မော်မုန်မှ သူ၏သား မော်ရော်နိုင်းသို့ ဒုတိယအမှာစာ
အခန်းကြီး ၉ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၉
နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများ နှစ်မျိုးစလုံးတို့သည် အကျင့်စာရိတ္တပျက်ပြားလျက်၊ ဖောက်ပြန်ကြ၏—သူတို့သည် တစ်ယောက်ကိုတစ်ယောက် နှိပ်စက်ပြီး သတ်ကြ၏—ကျေးဇူးတော်နှင့် ကောင်းမြတ်ခြင်းတို့ မော်ရော်နိုင်းအပေါ်၌ ကာလအစဉ်အဆက် ကိန်းဝပ်တော်မူပါမည့်အကြောင်း မော်မုန်ကဆုတောင်း၏။ အေဒီ ၄၀၁ ခန့်။
၁ ငါ၏ချစ်သား၊ ငါအသက်ရှင်လျက်ရှိသေးကြောင်းကို သင်သိနိုင်စေခြင်းငှာ သင့်ထံသို့ တစ်ဖန်ရေး၏။ သို့ရာတွင်၊ စိတ်ပူစရာကို ငါအတော်အသင့်ရေး၏။
၂ အကြောင်းမူကား၊ ရှုလော့၊ ငါသည် လာမန်အမျိုးသားတို့နှင့် ပြင်းထန်သောတိုက်ပွဲဖြစ်ပြီး၊ ထိုတိုက်ပွဲ၌ ငါတို့ အနိုင်မရကြ။ အာချေတု၊ ထို့အတူ လူရမ်နှင့် ဧမရုန်တို့သည်လည်း ဓားဘေးဖြင့် ကျဆုံးကြ၏။ ထိုမှတစ်ပါး၊ ငါတို့၏သန်မြန်သောသူ အရေအတွက်များစွာကိုလည်း ငါတို့ ဆုံးရှုံးရ၏။
၃ ယခုမူကား၊ ရှုလော့၊ ငါ့သား၊ ဤလူမျိုးတို့ကို လာမန်အမျိုးသားတို့ ဖျက်ဆီးမည်ကို ငါစိုးရိမ်၏။ အကြောင်းမူကား၊ သူတို့သည် နောင်တမရကြ။ စာတန်ကလည်း သူတို့ကို အချင်းချင်းအမျက်ထွက်စေခြင်းငှာ အစဉ်မပြတ်နှိုးဆော်၏။
၄ ရှုလော့၊ ငါသည် သူတို့၌ အစဉ်မပြတ် အလုပ်လုပ်လျက်ရှိ၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြင်းထန်စွာဟောပြောသောအခါ၊ သူတို့သည် တုန်၍ ငါ့ကိုဆန့်ကျင်ပြီး အမျက်ထွက်ကြ၏။ ငါကပြင်းထန်စွာမဟောပြောသောအခါ၊ သူတို့သည် ထိုနှုတ်ကပတ်တော်ကို ဆန့်ကျင်ပြီး စိတ်နှလုံးကို မာကျောစေကြ၏။ သို့ဖြစ်၍၊ သူတို့ကို ကိုယ်တော်ရှင်၏ဝိညာဉ်တော်ပဲ့ပြင်ဆုံးမတော်မူခြင်းမှ ရပ်တန့်တော်မူလေသည်ကို ငါစိုးရိမ်၏။
၅ အကြောင်းမူကား၊ သူတို့သည် ထိုမျှလွန်စွာအမျက်ထွက်ကြသဖြင့်၊ သူတို့၌ သေခြင်းကို ကြောက်ရွံ့ခြင်းမရှိဟု ငါမှတ်ယူစရာရှိ၏။ သူတို့၌ တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းသည်လည်း ပျောက်ဆုံး၏။ သူတို့သည် အသွေးကိုလည်း တောင့်တလျက်၊ အစဉ်မပြတ်လက်တုံ့ပြန်ကြ၏။
၆ ယခုမူကား၊ ငါ၏ချစ်သား၊ သူတို့၌ မာကျောခြင်းရှိသော်ငြားလည်း၊ ငါတို့သည် လုံ့လဝီရိယထက်သန်စွာ အလုပ်လုပ်ကြကုန်အံ့။ အကြောင်းမူကား၊ ငါတို့သည် အလုပ်လုပ်ခြင်းကို ရပ်တန့်လျှင်၊ ပြစ်ဒဏ်ချမှတ်ခြင်းအောက်သို့ ဆောင်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ဖြောင့်မတ်ခြင်းခပ်သိမ်း၏ရန်သူကို အနိုင်ရပြီး၊ ငါတို့၏စိတ်ဝိညာဉ်တို့ကို ဘုရားသခင်၏နိုင်ငံတော်၌ အနားပေးရနိုင်ကြစေရန် မြေဖြင့်ပြုသောဤတဲကိုယ်ခန္ဓာ၌ရှိစဉ်တွင်၊ ငါတို့၌ ဆောင်ရွက်စရာအလုပ်ရှိ၏။
၇ ယခုမူကား၊ ဤလူမျိုးတို့၏ ဒုက္ခဝေဒနာခံစားခြင်းများအကြောင်းကို ငါအတော်အသင့်ရေး၏။ အကြောင်းမူကား၊ အာမော်ရုန်ထံမှ ငါရရှိထားသည့် အသိပညာအရ၊ ရှုလော့၊ လာမန်အမျိုးသားတို့၌ ရှေရိဇရဲတိုက်မှ ခေါ်ယူခဲ့သည့် စစ်အကျဉ်းသားများစွာရှိ၏။ ယောက်ျား၊ မိန်းမနှင့် ကလေးများရှိ၏။
၈ ထိုမိန်းမများနှင့် ကလေးများ၏ ခင်ပွန်းများနှင့် အဘတို့ကို သူတို့ကွပ်မျက်ကြ၏။ သူတို့သည် မိန်းမတို့အား သူတို့ခင်ပွန်းတို့၏အသားနှင့် ကျွေးပြီး၊ ကလေးတို့အား သူတို့အဘတို့၏အသားနှင့် ကျွေးကြ၏။ အနည်းငယ်မှတစ်ပါး၊ သူတို့အား ရေကိုလည်းမပေးကြ။
၉ လာမန်အမျိုးသားတို့၌ ဤကြီးစွာသောစက်ဆုပ်ရွံရှာဖွယ်အမှုများ ရှိသော်ငြားလည်း မော်ရန်တမ်ရှိ ငါတို့လူမျိုးတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုတို့ထက် မသာလွန်ပေ။ အကြောင်းမူကား၊ ရှုလော့၊ လာမန်အမျိုးသားတို့၏သမီးတို့အထဲမှ များစွာတို့ကို အမြတ်နိုးဆုံးနှင့် ခပ်သိမ်းသောအရာတို့ထက်အဖိုးအထိုက်ဆုံးဖြစ်သည့်၊ ကာမအပြစ်ကင်းစင်ခြင်းနှင့် အပျိုရည်ကို ရှုတ်ချကြပြီးမှ စစ်အကျဉ်းသားများအဖြစ် သူတို့ဖမ်းဆီးသွားကြလေပြီ—
၁၀ သူတို့သည် ဤအမှုကို ပြုကြလေပြီးနောက်၊ ထိုသမီးတို့ကို သေသည့်တိုင်အောင်ပင်၊ ကိုယ်ခန္ဓာကို နှိပ်စက်လျက် အကြမ်းကြုတ်ဆုံးနည်းဖြင့် သတ်ကြ၏။ သူတို့သည် ဤအမှုကို ပြုကြပြီးနောက်တွင်လည်း သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ ထိုသမီးတို့၏အသားကို တောသားရဲများကဲ့သို့ ကိုက်စားကြ၏။ သူတို့သည် ရဲရင့်ခြင်း၏လက္ခဏာသက်သေအဖြစ်လည်း ထိုအမှုကိုပြုကြ၏။
၁၁ အို ငါ၏ချစ်သား၊ ဤကဲ့သို့ ယဉ်ကျေးမှုမရှိသောလူမျိုး အဘယ်သို့အားဖြင့်ရှိနိုင်ပြီး—
၁၂ (သူတို့သည် ယဉ်ကျေးပြီး နှစ်သက်ဖွယ်သောလူမျိုးဖြစ်လေသည်မှာ နှစ်အနည်းငယ်သာလျှင်၊ ကြာမြင့်၏)
၁၃ သို့ရာတွင်၊ ငါ့သား၊ ဤကဲ့သို့ အလွန်များစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့၌ မွေ့လျော်သည့် လူမျိုး အဘယ်သို့အားဖြင့်ရှိနိုင်ပြီး—
၁၄ ဘုရားသခင်သည် ငါ့တို့တစ်ဖက်၌ တရားစီရင်တော်မူရာတွင် သူ့လက်တော်ကို ရုပ်သိမ်းလိမ့်မည်ဟု အဘယ်သို့အားဖြင့် ငါတို့မျှော်လင့်နိုင်ကြသနည်း။
၁၅ ရှုလော့၊ ငါ၏စိတ်နှလုံးက ဟစ်ကြွေးသည်ကား၊ ဤလူမျိုးသည် အမင်္ဂလာရှိ၏။ အို ဘုရားသခင်၊ တရားစီရင်တော်မူခြင်းဖြင့် ကြွလာတော်မူပြီး၊ သူတို့၏အပြစ်များကိုလည်းကောင်း၊ ဆိုးညစ်ခြင်းကိုလည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုလည်းကောင်း ကိုယ်တော်၏မျက်နှာရှေ့မှ ကွယ်ဝှက်တော်မူပါ။
၁၆ ထိုမှတစ်ဖန်၊ ငါ့သား၊ ရှေရိဇ၌ ဆက်၍ရှိနေသူ မုဆိုးမများနှင့် သူတို့၏သမီးများစွာရှိ၏။ လာမန်အမျိုးသားတို့ သယ်ဆောင်မသွားသည့် ရိက္ခာအချို့ ရှိသော်လည်း၊ ရှုလော့၊ ဇေနေဖိ၏တပ်က သယ်ယူသွား၍၊ ထိုသူတို့ကို စားစရာအတွက် သူတို့တတ်နိုင်သမျှ အရပ်ရပ်သို့လည်စေဖို့ ထားခဲ့ကြ၏။ အသက်ကြီးသောမိန်းမများစွာတို့သည် လမ်းခရီးမှာ မိန်းမော၍သေ၏။
၁၇ ငါနှင့်အတူရှိသည့်တပ်မှာ အားနည်း၏။ လာမန်အမျိုးသားတို့၏တပ်များသည်လည်း ရှေရိဇနှင့် ငါ့ကြားတွင်ရှိကြ၏။ အာရုန်၏တပ်သို့ ထွက်ပြေးသူမှန်သမျှသည်လည်း ထိုသူတို့၏ ကြောက်ရွံ့ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်ခြင်းကို ခံရ၏။
၁၈ အို ငါ၏လူမျိုးတို့သည် ဆိုးယုတ်လှပေစွတကား၊ သူတို့၌ တရားမရှိကြ၊ ကရုဏာလည်းမရှိကြ။ ရှုလော့၊ ငါသည် လူသားတစ်ဦးသာလျှင်ဖြစ်၏။ ငါ့၌ လူသား၏ခွန်အားသာလျှင်ရှိပြီး၊ ငါ၏အမိန့်တို့ကို နာခံကြစေကြောင်း နောက်ထပ်၍ ငါမပြုနိုင်တော့။
၁၉ သူတို့သည်လည်း ဖောက်ပြန်ခြင်း၌ အားကြီးလာကြ၏။ သူတို့သည် ရက်စက်ကြမ်းကြုတ်ရာ၌ တူညီကြ၏။ အသက်ကြီးသူကိုဖြစ်စေ၊ အသက်ငယ်သူကိုဖြစ်စေ အဘယ်သူ့ကိုမျှ ချမ်းသာမပေး။ သူတို့သည် ကောင်းမြတ်သောအရာမှတစ်ပါး၊ အရာတိုင်း၌ မွေ့လျော်ကြ၏။ ဤပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်၌ ငါတို့၏ မိန်းမများနှင့် ကလေးများ၏ ဒုက္ခဝေဒနာခံစားခြင်းသည်ကား အရာတိုင်းထက် သာလွန်၏။ အကြောင်းမူကား၊ ထိုခံစားရခြင်းကို လူတို့ ပြောမပြနိုင်။ ရေး၍လည်း မရနိုင်။
၂၀ ယခုမူကား၊ ငါ့သား၊ ငါသည် ဤကြောက်ရွံစရာမြင်ကွင်းကို ထပ်၍မပြောမရေးတော့။ ရှုလော့၊ သင်သည် ဤလူမျိုးတို့၏ဆိုးညစ်ခြင်းကို သိ၏။ သူတို့ ၌ ကျင့်ဝတ်စည်းကမ်းမရှိကြကြောင်း၊ ထို့အတူ ခံစားတတ်စွမ်းမရှိကြတော့ကြောင်းကို သင်သိ၏။ သူတို့၏ဆိုးညစ်ခြင်းသည်လည်း လာမန်အမျိုးသားတို့၏ဆိုးညစ်ခြင်းထက် သာလွန်၏။
၂၁ ရှုလော့၊ ငါ့သား၊ ငါ့ကို ဘုရားသခင်ဒဏ်ခတ်တော်မူမည်ကို စိုးရိမ်သဖြင့် ငါသည် ထိုသူတို့အတွက် သူ့ထံသို့ ထောက်ခံခြင်းမပြုနိုင်။
၂၂ သို့ရာတွင်၊ ရှုလော့၊ ငါ့သား၊ ငါသည် သင့်ကို ဘုရားသခင်ထံသို့ ထောက်ခံမှုပေးလျှင်၊ ကယ်တင်ခြင်းသို့ သင်ရောက်မည့်အကြောင်း ခရစ်တော်ကို ငါကိုးစား၏။ ဘုရားသခင်၏လူမျိုးတို့ သူ့ထံသို့ပြန်လာခြင်းကို သို့မဟုတ်၊ သူတို့၏ ရှင်းရှင်းပျက်စီးခြင်းကို သက်သေခံစေခြင်းငှာ သင်၏အသက်ကို သူချမ်းသာပေးတော်မူမည့်အကြောင်းကိုလည်း သူ့ထံသို့ ငါဆုတောင်း၏။ အကြောင်းမူကား၊ သူတို့နောင်တရပြီး ငါ့ထံသို့ပြန်မလာကြလျှင် ပျက်စီးကြရမည်ကို ငါသိ၏။
၂၃ ထို့အတူ၊ သူတို့သည် ပျက်စီးကြလျှင်၊ အသွေးနှင့် လက်တုံ့ပြန်ခြင်းကိုရှာလျက် သူတို့စိတ်နှလုံး၏လိုလားခြင်းကြောင့်၊ ယာရက်အမျိုးသားများကဲ့သို့ ဖြစ်ကြလိမ့်မည်။
၂၄ သူတို့ထိုကဲ့သို့ ပျက်စီးကြလျှင်၊ ငါတို့၏ညီအစ်ကိုများထဲမှ များစွာသောသူတို့သည် လာမန်အမျိုးသားများထံသို့ ကူးပြောင်းသွားကြသည်ကို ငါတို့သိကြ၏။ များစွာသောသူတို့သည်လည်း နောက်ထပ်၍ သူတို့ထံသို့ ကူးပြောင်းပေဦးမည်။ သို့ဖြစ်၍၊ သင်သည် အသက်ချမ်းသာရလျက်၊ ငါပျက်စီး၍ သင့်ကို မမြင်ရလျှင်၊ အနည်းငယ်သောအရာကို အတော်အသင့် ရေးလော့။ သို့ရာတွင်၊ ငါသည် မကြာမြင့်မီ သင့်ကို မြင်နိုင်ရမည့်အကြောင်း ယုံကြည်စိတ်ချ၏။ အကြောင်းမူကား၊ ငါ့မှာ သင့်ထံသို့ ပေးအပ်လိုသည့် သန့်ရှင်းမွန်မြတ်သော မှတ်တမ်းများရှိ၏။
၂၅ ငါ့သား၊ ခရစ်တော်ကို သစ္စာရှိလော့။ ငါရေးလေသည့်အရာများက သင့်ကို သေခြင်းသို့တိုင်အောင် ဝန်လေးစေဖို့ ဝမ်းနည်းပူဆွေးခြင်း မရှိစေနှင့်။ သို့ရာတွင်၊ ခရစ်တော်သည် သင့်ကို ချီးမြှောက်တော်မူပါစေ။ သူ၏ဒုက္ခဝေဒနာခံစားခြင်းနှင့် သေခြင်း၊ ထို့အတူ ငါတို့ဘိုးဘေးတို့အား သူ၏ကိုယ်ခန္ဓာကို ပြတော်မူခြင်း၊ ထို့အတူ သူ၏ကရုဏာတော်နှင့် စိတ်ရှည်တော်မူခြင်း၊ ထို့အတူ သူ၏ဘုန်းတော်ကိုလည်းကောင်း၊ ထာဝရအသက်ကိုလည်းကောင်း မျှော်လင့်ခြင်းတို့သည်လည်း သင်၏စိတ်၌ ကာလအစဉ်အဆက်ကိန်းဝပ်ပါစေ။
၂၆ ကောင်းကင်၌ မြင့်မားလှသည့် ပလ္လင်တော်ကိုပိုင်တော်မူသော ခမည်းတော်ဘုရားသခင်၏၊ ထို့အတူ သူ့တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်တော်မူသည့် ငါတို့၏ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် ခပ်သိမ်းသောအရာများ သူ၏ဩဇာခံများဖြစ်လာသည့်အချိန်တိုင်အောင် သင်နှင့်အတူ ကာလအစဉ်အဆက် ရှိပါစေသတည်း။ အာမင်။