အခန်းကြီး ၄
ခပ်သိမ်းသောပရောဖက်တို့သည် ခမည်းတော်ကို ခရစ်တော်၏နာမတော်အားဖြင့် ကိုးကွယ်ကြ၏—အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းသည် ဘုရားသခင်နှင့် တစ်ပါးတည်းသောသားတော်၏ ပုံဆောင်ခြင်းဖြစ်၏—လူသားတို့သည် အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၊ ဘုရားသခင်ထံသို့ မိတ်သဟာယဖွဲ့ရကြမည်—ယုဒလူမျိုးတို့သည် အုတ်မြစ်ကျောက်ကို ငြင်းပယ်ကြလိမ့်မည်။ ဘီစီ ၅၄၄–၄၂၁ ခန့်။
၁ ယခုတွင်၊ ရှုလော့၊ အချိန်တန်လာသောအခါ ငါယာကုပ်သည် ငါ၏လူမျိုးတို့ကို စကားအားဖြင့် အမှုတော်ဆာင်၍ (ပုရပိုက်ပြားများပေါ်၌ ငါတို့၏စကားများကို ရေးထွင်းခြင်း၏ ခက်ခဲမှုကြောင့်၊ ငါ့စကားများ၏ အနည်းငယ်ကိုသာ ငါရေးနိုင်၏) ပုရပိုက်ပြားများပေါ်၌ ငါတို့ရေးထားသည့် အရာများ ဆက်၍တည်ရှိရမည်ကိုလည်း ငါတို့သိကြ၏။
၂ သို့ရာတွင်၊ ပုရပိုက်ပြားများပေါ်၌ ရေးထားသော အရာများမှတစ်ပါး၊ အဘယ်အရာပေါ်၌မဆို၊ ငါတို့ရေးထားလေသမျှတို့သည် ပျက်စီး၍ ကွယ်ပျောက်သွားရမည်။ သို့ရာတွင်၊ ငါတို့၏သားမြေးတို့နှင့် ငါတို့၏ညီအစ်ကိုများသို့လည်း ငါတို့နှင့်စပ်လျဉ်းသည့် သို့မဟုတ်၊ သူတို့၏ဘိုးဘေးတို့နှင့် စပ်လျဉ်းသည့် အသိပညာ၏ပမာဏ အနည်းငယ်ကို ပေးလိမ့်မည့် စကားအနည်းငယ်ကို ဤပုရပိုက်ပြားများ ပေါ်၌ ငါတို့ရေးနိုင်ကြ၏—
၃ ယခုတွင်၊ ဤအရာတို့၌ ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။ ထို့အတူ၊ ငါတို့၏ချစ်လှစွာသောညီအစ်ကိုများနှင့် ငါတို့၏သားမြေးတို့သည် သူတို့၏ပထမဦးဆုံးသော မိဘများအကြောင်းကို ဝမ်းနည်းခြင်းနှင့်မဟုတ်၊ မရိုသေမလေးစားခြင်းနှင့်လည်းမဟုတ်ဘဲ ဝမ်းမြောက်ခြင်းနှင့် သင်ယူနိုင်ကြစေကြောင်း၊ ထိုအရာတို့ကို ကျေးဇူးသိတတ်သောစိတ်နှလုံးနှင့် လက်ခံရရှိ၍၊ ဖတ်ကြမည်ကို ငါတို့မျှော်လင့်လျက်၊ လုံ့လဝီရိယထက်သန်စွာ အလုပ်လုပ်ကြ၏။
၄ အကြောင်းမူကား၊ ငါတို့သည် ခရစ်တော်အကြောင်းကိုသိ၍၊ သူကြွလာတော်မမူခင် နှစ်ရာပေါင်းများစွာကပင် သူ၏ဘုန်းတော်အား မျှော်လင့်ခြင်းရှိနေခဲ့လေလျက်၊ ငါတို့ကိုယ်တိုင်သာလျှင်မဟုတ်ဘဲ၊ ငါတို့၏ရှေ့က သန့်ရှင်းသည့် ပရောဖက်ခပ်သိမ်းတို့သည်လည်း သူ၏ဘုန်းတော်အား မျှော်လင့်ခြင်းရှိနေခဲ့လေသည်ကို သူတို့သိနိုင်ကြစေကြောင်းဟူသည့် ဤရည်ရွယ်ချက်အတွက် ဤအရာတို့ကို ရေးထားလေ၏။
၅ ရှုလော့၊ သူတို့သည် ခရစ်တော်ကို ယုံကြည်၍ သူ၏နာမတော်အားဖြင့် ခမည်းတော်ကို ကိုးကွယ်ကြ၏။ ငါတို့သည်လည်း သူ၏နာမတော်အားဖြင့် ခမည်းတော်ကို ကိုးကွယ်ကြ၏။ ငါတို့၏ဝိညာဉ်များကို သူ့ဆီသို့ ညွှန်ပြသောကြောင့် ဤရည်ရွယ်ချက်အတွက်၊ ငါတို့သည် မောရှေ၏ပညတ်တရားကို စောင့်ထိန်းလျက်၊ တောရိုင်းထဲ၌ အာဗြဟံကို ဘုရားသခင်၏အမိန့်တော်တို့အား နာခံစေကြောင်း ဘုရားသခင်နှင့် သူ၏တစ်ပါးတည်းသောသားတော်တို့ကို ပုံဆောင်ခြင်းဖြစ်သည့် သားဣဇာက်ကို ပူဇော်ခြင်းအား ပမာဏပြုတော်မူသကဲ့သို့ပင် ဤအကြောင်းကြောင့် ငါတို့ကို ဖြောင့်မတ်သည်ဟု မှတ်ယူ၏။
၆ သို့ဖြစ်၍၊ ငါတို့သည် ပရောဖက်များကို ရှာဖွေ၍၊ များစွာသောဗျာဒိတ်တော်များနှင့် ပရောဖက်ပြုဟောသောဝိညာဉ်တို့ကို ရရှိကြ၏။ ဤသက်သေခပ်သိမ်းတို့ ရှိခြင်းကြောင့်လည်း၊ ငါတို့သည် မျှော်လင့်ခြင်းရှိလျက်၊ ယေရှု၏နာမတော်အားဖြင့် အမှန်ပင်အမိန့်ပေးနိုင်၍၊ ဤသစ်ပင်များ၊ သို့မဟုတ် တောင်များ၊ သို့မဟုတ် ပင်လယ်လှိုင်းတံပိုးတို့ကပင် ငါတို့ကို နာခံကြစေသည့်တိုင်အောင်၊ ငါတို့၏ ယုံကြည်ခြင်းသည် တုန်လှုပ်ခြင်းမရှိရာသို့ ရောက်လာ၏။
၇ သို့သော်လည်း၊ သူ၏ကျေးဇူးတော်နှင့် လူသားများသို့ သူ၏ကြီးမြတ်သော ကိုယ့်ကိုယ်ကိုနှိမ့်ချတော်မူခြင်းအားဖြင့်၊ ဤအရာတို့ကိုပြုရန် ငါတို့ ၌ အစွမ်းသတ္တိရရှိသည်ကို သိနိုင်ကြစေကြောင်း၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငါတို့အား ငါတို့၏အားနည်းချက်များကို ပြတော်မူ၏။
၈ ရှုလော့၊ ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသည်မှာ ကိုယ်တော်ရှင်၏အမှုများဖြစ်၏။ သူ၏နက်နဲခြင်းသည် စဉ်းစားဆင်ခြင်၍မရနိုင်အောင် နက်လှပေစွတကား။ သူ၏တရားလမ်းတော်တို့ကို လူသားသည် တွေ့ရှိခြင်းငှာလည်း တတ်နိုင်မည်မဟုတ်ပေ။ ဖော်ပြထားတော်မူခြင်းမရှိလေလျှင်၊ သူ၏တရားလမ်းတော်တို့ကို အဘယ်သူမျှမသိ။ သို့ဖြစ်၍၊ ညီအစ်ကိုတို့၊ ဘုရားသခင်၏ဗျာဒိတ်တော်တို့ကို မထီမဲ့မြင်မပြုကြလေနှင့်။
၉ အကြောင်းမူကား၊ ရှုလော့၊ သူ့နှုတ်ကပတ်တော်တန်ခိုးအားဖြင့် ဖန်ဆင်းတော်မူခဲ့သော မြေကြီး မျက်နှာပြင်ပေါ်သို့၊ သူ့နှုတ်ကပတ်တော်တန်ခိုးအားဖြင့် လူသားရောက်လာခဲ့၏။ သို့ဖြစ်၍၊ ဘုရားသခင်သည် ဟောနိုင်တော်မူ၍၊ ကမ္ဘာမြေကြီးဖြစ်လာလျက်၊ ဟောတော်မူ၍ လူသားကို ဖန်ဆင်းတော်မူခဲ့၏။ အို ထိုသို့ဆိုလျှင်၊ မြေကြီးကို သို့မဟုတ်၊ မြေကြီးမျက်နှာပြင်ပေါ်ရှိသူ၏လက်နှင့် ဖန်ဆင်း ထားတော်မူသောအရာကို သူ၏စိတ်အလိုဆန္ဒအတိုင်း၊ အဘယ်ကြောင့်၊ အမိန့်မပေးနိုင်ဘဲ ရှိရမည်နည်း။
၁၀ သို့ဖြစ်၍၊ ညီအစ်ကိုတို့၊ ကိုယ်တော်ရှင်ကို အကြံပေးရန် ကြိုးစားခြင်း မရှိနှင့်။ သို့ရာတွင်၊ သူ့ထံမှ အကြံကို ယူကြလော့။ အကြောင်းမူကား၊ ရှုလော့၊ သူ၏ ခပ်သိမ်းသော အမှုတော်တို့ကို ဉာဏ်ပညာ၊ တရားတော်မူခြင်း၊ ကြီးစွာသော ကရုဏာတော်တို့ဖြင့် အကြံပေးတော်မူကြောင်း သင်တို့ကိုယ်တိုင် သိကြ၏။
၁၁ သို့ဖြစ်၍၊ ချစ်လှစွာသောညီအစ်ကိုတို့၊ သူ၏တစ်ပါးတည်းသော သားတော်ဖြစ်သည့် ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် သူ့ထံသို့ မိတ်သဟာယဖွဲ့ကြလော့၊ သင်တို့သည် ခရစ်တော်၌ရှိတော်မူသော ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်အတိုင်း ရှင်ပြန်ထမြောက်ခြင်းကို ရရှိနိုင်ကြ၏။ သင်တို့သည် ယုံကြည်ခြင်းရှိလျက်၊ ဇာတိကိုယ်ခန္ဓာအားဖြင့် သူကိုယ်တိုင်ထင်ရှားစွာပြတော်မမူမီတွင် သူ၏ဘုန်းတော်၌ ခိုင်မြဲသောမျှော်လင့်ချက်ကို ရရှိကြသောကြောင့် ခရစ်တော်၏အဦးသီးများအဖြစ် ဘုရားသခင်ထံသို့ ဆက်ကပ်ကြလော့။
၁၂ ယခုမူကား၊ ချစ်လှစွာသောသူတို့၊ ဤအရာတို့အား ငါပြောသည်ကို အံ့ဩခြင်းမရှိကြနှင့်။ အကြောင်းမူကား၊ သူ၏စုံလင်သော အသိပညာကိုရရှိစေ၍၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကျရောက်လာမည့် လောက အကြောင်း အသိပညာကိုလည်းရရှိလျက်၊ ခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာအကြောင်းကို အဘယ့်ကြောင့်၊ မပြောဘဲ ရှိကြမည်နည်း။
၁၃ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ လူသားတို့ နားလည်ကြစေခြင်းငှာ၊ ပရောဖက်ပြု၍ဟောသူအား ပရောဖက်ပြု၍ ဟောပါလေစေ။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားကို ဟော၍၊ မုသားဟောခြင်းမရှိ။ သို့ဖြစ်၍၊ အမှုအရာတို့အမှန်ရှိကြသည့်အတိုင်းနှင့် အမှုအရာတို့အမှန်ဖြစ်လာမည့်အတိုင်း ဟောတော်မူ၏။ သို့ဖြစ်၍၊ ငါတို့ဝိညာဉ်များ၏ကယ်တင်ခြင်းအတွက် ဤအရာတို့ကို ငါတို့အား ရှင်းလင်းစွာဖြင့် ထင်ရှားစွာပြတော်မူ၏။ သို့ရာတွင်၊ ရှုလော့၊ ဤအရာတို့၌ ငါတို့သာလျှင် သက်သေများမဟုတ်ကြ။ အကြောင်းမူကား၊ ဘုရားသခင်သည် ထိုအရာတို့ကို ရှေးပရောဖက်တို့ကိုလည်း ဟောတော်မူ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ ယုဒလူမျိုးတို့သည် လည်ပင်းခိုင်မာသော လူမျိုးများဖြစ်ကြ၏။ သူတို့သည် ရှင်လင်းသော နှုတ်ကပတ်တော်များကို မထီမဲ့မြင်ပြု၍၊ ပရောဖက်တို့ကို သတ်လျက်၊ နားမလည်နိုင်သည့် အရာများကို ရှာကြ၏။ သို့ဖြစ်၍၊ ပန်းတုံးတိုင်ကို လွန်၍ကြည့်ခြင်းအားဖြင့် ရောက်လာခဲ့သည့် သူတို့၏အသိစိတ်ကွယ်ခြင်းကြောင့် ကျရှုံးကြရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏ရှင်လင်းခြင်းကို ထိုသူတို့ထံမှ ပယ်ရှင်းလေ၍၊ သူတို့အလိုရှိကြသောကြောင့်၊ နားမလည်နိုင်သည့်အရာများစွာတို့ကို ပေးအပ်တော်မူလေ၏။ သူတို့အလိုရှိသောကြောင့်လည်း၊ ထိမိ၍လဲစေကြောင်း၊ ထိုအမှုကို ဘုရားသခင်ပြုတော်မူလေ၏။
၁၅ ယခုမူကား၊ ငါယာကုပ်သည် ပရောဖက်ပြု၍ ဟောခြင်းသို့ ဝိညာဉ်တော်၏ ပို့ဆောင်တော်မူခြင်းကို ခံရ၏။ အကြောင်းမူကား၊ ယုဒလူမျိုးတို့သည် ထိမိ၍လဲခြင်းအားဖြင့် ခိုင်မာသောအုတ်မြစ်အဖြစ်ထား၍ တည်ဆောက်ရမည့် ကျောက်ကို ငြင်းပယ်ကြလိမ့်မည့်အကြောင်း၊ ငါ့အထဲ၌ရှိသော ဝိညာဉ်တော်၏ပြုပြင်ခြင်းတို့အားဖြင့် ငါသိမြင်၏။
၁၆ သို့ရာတွင်၊ ရှုလော့၊ ကျမ်းစာများအတိုင်း၊ ဤကျောက်သည် ယုဒလူမျိုးတို့တည်ဆောက်နိုင်ရာ ကြီးမြတ်သော၊ နောက်ဆုံးဖြစ်သော၊ တစ်ခုတည်းသောမြဲမြံသည့် အုတ်မြစ်ဖြစ်လာလိမ့်မည်။
၁၇ ယခုမူကား၊ ငါ၏ချစ်လှစွာသောသူတို့၊ မြဲမြံသောအုတ်မြစ်ကို ငြင်းပယ်ကြလေပြီးမှ၊ တိုက်ထောင့်အထွဋ်အဖျားသို့ ရောက်နိုင်စေကြောင်း၊ ထိုအုတ်မြစ်အပေါ်၌ တည်ဆောက်နိုင်ပြန်သည်ဟူသော ဤအရာတို့သည်ကား၊ အဘယ်သို့အားဖြင့် ဖြစ်နိုင်မည်နည်း။
၁၈ ရှုလော့၊ ငါ၏ချစ်လှစွာသော ညီအစ်ကိုတို့၊ ငါသည် ဤနက်နဲသောအရာကို သင်တို့အား ဖွင့်ပြမည်။ ငါမပြုလျှင်၊ ဝိညာဉ်တော်၌ ငါ၏ခိုင်မြဲခြင်းသည် အဘယ်နည်းဖြင့်မဆို တုန်လှုပ်၍၊ သင်တို့အတွက် ငါ၏အလွန်စိုးရိမ်ပူပန်မှုကြောင့် ထိမိ၍လဲ၏။