အခန်းကြီး ၇
ကိုယ်တော်ရှင်၏ချမ်းသာထဲသို့ဝင်ဖို့ ဖိတ်ခေါ်ခြင်းကို ဟစ်ကြော်၏—စစ်မှန်သောရည်ရွယ်ချက်နှင့် ဆုတောင်းလော့—ခရစ်တော်၏ဝိညာဉ်တော်သည် လူသားတို့ကို အကောင်းနှင့်အဆိုးကို ခွဲခြား၍သိနိုင်စွမ်းရှိစေ၏—စာတန်သည် လူသားတို့ကို၊ ခရစ်တော်အား ငြင်းဆန်စေခြင်းငှာနှင့် မကောင်းမှုပြုစေခြင်းငှာ သွေးဆောင်၏—ပရောဖက်တို့သည် ခရစ်တော်၏ကြွလာတော်မူခြင်းကို ထင်ရှားစွာပြကြ၏—ယုံကြည်ခြင်းအားဖြင့်၊ အလွန်တရာအံ့ဩဖွယ်အမှုတို့ကို ပြုပြင်စီရင်ထားပြီး၊ ကောင်းကင်တမန်တို့သည် အမှုတော်ဆောင်ကြ၏—လူသားတို့သည် ထာဝရအသက်တာကို မျှော်လင့်လျက်၊ မေတ္တာ၌ စွဲမြဲကြ၏။ အေဒီ ၄၀၁–၄၂၁ ခန့်။
၁ ယခုမူကား၊ ငါမော်ရော်နိုင်းသည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့အကြောင်း ငါ၏အဘမော်မုန်ပြောသည့် စကားများမှ အနည်းငယ်တို့ကို ရေး၏။ အကြောင်းမူကား၊ ကိုးကွယ်ရာနေရာအတွက် လူတို့တည်ဆောက်ကြသည့် တရားဇရပ်၌ သူတို့ကို သူသွန်သင်စဉ်မှာ ဤကဲ့သို့အားဖြင့် ဟောပြော၏။
၂ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါမော်မုန်သည် သင်တို့ကို ဟောပြော၏။ ငါ့ထံသို့ သူ၏ခေါ်သွင်းတော်မူခြင်းဆုကျေးဇူးကြောင့်၊ ခမည်းတော်ဘုရားသခင်နှင့် ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့်၊ ထို့အတူ သူ၏သန့်ရှင်းသောအလိုတော်အားဖြင့်၊ ငါသည် ယခုအချိန်တွင် သင်တို့ကို ဟောပြောဖို့ အခွင့်ရ၏။
၃ သို့ဖြစ်၍၊ အသင်းတော်မှ လူများဖြစ်သော၊ ခရစ်တော်၏ ငြိမ်းချမ်းသည့် တပည့်တော်များဖြစ်သော၊ ထို့အတူ၊ ကိုယ်တော်ရှင်၏ချမ်းသာထဲသို့ဝင်နိုင်ရာ လုံလောက်သည့်မျှော်လင့်ခြင်းကို ဤအချိန်ယခုမှစ၍၊ ရရှိလျက်၊ သူနှင့်အတူ ကောင်းကင်ဘုံ၌ နားနေသည့်တိုင်အောင်ရှိမည့် အသင်တို့ကို ငါဟောပြောလို၏။
၄ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ လူသားတို့နှင့်အတူ သင်တို့၏ငြိမ်းချမ်းသောအကျင့်တို့ကြောင့် သင်တို့၏ ဤအမှုများကို ငါတရားစီရင်၏။
၅ သူတို့၏အကျင့်များအားဖြင့် သူတို့ကို သင်တို့သိရလိမ့်မည်ဟု မိန့်တော်မူသော ဘုရားသခင်၏နှုကပတ်တော်ကို ငါသတိရ၏။ အကြောင်းမူကား၊ သူတို့၏အကျင့်များ ကောင်းမြတ်ကြမည်ဆိုလျှင်၊ သူတို့သည်လည်း ကောင်းမြတ်ကြ၏။
၆ အကြောင်းမူကား၊ ရှုလော့၊ လူသားသည် အဆိုးဖြစ်လျက် ကောင်းမြတ်သောအရာကို မပြုနိုင်ကြောင်း ဘုရားသခင်မိန့်တော်မူ၏။ ထိုသူသည် ဘုရားသခင်ထံသို့ ပူဇော်သက္ကာကို ပူဇော်ရာ၌၊ သို့မဟုတ်၊ ဆုတောင်းရာ၌ စစ်မှန်သောရည်ရွယ်ချက်နှင့် မပြုလျှင်၊ သူ့အတွက် ဘာမျှအကျိုးမရှိ။
၇ အကြောင်းမူကား၊ ရှုလော့၊ ထိုအမှုကို သူ့အတွက် ဖြောင့်မတ်ခြင်းဟု မမှတ်ယူ။
၈ အကြောင်းမူကား၊ ရှုလော့၊ လူသားသည် အဆိုးဖြစ်လျက် ပူဇော်သက္ကာကို လှူရာတွင် နှမြောသောစိတ်နှင့်ပြုလျှင်၊ သို့ဖြစ်၍ ထိုသူအား ပူဇော်သက္ကာကို ထိန်းသိမ်းထားလေသကဲ့သို့ မှတ်ယူ၏။ သို့ဖြစ်၍ သူ့ကို ဘုရားသခင်ရှေ့၌ အဆိုးအဖြစ် မှတ်ယူ၏။
၉ အကြင်လူသည် ဆုတောင်းသော်လည်း၊ စိတ်နှလုံး၏ စစ်မှန်သော ရည်ရွယ်ချက်နှင့်မဟုတ်လျှင်၊ သူ့ကို ထိုနည်းတူ အဆိုးအဖြစ် မှတ်ယူ၏။ ထိုမှတစ်ပါး၊ သူ့အတွက် ဘာမျှအကျိုးမရှိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ထိုကဲ့သို့သောသူမျိုးကို လက်မခံ။
၁၀ သို့ဖြစ်၍၊ လူသားသည် အဆိုးဖြစ်လျက် ကောင်းမြတ်သောအရာကို မပြုနိုင်။ ကောင်းမြတ်သောပူဇော်သက္ကာကိုလည်း သူလှူမည်မဟုတ်။
၁၁ အကြောင်းမူကား၊ ရှုလော့၊ ခါးသောစမ်းရေတွင်းသည် ကောင်းမြတ်သောရေကို မထွက်စေနိုင်။ ကောင်းသောစမ်းရေတွင်းသည်လည်း ခါးသောရေကို မထွက်စေနိုင်။ သို့ဖြစ်၍၊ လူသားသည် နတ်ဆိုး၏ကျွန်ဖြစ်လျက်၊ ခရစ်တော်၏နောက်သို့ မလိုက်နိုင်။ ထိုသူသည် ခရစ်တော်၏နောက်သို့လိုက်လျှင်၊ နတ်ဆိုး၏ကျွန် မဖြစ်နိုင်။
၁၂ သို့ဖြစ်၍၊ ကောင်းမြတ်သောအရာခပ်သိမ်းတို့သည် ဘုရားသခင်ထံမှ လာ၏။ ဆိုးသောအရာသည် နတ်ဆိုးထံမှ လာ၏။ အကြောင်းမူကား၊ နတ်ဆိုးသည် ဘုရားသခင်အဖို့ ရန်သူတစ်ဦးဖြစ်၏၊ သူ့ကို အစဉ်မပြတ် ဆန့်ကျင်တိုက်ခိုက်၍၊ လူတို့ကို အပြစ်ပြုစေရန်နှင့် ဆိုးသောအရာကို အစဉ်မပြတ်ပြုစေရန် ဖိတ်ခေါ်၍ သွေးဆောင်၏။
၁၃ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင်ထံမှ ဖြစ်သောအရာသည် ကောင်းမြတ်သည်ကို အစဉ်မပြတ်ပြုစေရန် ဖိတ်ခေါ်၍ သွေးဆောင်၏။ သို့ဖြစ်၍၊ ကောင်းမြတ်သည်ကို ပြုစေဖို့၊ ထို့အတူ၊ ဘုရားသခင်ကို ချစ်စေဖို့၊ ထို့အတူ၊ သူ့အစေကို ခံစေရန်၊ ဖိတ်ခေါ်၍၊ သွေးဆောင်သောအရာတိုင်းသည် ဘုရားသခင်အားဖြင့် လမ်းပြလှုံ့ဆော်သောအရာ ဖြစ်၏။
၁၄ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့သည် ဆိုးသောအရာကို ဘုရားသခင်၏အရာအဖြစ်လည်းကောင်း၊ ကောင်းမြတ်ပြီး၊ ဘုရားသခင်ထံမှဖြစ်သည့်အရာကို နတ်ဆိုး၏အရာအဖြစ်လည်းကောင်း တရားမစီရင်ရမည့်အကြောင်းကို သတိပြုကြလော့။
၁၅ အကြောင်းမူကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ တရားစီရင်စေဖို့ သင်တို့ကို အခွင့်ပေးထားသည်မှာ၊ အကောင်းနှင့်အဆိုးကို ခွဲခြား၍ သိနိုင်စေခြင်းငှာဖြစ်၏။ စုံလင်သောအသိပညာဖြင့် သင်တို့သိနိုင်ကြစေခြင်းငှာ၊ တရားစီရင်ရာနည်းလမ်းမှာ၊ နေ့အလင်းရောင်နှင့် မှောင်မိုက်ညတို့ ကွဲပြားသကဲ့သို့ပင် ရှင်းလင်း၏။
၁၆ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏ဝိညာဉ်တော်ကို လူတိုင်းကို ပေးထားသည်မှာ၊ အကောင်းနှင့်အဆိုးကို ခွဲခြား၍သိနိုင်စေခြင်းငှာ ဖြစ်၏။ သို့ဖြစ်၍၊ တရားစီရင်ရာနည်းလမ်းကို သင်တို့အား ငါပြမည်။ အကြောင်းမူကား၊ ကောင်းမြတ်သည်ကို ပြုစေရန်ဖိတ်ခေါ်သည့်၊ ထို့အတူ ခရစ်တော်ကို ယုံကြည်စေရန် ဖျောင်းဖျသည့်အရာတိုင်းသည် ခရစ်တော်၏ တန်ခိုးတော်နှင့် ဆုကျေးဇူးတို့အားဖြင့် စေလွှတ်သောအရာဖြစ်၏။ သို့ဖြစ်၍၊ သင်တို့သည် ထိုအရာကို ဘုရားသခင်ထံမှဖြစ်ကြောင်း စုံလင်သောအသိပညာဖြင့် သိနိုင်၏။
၁၇ သို့ရာတွင်၊ မကောင်းမှုကိုပြုပြီး၊ ခရစ်တော်၌ ယုံကြည်ခြင်းမရှိ၊ ထို့အတူ သူ့ကို ငြင်းဆိုပြီး၊ ဘုရားသခင်ကို အစေခံခြင်းမရှိစေရန် လူသားတို့ကို ဖျောင်းဖျသောအရာမှန်သမျှသည် နတ်ဆိုးထံမှ ဖြစ်ကြောင်းကို စုံလင်သောအသိပညာဖြင့် သင်တို့သိနိုင်ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးသည် ဤကဲ့သို့အားဖြင့် ကျင့်၍၊ ကောင်းမြတ်သည်ကိုပြုစေရန် လူသားကို မဖျောင်းဖျ။ တစ်ယောက်ကိုမျှ မဖျောင်းဖျသောကြောင့်ပေတည်း။ သူ၏တမန်တို့ကလည်း မဖျောင်းဖျ။ မိမိတို့ကိုယ်ကို သူ့ထံသို့ ဩဇာခံသောသူတို့သည်လည်း မဖျောင်းဖျကြ။
၁၈ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့ တရားစီရင်မည့်အလင်းကို သိ၍၊ ထိုအလင်းမှာ ခရစ်တော်၏အလင်း ဖြစ်၏။ သင်တို့သည် မှားယွင်းစွာ တရားမစီရင်နှင့်။ အကြောင်းမူကား၊ သင်တို့တရားစီရင်သည့် ထိုအလားတူတရားစီရင်ခြင်းဖြင့် သင်တို့တရားစီရင်ခံရကြလိမ့်မည်။
၁၉ သို့ဖြစ်၍၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် အကောင်းနှင့်အဆိုးကို ခွဲခြား၍ သိနိုင်ကြစေခြင်းငှာ၊ ခရစ်တော်၏အလင်းအားဖြင့် လုံ့လဝီရိယထက်သန်စွာ ရှာရမည့်အကြောင်း သင်တို့ကို ငါတိုးလျှိုးတောင်းပန်၏။ ထို့အတူ၊ သင်တို့သည် ကောင်းမြတ်သောအရာတိုင်းကို ဆွဲကိုင်ကြပြီး၊ ပြစ်တင်ရှုတ်ချခြင်းမရှိလျှင်၊ ခရစ်တော်၏သားအမှန်ပင်ဖြစ်လိမ့်မည်။
၂၀ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းမြတ်သောအရာတိုင်းကို ဆွဲကိုင်နိုင်ကြခြင်းဟူသည်ကား အဘယ်သို့အားဖြင့် ဖြစ်နိုင်မည်နည်း။
၂၁ ယခုမူကား၊ ငါဟောပြောမည်ဟု ဆိုသည့် ထိုယုံကြည်ခြင်းအကြောင်းကို ဆိုရပေအံ့။ ထို့အတူ၊ ကောင်းမြတ်သောအရာတိုင်းကို သင်တို့ဆွဲကိုင်နိုင်စေမည့်နည်းလမ်းကို သင်တို့အား ငါပြောပြမည်။
၂၂ အကြောင်းမူကား၊ ရှုလော့၊ ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို သိတော်မူလျက်၊ ထာဝရတည်မြဲခြင်းမှ ထာဝရတည်မြဲခြင်းသို့ ရှိတော်မူ၍၊ ကောင်းကင်တမန်တို့ကို လူသားတို့အား အမှုတော်ဆောင်စေခြင်းငှာလည်းကောင်း၊ ခရစ်တော် ကြွလာတော်မူခြင်းအကြောင်း ထင်ရှားစွာပြစေခြင်းငှာလည်းကောင်း စေလွှတ်တော်မူ၏။ ထို့အတူ ခရစ်တော်အားဖြင့် ကောင်းမြတ်သောအရာတိုင်း ရောက်လာလိမ့်မည်။
၂၃ ထို့အတူ၊ ဘုရားသခင်သည် ခရစ်တော်ကြွလာတော်မူမည့်အကြောင်းကို သူ၏နှုတ်တော်အားဖြင့် ပရောဖက်တို့အား ဟောကြားတော်မူ၏။
၂၄ ရှုဦးလော့၊ ကောင်းမြတ်သောအရာတို့ကို လူသားတို့ထံ သူထင်ရှားစွာပြတော်မူရာ အထူးထူးအပြားပြားသောနည်းလမ်းများရှိ၏။ ကောင်းမြတ်သောအရာမှန်သမျှသည် ခရစ်တော်ထံမှ လာ၏။ သို့မဟုတ်လျှင်၊ လူသားတို့ကျရှုံးပြီး၊ သူတို့ထံသို့ ကောင်းမြတ်သောအရာ ရောက်မလာနိုင်။
၂၅ သို့ဖြစ်၍၊ ကောင်းကင်တမန်များအမှုတော်ဆောင်ခြင်းအားဖြင့်၊ ထို့အတူ ဘုရားသခင်၏နှုတ်တော်မှထွက်သည့် နှုတ်ကပတ်တော်မှန်သမျှတို့အားဖြင့် လူသားတို့သည် ခရစ်တော်ကို ယုံကြည်မှုပြုခြင်းကို စတင်ခဲ့ကြ၏။ ထိုကဲ့သို့ ယုံကြည်ခြင်းအားဖြင့်၊ သူတို့သည် ကောင်းမြတ်သောအရာတိုင်းကို ဆွဲကိုင်ကြ၏။ ထိုကဲ့သို့ပြုသည်မှာ၊ ခရစ်တော်ကြွလာတော်မူခြင်းသို့တိုင်အောင် ဖြစ်လေသတည်း။
၂၆ သူကြွလာတော်မူပြီးနောက်တွင်၊ လူသားတို့သည်လည်း သူ၏နာမတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြ၏။ ယုံကြည်ခြင်းအားဖြင့်လည်း၊ သူတို့သည် ဘုရားသခင်၏ သားများဖြစ်လာကြ၏။ ထို့အတူ၊ ခရစ်တော်သည် ဧကန်အမှန် အသက်ရှင်တော်မူသည့်အတိုင်း၊ ဤစကားများကို ငါတို့ဘိုးဘေးတို့အား မိန့်တော်မူ၍ ဆိုလေသည်ကား၊ သင်တို့ရရှိလိမ့်မည်ဟုယုံကြည်လျက်၊ ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ ယုံကြည်ခြင်းဖြင့် တောင်းသည့် ကောင်းမြတ်သောအရာမှန်သမျှကို၊ ရှုလော့၊ သင်တို့ထံသို့ ပေးတော်မူလိမ့်မည်။
၂၇ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ခရစ်တော်သည် လူသားတို့အပေါ် ၌ သူ၏ကရုဏာတော်ထားပိုင်ခွင့်ကို ခမည်းတော်ထံမှ တောင်းဆိုခြင်းငှာ ကောင်းကင်သို့ တက်သွားတော်မူပြီး၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောကြောင့်၊ အလွန်တရာအံ့ဩဖွယ်အမှုတို့ ရပ်တန့်သွားလေပြီလော။
၂၈ အကြောင်းမူကား၊ သူသည် ပညတ်တရား၏အလိုသို့ ပြည့်စုံစေတော်မူပြီး၊ သူ့ကို ယုံကြည်သောသူမှန်သမျှတို့ကို တောင်းဆို၏။ သူ့ကို ယုံကြည်သောသူတို့သည်လည်း ကောင်းမြတ်သောအရာတိုင်း၌ စွဲမြဲကြလိမ့်မည်။ သို့ဖြစ်၍၊ သူသည် လူသားတို့၏အမှုကို လျှောက်လဲ၏။ ကောင်းကင်ဘုံ၌လည်း အစဉ်ထာဝရ နေထိုင်တော်မူ၏။
၂၉ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤသို့ သူပြုသောကြောင့်လည်း အလွန်တရာအံ့ဩဖွယ်အမှုများ ရပ်တန့်သွားလေပြီလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ လူသားတို့ကို ကောင်းကင်တမန်တို့ အမှုတော်ဆောင်ခြင်းသည်လည်း ရပ်တန့်မသွား။
၃၀ အကြောင်းမူကား၊ ရှုလော့၊ ထိုကောင်းကင်တမန်တို့သည် သူ၏အမိန့်စကားအတိုင်း အမှုတော်ဆောင်ကြခြင်းငှာ၊ အားကြီးသောယုံကြည်ခြင်းရှိပြီး၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအမျိုးမျိုးတွင် ခိုင်မြဲသောစိတ်ရှိသူတို့ထံသို့ သူတို့ကိုယ်တိုင်ထင်ရှားစွာပြလျက် သူ၏ဩဇာခံများ ဖြစ်ကြ၏။
၃၁ ထို့အတူ၊ သူတို့အမှုတော်ဆောင်ခြင်း၏ အမှုအရာမှာ လူသားတို့ကို နောင်တရခြင်းသို့ခေါ်ရန်၊ လူသားတို့ထံ ပြုထားသည့် ခမည်းတော်၏ ပဋိညာဉ်မှ အမှုတို့ကို ပြီးပြည့်စုံစေရန်နှင့် ဆောင်ရွက်စေရန်၊ ကိုယ်တော်ရှင်ရွေးကောက်ထားတော်မူသောတန်ဆာတို့ သူ့အကြောင်းကို သက်သေခံနိုင်ကြစေခြင်းငှာ၊ သူတို့ထံသို့ ခရစ်တော်၏နှုတ်ကပတ်တော်ကို ဟောကြားခြင်းအားဖြင့်၊ လူသားတို့ ၌ လမ်းကို ပြင်ဆင်စေခြင်းငှာပေတည်း။
၃၂ ထိုကဲ့သို့ ပြုခြင်းအားဖြင့်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ကျန်ကြွင်းသောသူတို့ ခရစ်တော်ကို ယုံကြည်ခြင်း ရှိနိုင်ကြစေခြင်းငှာ နည်းလမ်းကို ပြင်ဆင်ပေးတော်မူ၍၊ တန်ခိုးတော်အတိုင်း၊ သူတို့စိတ်နှလုံး၌ သန့်ရှင်းသောဝိညာဉ်တော် နေရာရနိုင်စေခြင်းငှာဖြစ်၏။ ဤကဲ့သို့အားဖြင့်၊ ခမည်းတော်သည် လူသားတို့ထံ ပြုထားတော်မူသော ပဋိညာဉ်များကို ပြီးပြည့်စေတော်မူ၏။
၃၃ ခရစ်တော်ကလည်း၊ မိန့်တော်မူလေသည်မှာ သင်သည် ငါ့ကို ယုံကြည်ခြင်းရှိမည်ဆိုလျှင်၊ ငါ့မှာရှိသည့်ကောင်းမြတ်သောအရာမှန်သမျှကို ပြုဖို့ တန်ခိုးကို ရလိမ့်မည်။
၃၄ ထို့အတူ၊ သူမိန့်တော်မူလေသည်ကား၊ နောင်တရကြလော့ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့၊ ငါ့ထံသို့လာ၍လည်း ငါ၏နာမတော်၌ ဗတ္တိဇံခံကြပြီး၊ ငါ့ကို ယုံကြည်ခြင်း ရှိကြလော့။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်နိုင်ကြ၏။
၃၅ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ဤသို့ဖြစ်၍၊ သင်တို့ကို ငါပြောသည့်အရာများ မှန်ကန်ပြီး၊ ထိုအရာတို့မှန်ကန်ကြောင်းကို ဘုရားသခင်သည် တန်ခိုးတော်အရှိန်နှင့် ကြီးစွာသောဘုန်းတော်တို့ဖြင့် နောက်ဆုံးသောနေ့၌ သင်တို့ကို ပြတော်မူလိမ့်မည်။ ထိုအရာတို့ မှန်ကန်လျှင်၊ အလွန်တရာအံ့ဩဖွယ်အမှုတို့၏ကာလ ကုန်ဆုံးလေပြီလော။
၃၆ သို့မဟုတ်၊ ကောင်းကင်တမန်တို့သည် လူသားတို့ထံ ရောက်လာခြင်းကို ရပ်တန့်လေပြီလော။ သို့မဟုတ်၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို ထိုသူတို့ထံမှ ရုပ်သိမ်းလေပြီလော။ သို့မဟုတ်၊ သူသည် အချိန်ကြာရှည်သမျှ၊ သို့မဟုတ် ကမ္ဘာမြေကြီးတည်ရှိသမျှ၊ သို့မဟုတ် လူတစ်ဦး မြေကြီးမျက်နှာပြင်ပေါ်၌ ကယ်တင်ခြင်းသို့ရောက်ဖို့ ရှိလေသမျှ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို ရုပ်သိမ်းမည်လော။
၃၇ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား၊ ယုံကြည်ခြင်းအားဖြင့် အလွန်တရာအံ့ဩဖွယ်အမှုများကို ပြုပြင်စီရင်ထား၏။ ထို့အတူ၊ ယုံကြည်ခြင်းအားဖြင့် ကောင်းကင်တမန်တို့သည် လူသားတို့ထံသို့ ရောက်လာပြီး အမှုတော်ဆောင်ကြ၏။ သို့ဖြစ်၍၊ ဤအရာတို့ ရပ်တန့်သွားလေလျှင်၊ လူသားတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုအရာတို့ရပ်တန့်ခြင်းမှာ မယုံကြည်ခြင်းကြောင့်ဖြစ်၍၊ အားလုံးအချည်းနှီးဖြစ်၏။
၃၈ အကြောင်းမူကား၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့အတိုင်း၊ သူ၏နာမတော်ကို သူတို့ယုံကြည်ခြင်းမရှိလျှင်၊ ကယ်တင်ခြင်းသို့ အဘယ်သူမျှ မရောက်နိုင်။ သို့ဖြစ်၍၊ ဤအရာတို့ရပ်တန့်သွားလျှင်၊ ယုံကြည်ခြင်းသည်လည်း ရပ်တန့်သွား၏။ လူသား၏အခြအနေမှာလည်း အလွန်ဆိုးရွား၏။ သူတို့သည်ကား၊ ရွေးနှုတ်ခြင်းကို ပြုမထားခဲ့လေသကဲ့သို့ ဖြစ်ကြ၏။
၃၉ သို့ရာတွင်၊ ရှုလော့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါသည် သင်တို့၏သာ၍ကောင်းမြတ်သောအရာများကို တရားစီရင်၏။ အကြောင်းမူကား၊ သင်တို့၏သိမ်မွေ့အောက်ကျို့ခြင်းကြောင့်၊ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းရှိကြကြောင်း ငါစီရင်၏။ သင်တို့သည် သူ့ကို ယုံကြည်ခြင်းမရှိလျှင်၊ သူ့အသင်းတော်၏လူများ၌ ရေတွက်ခံရဖို့ မသင့်လျော်။
၄၀ ထိုမှတစ်ဖန်၊ ငါ၏ချစ်လှစွာသောညီအကိုတို့၊ မျှော်လင့်ခြင်းအကြောင်းကို သင်တို့အား ငါပြောလို၏။ သင်တို့၌ မျှော်လင့်ခြင်းမရှိကြလျှင်၊ ယုံကြည်ခြင်းကို အဘယ်သို့အားဖြင့်၊ ရရှိနိုင်ကြမည်နည်း။
၄၁ ထို့အတူ၊ သင်တို့သည် အဘယ်အရာကို မျှော်လင့်ကြမည်နည်း။ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် သူ၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်တို့အားဖြင့် အသက်ထာဝရရှင်ရာသို့ ထမြောက်စေဖို့ မျှော်လင့်ခြင်းရှိကြလိမ့်မည်။ ဤအမှုသည်ကား၊ ကတိတော်အတိုင်း သူ့ကို သင်တို့၏ယုံကြည်ခြင်းကြောင့်ပေတည်း။
၄၂ သို့ဖြစ်၍၊ အကြင်လူသည် ယုံကြည်ခြင်းရှိလျှင်၊ မျှော်လင့်ခြင်းရှိဖို့ လိုအပ်၏။ အကြောင်းမူကား၊ ယုံကြည်ခြင်းမရှိဘဲနှင့် အဘယ်မျှော်လင့်ခြင်းမျှမရှိနိုင်။
၄၃ ထိုမှတစ်ဖန်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ထိုသူသည် သိမ်မွေ့အောက်ကျို့ခြင်း၊ ထို့အတူ စိတ်နှလုံးနှိမ့်ချခြင်းမရှိလျှင် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း မရှိနိုင်။
၄၄ ထိုသို့ဖြစ်လျှင်၊ သူ၏ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းသည် အချည်းနှီးဖြစ်၏။ အကြောင်းမူကား၊ သိမ်မွေ့အောက်ကျို့သောသူနှင့် စိတ်နှလုံးနှိမ့်ချသောသူတို့မှတစ်ပါး၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှနှစ်သက်ဖွယ်မရှိ။ လူသည် သိမ်မွေ့အောက်ကျို့၍၊ စိတ်နှလုံးနှိမ့်ချလျက်၊ ယေရှုအား ခရစ်တော်ဖြစ်ကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဝန်ခံလျှင်၊ ထိုသူသည် မေတ္တာရှိဖို့လိုအပ်၏။ အကြောင်းမူကား၊ ထိုသူသည်မေတ္တာမရှိလျှင်အချည်းနှီးသက်သက်ဖြစ်၏။ သို့ဖြစ်၍၊ ထိုသူသည် မေတ္တာရှိဖို့ လိုအပ်၏။
၄၅ မေတ္တာသည်ကား၊ စိတ်ရှည်တတ်၏၊ ထို့အတူ ကြင်နာတတ်၏၊ ထို့အတူ ငြူစူခြင်းမရှိ၊ ထို့အတူ မာနထောင်လွှားခြင်း မရှိ၊ ကိုယ်ကျိုးမရှာတတ်၊ လွယ်ကူစွာ အမျက်မထွက်စေတတ်၊ မကောင်းမှုကို မတွေးတတ်၊ ထို့အတူ ဒုစရိုက်၌ ရွှင်လန်းဝမ်းမြောက်ခြင်းမရှိ၊ သို့ရာတွင် သမ္မာတရား၌ ရွှင်လန်းဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာတို့ကို သည်းခံတတ်၏။ ခပ်သိမ်းသောအရာတို့ကို ယုံတတ်၏။ ခပ်သိမ်းသောအရာတို့ကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာတို့ကို ကြံ့ကြံ့ခံတတ်၏။
၄၆ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့၌ မေတ္တာမရှိလျှင်၊ သင်တို့သည် အချည်းနှီးသက်သက်ဖြစ်၏။ အကြောင်းမူကား၊ မေတ္တာသည် အဘယ်တော့မျှ မချို့တဲ့။ သို့ဖြစ်၍၊ အရာခပ်သိမ်းတို့ထက်အကြီးမြတ်ဆုံးဖြစ်သည့် မေတ္တာ၌ စွဲမြဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ခပ်သိမ်းသောအရာတို့ ချို့တဲ့ရကြပေမည်—
၄၇ သို့ရာတွင်၊ မေတ္တာသည် ခရစ်တော်၏ စင်ကြယ်သောချစ်ခြင်းဖြစ်ပြီး၊ ကာလအစဉ်အဆက် တည်၏။ နောက်ဆုံးသောနေ့၌ ထိုအရာကို ပိုင်ဆိုင်လျက် တွေ့ရသောသူမှန်သမျှသည် ကောင်းသောအကျိုးခံရလိမ့်မည်။
၄၈ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ခမည်းတော်ထံသို့ စိတ်နှလုံးအစွမ်းရှိသမျှဖြင့် ဆုတောင်းကြလော့၊ သူ့သားတော်၊ ယေရှုခရစ်တော်၏ စစ်မှန်သောတပည့်တော်များအား ပေးတော်မူသည့် ဤချစ်ခြင်းဖြင့် သင်တို့၌ ပြည့်နိုင်ကြစေကြောင်းပေတည်း၊ သင်တို့သည် ဘုရားသခင်၏သားများ ဖြစ်လာနိုင်ကြစေခြင်းငှာ၊ ငါတို့သည် သူ့အား ဖြစ်တော်မူသည့်အတိုင်း မြင်ရမည်ဖြစ်၍၊ သူပေါ်ထွန်းလာတော်မူသောအခါ၌ သူနှင့် တူကြစေခြင်းငှာ၊ ငါတို့၌ ဤမျှော်လင့်ခြင်း ရှိနိုင်ကြစေခြင်းငှာ၊ သူစင်ကြယ်တော်မူသကဲ့သို့ပင် ငါတို့စင်ကြယ်နိုင်ကြစေခြင်းငှာလည်းဖြစ်ပေ၏။ အာမင်။