နီဖိုင်း၏ညီ
ယာကုပ်ကျမ်း
ညီအစ်ကိုတို့အား ဟောပြောသည့် သူ၏စကားများ။ သူသည် ခရစ်တော်၏ဩဝါဒကို ဖျက်ဆီးရန် ကြိုးစားသူကို ချေပ၏။ နီဖိုင်းလူမျိုးတို့၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် စကားအနည်းငယ်။
အခန်းကြီး ၁
ယာကုပ်နှင့် ယောသပ်သည် လူတို့အား ခရစ်တော်ကို ယုံကြည်၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းကြစေခြင်းငှာ ဖျောင်းဖျရန်ကြိုးစားကြ၏—နီဖိုင်းသေ၏—ဆိုးညစ်ခြင်းသည် နီဖိုင်းအမျိုးသားတို့၌ ပျံ့နှံ့၏။ ဘီစီ ၅၄၄–၄၂၁ ခန့်။
၁ ရှုလော့၊ အချိန်တန်လာသောအခါ၊ လေဟိယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ ငါးဆယ်ငါးနှစ် ကြာခဲ့ပေပြီ။ သို့ဖြစ်၍၊ ရေးထွင်းထားသည့် ပုရပိုက်ပြားအငယ်တို့နှင့်စပ်လျဉ်းသည့် မိန့်မှာချက်ကို နီဖိုင်းသည် ငါယာကုပ်အား ပေးခဲ့၏။
၂ အဖိုးအထိုက်ဆုံးဟု ငါထင်သည့်အရာတို့မှ အနည်းငယ်တို့ကို ဤပုရပိုက်ပြားများပေါ်တွင် ရေးရမည့်အကြောင်းနှင့် နီဖိုင်းလူမျိုးများဟုခေါ်သည့် ဤလူမျိုးတို့၏သမိုင်းကြောင်းနှင့်စပ်လျဉ်း၍၊ အကျဉ်းချုပ်မျှသာ ရေးရမည့်အကြောင်း မိန့်မှာချက်ကိုလည်း ငါယာကုပ်အား ပေး၏။
၃ အကြောင်းမူကား၊ သူဆိုသည်မှာ၊ သူ့လူမျိုးတို့၏ သမိုင်းကြောင်းကို သူ၏အခြားပုရပိုက်ပြားများပေါ်၌ ရေးထွင်းရမည့်အကြောင်းနှင့် ဤပုရပိုက်ပြားများကို ငါထိန်းသိမ်းစောင့်ရှောက်၍၊ ငါ၏အမျိုးအနွယ်များသို့ လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်းပေးသွားရမည့်အကြောင်းပေတည်း။
၄ သန့်ရှင်းမွန်မြတ်သောဟောပြောခြင်း၊ သို့မဟုတ်၊ ကြီးမြတ်သော ဗျာဒိတ်တော်၊ သို့မဟုတ် ပရောဖက်ပြု၍ဟောခြင်းတို့ ရှိလေလျှင်၊ အရေးအကြီးဆုံးအချက်များကို ငါသည် ခရစ်တော်ကို အကြောင်းပြု၍၊ ငါတို့လူမျိုးများ၏အကျိုးအတွက် ဤပုရပိုက်ပြားများပေါ်တွင် ရေးထွင်း၍၊ ဖြစ်နိုင်သမျှကိုလည်း ၎င်းတို့အပေါ်၌ ရေးရမည့်အကြောင်းလည်း ဖြစ်၏။
၅ အကြောင်းမူကား၊ ယုံကြည်ခြင်းနှင့် ကြီးစွာသောစိုးရိမ်ပူပန်မှုတို့ကြောင့်၊ ငါတို့၏လူမျိုးများနှင့်စပ်လျဉ်း၍၊ သူတို့၌အဘယ်သို့သောအရာများ ဖြစ်လာလိမ့်မည်ကို ငါတို့အား အမှန်ပင် ထင်ရှားစွာပြထားတော်မူလေ၏။
၆ ငါတို့၌ ဗျာဒိတ်တော်များစွာနှင့် ပရောဖက်ပြုဟောချက်ဝိညာဉ်များစွာတို့လည်းရှိ၏။ သို့ဖြစ်၍၊ ငါတို့သည် ခရစ်တော်နှင့် တည်ထောင်တော်မူမည့် သူ၏နိုင်ငံတော်အကြောင်းကို သိကြ၏။
၇ သို့ဖြစ်၍၊ ငါတို့၏လူမျိုးတို့၌ ငါတို့လုံလဝီရိယထက်သန်စွာ အလုပ်လုပ်ကြသည်မှာ၊ သူတို့အား ခရစ်တော်ထံသို့လာ၍၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ခံယူကြစေရန် ဖျောင်းဖျနိုင်ခြင်းငှာလည်းကောင်း၊ သူ၏ချမ်းသာခြင်းထဲသို့ ဝင်နိုင်စေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားတို့ တောရိုင်းထဲ၌ရှိစဉ်တွင် ဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းခြင်းကာလ၌ ရှိသကဲ့သို့၊ သူတို့မဝင်နိုင်စေကြောင်း၊ သူ၏အမျက်တော်ဖြင့် ကျိန်ဆိုခြင်းကို မခံရကြစေခြင်းငှာပေတည်း။
၈ သို့ဖြစ်၍၊ ဘုရားသခင်ထံသို့ ငါတို့ဆုတောင်းကြသည်မှာ ခပ်သိမ်းသောလူသားတို့ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း၊ အမျက်တော်ထွက်စေရန် နှိုးဆော်ခြင်းတို့ မရှိစေကြောင်း ဖျောင်းဖျနိုင်စေခြင်းငှာလည်းကောင်း၊ သို့ရာတွင်၊ လူသားခပ်သိမ်းတို့ ခရစ်တော်ကို ယုံကြည်လိုပြီး၊ သူ၏သေခြင်းကို ဆင်ခြင်လျက်၊ သူ၏လက်ဝါးကပ်တိုင်ကိုခံယူ၍၊ လောက၏ကဲ့ရဲ့ခြင်းကို သည်းခံနိုင်စေခြင်းငှာပေတည်း။ သို့ဖြစ်၍၊ ငါယာကုပ်သည် ငါ၏အစ်ကိုနီဖိုင်း၏ မိန့်မှာချက်ကို ပြီးပြည့်စုံ စေခြင်းငှာ ထိုအရာကို ငါ့အပေါ်၌ ခံယူ၏။
၉ ယခုတွင်၊ နီဖိုင်းသည် အိုမင်းစပြုလာပြီဖြစ်၍၊ မကြာမြင့်မီ သေရတော့မည့်အကြောင်းကို သိလေ၏။ သို့ဖြစ်၍၊ သူသည် ရှင်ဘုရင်တို့၏ နန်းစံခြင်းများအတိုင်း လူတစ်ဦးကို သူ့လူမျိုးတို့အပေါ် ရှင်ဘုရင်နှင့် အုပ်စိုးသူအဖြစ် ဆီလိမ်း၍ ယခုအချိန်တွင် ခန့်အပ်လေ၏။
၁၀ လူတို့သည် နီဖိုင်းကို သူတို့အတွက် ကြီးမြတ်သော ကာကွယ်စောင့်ရှောက်သူ ဖြစ်လေသောကြောင့်လည်းကောင်း၊ သူတို့ကို ကာကွယ်ရာ၌ လာဗန်၏ဓားကို ကျင်လည်စွာအသုံးချလေသောကြောင့်လည်းကောင်း၊ သူတို့၏ကောင်းကျိုးအတွက် သူ့ဘဝတစ်လျှောက်လုံး အလုပ်လုပ်လေသောကြောင့်လည်းကောင်း လွန်စွာချစ်ကြ၏—
၁၁ သို့ဖြစ်၍၊ လူတို့သည် သူ၏အမည်ကို အောက်မေ့ခြင်းဖြင့်သတိရစေရန် အလိုရှိကြ၏။ သူ၏နေရာ၌ နန်းစံသူမှန်သမျှကို ရှင်ဘုရင်တို့၏ နန်းစံခြင်းအတိုင်း ဒုတိယနီဖိုင်း၊ တတိယနီဖိုင်း စသည်ဖြင့် လူတို့ခေါ်ကြလေ၏။ သူတို့၏အမည်များ အဘယ်သို့ဖြစ်စေကာမူ လူတို့က ထိုကဲ့သို့အားဖြင့်ခေါ်ကြလေ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းသေ၏။
၁၃ ယခုတွင်၊ လာမန်အမျိုးသား မဟုတ်သောလူများသည် နီဖိုင်းအမျိုးသားများ ဖြစ်လေ၏။ အဘယ်သို့ပင်ဖြစ်စေ၊ သူတို့ကို နီဖိုင်းအမျိုးသားများ၊ ယာကုပ်အမျိုးသားများ၊ ယောသပ်အမျိုးသားများ၊ ဇော်ရမ်အမျိုးသားများ၊ လာမန်အမျိုးသားများ၊ လေမွေလအမျိုးသားများနှင့် ဣရှမေလအမျိုးသားများဟု ခေါ်ကြလေ၏။
၁၄ သို့ရာတွင်၊ ငါယာကုပ်သည် နောင်ကာလ၌ သူတို့ကို ဤအမည်များအားဖြင့် ခွဲခြားမည်မဟုတ်။ သို့ရာတွင်၊ နီဖိုင်းလူမျိုးတို့ကို ဖျက်ဆီးရန်ကြိုးစားသောသူများကို လာမန်အမျိုးသားများဟု ခေါ်မည်။ နီဖိုင်းကို ခင်မင်သောသူများကို ရှင်ဘုရင်တို့၏ နန်းစံခြင်းအတိုင်း နီဖိုင်းအမျိုးသားများ သို့မဟုတ်၊ နီဖိုင်းလူမျိုးများဟု ခေါ်မည်။
၁၅ ယခုမူကား၊ နီဖိုင်းလူမျိုးတို့သည် ဒုတိယမြောက်ရှင်ဘုရင်၏ နန်းစံခြင်းအောက်၌ သူတို့၏စိတ်နှလုံး မာကျောစပြုလာ၍၊ ဇနီးများစွာနှင့် မယားငယ်တို့ကို အလိုရှိကြသော ရှေးက ဒါဝိဒ်နှင့် သူ၏သားရှောလမုန်ကဲ့သို့ စသည့် ဆိုးညစ်သောအကျင့်များအားဖြင့် မိမိတို့ကိုယ်ကို အတော်အသင့်အလိုလိုက်လာကြ၏။
၁၆ ထိုမှတစ်ပါး၊ သူတို့သည် များစွာသောရွှေနှင့် ငွေတို့ကိုလည်း ရှာဖွေစပြု၍၊ မာနဖြင့်အတော်အသင့် ဘဝင်မြင့်စပြုကြ၏။
၁၇ သို့ဖြစ်၍၊ ငါယာကုပ်သည် ငါ၏အမှုတော်ကို ကိုယ်တော်ရှင်ထံမှ ပထမဦးဆုံးခံယူပြီးနောက်၊ သူတို့အား ဗိမာန်တော်ထဲ၌ သွန်သင်ပေးစဉ်တွင် ဤစကားများကို ဟောပြောခဲ့၏။
၁၈ အကြောင်းမူကား၊ ငါယာကုပ်နှင့် ငါ၏ညီယောသပ်တို့သည် ယဇ်ပုရောဟိတ်များနှင့် ဆရာများအဖြစ် နီဖိုင်း၏လက်အားဖြင့် ခန့်ထားခံရလေ၏။
၁၉ ငါတို့သည်လည်း၊ တာဝန်ကို ငါတို့ကိုယ်ပေါ်မှာ ခံယူလျက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတို့အား လုံ့လဝီရိယရှိသမျှနှင့် သွန်သင်မပေးလျှင်၊ လူတို့၏အပြစ်များအတွက် ငါတို့၏ဦးခေါင်းပေါ်မှာ တာဝန်ရှိသည်ဟုခံယူလျက်၊ ကိုယ်တော်ရှင်အဖို့ ငါတို့၏အမှုအရာကို တိုးမြှင့်ဆောင်ရွက်ကြ၏၊ သို့ဖြစ်၍၊ ငါတို့၏အစွမ်းသတ္တိရှိသမျှနှင့် အလုပ်လုပ်ခြင်းအားဖြင့်၊ သူတို့၏အသွေးသည် ငါတို့၏အဝတ်တန်ဆာများကို မစွန်းနိုင်။ သို့မဟုတ်လျှင်၊ သူတို့၏အသွေးက ငါတို့၏အဝတ်တန်ဆာများကို စွန်းသဖြင့်၊ နောက်ဆုံးသောနေ့၌ ငါတို့ကို အပြစ်ကင်းစင်လျက် မတွေ့ရ။