ကျမ်းစာများ
မော်ရော်နိုင်း ၆


အခန်းကြီး ၆

နောင်တ​ရသော​လူတို့သည် ဗတ္တိဇံ​ခံပြီး၊ မိဿဟာယဖွဲ့​ကြ၏—အသင်းတော်၏​အသင်း​ဝင်၊ နောင်တ​ရသော​သူတို့သည် ခွင့်လွှတ်ခံရ​ကြ၏—အစည်း​အဝေးများကို သန့်​ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် စီ​မံကြ၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

ယခုမူကား၊ ငါသည် ဗတ္တိဇံ​အကြောင်းကို ပြော၏။ ရှုလော့၊ အသင်း​လူကြီးများ၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် ဗတ္တိဇံ​ခံကြ၏။ သူတို့သည် ထိုသို့​ပြုဖို့ ထိုက်​တန်သော အကျိုးကို ဖြစ်​အပ်​စေခြင်း​မရှိလျှင်၊ ဗတ္တိဇံ​မခံ​ရကြ။

သူတို့သည် ကျိုးပဲ့သော​နှလုံးသားနှင့် ကြေကွဲသော​စိတ်ဖြင့်​ထွက်​မလာကြ၊ ထို့အတူ သူတို့၏​ခပ်သိမ်းသော​အပြစ်များမှ အမှန်​ပင်​နောင်တ​ရကြကြောင်း အသင်းတော်သို့ သက်သေ​မခံကြလျှင် ဗတ္တိဇံ​ပေးရန် အဘယ်​သူ့ကိုမျှ လက်​မခံ။

ထို့အတူ၊ သူတို့သည် ခရစ်တော်၏နာမတော်ကို မခံယူ၊ အဆုံးတိုင်အောင် သူ့ကို အစေခံဖို့ သန္နိဌာန်မရှိကြလျှင်၊ ဗတ္တိဇံကို အဘယ်သူမျှ မရရှိကြ။

ထို့အတူ၊ သူတို့သည် ဗတ္တိဇံ​အဖို့ လက်​ခံခြင်းကို ရ​ရှိကြပြီး၊ သန့်​ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်၊ အရှိန်​ဩဇာသက်​ရောက်၍ သန့်​စင်ကြ​ပြီး​နောက်တွင်၊ ခရစ်တော်၏​အသင်းတော်​ရှိလူများ၌ ရေတွက်​ခံရကြ၏။ သူတို့၏​အမည်တို့​ကို​လည်း မှတ်​ယူ​ထားသည်မှာ၊ သူတို့​ယုံကြည်ခြင်း၏ ဖန်​တီး​ရှင်​နှင့် စုံလင်​စေသော​သူ ခရစ်တော်၏ ကောင်းမှုများကို​သာ မှီ​ခို​လျက်၊ သူတို့ကို မှန်သော​တရား​လမ်း၌ ရှိ​စေဖို့၊ ဆုတောင်းခြင်း​ဖြင့် အစဉ်​မပြတ် စောင့်ကြည့်စေဖို့၊ သူတို့ကို အောက်​မေ့၍၊ ဘုရားသခင်၏​ကောင်း​မြတ်​တော်မူသော နှုတ်ကပတ်တော်​အားဖြင့် အား​ဖြည့်​နိုင်ကြခြင်းငှာ​ပေတည်း။

အသင်းတော်​သည်​လည်း အစာ​ရှောင်ခြင်း​ငှာနှင့် ဆုတောင်းခြင်းငှာ၊ ထို့အတူ၊ သူတို့​စိတ်​ဝိညာဉ်၏​ကောင်း​ကျိုးကို အချင်း​ချင်း ပြော​ဆိုကြခြင်းငှာ၊ အကြိမ်​ကြိမ် အတူတကွ​တွေ့​ဆုံ​စုဝေးကြ၏။

ထို့အတူ၊ သူတို့သည် ကိုယ်တော်ရှင်​ယေရှုကို အောက်​မေ့ကြ​ဖို့​ရာ၊ မုန့်နှင့် စပျစ်​ရည်ကို သုံး​ဆောင်ကြခြင်းငှာ၊ အကြိမ်​ကြိမ် အတူတကွ တွေ့ဆုံ​စုဝေးကြ၏။

သူတို့သည် မိမိတို့၌ ဒုစရိုက်​မရှိ​ရမည့်​အကြောင်း ကျင့်​စောင့်ဖို့ ဂရု​ပြုကြ၏။ ဒုစရိုက်ကို​ကျူး​လွန်ကြောင်း တွေ့​ရသူ​အဘယ်သူကို​မဆို၊ အသင်းတော်မှ သက်သေ​သုံးဦးတို့​က အသင်း​လူကြီးတို့ရှေ့ ၌ ပြစ်ဒဏ်​ချ​မှတ်ပြီး၊ သူတို့သည် နောင်တ​ရခြင်း​မရှိ၊ ထို့အတူ ဝန်ခံခြင်း​မရှိကြလျှင်၊ သူတို့၏​အမည်များ ပယ်ဖျောက်ခံရကြ၏။ သူတို့သည် ခရစ်တော်၏​လူမျိုးတို့၌ ရေ​တွက်ခြင်း​ကို​လည်း မခံ​ရကြ။

သို့ရာတွင်၊ သူတို့သည် စစ်မှန်သော​ရည်ရွယ်ချက်ဖြင့် အကြိမ်​ကြိမ်​နောင်တ​ရ၍၊ ခွင့်လွှတ်ခြင်းကို ရရှိခြင်းငှာ ကြိုး​စားအားထုတ်သမျှ၊ ခွင့်​လွှတ်ခံရကြ၏။

သူတို့၏​အစည်း​အဝေးများကို​လည်း ဝိညာဉ်တော်၏​ပြုပြင်ခြင်းတို့​အတိုင်း၊ သန့်​ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်၊ အသင်းတော်က စီမံ၏။ အကြောင်း​မူကား၊ ဟော​ပြောခြင်း​ငှာ​ဖြစ်စေ၊ တိုက်​တွန်းခြင်းငှာ​ဖြစ်စေ၊ ဆုတောင်းခြင်းငှာ​ဖြစ်စေ၊ ပဌနာ​ပြုခြင်းငှာ​ဖြစ်စေ၊ သီ​ဆိုခြင်းငှာ​ဖြစ်စေ သူတို့ကို သန့်ရှင်းသော​ဝိညာဉ်တော်၏ တန်ခိုး​လမ်း​ညွှန်​တော်မူသည့်​အတိုင်း၊ ထိုကဲ့သို့ပင် ပြုကြ၏။

ပုံနှိပ်သည်