အခန်းကြီး ၂
စည်းစိမ်ဥစ္စာများကို တပ်မက်ခြင်း၊ မာနတရားနှင့် ကာမအပြစ်ရှိခြင်းတို့ကို ယာကုပ်က ထုတ်ဖော်ပြောကြား၏—လူသားတို့သည် မိမိတို့၏အပေါင်းအဖော်များကို ကူညီမစရန် စည်းစိမ်ဥစ္စာများကို ရှာဖွေရမည်—နီဖိုင်းအမျိုးသားများ၌ အဘယ်သူမျှ ဇနီးတစ်ယောက်ထက်ပို၍ မယူရဟု ကိုယ်တော်ရှင်မိန့်တော်မူ၏—ကိုယ်တော်ရှင်သည် မိန်းမတို့၏ ကာမအပြစ်ကင်းစင်ခြင်းကို နှစ်သက်တော်မူ၏။ ဘီစီ ၅၄၄–၄၂၁ ခန့်။
၁ နီဖိုင်းသေပြီးနောက်၊ နီဖိုင်းလူမျိုးတို့အား နီဖိုင်း၏ညီယာကုပ်က ပြောသောစကားများသည်ကား၊
၂ ယခုတွင်၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါယာကုပ်သည် ဘုရားသခင်ထံရှိသည့် ငါ၏တာဝန်အတိုင်း၊ ငါ၏အမှုအရာကို တည်ကြည်လေးနက်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းငှာလည်းကောင်း၊ ငါ၏အဝတ်တန်ဆာများကိုလည်း သင်တို့၏အပြစ်များမှ ကင်းစင်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အား ဟောကြားနိုင်ခြင်းငှာ ဤနေ့တွင် ဗိမာန်တော်ထဲသို့ တက်လာ၏။
၃ ငါသည် ယခုတိုင်အောင်ပင် ငါ၏အမှုတော်ဆောင်တာဝန်အမှုအရာ၌ လုံ့လဝီရိယရှိလေသည်ကို သင်တို့ကိုယ်တိုင်လည်းသိကြ၏။ သို့ရာတွင်၊ ဤအချိန်၌၊ ငါသည် သင်တို့စိတ်ဝိညာဉ်၏ ကောင်းကျိုးအတွက်၊ ယခုတိုင်အောင်ရှိလေပြီးသည်ထက် သာ၍များစွာသော ဆန္ဒနှင့်စိုးရိမ်ပူပန်မှုတို့ဖြင့် ဝန်လေးပေ၏။
၄ အကြောင်းမူကား၊ ရှုလော့၊ ယခုအချိန်ထိပင်၊ သင်တို့သည် ငါပေးလေသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို နာခံကြလေပြီ။
၅ သို့ရာတွင်၊ ရှုလော့၊ ငါ့စကားကို သင်တို့စေ့စေ့နားထောင်ကြလော့။ ငါ့အဖို့ အလွန်စက်ဆုပ်ရွံရှာဖွယ်၊ အမှန်စင်စစ်၊ ဘုရားသခင်အဖို့လည်း စက်ဆုပ်ရွံရှာဖွယ်အဖြစ် ထင်ရှားသည့် အပြစ်ကို လုပ်ခြင်းငှာ၊ အစပြုလျက်ရှိကြသော သင်တို့၏ အတွေးများအကြောင်းကို၊ ကောင်းကင်နှင့် မြေကြီး၏ အလုံးစုံသော တန်ခိုးနှင့်ပြည့်စုံတော်မူသည့် ဖန်ဆင်းရှင်၏ အကူအညီဖြင့် ငါပြောနိုင်ကြောင်းကိုလည်း သိကြလော့။
၆ ထိုမှတစ်ပါး၊ သင်တို့စိတ်နှလုံး၏ ဆိုးညစ်ခြင်းအကြောင်း သင်တို့ကို ငါသက်သေခံရခြင်းက ငါ၏ဝိညာဉ်ကို ဝမ်းနည်းပူဆွေးစေ၍၊ ငါ့ကိုဖန်ဆင်းတော်မူသောအရှင်၏မျက်မှောက်ရှေ့၌ ငါ့ကို အရှက်တရားနှင့် တွန့်ဆုတ်စေ၏။
၇ ဘုရားသခင်အား နှစ်သက်စေသည့် အရာတည်းဟူသော ဘုရားသခင်ရှေ့ ၌ အလွန်နူးညံ့သော၊ ကာမအပြစ်ကင်းစင်သော၊ သိမ်မွေ့သော စိတ်ခံစားချက်များရှိလေသူ သင်တို့ဇနီးများနှင့် သင်တို့သားသမီးများရှေ့ ၌ သင်တို့အကြောင်းကို အလွန်ရဲရင့်သောစကားများဖြင့် ပြောရခြင်းကလည်း ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။
၈ ဘုရားသခင်၏ နှစ်သက်စရာကောင်းသော၊ နှုတ်ကပတ်တော်၊ အမှန်စင်စစ်၊ နာလျက်ရှိသော ဝိညာဉ်ကို အနာကင်းစေသည့် နှုတ်ကပတ်တော်ကို ကြားနာခြင်းငှာ၊ ဤနေရာသို့ သူတို့လာကြလေသည်ဟုလည်း ငါထင်မှတ်၏။
၉ သို့ဖြစ်၍၊ သူတို့၏ဒဏ်ရာများကို ငြိမ်းစေ၍ နှစ်သိမ့်စေမည့်အစား၊ ဒဏ်ရာရလေပြီးသောသူတို့၏ ဒဏ်ရာကို ပို၍ကြီးစေကြောင်းနှင့် ဒဏ်ရာမရသေးသောသူတို့ကို ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းသည့် နှုတ်ကပတ်တော်အား ပွဲခံပျော်မွေ့ခြင်းရှိစေမည့်အစား၊ သူတို့၏ စိတ်နှလုံးကို သံလျက်နှင့် ခွင်း၍၊ သိမ်မွေ့သောစိတ်ကို ဒဏ်ရာရစေကြောင်း၊ သင်တို့၏ပြစ်မှုများအတိုင်း သင်တို့ကို ဆုံးမရန်၊ ဘုရားသခင်ထံမှ ငါရရှိထားလေပြီးသော တင်းကျပ်သည့် ပညတ်တော်ကြောင့် အတင်းစေခိုင်းရသည်မှာ ငါ၏ဝိညာဉ်ကို ဝန်လေးစေ၏။
၁၀ သို့ရာတွင်၊ အမှုကြီးမားသော်ငြားလည်း၊ ငါသည် ဘုရားသခင်၏ တင်းကျပ်သောမိန့်မှာချက်များ အတိုင်း ပြုရမည်။ သင်တို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများအကြောင်းကို စိတ်နှလုံးစင်ကြယ်သောသူများနှင့် နှလုံးသားကျိုးပဲ့သောသူတို့၏ မျက်မှောက်၌၊ ထို့အတူ အနန္တတန်ခိုးရှင်ဘုရားသခင်၏ စူးရှသောမျက်လုံးတော်၏ လျှပ်တစ်ပြက်အကြည့်အောက်၌ ပြောရမည်။
၁၁ သို့ဖြစ်၍၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ရှင်းလင်းခြင်းအတိုင်း သမ္မာတရားကို သင်တို့အား ငါပြောပြရမည်။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်ထံ ငါမေးလျှောက်သောအခါ၊ နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာပြီး၊ မိန့်တော်မူလေသည်မှာ၊ ယာကုပ်၊ သင်သည် နက်ဖြန်နေ့တွင် ဗိမာန်တော်သို့ တက်၍၊ သင့်ကို ငါပေးတော်မူမည့် နှုတ်ကပတ်တော်ကို ဤလူမျိုးတို့အား ဟောကြားလော့။
၁၂ ယခုမူကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ဤအရာသည်ကား၊ သင်တို့နှင့် သင်တို့၏အမျိုးအနွယ်များအတွက်ဖြစ်သော ကတိတော်မြေဖြစ်သည့် အမြောက်မြားဆုံး ပေါများရာ ဤပြည်၌ များစွာသောသင်တို့သည် ရွှေ၊ ငွေနှင့် အမျိုးမျိုးသောအဖိုးတန်သတ္တုရိုင်းတို့ကို ရှာဖွေစပြုကြလေကြောင်း သင်တို့ကို ငါဟောကြားသည့် စကားပေတည်း။
၁၃ စောင့်ရှောက်ခြင်းလက်တော်ကလည်း သင်တို့ကို အနှစ်သက်ဆုံး ပြုံးတော်မူလေသဖြင့် စည်းစိမ်ဥစ္စာများစွာကို သင်တို့ရရှိကြလေပြီ။ သင်တို့မှ အချို့သောသူများသည် သင်တို့၏ညီအစ်ကိုများထက် သာ၍မြောက်မြားစွာရရှိသောကြောင့်၊ သင်တို့သည် မိမိမာနစိတ်နှလုံးဖြင့် ဘဝင်မြင့်လျက်၊ သင်တို့အဝတ်၏ တန်ဖိုးကြီးခြင်းကြောင့် လည်ပင်းခိုင်မာ၍၊ မောက်မာလျက်၊ သင်တို့ညီအစ်ကိုများထက်သာ၍၊ မြင့်မြတ်သည်ဟု ထင်မှတ်သောကြောင့်၊ သူတို့ကို ညှဉ်းဆဲကြ၏။
၁၄ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ဘုရားသခင်သည် ဤအမှု၌ သင်တို့ကို အပြစ်ကင်းစေတော်မူသည်ဟု သင်တို့ ထင်မှတ်ကြသလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ သင်တို့ကို သူပြစ်ဒဏ်ချမှတ်၍ သင်တို့သည် ဤအမှုတို့၌ ဆက်၍ပြုမြဲပြုကြလျှင်၊ သူ၏တရားစီရင်တော်မူခြင်းသည် သင်တို့အပေါ်အလျင်အမြန်ကျရောက်လာပေမည်။
၁၅ သူသည် မျက်လုံးတော်မှ လျှပ်တစ်ပြက်အကြည့်တစ်ချက်ဖြင့်၊ သင်တို့ကို မြေမှုန့်သို့တိုင် ဒဏ်ခတ်တော်မူနိုင်၍၊ သင်တို့ကို စူးရှနိုင်ကြောင်း ပြတော်မူပါစေသော်။
၁၆ သူသည် သင်တို့ကို ဤဒုစရိုက်နှင့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့မှ ပယ်ရှားပါစေသော်။ ထို့အတူ၊ သင်တို့သည် သူ၏အမိန့်တော်စကားကို နားထောင်ကြလော့။ သင်တို့၏ ဤမာနစိတ်နှလုံးကို သင်တို့၏ စိတ်ဝိညာဉ်များအား မဖျက်ဆီးစေနှင့်။
၁၇ သင်တို့၏ ညီအစ်ကိုများကို သင်တို့ကိုယ်၌ကဲ့သို့ ထင်မှတ်၍ အားလုံးကို ခင်မင်လျက်၊ သူတို့ကို သင်တို့ကဲ့သို့ ကြွယ်ဝကြစေခြင်းငှာ၊ သင်တို့၏ ဥစ္စာတို့ကို ရက်ရောခြင်းရှိကြလော့။
၁၈ သို့ရာတွင်၊ သင်တို့သည် စည်းစိမ်ဥစ္စာကိုမရှာမီ၊ ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။
၁၉ သင်တို့သည် ခရစ်တော်အားဖြင့်၊ မျှော်လင့်ခြင်းရှိကြလေပြီးမှ၊ ရှာကြလျှင်၊ စည်းစိမ်ဥစ္စာကို ရရှိကြလိမ့်မည်။ သင်တို့သည် ကောင်းမြတ်သည်ကို ပြုကြခြင်းငှာ—အဝတ်မရှိသောသူတို့အား ဝတ်စရာကို ပေးခြင်းငှာ၊ ထို့အတူ မွတ်သိပ်သောသူတို့အား အစာကျွေးခြင်းငှာ၊ ထို့အတူ အကျဉ်းသားတို့ကို လွတ်စေခြင်းငှာ၊ ထို့အတူ ဖျားနာသူများနှင့် ဒုက္ခရောက်သူများတို့အား အကူအမ ထောက်ပံ့ပေးကမ်းခြင်းငှာ စသည့်ရည်ရွယ်ချက်ဖြင့် ထိုအရာတို့ကို ရှာရကြမည်။
၂၀ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ငါသည် သင်တို့အား မာနအကြောင်းကို ပြောပြီးလေပြီ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ဒုက္ခရောက်စေသူ၊ သင်တို့ကို ဘုရားသခင်ပေးထားတော်မူလေသော အရာများအတွက် သင်တို့စိတ်နှလုံး၌ မာနကြီးကြသောကြောင့်၊ ညှဉ်းဆဲကြသောသင်တို့သည် ထိုမာနအကြောင်းကို အဘယ်သို့ပြောကြမည်နည်း။
၂၁ ထိုကဲ့သို့သောအရာများသည် ခပ်သိမ်းသော လူတို့ကို ဖန်ဆင်းတော်မူခဲ့သောသူအဖို့ စက်ဆုပ် ရွံရှာဖွယ်ဖြစ်သည်ဟု သင်တို့မထင်မှတ်ကြသလော။ သူ၏အမြင်၌ လူတစ်ဦးသည် အခြားတစ်ဦးကဲ့သို့ပင် အဖိုးထိုက်ပေ၏။ ခပ်သိမ်းသော လူတို့သည်လည်း မြေမှုန့်မှ ဖြစ်လာကြ၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်း၍၊ သူ့ကို ကာလအစဉ်အဆက် ချီးမွမ်းကြစေကြောင်းဟူသည့် တူညီသောရည်ရွယ်ချက်အတွက်၊ သူတို့ကို ဖန်ဆင်းထားတော်မူလေပြီ။
၂၂ ယခုမူကား၊ ငါသည် သင်တို့အား ဤမာနအကြောင်း ပြောဆိုခြင်းကို လက်စသတ်၏။ သာ၍ဆိုးရွားသည့် ပြစ်မှုအကြောင်း သင်တို့ကို မပြောရလျှင်၊ ငါ့စိတ်နှလုံးသည် သင်တို့ကြောင့် လွန်စွာရွှင်လန်းဝမ်းမြောက်လိမ့်မည်။
၂၃ သို့ရာတွင်၊ သင်တို့၏သာ၍ဆိုးရွားသော ပြစ်မှုများကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်က ငါ့ကို ဝန်လေးစေ၏။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင် မိန့်တော်မူလေသည်မှာ၊ ဤလူမျိုးတို့သည် ဒုစရိုက်၌ တဖြည်းဖြည်းတိုးပွားစပြုကြ၏။ ကျမ်းစာများကို နားလည်းခြင်း မရှိကြ။ အကြောင်းမူကား၊ သူတို့သည် မတရားသောမေထုန်ကို ပြုရာတွင် ဒါဝိဒ်နှင့် သူ၏သားရှောလမုန်တို့အကြောင်း ရေးထားသောအရာများကြောင့် သူတို့ကိုယ်သူတို့ အပြစ်လွတ်စေခြင်းငှာ ကြိုးစားကြ၏။
၂၄ ရှုလော့၊ ဒါဝိဒ်နှင့် ရှောလမုန်တို့၌ များစွာသောဇနီးများနှင့် မယားငယ်များ အမှန်ရှိလေခြင်းသည်ကား၊ ငါ့ရှေ့ ၌ စက်ဆုပ်ရွံရှာဖွယ်သောအရာဖြစ်၏ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၅ သို့ဖြစ်၍၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါသည် ယောသပ်၏ရင်သွေးမှ ဖြောင့်မတ်သောသူတစ်စုကို ငါ့အဖို့ ပေါ်ထွန်းနိုင်စေခြင်းငှာ၊ ဤလူမျိုးကို ငါ့လက်ရုံး၏ တန်ခိုးတော်အားဖြင့်၊ ယေရုရှလင်နယ်မြေမှ ဆောင်တော်မူလေပြီ။
၂၆ သို့ဖြစ်၍၊ ရှေးကလူများကဲ့သို့၊ ဤလူမျိုးတို့ ပြုကြမည်ကို ငါကိုယ်တော်ရှင်ဘုရားသခင် အခွင့်ပေးတော်မူမည်မဟုတ်။
၂၇ သို့ဖြစ်၍၊ ငါ၏ညီအစ်ကိုတို့၊ ငါ့ကိုကြားနာ၍၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို စေ့စေ့နားထောင်ကြလော့။ အကြောင်းမူကား၊ သင်တို့အထဲမှ အဘယ်သူမျှ ဇနီးတစ်ယောက်ထက်ပို၍ မယူရ။ မယားငယ်များလည်း မရှိစေရ။
၂၈ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်ဘုရားသခင်သည် မိန်းမတို့၏ ကာမအပြစ်ကင်းစင်ခြင်းကို နှစ်သက်တော်မူ၏။ မတရားသောမေထုန်အမှုတို့သည်ကား၊ ငါ့ရှေ့ ၌ စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၉ သို့ဖြစ်၍၊ ဤလူမျိုးတို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းရမည်။ သို့မဟုတ်လျှင်၊ ဤပြည်သည် သူတို့ကြောင့်၊ ကျိန်ခြင်းခံရမည်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။
၃၀ အကြောင်းမူကား၊ ငါ့အဖို့ အမျိုးမပြတ်ဆက်နွယ်စေတော်မူလျှင်၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင် မိန့်တော်မူသည်မှာ၊ ငါ၏လူမျိုးတို့ကို မိန့်တော်မူမည်။ သူတို့သည်လည်း ဤမိန့်မှာချက်တို့ကို စေ့စေ့နားထောင်ကြလိမ့်မည်။
၃၁ အကြောင်းမူကား၊ ရှုလော့၊ မိမိတို့ခင်ပွန်းများ၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့်၊ ယေရုရှလင်နယ်မြေ၊ ထိုမှတစ်ပါး ငါ့လူမျိုးတို့၏ ခပ်သိမ်းသောပြည်တို့မှ ငါ့လူမျိုးတို့၏ သမီးများ၏ ဝမ်းနည်းခြင်းကို ငါကိုယ်တော်ရှင်မြင်တော်မူ၍၊ ငိုကြွေးမြည်တမ်းခြင်းကိုလည်း ကြားတော်မူ၏။
၃၂ ထို့အတူ၊ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါသည် ယေရုရှလင်နယ်မြေမှ ဆောင်တော်မူလေသော ဤလူမျိုးတို့၏ ချောမောသောသမီးတို့၏ငိုကြွေးသံကို ငါ့လူမျိုးတို့၏ ယောက်ျားတို့တစ်ဖက်၌ ငါ့ထံသို့တက်လာစေရန် အခွင့်ပေးတော်မူမည်မဟုတ်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူ၏။
၃၃ အကြောင်းမူကား၊ ငါသည် သူတို့ကို ပြင်းထန်သောကျိန်ခြင်းနှင့် ဖျက်ဆီးသည့်တိုင်အောင် မဆုံးမလျှင်၊ သူတို့သည် ငါ့လူမျိုးတို့၏သမီးများကို နူးညံ့ခြင်းကြောင့်၊ အကျဉ်းသားအဖြစ်ဖမ်းဆီး၍ ဆောင်သွားကြလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ သူတို့သည် ရှေးကလူများကဲ့သို့ မတရားသောမေထုန်အမှုများကို ကျူးလွန်ကြမည်မဟုတ်ဟု ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်မိန့်တော်မူလေ၏။
၃၄ ယခုမူကား၊ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ဤပညတ်တော်များကို ငါတို့အဘလေဟိအား ပေးထားတော်မူခဲ့လေကြောင်း သင်တို့သိကြ၏။ သို့ဖြစ်၍၊ သင်တို့သည် ထိုအရာတို့ကို သိလျက်၊ မပြုသင့်သည့်ဤအရာတို့ကို ပြုကြသောကြောင့် ကြီးစွာသော ပြစ်ဒဏ်ချမှတ်ခြင်းသို့ ရောက်ကြလေပြီ။
၃၅ ရှုလော့၊ သင်တို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သော လာမန်အမျိုးသားများထက် သာ၍ကြီးသောဒုစရိုက်များကို ပြုကြလေပြီတကား။ သင်တို့၏ ဆိုးသောပုံသက်သေများကြောင့် သင်တို့၏နူးညံ့သော ဇနီးတို့၏နှလုံးသားကို ကြေကွဲစေ၍၊ သင်တို့သားသမီးများ၏ စိတ်ချယုံကြည်ခြင်းကို ဆုံးရှုံးကြ၏။ သင်တို့တစ်ဖက်၌ သူတို့နှလုံးသား၏ငိုရှိုက်ခြင်းများသည်လည်း ဘုရားသခင်ထံသို့ မြင့်တက်ကြ၏။ ထို့အတူ၊ သင်တို့တစ်ဖက်၌၊ ဆင်းလာသည့် ဘုရားသခင့်နှုတ်ကပတ်တော်၏ တင်းကျပ်ပြင်းထန်ခြင်းကြောင့်၊ များစွာသောစိတ်နှလုံးတို့သည် နက်လှစွာသောဒဏ်ရာနှင့် စူးရှ၍ ညှိုးငယ်ကြ၏။