင်နိုင်ပြီး၊ ထိုသို့​မြင်ရခြင်းမှာ အလွန်​ရှင်းလင်း​ပြတ်သားသဖြင့်၊ ကျွန်ုပ်သည် သွားရောက်သော​အခါ ထိုနေရာကို တစ်ဖန်​သိရ၏။

ဤသို့စကား​ပြောဆို​ပြီးနောက်တွင် အခန်း​အတွင်း​ရှိ​အလင်းသည် ကျွန်ုပ်ကို​စကား​ပြောနေသော​သူ၏ကိုယ်​ခန္ဓာ​တစ်ဝိုက်တွင် စုဝေး​စပြု၍၊ သူ၏​ဘေးပတ်လည်၌​မှတစ်ပါး အခန်းကို တစ်ဖန်​မှောင်၍​ကျန်ခဲ့သည့်​တိုင်အောင် ဆက်၍​စုဝေးသည်ကို ကျွန်ုပ်​မြင်၏။ ထို့နောက်တွင်၊ ကျွန်ုပ်​မြင်သော​ခဏ၌ ထိုအလင်းသည် ကောင်းကင်ဘုံ​တည့်တည့်သို့​သွယ်တန်းသည့် ပြွန်ကဲ့သို့​ဖြစ်၏၊ သူသည်လည်း လုံးဝ​ကွယ်ပျောက်​သွားသည့်​တိုင်အောင် တက်သွား၏၊ အခန်းသည်လည်း ဤကောင်းကင်ဘုံရှင်​အလင်း မရောက်မီက​ရှိလေသကဲ့သို့ပင် ကျန်ရစ်လေ၏။

ကျွန်ုပ်သည် လဲလျောင်း၍ ထိုမြင်ကွင်း၏​ထူးခြား​ဆန်းကြယ်မှုကို တွေးတောနေမိပြီး၊ ကျွန်ုပ်အား သာမန်ထက်​သာလွန်သော ဤတမန်တော်​ပြောပြသည့် အရာကို ကြီးစွာ​အံ့ဩလျက်​ရှိ၏။ ထို့နောက်တွင်၊ ကျွန်ုပ်​ဆင်ခြင်​အောက်မေ့လျက်​ရှိစဉ်တွင်၊ ကျွန်ုပ်၏​အခန်းမှာ တစ်ဖန်​ထွန်းလင်း​စပြုလျက်​ရှိသည်ကို ကျွန်ုပ်​ရုတ်တရက် တွေ့​ရှိရပြီး၊ ချက်ချင်းပင်၊ ကျွန်ုပ်၏​အိပ်ရာဘေး၌ ထိုကောင်းကင်ဘုံရှင်​တမန်တော် တစ်ဖန်​ရောက်လာပြန်၏။

သူသည် စတင်၍​ဟောပြောလျက်၊ ပထမ​အကြိမ်​အကြည့်​အရှု​ကြွရောက်စဉ်က သူပြုခဲ့သည့် အလွန်​ထပ်တူ​ထပ်မျှ​ဖြစ်သော​အရာတို့ကို အနည်းငယ်မျှပင် အပြောင်း​အလဲ​မရှိဘဲ တစ်ဖန်​ပြန်လည်၍​ပြောပြ၏။ သူသည် ထိုသို့​ပြုပြီးလျှင်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ဓားဘေးနှင့် ကာလ​နာဘေးတို့​အားဖြင့် ကြီးစွာသော လူဆိတ်ညံခြင်းတို့နှင့်​အတူ မြေကြီးပေါ်သို့ ကျရောက်လာမည့် ကြီးစွာသော​တရား​စီရင်တော်မူခြင်းများအကြောင်း၊ ထို့အတူ ဤပြင်းထန်သော​တရား​စီရင်တော်မူခြင်းများသည် ယခု​မျိုးဆက်၌ မြေကြီးပေါ်သို့ ကျရောက်မည်​ဖြစ်ကြောင်း ကျွန်ုပ်ကို ပြောပြ၏။ သူသည် ဤအရာတို့ကို ပြန်လည်၍ ပြောပြလေ​ပြီးနောက် ယခင်​ပြုလေသကဲ့သို့ပင် တစ်ဖန်​တက်သွား​ပြန်၏။

ဤအချိန်တွင်၊ ကျွန်ုပ်၏​စိတ်၌ ဖြစ်ပေါ်သည့် ထင်မြင်ချက်တို့မှာ အလွန်​လေးနက်သဖြင့်၊ အိပ်ခြင်းသည် ကျွန်ုပ်၏​မျက်စိတို့မှ ထွက်ပြေး၍၊ ကျွန်ုပ်သည် မြင်ရ၊ ကြားရလေသော​အရာတို့၌ အံ့ဩမှုဖြင့်​မွန်း၍၊ လဲလျောင်း၏။ သို့ရာတွင်၊ ကျွန်ုပ်သည် ထိုတစ်ပါးတည်းသော​တမန်တော်ကို ကျွန်ုပ်​အိပ်ရာဘေး၌ တစ်ဖန်​မြင်တွေ့ရသော​အခါ ကြီးစွာ​အံ့ဩ၏။ ကျွန်ုပ်အား ယခင်က​အတိုင်း ထိုတူသော​အရာတို့ကိုပင် အကြိမ်ကြိမ်​ထပ်ပြီး၊ ပြန်၍​ပြောပြသည်ကိုလည်း ကြားနား​ရ၏။ (ကျွန်ုပ်​အဘ​မိသားစု၏ ဆင်းရဲ​နွမ်းပါးသော​အခြေအနေတို့၏ အကျိုး​ဆက်​အဖြစ်) ကြွယ်ဝခြင်းငှာဟူသော​ရည်ရွယ်ချက်ဖြင့် ပုရပိုက်ပြားများကို ရယူစေဖို့၊ စာတန်က ကျွန်ုပ်ကို သွေးဆောင်​ဖြားယောင်းဖို့ ကြိုးစားလိမ့်မည့်​အကြောင်း သူက ကျွန်ုပ်ကို​ပြောပြလျက် ထပ်၍​သတိပေး၏။ ဤသို့ပြုခြင်းမှ ကျွန်ုပ်ကို သူ​တားမြစ်ပြီး၊ ဆိုလေသည်မှာ၊ ကျွန်ုပ်သည် ပုရပိုက်ပြားများကို ရယူရာ၌ ဘုရားသခင်ကို ချီးမွမ်းဖို့​မှတစ်ပါး၊ အခြား​အဘယ်​ရည်ရွယ်ချက်မျှ မရှိရမည့်​အကြောင်းနှင့် သူ၏​နိုင်ငံတော်ကို တည်ဆောက်ခြင်းထက် အခြားသော​အဘယ်​အကြောင်းရင်း၏​လွှမ်းမိုးမှုကိုမျှ​မခံရမည့်​အကြောင်း၊ သို့မဟုတ်လျှင်၊ ကျွန်ုပ်သည် ထိုအရာတို့ကို မရယူနိုင်မည့်​အကြောင်းပေတည်း။

ဤတတိယ​အကြိမ် အကြည့်အရှု​ကြွေရောက်​ပြီးနောက်တွင်၊ သူသည် ယခင်ကကဲ့သို့ပင် ကောင်းကင်ဘုံသို့ တစ်ဖန်​တက်သွားသဖြင့်၊ ကျွန်ုပ်သည်လည်း​တွေ့ကြုံရသည့် ထူးဆန်းခြင်းကို တစ်ဖန်​မှတ်ကျုံး၍၊ စဉ်းစားဆင်ခြင်လျက် ကျန်ရစ်၏။ ထို့နောက်တွင်၊ ကျွန်ုပ်ထံမှ ကောင်းကင်ဘုံရှင်​တမန်တော် တတိယ​အကြိမ်​တက်​သွားပြီးလျှင်ပြီးချင်းပင် ကြက်တွန်၍၊ နေ့​အချိန်​နီးကပ်​လာလေပြီ​ဖြစ်ကြောင်းကို ကျွန်ုပ်တွေ့​ရှိရ၏။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏​တွေ့ဆုံ​ပြောဆိုခြင်းမှာ ထိုတစ်ညလုံးကြာ​မြင့်လေ၏။

အချိန်​အနည်းငယ်​ကြာ​ပြီးနောက်၊ ကျွန်ုပ်သည် အိပ်ရာမှ​ထ၍ ပြု​နေကျ​အတိုင်းပင် တစ်နေ့​တာလုပ်ရမည့်​အလုပ်များကို လုပ်ခြင်းငှာ​သွား၏။ သို့ရာတွင်၊ အခြားသော​အချိန်များမှာကဲ့သို့ အလုပ်လုပ်ခြင်းငှာ​ကြိုးစားရာ၌၊ ကျွန်ုပ်သည် ခွန်အား​အလွန်​ကုန်ခန်းသည်ကို တွေ့ရှိ၍ လုံးဝ​အလုပ်​မလုပ်နိုင်ဘဲ​ရှိလေ၏။ ကျွန်ုပ်နှင့်​အတူတကွ အလုပ်လုပ်လျက်​ရှိသည့် ကျွန်ုပ်၏​အဘသည် ကျွန်ုပ်၌​တစ်စုံတစ်ခု မှားယွင်း​နေသည်ကို သတိထားမိပြီး၊ နေအိမ်သို့​ပြန်ဖို့ ကျွန်ုပ်ကို​ပြော၏။ ကျွန်ုပ်သည်လည်း အိမ်သို့​ပြန်မည်ဟူသော​ရည်ရွယ်ချက်ဖြင့် ထွက်ခဲ့၏။ သို့ရာတွင်၊ ကျွန်ုပ်တို့​ရှိနေသော​လယ်ကွင်း၏ ခြံစည်းရိုးကို ဖြတ်ကျော်ဖို့​ကြိုးစားရာ၌ ကျွန်ုပ်၏​ခွန်အားများ​လုံးဝ​ကုန်ခန်း​သွား၍၊ ဘာမျှ​မလုပ်နိုင်ဘဲ​မြေကြီးပေါ်သို့​လဲကျ​သွားပြီး၊ အဘယ်အရာကိုမျှ​မသိဘဲ အချိန်​အနည်းငယ် သတိ​လစ်​သွား၏။

ကျွန်ုပ်​ပြန်လည်၍​သတိရသည့် ပထမ​ဆုံးသော​အရာမှာ ကျွန်ုပ်၏​နာမည်ကို​ခေါ်လျက် ကျွန်ုပ်ကို စကား​ပြောနေသော​အသံ​တစ်သံ​ဖြစ်၏။ ကျွန်ုပ်​မော့ကြည့်လျှင်၊ ယခင်ကကဲ့သို့ပင် အလင်း ဝန်းရံလျက်​ရှိသည့် ထိုတစ်ပါးတည်းသော​တမန်တော်ကို ကျွန်ုပ်​ဦးခေါင်း​အထက်၌ ရပ်လျက်​ရှိသည်ကို မြင်ရ၏။ ထို့နောက်တွင်၊ သူသည် မနေ့​ညက​ပြန်လည်၍ ပြောပြသော​အရာ​အားလုံးတို့ကို ကျွန်ုပ်အား တစ်ဖန်​ပြန်လည်၍ ပြောပြပြီး၊ ကျွန်ုပ်​လက်ခံရရှိသည့် ရူပါရုံနှင့် မိန့်မှာချက်များ​အကြောင်းကို ကျွန်ုပ်၏​အဘထံသို့​သွား၍​ပြောပြဖို့ မိန့်မှာ၏။

ကျွန်ုပ်သည် နာခံ၍ လယ်ကွင်းထဲရှိ ကျွန်ုပ်​အဘဆီသို့ ပြန်​သွားပြီး၊ ထိုအမှု​တစ်ခုလုံးကို ပြောပြ၏။ သူကလည်း ထိုအမှုသည် ဘုရားသခင်​ထံမှ​ဖြစ်ကြောင်း ကျွန်ုပ်ကို ပြန်ပြောလျက်၊ တမန်တော်​မိန့်မှာသည့်​အတိုင်း သွား၍​ပြုဖို့ ကျွန်ုပ်ကို ပြော၏။ ကျွန်ုပ်သည် လယ်ကွင်းမှ​ထွက်ခွာ၍၊ ပုရပိုက်ပြားများကို မြှုပ်ထားသည့်​နေရာတည်းဟူသော၊ ကျွန်ုပ်ကို တမန်တော်​ပြောပြလေသည့်​နေရာသို့ သွား၏။ ထိုနေရာနှင့်​စပ်လျဉ်း၍ ကျွန်ုပ်​ရရှိသည့် ရူပါရုံ၏​ပြတ်သားခြင်းကြောင့်၊ ကျွန်ုပ်သည် ထိုအရပ်သို့​ရောက်သော​အချိန်တွင် ထိုနေရာကို ချက်ချင်း​သိ၏။

နယူးယောက်​ပြည်နယ်၊ အွန်တာရီရိုခရိုင်၊ မန်ချက်စတာရွာနှင့်​အနီးတွင် အတော်ကြီးသည့် တောင်ကုန်း​တစ်ခု​ရှိပြီး၊ ထိုအနီး​အနား​ပတ်ဝန်းကျင်​ရှိအရာ​အားလုံးတို့ထက် အမြင့်ဆုံး​နေရာ​ဖြစ်၏။ ထိုတောင်ကုန်း၏​အနောက်ဘက်ပိုင်း၊ တောင်ထိပ်မှ မဝေးသည့်​နေရာရှိ အတော်ကြီးသည့် ကျောက်တုံး၏​အောက်တွင်၊ ပုရပိုက်ပြားများ​တည်ရှိပြီး၊ ကျောက်​သေတ္တာထဲတွင်ထည့်၍၊ မြှုပ်ထား၏။ ဤကျောက်တုံးသည် အပေါ်ပိုင်းတွင် အလယ်၌ ထူ၍​လုံးဝန်းလျက်၊ အစွန်း​ပိုင်းများဆီသို့ ပါး၍​သွား၏။ ထိုကြောင့်၊ ကျောက်တုံး၏​အလယ်ပိုင်းကို မြေကြီးပေါ်တွင် မြင်ရသော်လည်း၊ ပတ်လည်​ရှိ​အစွန်းပိုင်းတို့ကို မြေကြီးဖြင့်​ဖုံးကွယ်​ထား၏။

ကျွန်ုပ်သည် မြေကြီးကို​ဖယ်ရှားပြီးသော​အခါ၊ ကုတ်တံ​တစ်ချောင်းကို​ရှာ၍၊ ကျောက်တုံး၏​အစွန်း​အောက်သို့ ထိုးလျက် အနည်းငယ်အား​စိုက်ပြီး မ၏။ အတွင်းသို့ ကျွန်ုပ်ကြည့်ရာ တမန်တော်​ပြောသည့်​အတိုင်းပင်၊ ပုရပိုက်ပြားများ၊ ဥရိမ်နှင့် သုမိမ်၊ ရင်အုပ်​တန်ဆာတို့ကို အသေ​အချာ​မြင်ရ၏။ ထိုအရာတို့​တည်ရှိနေသည့် သေတ္တာမှာ ကျောက်များကို အင်္ဂတေ​တစ်မျိုးနှင့်​အတူ​စပ်၍​ပြုလုပ်​ထားခြင်း​ဖြစ်၏။ သေတ္တာ၏​အောက်ခြေတွင်၊ ကျောက်တုံး​နှစ်တုံးကို သေတ္တာ၏​အလျားနှင့် ကန့်လန့်​ဖြတ်ချ​ထားပြီး၊ ဤကျောက်တုံးများပေါ်တွင် ပုရပိုက်ပြားများကို အခြား​ပစ္စည်းများနှင့်​အတူ ချထား၏။

ကျွန်ုပ်သည် ထိုပုရပိုက်ပြားတို့ကို ထုတ်ယူခြင်းငှာ ကြိုးစားသော်လည်း၊ တမန်တော်၏​တားမြစ်ခြင်းကို​ခံရပြီး၊ ထိုအရာတို့ကို ထုတ်ယူဖို့​အချိန်သည် မကျရောက်​သေးကြောင်းနှင့် ထိုအချိန်မှ​စ၍ လေးနှစ်​ကြာသည်​အထိ ကျရောက်လိမ့်မည်​မဟုတ်ကြောင်း​တစ်ဖန်​မိန့်ကြားခြင်းကို ခံရ၏။ သို့ရာတွင်၊ ကျွန်ုပ်ကို သူ​ပြောပြသည်မှာ၊ ထိုအချိန်မှ​စ၍ တစ်နှစ်​တိတိ​ကြာလျှင်၊ ထိုနေရာသို့ ကျွန်ုပ်​လာရမည့်​အကြောင်း၊ သူသည်လည်း ထိုနေရာ၌ ကျွန်ုပ်နှင့်​တွေ့ဆုံမည့်​အကြောင်း၊ ပုရပိုက်ပြားများကို ရယူခြင်း​အတွက် အချိန်​ကျရောက်​လာသည်အထိ ကျွန်ုပ်ထိုကဲ့သို့ ဆက်၍​ပြုရမည့်​အကြောင်းတို့​ပေတည်း။

ထို့ကြောင့်၊ မိန့်မှာ​ထားသည်နှင့်​အညီ၊ တစ်နှစ်​ပြည့်သည့်​အခါတိုင်းတွင် ကျွန်ုပ်​သွား၍၊ သွားသည့်​အခါတိုင်း ထိုတစ်ပါးတည်းသော​တမန်တော်ကို ထိုနေရာ၌ တွေ့ရပြီး၊ ကိုယ်တော်ရှင်​ပြုတော်မူမည့်​အရာနှင့်​စပ်လျဉ်း၍​လည်းကောင်း၊ နောက်ဆုံးသော​ကာလ၌ သူ၏​နိုင်ငံတော်ကို အဘယ်ပုံ အဘယ်နည်းဖြင့် စီမံ​ဆောင်ရွက်ရမည်တို့နှင့်​စပ်လျဉ်း၍​လည်းကောင်း ကျွန်ုပ်တို့​တွေ့ဆုံ​ပြောဆိုသည့်​အကြိမ်တိုင်းတွင် သူ့ထံမှ သွန်သင်ချက်နှင့် အသိ​ဉာဏ်တို့ကို လက်ခံ​ရရှိ၏။ …

နှစ်များစွာ​ကြာပြီးနောက်တွင်၊ ပုရပိုက်ပြားများ၊ ဥရိမ်နှင့် သုမိမ်၊ ရင်အုပ်​တန်ဆာတို့ကို ရယူရမည့်​အချိန်သည် ရောက်​လာ၏။ နောက်ထပ်​တစ်နှစ်​ပြည့်သည့် တစ်ထောင့်​ရှစ်ရာ နှစ်ဆယ့်​ခုနစ်ခု၊ စက်တင်ဘာလ​နှစ်ဆယ့်နှစ်​ရက်နေ့၌၊ ထိုပစ္စည်းများ မြှုပ်ထားသည့်​နေရာသို့ သွားနေကျအတိုင်း သွား​ပြီးနောက်တွင်၊ ထိုတစ်ပါးတည်းသော​ကောင်းကင်ဘုံရှင်​တမန်တော်သည် ကျွန်ုပ်အား ထိုပစ္စည်းများကို အမိန့်နှင့်​အတူ ပေးအပ်၏။ သူမိန့်ကြားသည်မှာ၊ ထိုပစ္စည်းများ​အတွက် ကျွန်ုပ်မှာ​တာဝန်​ရှိကြောင်း၊ ထိုပစ္စည်းတို့ကို ကျွန်ုပ်​ဂရုမစိုက်ဘဲ သို့မဟုတ် ကျွန်ုပ်၏​လျစ်လျူရှုခြင်း​တစ်စုံ​တစ်ခုအားဖြင့် ပျောက်ရှ​သွားစေခြင်းရှိသော် ပယ်ရှင်းခြင်းကို ကျွန်ုပ်​ခံရမည်​ဖြစ်ကြောင်းပေတည်း။ သို့ရာတွင်၊ ကျွန်ုပ်သည် ထိုပစ္စည်းတို့ကို ထိုတမန်တော် ပြန်လည်​တောင်းခံသည့်​အချိန်​အထိ ထိန်းသိမ်း​စောင့်ရှောက်ဖို့ အစွမ်း​ရှိသမျှ​ကြိုးစား​အားထုတ်မည်​ဆိုလျှင်၊ ထိုပစ္စည်းတို့ကို ကာကွယ်​ပေးလိမ့်မည်​ဖြစ်ကြောင်းကိုလည်း သူ​မိန့်ကြား၏။

ထိုပစ္စည်းများကို ဘေးကင်းစွာ​ထိန်းသိမ်းစေဖို့ ထိုမျှတင်းကျပ်သော​အမိန့်များကို ကျွန်ုပ်​လက်ခံ​ရရှိခြင်းနှင့် ကျွန်ုပ်​လက်ထဲ၌ ဆောင်ရွက်ဖို့​လိုအပ်သော​အရာကို ကျွန်ုပ်​ပြု​ပြီးနောက်၊ ယင်း​ပစ္စည်းတို့ကို ပြန်လည်​တောင်းခံမည့်​အကြောင်း၊ တမန်တော်​မိန့်ကြားခြင်းတို့၏ အကြောင်းရင်းကို မကြာမြင့်မီ ကျွန်ုပ်​တွေ့ရ၏။ အကြောင်းမူကား၊ ထိုပစ္စည်းတို့ကို ကျွန်ုပ်​ရရှိကြောင်း သိလျှင်​သိချင်း ကျွန်ုပ်ထံမှ ယူခြင်းငှာ အစွမ်း​ကုန်ကြိုး​စား​အားထုတ်ကြ၏။ ကြံစည်၍​ရနိုင်သမျှသော ဥပါယ်တံမျဉ်တို့ကို ထိုရည်ရွယ်ချက်​အတွက် အသုံး​ပြုကြ၏။ ညှဉ်းဆဲခြင်းသည် ယခင်က​ထက်ပို၍ ခါးသည်းပြီး ပြင်းထန်​လာလျက်၊ လူ​အစုအဝေးတို့သည် ထိုပစ္စည်းများကို ဖြစ်နိုင်လျှင် ကျွန်ုပ်ထံမှ​ရယူခြင်းငှာ အစဉ်​မပြတ်​စောင့်ကြည့်လျက်​ရှိကြ၏။ သို့ရာတွင်၊ ဘုရားသခင်၏​ဉာဏ်ပညာတော်​အားဖြင့် ထိုပစ္စည်းတို့သည် ကျွန်ုပ်​လက်ထဲ၌ လုံခြုံစွာ​ဆက်၍​ရှိနေသည်ကား၊ ကျွန်ုပ်​လက်ထဲ၌ ဆောင်ရွက်ဖို့​လိုအပ်သော​အရာကို ကျွန်ုပ်​ပြီးမြောက်သည့်​အချိန်​အထိပင်​ဖြစ်၏။ အစီအစဉ်များ​အတိုင်း၊ တမန်တော်က ထိုပစ္စည်းတို့ကို တောင်းခံသော​အခါ၊ ကျွန်ုပ်သည် သူ့ထံသို့ ပေးအပ်၏။ သူသည် ထိုပစ္စည်းများကို ယနေ့ တစ်ထော့င်​ရှစ်ရာ​သုံးဆယ့်​ရှစ်ခုနှစ်၊ မေလ​နှစ်ရက်နေ့ တိုင်အောင် သူ၏​ထိန်းသိမ်း​စောင့်ရှောက်မှု​အောက်၌ ထား​ရှိပေ၏။

ပို၍ပြည့်စုံသော​မှတ်တမ်းကို မြတ်ပုလဲကျမ်းရှိ ဂျိုးဇက်စမစ်—သမိုင်းတွင်​ကြည့်ပါ။

မြင့်မြတ်သော​အတည်​ပြုချက်အားဖြင့် သက်သေခံသည့်​အတိုင်း မြေမှုန့်ထဲမှ​စကားပြောသည့် လူမျိုး၏​အသံကဲ့သို့သော ရှေး​မှတ်တမ်းကို မြေကြီးထဲမှ​ထုတ်၍ ဘုရားသခင်၏​ဆုကျေးဇူးနှင့် တန်ခိုးတော်တို့​အားဖြင့် ယခု​ခေတ်စကားသို့ ဘာသာပြန်ပြီး ၁၈၃၀ ခုနှစ်တွင် အင်္ဂလိပ်​ဘာသာဖြင့် The Book of Mormon (မော်မုန်ကျမ်း) အဖြစ် လောကသို့ ပထမ​အကြိမ် ပုံနှိပ်​ထုတ်​ဝေခဲ့ပါသည်။