ကျမ်းစာများ
ယာကုပ် ၅


အခန်းကြီး ၅

ယာကုပ်သည် ဇေနုတ်၏ ယဉ်သော​သံလွင်ပင်နှင့် ရိုင်းသော​သံလွင်ပင်တို့၏ ပုံပမာနှင့်​စပ်လျဉ်း၍၊ ကိုးကားပြီး ပြောပြ၏—ထိုအပင်တို့သည် ဣသရေလ​အမျိုးတို့နှင့် တပါး​အမျိုးသားတို့၏ ပုံသဏ္ဌာန်​ဖြစ်ကြ၏—ဣသရေလ​အမျိုးတို့၏ ကွဲပြား​ပြန့်ကျဲခြင်းနှင့် စုဝေးခြင်းကို နိမိတ်​ပြထား၏—နီဖိုင်း​အမျိုးသားများ၊ လာမန်​အမျိုးသားများနှင့် ဣသရေလ​အမျိုးသားခပ်သိမ်းသို့ အရိပ်​အမြွက်များ ပြထား၏—တပါး​အမျိုးသားတို့ကို ဣသရေလ​အမျိုးများထဲသို့ အကိုင်း​ဆက်၍​စိုက်လိမ့်မည်—နောက်ဆုံးတွင် ဥယျာဉ်သည် လောင်မြိုက်လိမ့်မည်။ ဘီစီ ၅၄၄–၄၂၁ ခန့်။

ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ပရောဖက်​ဇေနုတ်၏​စကားများအား ဖတ်ရသည်ကို သင်တို့ သတိ​မရကြသလော။ ဣသရေလ​အမျိုးသားတို့ကို သူဆို၍​ပြောလေသည်ကား၊

စေ့စေ့နားထောင်ကြလော့၊ အို ဣသရေလ​အမျိုးသားတို့၊ ကိုယ်တော်ရှင်၏ ပရောဖက်​တစ်ပါး​ဖြစ်သည့် ငါ၏​စကားများကို ကြားနာ​ကြလော့။

အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ အို ဣသရေလ​အမျိုးသားတို့၊ လူတစ်ဦး​ယူ၍​သူ့ ဥယျာဉ်၌ ပြုစု​ပျိုးထောင်သည့် ယဉ်သော​သံလွင်ပင်နှင့် သင်တို့ကို ငါပမာ​ပြုမည်။ ထိုအပင်သည် ကြီးထွား၍ ရင့်ရော်လျက် ပုပ်ပျက်​စပြု၏။

ဤသို့အားဖြင့်​အချိန်​တန်လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် သွား၍ သူ၏​သံလွင်ပင် ပုပ်ပျက်​စပြုသည်ကို မြင်၍ ပြောလေသည်ကား၊ နုနယ်သော​အတက် ထွက်ကောင်း​ထွက်စိမ့်ခြင်းငှာ၊ ထို့အပင်ကို ငါသုတ်​သင်၍၊ ပတ်လည်၌​တူးဆွလျက်၊ ပြုစု​ပျိုးထောင်မည်။ ပျက်စီးခြင်း​မရှိရ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ၏​စကား​အတိုင်း ထိုအပင်ကို သုတ်သင်၍၊ ပတ်လည်၌ တူးဆွလျက် ပြုစု​ပျိုးထောင်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ရက်ပေါင်းများစွာ​ကြာပြီးနောက်၊ ထိုအပင်မှ သေးငယ်​နုနယ်သော အတက်​အနည်းငယ် အတော်​အသင့်​ထွက်လာ​သော်လည်း ပင်စည်​ထိပ်ပိုင်းမှာ ပျက်စီး​စပြု၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် ထိုအမှုကို​မြင်၍ သူ၏​ကျွန်ကို ဆိုသည်ကား၊ ဤအပင်ကို ငါဆုံးရှုံး​ရခြင်းက ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။ သို့ဖြစ်၍၊ ရိုင်းသော​သံလွင်​ပင်မှ အခက်တို့ကို သွား၍ ခူးပြီး ငါ့ဆီသို့ ယူလာလော့။ ညှိုးနွမ်း​စပြု​နေသော ပင်စည်​အခက်တို့ကို ငါတို့​ခူးဖြတ်မည်၊ ၎င်းတို့ကို လောင်မြိုက်​စေကြောင်း မီးထဲသို့ ငါတို့ပစ်ကြမည်။

ရှုဦးလော့၊ ဥယျာဉ်​ပိုင်ရှင်က ဆိုသည်မှာ၊ ငါသည် ဤနုနယ်သော​အခက်တို့ကို ယူသွားပြီး၊ ငါ​အလို​ရှိသည့် အဘယ်​နေရာ၌​ဖြစ်စေ အကိုင်း​ဆက်၍​စိုက်မည်။ ဤ​အပင်၏​အမြစ်သည် ပျက်စီး​လျှင်လည်း အရေး​မကြီး၊ ငါသည် ထိုအပင်၏​အသီးကို ငါ့အတွက် ထိန်းသိမ်း​စောင့်ရှောက်မည်။ သို့ဖြစ်၍၊ ငါသည် ဤနုနယ်သော​အခက်များကို​ယူ၍ ငါအလို​ရှိသည့် အဘယ်​နေရာ၌​ဖြစ်စေ အကိုင်း​ဆက်၍​စိုက်မည်။

သင်သည် ရိုင်းသော​သံလွင်ပင်၏​အခက်တို့ကို ယူလျက်၊ ယဉ်သော​အပင်၏​နေရာ၌ အကိုင်း​ဆက်၍ စိုက်လော့။ ငါသည် ခူးဖြတ်​ခဲ့လေသော ဤအခက်တို့ကို မီးထဲသို့​ပစ်၍ လောင်မြိုက်​စေမည်ကား၊ ငါ့ဥယျာဉ်​မြေကို ဝန်မလေးစေခြင်းငှာ​ပေတည်း။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်၏​ကျွန်သည် ဥယျာဉ်​ပိုင်ရှင်၏​စကား​အတိုင်း ပြု၍၊ ရိုင်းသော​သံလွင်ပင်၏​အခက်တို့ကို အကိုင်း​ဆက်၍ စိုက်၏။

၁၁ ဥယျာဉ်​ပိုင်ရှင်ကလည်း၊ ထိုအပင်ကို ပတ်လည်၌ တူးဆွစေ၊ သုတ်သင်စေ၊ ပြုစု​ပျိုးထောင်​စေလျက် ကျွန်ကို ဆိုသည်ကား၊ ဤအပင်ကို ဆုံးရှုံး​ရခြင်းက ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။ သို့ဖြစ်၍၊ ငါသည် ထိုအပင်၏​အမြစ်တို့​မပျက်စီး​စေခြင်းငှာ၊ ထိန်းသိမ်း​စောင့်ရှောက်​ကောင်း စောင့်ရှောက်​နိုင်စေကြောင်းနှင့် ငါ့အဖို့​ထိန်းသိမ်း​စောင့်ရှောက်​နိုင်စေကြောင်း ဤအမှုကို ပြုလေပြီ။

၁၂ သို့ဖြစ်၍၊ သင့်လမ်းသင်သွားလော့။ ငါ၏​စကားများ​အတိုင်း၊ အပင်ကို ကြည့်ရှု​စောင့်ရှောက်၍ ပြုစု​ပျိုးထောင်လော့။

၁၃ ဤအခက်တို့ကိုလည်း ငါသည် ငါ့ဥယျာဉ်၏ အနိမ့်ဆုံး​အပိုင်းတွင်​ထား၍၊ ငါအလို​ရှိသည့် အဘယ်​နေရာ၌​ဖြစ်စေ သင့်​အတွက် အရေးမကြီး။ ထိုသို့​ငါပြုသည်ကား၊ ငါ့အဖို့ အပင်၏​ပကတိ​အခက်များကို ထိန်းသိမ်း​စောင့်ရှောက်​နိုင်စေခြင်းငှာနှင့်၊ အသီး​မသီးသည့်​ရာသီ​အတွက် ငါ့အဖို့ ထိုအပင်၏​အသီးကို သိုထားနိုင်ခြင်း​ငှာလည်း ဖြစ်၏။ အကြောင်းမူကား၊ ဤအပင်နှင့် အပင်၏​အသီးကို ဆုံးရှုံး​ရခြင်းက ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်ပိုင်ရှင်သည် သူ့လမ်းသူ​သွား၍၊ ယဉ်သော​သံလွင်ပင်၏​ပကတိ​အခက်များကို ဥယျာဉ်၏​အနိမ့်ဆုံး​အပိုင်း၌ သူ၏​စိတ်​အလို​ဆန္ဒ​အတိုင်း၊ အချို့ကို တစ်နေရာ၊ အချို့ကို တခြား​တစ်နေရာတွင် ဝှက်ထားလေ၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အချိန်​များစွာ​ကုန်လွန်၍ ဥယျာဉ်​ပိုင်ရှင်သည် မိမိကျွန်ကို၊ လာလော့၊ ငါတို့သည် ဥယျာဉ်​ထဲ၌ အလုပ်လုပ်​ကြခြင်းငှာ၊ ဥယျာဉ်​ထဲသို့ ဆင်းသွား​ကြကုန်အံ့ဟု ဆိုလေ၏။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်နှင့် ကျွန်တို့​သည်လည်း အလုပ်လုပ်ရန် ဥယျာဉ်​ထဲသို့ဆင်းသွားကြ၏။ ထိုကျွန်ကလည်း သူ၏​သခင်ကို ရှုပါ၊ ဤအရပ်မှာ​ကြည့်၍ အပင်ကို မြင်စမ်း​ပါဦးဟု ဆိုလေ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် ကြည့်ရှုလျှင်၊ ရိုင်းသော​သံလွင်​ပင်တို့ကို အကိုင်း​ဆက်၍ စိုက်ထားသည့် အပင်ကို မြင်၏။ ထိုအပင်သည် ကြီးထွား၍ အသီးသီး​စပြုလေ၏။ ထိုအမှု​ကောင်းမြတ်​သည်ကိုလည်း မြင်၏။ အပင်၏​အသီး​သည်လည်း ပကတိ​အသီးကဲ့သို့ ဖြစ်လေ၏။

၁၈ ကျွန်ကို ဆိုလေ​သည်ကား၊ ရှုလော့၊ ရိုင်းသော​အပင်၏​အခက်တို့သည် အပင်၏​အမြစ်ကို ခွန်အား​များစွာ​ဖြစ်ထွန်း​စေခြင်းငှာ၊ အပင်၏​အမြစ်မှ မြေဩဇာကို ထိန်းသိမ်း​ထားလေ၏။ အပင်၏​အမြစ်မှ ခွန်အား​များစွာကြောင့်လည်း ရိုင်းသော​အခက်တို့သည် ယဉ်သော​အသီးကို သီးလေ၏။ ယခုတွင်၊ ငါတို့သည် ဤအခက်တို့ကို အကိုင်း​ဆက်၍ မစိုက်​ခဲ့လေလျှင်၊ ထိုအပင်​ပျက်စီး​ခဲ့လေမည်။ ယခုမူကား၊ ရှုလော့၊ ငါသည် ထိုအပင်မှ သီးလေသည့် များစွာသောအသီးကို သိုထားမည်။ အသီးမသီးသည့်​ရာသီ​အတွက်လည်း ငါကိုယ်တိုင်​အဖို့ ထိုအပင်၏​အသီးကို သိုထားမည်။

၁၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်ပိုင်ရှင်က ကျွန်ကို ဆိုလေသည်ကား၊ လာလော့၊ ငါတို့သည် ဥယျာဉ်၏ အနိမ့်ဆုံး​အပိုင်း​သို့သွား၍၊ အသီး​မသီးသည့်​ရာသီအတွက် ငါ့ကိုယ်တိုင်​အဖို့ ထိုအပင်၏​အသီးကို သိုထား​နိုင်ခြင်းငှာ၊ အပင်၏​ပကတိ​အခက်တို့မှ အသီးများစွာ​သီးမသီးကိုလည်း ကြည့်ကြကုန်အံ့။

၂၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ပကတိ​အခက်များ​အား သခင် ဝှက်ထား​လေသော​နေရာသို့ သွားပြီး၊ သူ၏​ကျွန်အား ဤအရာတို့ကို ကြည့်ရှု​လော့ဟုဆို၍၊ ကျွန်သည်လည်း ပထမအပင်မှ အသီးများ​စွာသီးသည်ကို မြင်လျှင်၊ ကောင်းမွန်သည်ကိုလည်း သတိ​ပြုမိ၏။ ကျွန်ကို ဆိုလေသည်ကား၊ ငါကိုယ်တိုင်​အဖို့ အသီးကို သိမ်းဆည်း​ထားနိုင်ခြင်းငှာ၊ ထိုအပင်၏​အသီး​အချို့ကို​ယူ၍၊ အသီး​မသီးသည့် ရာသီ​အတွက် သိုထားလော့။ အကြောင်းမူကား၊ ရှုလော့၊ ဤမျှအချိန် ကြာမြင့်စွာ ငါသည် ထိုအပင်ကို ပြုစုပျိုး​ထောင်ခဲ့လေ၍၊ အသီးများစွာ သီးခဲ့လေပြီဟုဆို၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကျွန်သည် သူ၏​သခင်အား၊ ကိုယ်တော်သည် အဘယ်ကြောင့် ဤနေရာသို့​လာ၍၊ ဤအပင် သို့မဟုတ်၊ အပင်၏ ဤအခက်ကို စိုက်သနည်း။ အကြောင်းမူကား၊ ရှုလော့၊ ထိုနေရာသည် ကိုယ်တော်၏​ဥယျာဉ်မြေ​တစ်ခုလုံးတွင် အညံ့​ဆုံးနေရာ ဖြစ်၏ဟု ဆို၏။

၂၂ ဥယျာဉ်​ပိုင်ရှင်ကလည်း ဆိုလေသည်ကား၊ ငါ့ကို​အကြံ​မပေးနှင့်။ ထိုနေရာသည် မြေကြီး၏ မြေဩဇာညံ့သော​နေရာ​ဖြစ်သည်ကို ငါသိ၏။ သို့ဖြစ်၍၊ ထိုအပင်ကို ဤမျှအချိန်ကြာမြင့်စွာ ပြုစု​ပျိုးထောင်​ခဲ့လေပြီဟု သင့်ကို​ငါဆို၏။ ထိုအပင်မှ အသီးများစွာ​သီးသည်ကိုလည်း သင်မြင်လေပြီ။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်က သူ၏​ကျွန်ကို ဆိုလေသည်ကား၊ ဤနေရာကို ကြည့်ဦးလော့၊ အပင်၏ တခြားသော​အခက်ကိုလည်း ငါစိုက်ခဲ့​လေသည်ကို ရှုလော့။ မြေကြီး၏​ဤနေရာသည် ပထမ​နေရာထက် မြေဩဇာသာ၍​ညံ့သည်ကိုလည်း သင်သိ၏။ သို့ရာတွင်၊ အပင်ကို ရှုလော့။ ငါသည် ဤမျှ အချိန်ကြာမြင့်စွာ ပြုစုပျိုး​ထောင်ခဲ့လေ၍၊ ထိုအပင်မှ အသီး​များစွာသီးလေပြီ။ ထို့ကြောင့်၊ ငါ့ကိုယ်တိုင်​အဖို့ သိမ်းဆည်း​ထားနိုင်ခြင်းငှာ၊ အသီးကိုစု၍၊ အသီး​မသီးသည့်​ရာသီ​အတွက် သိုထားလော့။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်ပိုင်ရှင်က မိမိကျွန်အား တစ်ဖန်​ဆိုလေသည်ကား၊ ဤနေရာကို​ကြည့်၍၊ ငါစိုက်ခဲ့လေသည့် တခြားသော​အခက်ကိုလည်း ရှုဦးလော့။ ထိုအခက်ကို​လည်း ငါပြုစုပျိုး​ထောင်ခဲ့လေ၍၊ အသီးသီး​လေသည်ကို ရှုလော့။

၂၅ ကျွန်ကို ဆိုလေသည်ကား၊ ဤနေရာကို ကြည့်၍ နောက်ဆုံးသော​အခက်ကို ကြည့်လော့။ ရှုလော့၊ ဤအခက်ကို မြေကြီး၏ မြေဩဇာကောင်းသော​နေရာတွင် ငါစိုက်၍၊ ဤမျှ​အချိန်ကြာမြင့်စွာ ပြုစုပျိုး​ထောင်ခဲ့လေ၍၊ အပင်၏ တစ်နေရာ​တည်းကသာလျှင်၊ ယဉ်သော​အသီးကို သီးလေပြီ။ အပင်၏​အခြားသော​နေရာကား၊ ရိုင်းသော​အသီးကို သီးလေပြီ။ ရှုလော့၊ ငါသည် ဤအပင်ကို အခြားသော​အပင်များကို​ကဲ့သို့ပင် ပြုစုပျိုး​ထောင်ခဲ့လေ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် ကျွန်အား ကောင်းသော​အသီး​မသီးသည့်​အခက်များကို ခူးဖြတ်၍ မီးထဲသို့ ပစ်လိုက်လော့​ဟုဆို၏။

၂၇ သို့ရာတွင်၊ ရှုလော့၊ ထိုကျွန်က ဆိုလေသည်ကား၊ ကိုယ်တော်အဖို့ ကောင်းသော​အသီးကို သီးကောင်း​သီးစိမ့်သော​ငှာလည်းကောင်း၊ အသီး​မသီးသည့်​ရာသီ​အတွက် အသီးကို ကိုယ်တော်သိုထားနိုင်စေခြင်း​ငှာလည်းကောင်း၊ ငါတို့သည် ထိုအပင်ကို သုတ်သင်၍၊ ပတ်လည်၌ တူးဆွပြီး၊ အနည်းငယ် အချိန်ပို၍ ပြုစု​ပျိုးထောင်ကြကုန်အံ့။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်နှင့် ဥယျာဉ်ပိုင်ရှင်၏​ကျွန်တို့သည် ဥယျာဉ်ထဲမှ ခပ်သိမ်းသော​အသီးတို့ကို ပြုစု​ပျိုးထောင်ကြ၏။

၂၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကြာမြင့်သော​အချိန်ကုန်လွန်သွား၍၊ ဥယျာဉ်​ပိုင်ရှင်က မိမိကျွန်ကို ဆိုလေသည်ကား၊ လာလော့၊ ငါတို့သည် ဥယျာဉ်ထဲ၌ တစ်ဖန်​အလုပ်လုပ်ကြခြင်းငှာ၊ ဥယျာဉ်ထဲသို့ ဆင်းသွား​ကြကုန်အံ့။ အကြောင်းမူကား၊ အချိန်သည် နီးကပ်လာ၍၊ မကြာမြင့်မီ ပြီးဆုံးခြင်းသို့ ရောက်တော့မည်။ သို့ဖြစ်၍၊ အသီးမသီးသည့် ရာသီ​အတွက် ငါကိုယ်တိုင်​အဖို့ အသီးကို သိုထားရမည်။

၃၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်နှင့် ထိုကျွန်တို့သည် ဥယျာဉ်​ထဲသို့၊ ဆင်းသွား၍၊ ပကတိ​အခက်များ​ကျိုးပဲ့လျက်၊ ရိုင်းသော​အခက်များကို အကိုင်း​ဆက်၍ စိုက်ထားနှင့်​ပြီးလေသော အပင်ဆီသို့ ရောက်လာခဲ့ကြ၏။ အမျိးမျိုးသော အသီးတို့​အားဖြင့်​အပင်ကို ဝန်လေး​စေသည်ကိုလည်း မြင်ကြ၏။

၃၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် အမျိုးမျိုးသော​အသီးတို့ကို အရေ​အတွက်​အလိုက် မြည်းစမ်း​ကြည့်၏။ ဥယျာဉ်​ပိုင်ရှင်က ဆိုလေသည်ကား၊ ရှုလော့၊ ဤမျှအချိန်​ကြာမြင့်စွာ ဤအပင်ကို ငါတို့​ပြုစု​ပျိုးထောင်လေ၍၊ အသီး​မသီးသည့်​ရာသီ​အတွက် ငါ့အဖို့ များစွာသောအသီးကို သိုထားလေပြီ။

၃၂ သို့ရာတွင်၊ ရှုလော့၊ ဤအကြိမ်တွင်၊ အသီးများစွာ​သီးသော်လည်း ကောင်းသော​အသီး တစ်လုံးမျှမရှိ။ ရှုဦးလော့၊ ငါတို့ အလွန်​အလုပ်လုပ်​သော်ငြားလည်း၊ အမျိုးမျိုးသော အသီးတို့သည် မကောင်း၍၊ ငါ့အဖို့ ဘာမျှ​အကျိုးမရှိ။ ယခုတွင်၊ ဤအပင်ကို ဆုံးရှုံးရ​သည်မှာ၊ ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။

၃၃ ဥယျာဉ်​ပိုင်ရှင်ကလည်း ကျွန်ကို ဆိုလေသည်ကား၊ ငါ့ကိုယ်တိုင်​အဖို့ ထိုအပင်၏​ကောင်းသော​အသီးကို ငါတစ်ဖန်ပြန်၍ ထိန်းသိမ်း​စောင့်ရှောက်​နိုင်စေခြင်းငှာ၊ ငါတို့ အဘယ်​အရာကို ပြုကြ မည်နည်း။

၃၄ ထိုကျွန်ကလည်း မိမိသခင်ကို ပြောသည်မှာ၊ ရှုလော့၊ သင်သည် ရိုင်းသော​သံလွင်ပင်၏ အခက်တို့ကို အကိုင်း​ဆက်၍ စိုက်ခဲ့​လေသော​ကြောင့်၊ အမြစ်များကို မြေဩဇာ​ကျွေး၍ အပင်တို့​အသက်ရှင်​သဖြင့်၊ မပျက်စီး​လေကြ။ သို့ဖြစ်၍၊ ထိုအပင်တို့ ကောင်းလျက်​ရှိသေးသည်ကို သင်မြင်၏။

၃၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်က မိမိကျွန်ကို ဆိုလေသည်ကား၊ ထိုအပင်သည် ငါ့အတွက် ဘာမျှ​အကျိုးမရှိ၊ မကောင်းသော​အသီးကို သီးနေသမျှ၊ ထိုအပင်၏​အမြစ်တို့​သည်လည်း ငါ့အတွက် ဘာမျှ​အကျိုး​မရှိ။

၃၆ သို့သော်လည်း၊ အမြစ်တို့​ကောင်းမြတ်သည်ကို ငါသိ၍၊ ငါ့ကြံရွယ်ချက်​အတွက် ထိုအပင်တို့ကို ထိန်းသိမ်း​စောင့်ရှောက်​ထားလေပြီ။ ထိုအပင်တို့၏ ခွန်အား​များစွာ​ကြောင့်လည်း ရိုင်းသော​အခက်များမှ ကောင်းသော​အသီးကို ယခင်က​သီးခဲ့​လေပြီ။

၃၇ သို့ရာတွင်၊ ရှုလော့၊ ရိုင်းသော​အခက်တို့သည် ကြီးထွားလေ၍၊ ထိုအပင်၏​အမြစ်တို့​အတွက် အလွန်များ​လွန်းလှလေပြီ။ ရိုင်းသော​အခက်တို့သည် ထိုအပင်၏​အမြစ်တို့ကို ပျံ့နှံ့​လွှမ်းမိုးသော​ကြောင့်လည်း မကောင်းသော​အသီးကို များစွာ​သီးလေပြီ။ မကောင်းသော​အသီးကို အလွန်များစွာသော​သီးသော​ကြောင့်လည်း ထိုအပင်​ပျက်စီး​စပြုသည်ကို သင်မြင်၏။ ငါတို့သည် ထိုအပင်ကို ထိန်းသိမ်း​စောင့်ရှောက်ခြင်းငှာ၊ တစ်စုံ​တစ်ခုကို မပြုလျှင်၊ ထိုအပင်သည် မကြာမြင့်မီ ရင့်ရော်​လာလိမ့်မည်ဖြစ်၍၊ မီးထဲသို့ ပစ်လိုက်သည်ကို ခံ​ရနိုင်ပေ၏။

၃၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် သူ၏​ကျွန်ကို ဆိုလေသည်ကား၊ ငါတို့သည် ဥယျာဉ်၏​အနိမ့်ဆုံး​အပိုင်းသို့ ဆင်းသွား၍၊ ပကတိ​အခက်တို့မှ မကောင်းသော​အသီးကိုလည်း သီးမသီး​ကြည့်ကြကုန်အံ့။

၃၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ဥယျာဉ်၏ အနိမ့်ဆုံး​အပိုင်းသို့ ဆင်းသွားကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ပကတိ​အခက်တို့၏ အထူး​သဖြင့်၊ ပထမ​အခက်၊ ဒုတိယ​အခက်နှင့် နောက်ဆုံး​အခက်တို့၏ အသီး​သည်လည်း ပုပ်ပျက်​လာလေသည်ကို သူတို့​မြင်၏။ ထိုခပ်သိမ်းသော​အသီးများ ပုပ်ပျက်​လာလေ၏။

၄၀ ပကတိ​အခက်၏ နောက်ဆုံး​ဖြစ်သည့်​ရိုင်းသော​အသီး​သည်လည်း၊ ကောင်းသော​အသီးကို​သီးရာ အပင်၏​အခက်ကို ညှိုးနွမ်း​သွား၍ သေသည့်​တိုင်အောင်ပင် လွှမ်းမိုး​လေ၏။

၄၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် ငိုကြွေး၍၊ ကျွန်ကို ဆိုလေ​သည်ကား၊ ငါ၏​ဥယျာဉ်​အတွက် အဘယ်​အရာကို ငါသာ၍ ပြုနိုင်ခဲ့​လေမည်နည်း။

၄၂ ရှုလော့၊ ဤအခက်တို့​မှတစ်ပါး၊ ဥယျာဉ်မှ အသီး​အားလုံး ပုပ်ပျက်၍​လာကြ​လေကြောင်း ငါသိ၏။ ယခုမူကား၊ ယခင်က ကောင်းသော​အသီးကို သီးလေသည့် ဤအခက်တို့​သည်လည်း ပုပ်ပျက်၍ လာကြလေပြီ။ ယခုမူကား၊ ငါ၏​ဥယျာဉ်​ထဲမှ ခပ်သိမ်းသောအပင်တို့သည် ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံ​ရရန်​မှတစ်ပါး၊ အသုံး​မဝင် ဖြစ်ကြလေပြီ။

၄၃ ရှုဦးလော့၊ မြေကြီး၏​မြေဩဇာ​ကောင်းသော​နေရာ၊ အမှန်စင်စစ်၊ ငါ့​အတွက် ငါ့​ဥယျာဉ်မြေ၏ အခြားသော​နေရာများထက် အကောင်း​ဆုံးဖြစ်သော နေရာမှာ ငါစိုက်ခဲ့​လေသည့်၊ ညှိုးနွမ်း​သွားသည့်၊ ဤနောက်ဆုံးသော​အခက်တို့ကို ရှုလော့။

၄၄ မြေကြီး၏ ဤနေရာကို ဝန်လေးစေသည့် အပင်ကိုလည်း ငါခုတ်​ချသည်မှာ၊ ထိုနေရာ၌ ဤအပင်ကို စိုက်နိုင်ခြင်းငှာ​ဖြစ်ကြောင်းကိုလည်း သင်သိ၏။

၄၅ ထိုအပင်၏ တစ်စိတ်​တစ်ပိုင်းမှ ကောင်းသော​အသီးကို သီး၍၊ တစ်စိတ်​တစ်ပိုင်းမှ ရိုင်းသော​အသီးကို သီးကြောင်းကိုလည်း သင်မြင်၏။ ထိုအပင်၏​အခက်တို့ကို ငါမခူးဘဲ၊ မီးထဲ​သို့လည်း မပစ်လိုက်သော​ကြောင့်၊ ရှုလော့၊ ထိုအခက်တို့သည် ကောင်းသော​အခက်ကို လွှမ်းမိုး၍ ညှိုးနွမ်း​သွားစေလေပြီ။

၄၆ ယခုမူကား၊ ရှုလော့၊ ငါ၏​ဥယျာဉ်ကို ငါတို့အလုံးစုံသောဂရုစိုက်ခြင်း ရှိလေ​သော်ငြားလည်း၊ ဥယျာဉ်​ရှိအပင်တို့မှာ၊ ပုပ်ပျက်​လာခဲ့သဖြင့် ကောင်းသော​အသီးကို မသီးကြ။ အသီး​မသီးသည့်​ရာသီ​အတွက် ငါ့ကိုယ်တိုင်​အဖို့ ထိုအပင်၏​အသီးကို သိုထားရန်၊ ထိုအခက်တို့ကို သိမ်းဆည်း​ထားရန်လည်း ငါမျှော်လင့်၏။ သို့ရာတွင်၊ ရှုလော့၊ ထိုအခက်တို့သည် ရိုင်းသော​သံလွင်​ပင်ကဲ့သို့၊ ဖြစ်လာပြီး၊ တန်ဖိုး​မရှိသဖြင့်၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရ​ရန်သာရှိပေ၏။ ထိုအခက်တို့ကို ဆုံးရှုံး​ရခြင်းက ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။

၄၇ သို့ရာတွင်၊ ငါ၏​ဥယျာဉ်ထဲ၌ အဘယ်​အရာကို ငါသာ၍ ပြုနိုင်ခဲ့​လေမည်နည်း။ ငါ၏​လက်ကို လျှော့ထား၍ ပြုစု​ပျိုးထောင်ခြင်း​မရှိဘဲနေ​ခဲ့လေသလော။ မဟုတ်ပေ၊ ငါသည် ထိုအပင်ကို ပြုစု​ပျိုးထောင်၍၊ ပတ်လည်၌​တူးဆွလျက်၊ သုတ်သင်လျက် တိရစ္ဆာန်တို့၏​ချေးကို ဖို့လေ၏။ ငါ၏​လက်ကို တစ်နေ့လုံး​နီးပါးဆန့်၍၊ ပြီးဆုံး​ချိန်ရောက်​လုနီးလာခဲ့၏။ ငါ့ဥယျာဉ်​ထဲမှ အပင်​အားလုံးကို ခုတ်လှဲပြီး၊ လောင်မြိုက်စေရန် မီးထဲသို့​ပစ်လိုက်​ရမည်မှာ၊ ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။ အဘယ်သူသည် ငါ၏​ဥယျာဉ်ကို ပုပ်ပျက်​စေလေသနည်း။

၄၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကျွန်က မိမိသခင်ကို ပြောလေသည်ကား၊ အပင်၏ ကောင်းသော​အမြစ်တို့ကို လွှမ်းမိုး​လေသည်မှာ—ကိုယ်တော်၏ ဥယျာဉ်၏ အလွန်​မြင့်ခြင်းပင် မဟုတ်သလော။ ထို့အတူ၊ အခက်တို့သည် အပင်၏​အမြစ်တို့ကို လွှမ်းမိုးခြင်း​ကြောင့်၊ ရှုလော့၊ အပင်၏​အမြစ်တို့၏​အင်အားထက် လျင်မြန်စွာ​ကြီးထွား၍၊ အခက်များ​ကိုယ်တိုင် အားကြီး​လာခဲ့​ကြလေ၏။ ရှုလော့၊ အကျွန်ုပ်​ဆိုသည်မှာ၊ ဤအရာ​သည်ကား၊ ကိုယ်တော်၏​ဥယျာဉ်ထဲမှ အပင်တို့ ပုပ်ပျက်​လာလေခြင်း၏ အကြောင်း​ရင်းမဟုတ်​သလော။

၄၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်က ထိုကျွန်ကို ဆိုလေသည်ကား၊ ထိုအပင်တို့မှ ငါ့​ဥယျာဉ်​မြေကြီးကို ဝန်မလေးစေကြောင်း၊ ငါတို့သည် သွား၍ ဥယျာဉ်​ထဲမှ အပင်တို့ကို ခုတ်လှဲပြီး၊ မီးထဲသို့ ပစ်လိုက်ကြကုန်အံ့။ အကြောင်းမူကား၊ ငါ​တတ်နိုင်​သမျှကို ပြုပြီး​လေပြီ။ ငါ၏​ဥယျာဉ်​အတွက် အဘယ်​အရာကို ငါသာ၍ ပြုနိုင်ခဲ့​လေမည်နည်း။

၅၀ သို့ရာတွင်၊ ရှုလော့၊ အနည်းငယ်​ကြာအောင် စောင့်ပါဦးဟု ထိုကျွန်က ဥယျာဉ်​ပိုင်ရှင်ကို ဆို၏။

၅၁ ပိုင်ရှင်ကလည်း၊ ဟုတ်ပြီ၊ ငါ့ဥယျာဉ်​ထဲမှ အပင်ကို ဆုံးရှုံး​ရခြင်းမှာ၊ ငါ့ကို ဝမ်းနည်း​ပူဆွေးစေသော​ကြောင့်၊ အနည်းငယ်​ကြာအောင် စောင့်မည်ဟု ဆို၏။

၅၂ သို့ဖြစ်၍၊ ငါ့ဥယျာဉ်၏​အနိမ့်ဆုံး​အပိုင်း၌ ငါစိုက်ထား​ခဲ့လေသော ဤအခက်တို့မှ အခက်​အချို့ကို ယူ၍၊ ၎င်းတို့လာခဲ့ရာ အပင်သို့ အကိုင်း​ဆက်၍​စိုက်ကြကု​န်အံ့။ အခါးဆုံး​အသီး​ရှိသည့် အပင်မှ​အခက်တို့​ကိုလည်း ခူး၍၊ ထိုနေရာတွင် အပင်၏​ပကတိ​အခက်တို့ကို အကိုင်း​ဆက်၍​စိုက်ကြ​ကုန်အံ့။

၅၃ ထို့အတူ၊ ဤအမှုကို ငါပြုမည်ကား၊ အပင်ကို မပျက်စီး​စေခြင်းငှာနှင့်၊ ထိုအပင်၏​အမြစ်ကို ငါ့​ကြံရွယ်ချက်​အတွက် ထိန်းသိမ်း​စောင့်ရှောက်​ကောင်းစောင့်​ရှောက်နိုင်ခြင်း​ငှာပေတည်း။

၅၄ ရှုဦးလော့၊ ငါအလိုရှိရာ​အဘယ်နေရာမှာ​မဆိုစိုက်​ခဲ့သည့်​အပင်၊ ပကတိ​အခက်များရှိသည့် ထိုအပင်၏​အမြစ်တို့သည် ရှင်လျက်ရှိ​ကြသေး၏။ သို့ဖြစ်၍၊ ငါသည် ၎င်းတို့ကိုလည်း ငါ့ကြံရွယ်ချက်​အတွက် ထိန်းသိမ်း​စောင့်ရှောက်​နိုင်စေခြင်းငှာ၊ ဤအပင်၏ အချို့သော​အခက်တို့ကို ယူ၍ ထိုအခက်တို့၌ အကိုင်း​ဆက်၍ စိုက်မည်။ အထူးသဖြင့်၊ ငါ့ကိုယ်တိုင်​အတွက် အမြစ်တို့​ကိုလည်း ထိန်းသိမ်း​စောင့်ရှောက်​နိုင်စေခြင်း​ငှာလည်းကောင်း၊ လုံလုံလောက်လောက် အားကြီး​ကြသော​အချိန်မှာ ငါ့အတွက် ကောင်းသော​အသီးကို သီးကောင်းသီး​စိမ့်စေခြင်း​ငှာလည်းကောင်း၊ ငါ့ဥယျာဉ်၏​အသီးကို ချီးမွမ်း​နိုင်သည့်​တိုက်အောင် ငါသည် သူတို့​မိခင်​အပင်၏​အခက်တို့ကို ထိုအခက်တို့၌ အကိုင်း​ဆက်၍​စိုက်မည်။

၅၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ရိုင်းလာသော ပကတိ​အပင်မှ​ယူ၍၊ ပကတိ​အပင်များသို့ အကိုင်း​ဆက်၍ စိုက်ကြ​လေ၏။ ထိုအပင်တို့​သည်လည်း ရိုင်းလာ​ကြလေ၏။

၅၆ သူတို့သည် ရိုင်းလာ​လေသော ပကတိ​အပင်များမှ​လည်း ယူ၍၊ ထို​အပင်တို့၏​မိခင်အပင်သို့ အကိုင်း​ဆက်၍​စိုက်ကြ၏။

၅၇ ဥယျာဉ်​ပိုင်ရှင်ကလည်း ထိုကျွန်ကို ဆိုလေ​သည်ကား၊ အခါး​ဆုံးသော​အခက်တို့​မှတစ်ပါး၊ အပင်မှ ရိုင်းသော​အခက်တို့ကို မခူးနှင့်။ သင်သည် ထိုအပင်​တို့၌​လည်း ငါပြောထား​လေသည့်​အတိုင်း အကိုင်း​ဆက်၍ စိုက်ရမည်။

၅၈ ငါတို့သည် ဥယျာဉ်​ထဲမှ အပင်တို့ကို တစ်ဖန်​ပြုစု​ပျိုးထောင်၍၊ ထိုအပင်၏​အခက်တို့​ကိုလည်း သုတ်သင်​ရှင်လင်းကြမည်။ ဖျက်ဆီး၍ မီးထဲသို့ ပစ်ရမည့်​အခက်များ​တည်းဟူသော ရင့်ရော်​နေသည့်​အခက်တို့ကို ထိုအပင်တို့​ထံမှ ငါတို့ခူး​ကြမည်။

၅၉ ဤအမှုကို ငါပြုခြင်း​သည်ကား၊ ထိုအပင်မှ အမြစ်တို့ကို ကောင်း​မွန်ခြင်းကြောင့်၊ အားကြီး​ကောင်းကြီး​နိုင်စေကြောင်းနှင့် အခက်များ​ပြောင်းလဲခြင်းကြောင့်၊ ကောင်းခြင်းက မကောင်းခြင်းကို လွှမ်းမိုး​နိုင်စေကြောင်း​ပေတည်း။

၆၀ ငါသည် ပကတိ​အခက်များနှင့် ထိုအပင်၏​အမြစ်တို့ကို ထိန်းသိမ်း​စောင့်ရှောက်​ထားသောကြောင့်၊ ပကတိအခက်တို့ကို ၎င်းတို့၏​မိခင်အပင်သို့ တစ်ဖန် အကိုင်း​ဆက်၍​စိုက်ပြီး၊ ငါ့ဥယျာဉ်​ထဲမှ အပင်တို့ ကောင်းသော​အသီးကို တစ်ဖန် သီးကောင်း​သီးနိုင်​စေခြင်း​ငှာလည်းကောင်း၊ ငါ့ဥယျာဉ်​ထဲမှ​အပင်၏​အသီး၌ တစ်ဖန် ဝမ်းမြောက်ခြင်း​ရှိ၍၊ ငါသည် အဦးသီး၏​အမြစ်နှင့် အခက်တို့ကို ထိန်းသိမ်း​စောင့်ရှောက်​ထား၍၊ လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်ခြင်း ရှိကောင်း​ရှိနိုင်စေခြင်း​ငှာလည်းကောင်း သူတို့​မိခင်​အပင်၏​အမြစ်တို့ကို ထိန်းသိမ်း​စောင့်ရှောက်​ထား၏—

၆၁ သို့ဖြစ်၍၊ ကောင်းမြတ်လျက်၊ အခြားသော​အသီး​အားလုံးထက် အဖိုး​အထိုက်ဆုံး​ဖြစ်သည့် ပကတိ​အသီးကို တစ်ဖန်​သီးစေကြောင်း ငါတို့သည် ဥယျာဉ်​ထဲ၌၊ ငါတို့၏​အစွမ်း​သတ္တိ​ရှိသမျှနှင့် လုံ့လဝီရိယ​ထက်သန်စွာ​အလုပ်လုပ်နိုင်​ကြစေခြင်း​ငှာလည်းကောင်း၊ နည်းလမ်းကို ပြင်ဆင်ခြင်း​ငှာလည်းကောင်း၊ ကျွန်များကို သွား၍​ခေါ်လော့။

၆၂ သို့ဖြစ်၍၊ ငါတို့​သည်သွား၍၊ ဤနောက်ဆုံး​အကြိမ်တွင်၊ အစွမ်း​သတ္တိရှိ​သမျှနှင့် အလုပ်လုပ်​ကြကုန်အံ့။ အကြောင်းမူကား၊ ရှုလော့၊ ပြီးဆုံး​ချိန်သည် ရောက်​လုနီးပေပြီ။ ယခု​အကြိမ်​သည်လည်း၊ ငါ၏​ဥယျာဉ်ကို သုတ်သင်ရမည့် နောက်ဆုံး​အကြိမ်ဖြစ်၏။

၆၃ အခက်တို့ကို အကိုင်း​ဆက်၍ စိုက်လော့။ နောက်ဆုံးသော​အခက်မှ အစပြု၍ ပထမဦး​ဆုံးဖြစ်လျက် ပထမ​ဦးဆုံးတို့ကို နောက်ဆုံး​ဖြစ်စေ၍ အပင်တို့ကို အကြီးနှင့် အငယ်၊ ပထမ​ဦးဆုံးနှင့် နောက်ဆုံး၊ နောက်ဆုံးနှင့် ပထမဦးဆုံး အပင်​အားလုံးကို နောက်ဆုံး​အကြိမ်​အဖြစ် တစ်ကြိမ်​တည်း တစ်ဖန်​ပြုစု​ပျိုးထောင်​ရစေခြင်းငှာ ပတ်လည်၌​တူးဆွလော့။

၆၄ သို့ဖြစ်၍၊ နောက်ဆုံး​အဖြစ်၊ ထိုအပ်အပင်တို့ပတ်လည်၌ နောက်တစ်ကြိမ်ထပ်ပြီး တူးဆွ၍၊ သုတ်သင်​ရှင်လင်းလျက်၊ တိရစ္ဆာန်တို့၏​ချေးကို​ဖို့လော့။ အကြောင်းမူကား၊ ပြီးဆုံး​ချိန်ရောက်​လုနီးလာ​ပေပြီ။ ဤနောက်ဆုံးသော အကိုင်း​ဆက်​အခက်များ ကြီးထွား၍၊ ပကတိ​အသီးကို​သီးကြလျှင်၊ ကြီးထွား​နိုင်စေခြင်းငှာ နည်းလမ်းကို သင် ပြင်​ဆင်ရာ​ရောက်လိမ့်မည်။

၆၅ ထို့အတူ၊ ၎င်းတို့ကြီးထွား​ကြစဉ်တွင်၊ သင်သည် ခါးသော​အသီးကို သီးသည့်​အခက်များအား ကောင်းမြတ်သည့်​အခက်များ၏ အင်အားနှင့် အရွယ်အလိုက် ပယ်ရှင်းရမည်။ အကိုင်း​ဆက်၍ စိုက်ထားသည့်​အပင်မှ အကိုင်း​ဆက်အခက်များ​အတွက် အမြစ်များ အားကြီး​လွန်းသဖြင့်၊ ထိုအပင်မှ အကိုင်း​ဆက်အခက်များ ပျက်စီး၍ ငါ့ဥယျာဉ်​ထဲမှ အပင်များကို ငါဆုံးရှုံး​ရမည် စိုးသော​ကြောင့်၊ ထိုအပင်မှ မကောင်းသော​အခက်များ​အားလုံးကို တစ်ကြိမ်တည်း​မပယ်ရှင်းနှင့်။

၆၆ အကြောင်းမူကား၊ ငါ့ဥယျာဉ်​ထဲမှ အပင်များကို ဆုံးရှုံးရခြင်းက ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။ သို့ဖြစ်၍၊ ကောင်းသော​အခက်က မကောင်းသော​အခက်ကို လွှမ်းမိုးသည့်​တိုင်အောင်၊ အမြစ်နှင့် အထက်​ပိုင်းတို့ကို အင်အားညီမျှ​စေလျက်၊ မကောင်းသော​အခက်ကို ခုတ်လှဲ၍ မီးထဲသို့ ပစ်ချ ခံရစေခြင်း​ငှာလည်းကောင်း၊ ထိုအခက်တို့က ငါ့ဥယျာဉ်​မြေကြီးကို ဝန်မလေးစေခြင်း​ငှာလည်းကောင်း ကောင်းသော​အခက်များ ကြီးထွားသည်နှင့်​အမျှ မကောင်းသော​အခက်များကို ပယ်ရှင်း​ရလိမ့်မည်။ ထိုသို့​အားဖြင့်၊ ငါ့ဥယျာဉ်မှ မကောင်းသော​အခက်ကို ငါ​ပယ်ရှားမည်။

၆၇ ပကတိ​အပင်၏​အခက်များကိုလည်း ပကတိ​အပင်သို့ ငါတစ်ဖန်အ​ကိုင်း​ဆက်၍ စိုက်မည်။

၆၈ ပကတိ​အပင်၏​အခက်များကိုလည်း အပင်၏​ပကတိ​အခက်များသို့ ငါအကိုင်း​ဆက်၍​စိုက်မည်။ ထိုကဲ့သို့​အားဖြင့်၊ ငါသည် ထိုအပင်တို့ကို၊ တစ်ဖန်​ပေါင်းစည်းစေ၍၊ ပကတိ​အသီးကို သီးလျက် တစ်စု​တစ်စည်းတည်း ဖြစ်ကြ​လိမ့်မည်။

၆၉ မကောင်းသော​အရာတို့ကိုလည်း အမှန်စင်စစ်၊ ငါ့ဥယျာဉ်​မြေရှိသမျှမှ ပစ်လိုက်၏။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ဤတစ်ကြိမ်တည်း​သာလျှင်၊ ငါ့ဥယျာဉ်ကို သုတ်သင်​ရှင်းလင်းမည်။

၇၀ ဤသို့​အားဖြင့်​အချိန်တန်လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် မိမိကျွန်ကို စေလွှတ်ခဲ့၏။ ထိုကျွန်​ကလည်း၊ သွား၍ သခင်​မိန့်မှာသည့်​အတိုင်း ပြုလျက်၊ အခြား​ကျွန်များကို ခေါ်ဆောင်ခဲ့၏။ ထိုသူတို့မှာ အနည်းငယ်​သာဖြစ်၏။

၇၁ ဥယျာဉ်​ပိုင်ရှင်ကလည်း သူတို့ကို ဆိုလေသည်ကား၊ ငါ့ဥယျာဉ်ထဲသို့​သွား၍၊ သင်တို့၏ အစွမ်း​သတ္တိ​ရှိသမျှနှင့် အလုပ်လုပ်ကြလော့။ ရှုလော့၊ ယခု​အကြိမ်သည် ငါ့ဥယျာဉ်ကို ပြုစု​ပျိုးထောင်သည့် နောက်ဆုံးအကြိမ်ဖြစ်၏။ အကြောင်းမူကား၊ ပြီးဆုံးခြင်းသည် နီးကပ်လာ၍၊ အသီး​မသီးသည့်​ရာသီ အလျင်အမြန်​ကျရောက်​လာပေပြီ။ သင်တို့သည်လည်း ငါနှင့်​အတူ သင်တို့၏ အစွမ်း​ရှိသမျှနှင့် အလုပ်လုပ်ကြလျှင်၊ မကြာမြင့်မီ ကျရောက်လာမည့်၊ နောက်တစ်ချိန်​အဖို့ ငါကိုယ်တိုင်​အတွက် သိုထားမည့်​အသီး၌ ဝမ်းမြောက်ကြလိမ့်မည်။

၇၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုကျွန်တို့သည် သွား၍ မိမိတို့​အစွမ်း​သတ္တိ​ရှိသမျှနှင့် အလုပ်လုပ်ကြ၏။ ဥယျာဉ်​ပိုင်ရှင်​သည်လည်း သူတို့နှင့်​အတူ အလုပ်လုပ်၏။ သူတို့သည် အရာရာ၌ ဥယျာဉ်​ပိုင်ရှင်၏ မိန့်မှာချက်များကိုလည်း နာခံကြ၏။

၇၃ ဥယျာဉ်​ထဲ၌ ပကတိ​အသီး တစ်ဖန်ရှိ​စပြုလာလျက်၊ ပကတိ​အခက်တို့သည် လွန်စွာ​ကြီးထွားပြီး ပွားများ​စပြုလေ၏။ ရိုင်းသော​အခက်တို့​ကိုလည်း ခူးဖြတ်၍ ပစ်လိုက်​စပြုလျက်၊ သူတို့သည် ထိုအပင်တို့၏​အမြစ်နှင့် အထက်ပိုင်းတို့ကို အပင်၏​အားအတိုင်း၊ အညီအမျှ​ထိန်းသိမ်း​ထားလေ၏။

၇၄ ထိုကဲ့သို့​အားဖြင့် သူတို့သည် ဥယျာဉ်​ပိုင်ရှင်၏ မိန့်မှာချက်များ​အတိုင်း၊ မကောင်းသော​အရာများကို ဥယျာဉ်​အပြင်သို့ ပစ်လိုက်သည့်​တိုင်အောင်ပင်၊ လုံ့လဝီရိယရှိသမျှနှင့် အလုပ်လုပ်ကြ၏။ သခင်သည်လည်း မိမိအတွက် ထိန်းသိမ်း​စောင့်ရှောက်ထား​သဖြင့် အပင်တို့သည် ပကတိ​အသီးကို တစ်ဖန်​သီးလာ၏။ အပင်တို့သည် တစ်ခုတည်း​ကဲ့သို့​ဖြစ်လာ၏။ အသီးတို့​သည်လည်း တူညီကြ၏။ ဥယျာဉ်​ပိုင်ရှင်သည် ရှေးဦးစွာ​ကတည်းက သူ့အတွက် အဖိုး​အထိုက်ဆုံး​ဖြစ်သည့် ပကတိ​အသီးကို သူ့အတွက် ထိန်းသိမ်း​စောင့်ရှောက်​ထားလေ၏။

၇၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဥယျာဉ်​ပိုင်ရှင်သည် မိမိအသီး ကောင်းမြတ်၍၊ ဥယျာဉ်မှာ မ​ပုပ်ပျက်တော့သည်ကို မြင်သော​အချိန်တွင် ကျွန်တို့ကို ခေါ်၍ ပြောလေ​သည်ကား၊ ရှုလော့၊ ဤနောက်ဆုံး​အကြိမ်တွင်၊ ငါတို့သည် ငါ့ဥယျာဉ်ကို ပြုစုပျိုး​ထောင်ကြလေပြီ။ ငါ့အလို​အတိုင်း ပြုထား​လေသည်ကိုလည်း သင်တို့​မြင်ကြ၏။ ငါသည် ပကတိ​အသီးကိုလည်း ထိန်းသိမ်း​စောင့်ရှောက်​ထားလေပြီ။ ထိုအသီးသည် ရှေးဦးစွာက​ကဲ့သို့ပင် ကောင်းမြတ်လေ၏။ သင်တို့​သည်လည်း မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငါ့ဥယျာဉ်ထဲ၌ ငါနှင့်​အတူ အလုပ်​လုပ်ကြရာတွင် လုံ့လဝီရိယ​ရှိ၍ ငါ၏​မိန့်မှာချက်တို့ကို စောင့်ထိန်းလျက်၊ ငါ့အတွက် ပကတိ​အသီးကို တစ်ဖန်​သီးစေ၍၊ ငါ့ဥယျာဉ်သည် မပုပ်ပျက်တော့၊ မကောင်းသော​အရာကို ပစ်လိုက်ပေပြီ။ ရှုလော့၊ ငါ့ဥယျာဉ်မှ အသီးကြောင့်၊ သင်တို့သည် ငါနှင့်​အတူ ဝမ်းမြောက်ခြင်း​ရှိကြ​လိမ့်မည်။

၇၆ ရှုလော့၊ အလျင်အမြန်​ကျရောက်လာမည့် အသီး​မသီးသည့်​ရာသီ​အတွက် ငါကိုယ်တိုင်​အဖို့ ငါ့ဥယျာဉ်မှ​အသီးကို အချိန်ကြာမြင့်စွာ ငါသိုထားမည်။ နောက်ဆုံး​အကြိမ်​အဖြစ်လည်း ငါ့ဥယျာဉ်ကို သုတ်သင်​ရှင်လင်း၍၊ အပင်​ပတ်လည်၌ တူးဆွလျက်၊ တိရစ္ဆာန်တို့၏​ချေးကို ဖို့၏။ သို့ဖြစ်၍၊ ငါပြောထားလေသည့်​အတိုင်း၊ အသီးကို ငါကိုယ်တိုင်​အတွက် အချိန်ကြာမြင့်စွာ သိုထားမည်။

၇၇ ငါ့ဥယျာဉ်​ထဲသို့ မကောင်းသော​အသီး​တစ်ဖန်​ရောက်လာသော​အခါ၌လည်း ငါသည် ကောင်းသော​အရာနှင့် မကောင်းသော​အရာတို့ကို စုဝေးစေလျက်၊ ကောင်းသော​အရာကို ငါ့အတွက် ထိန်းသိမ်း​စောင့်ရှောက်၍၊ မကောင်းသော​အရာကို ၎င်း၏​နေရာသို့ ပစ်လိုက်မည်။ ထို့နောက်တွင်၊ ရာသီချိန် ကုန်ဆုံးခြင်းသို့ ရောက်လာ၍ ငါ့ဥယျာဉ်ကို မီးနှင့်လောင်မြိုက်စေမည်။

ပုံနှိပ်သည်