အခန်းကြီး ၆
ကိုယ်တော်ရှင်သည် နောက်ဆုံးသောကာလ၌ ဣသရေလအမျိုးတို့ကို ပြန်လည်ပေါင်းစည်းစေလိမ့်မည်—ကမ္ဘာမြေကြီးသည် မီးနှင့်လောင်မြိုက်လိမ့်မည်—လူသားတို့သည် ကန့်နှင့်ရောသောမီးအိုင်ကို ရှောင်ရန် ခရစ်တော်၏နောက်သို့ လိုက်ရကြမည်။ ဘီစီ ၅၄၄–၄၂၁ ခန့်။
၁ ယခုမူကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ငါသည် ပရောဖက်ပြု၍ဟောမည်ဟု သင်တို့ကို ဆို၍၊ ရှုလော့၊ ဤအရာသည် ငါ၏ပရောဖက်ပြုဟောချက်ဖြစ်၏—ဤပရောဖက်ဇေနုတ်က ဣသရေလအမျိုးသားတို့အကြောင်းကို ဟောသည့် အရာများတည်းဟူသော သူတို့ကို ယဉ်သောသံလွင်ပင်နှင့် ပမာပြုခဲ့ခြင်းသည် ဧကန်အမှန်ဖြစ်လာရမည်။
၂ ထို့အတူ၊ ကိုယ်တော်ရှင်၏တပည့်တော်တို့သည် သူ၏ဥယျာဉ်ကို ပြုစုပျိုးထောင်၍၊ သုတ်သင်ရှင်လင်းကြခြင်းငှာ၊ သူ၏တန်ခိုးတော်နှင့် သွားကြမည့် အချိန်သည်ကား၊ သူ၏လူမျိုးတို့ကို ကယ်ယူခြင်းငှာ၊ လက်တော်ကို ဒုတိယအကြိမ်တစ်ဖန်ဆန့်တော်မူမည့်နေ့ရက်၊ အမှန်စင်စစ်၊ နောက်ဆုံးအကြိမ်ပင် ဖြစ်သည့်နေ့ရက်ပေတည်း။ ထို့နောက် မကြာမြင့်မီ၊ ပြီးဆုံးခြင်း ရောက်လာ၏။
၃ သူ၏ဥယျာဉ်ထဲ၌ လုံ့လဝီရိယထက်သန်စွာအလုပ်လုပ်ကြသောသူတို့သည် မင်္ဂလာရှိကြပေစွတကား။ မိမိတို့၏နေရာသို့ နှင်ထုတ်ခံရမည့်သူတို့သည် ကျိန်ခြင်းကို ခံရကြလေပြီတကား။ ကမ္ဘာမြေကြီးသည်လည်း မီးနှင့်လောင်မြိုက်လိမ့်မည်။
၄ ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကရုဏာကြီးတော်မူလှ ပေစွတကား။ အကြောင်းမူကား၊ သူသည် ဣသရေလအမျိုးသားတို့ကို အရင်းအဖျားနှစ်ခုစလုံးကို အောက်မေ့တော်မူ၏။ လက်တော်ကိုလည်း သူတို့ထံသို့ တစ်နေ့လုံးဆန့်တော်မူ၏။ သူတို့သည်လည်း လည်ပင်းခိုင်မာ၍ ငြင်းဆန်တတ်သောလူမျိုး ဖြစ်ကြ၏။ သို့ရာတွင်၊ မိမိတို့စိတ်နှလုံးကို မမာကျောစေသူမှန်သမျှသည် ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၅ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသော ညီအစ်ကိုတို့၊ သင်တို့သည် နောင်တရလျက်၊ စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့်လာ၍၊ ဘုရားသခင်သည် သင်တို့၌ စွဲမြဲခြင်းရှိသကဲ့သို့၊ သင်တို့သည် သူ့၌ စွဲမြဲခြင်းရှိကြစေကြောင်း၊ တည်ကြည်လေးနက်သော စကားများဖြင့် သင်တို့ကို ငါတိုးလျှိုးတောင်းပန်၏။ နေ့အလင်း၌ သူ၏ကရုဏာတော်လက်ရုံးကို သင်တို့ထံ ဆန့်တော်မူစဉ်တွင်လည်း၊ သင်တို့စိတ်နှလုံးကို မာကျောစေခြင်း မရှိကြစေနှင့်။
၆ ထိုမှတစ်ပါး၊ ယနေ့တွင်၊ သင်တို့သည် သူ၏အသံကို ကြားနာ၍၊ သင်တို့၏စိတ်နှလုံးကို မာကျောစေခြင်း မရှိလျှင်၊ အဘယ်အတွက် သေရမည်နည်း။
၇ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် ဘုရားသခင်၏ကောင်းမြတ်တော်မူသော နှုတ်ကပတ်တော်အားဖြင့်၊ တစ်နေ့လုံး အားဖြည့်ခံရလေပြီးမှ၊ မကောင်းသောအသီးကို သီးသဖြင့်၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရမည်လော။
၈ ရှုလော့၊ သင်တို့သည် ဤစကားများကို ငြင်းပယ်ကြမည်လော။ သင်တို့သည် ပရောဖက်တို့၏ စကားများကို ငြင်းပယ်ကြမည်လော။ ထို့အတူ၊ သူ၏အကြောင်းကို များစွာသောသူတို့က ဟောထားလေပြီးမှ၊ ခရစ်တော်အကြောင်းကို ပြောထားလေသည့် ခပ်သိမ်းသောစကားများကို သင်တို့ငြင်းပယ်၍၊ ခရစ်တော်၏ကောင်းမြတ်တော်မူသော နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏တန်ခိုးတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးတို့ကို ငြင်းဆို၍၊ သန့်ရှင်းသောဝိညာဉ်တော်၏အရှိန်ကို ငြိမ်းစေလျက်၊ သင်တို့အတွက် ချထားတော်မူလေသော ကြီးမြတ်သည့် ရွေးနှုတ်ခြင်းအစီအစဉ်ကို ပြက်ရယ်ပြုကြမည်လော။
၉ သင်တို့သည် ဤအရာတို့ကို ပြုကြလျှင်၊ ခရစ်တော်၌ရှိသည့် ရွေးနှုတ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်က သင်တို့ကို ဘုရားသခင်၏ တရားစီးရင်တော်မူရာတိုင်ရှေ့၌၊ အရှက်တရား၊ အလွန်ဆိုးရွားသော အပြစ်ရောက်ခြင်းတို့နှင့် ရပ်ကြစေခြင်းငှာ ဆောင်ယူတော်မူလိမ့်မည်ကို သိခြင်းမရှိကြသလော။
၁၀ ထို့အတူ၊ တရားတော်မူခြင်းကို ငြင်းဆန်၍ မရနိုင်သောကြောင့်၊ တရားတော်မူခြင်း တန်ခိုးအတိုင်း၊ မငြိမ်းနိုင်သောမီးလျှံများနှင့် ကာလအစဉ်အဆက် အမြဲတက်သည့် မီးခိုး၏ အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်း တည်းဟူသော ကန့်နှင့်ရောသောမီးအိုင်၊ ထိုကန့်နှင့်ရောသောမီးအိုင်ထဲသို့ သင်တို့သွားရမည်။
၁၁ အို ထိုသို့ဆိုလျှင်၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့သည် နောင်တရ၍၊ ကျပ်တည်းသော တံခါးမှဝင်လျက်၊ ထာဝရအသက်ကို ရရှိကြသည်တိုင်အောင် ကျဉ်းမြောင်းသည့် လမ်း၌ ဆက်၍ရှိနေကြလော့။
၁၂ အို ဉာဏ်ပညာရှိကြလော့၊ ငါသည် အဘယ်အရာကို ထပ်၍ပြောနိုင်ဦးမည်နည်း။
၁၃ နောက်ဆုံးအနေဖြင့်၊ ဆိုးညစ်သောသူတို့ကို အလွန်ဆိုးရွားသော ကြောက်ရွံ့ခြင်းနှင့် အကြောက်တရားတို့ဖြင့် ဒဏ်ခတ်တော်မူသည့် ဘုရားသခင်၏နှစ်သက်စရာကောင်းသော တရားစီရင်တော်မူရာတိုင်ရှေ့ ၌ သင်တို့ကို တွေ့ရသည့် အချိန်တိုင်အောင် မင်္ဂလာရှိကြပါစေဟု သင်တို့ကို ငါနှုတ်ဆက်၏။ အာမင်။