ကျမ်းစာများ
ယာကုပ် ၄


အခန်းကြီး ၄

ခပ်သိမ်းသောပရောဖက်​တို့သည် ခမည်းတော်ကို ခရစ်တော်၏​နာမတော်​အားဖြင့် ကိုးကွယ်ကြ၏—အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းသည် ဘုရားသခင်နှင့် တစ်ပါး​တည်းသော​သားတော်၏ ပုံဆောင်ခြင်း​ဖြစ်၏—လူသားတို့သည် အပြစ်​ဖြေခြင်း​မင်္ဂလာ​အားဖြင့်၊ ဘုရားသခင်​ထံသို့ မိတ်သဟာယ​ဖွဲ့ရ​ကြမည်—ယုဒ​လူမျိုးတို့သည် အုတ်မြစ်​ကျောက်ကို ငြင်းပယ်​ကြလိမ့်မည်။ ဘီစီ ၅၄၄–၄၂၁ ခန့်။

ယခုတွင်၊ ရှုလော့၊ အချိန်​တန်လာသော​အခါ ငါယာကုပ်သည် ငါ၏​လူမျိုးတို့ကို စကား​အားဖြင့် အမှုတော်ဆာင်၍ (ပုရပိုက်ပြားများ​ပေါ်၌ ငါတို့၏​စကားများကို ရေးထွင်းခြင်း၏ ခက်ခဲမှု​ကြောင့်၊ ငါ့စကားများ၏ အနည်းငယ်ကိုသာ ငါရေးနိုင်၏) ပုရပိုက်ပြားများ​ပေါ်၌ ငါတို့​ရေးထားသည့် အရာများ ဆက်၍​တည်ရှိရ​မည်ကိုလည်း ငါတို့သိကြ၏။

သို့ရာတွင်၊ ပုရပိုက်ပြားများ​ပေါ်၌ ရေးထားသော အရာများ​မှတစ်ပါး၊ အဘယ်​အရာပေါ်​၌မဆို၊ ငါတို့​ရေးထား​လေသမျှတို့သည် ပျက်စီး၍ ကွယ်ပျောက်​သွားရမည်။ သို့ရာတွင်၊ ငါတို့၏​သားမြေးတို့နှင့် ငါတို့၏​ညီအစ်ကိုများ​သို့လည်း ငါတို့နှင့်​စပ်လျဉ်းသည့် သို့မဟုတ်၊ သူတို့၏​ဘိုးဘေးတို့​နှင့် စပ်လျဉ်းသည့် အသိ​ပညာ၏​ပမာဏ အနည်းငယ်ကို ပေးလိမ့်မည့် စကား​အနည်းငယ်ကို ဤပုရပိုက်ပြားများ ပေါ်၌ ငါတို့​ရေးနိုင်ကြ၏—

ယခုတွင်၊ ဤအရာတို့၌ ငါတို့​ရွှင်လန်း​ဝမ်းမြောက်ကြ၏။ ထို့အတူ၊ ငါတို့၏​ချစ်လှစွာသော​ညီအစ်ကိုများနှင့် ငါတို့၏​သားမြေးတို့သည် သူတို့၏​ပထမဦး​ဆုံးသော မိဘများ​အကြောင်းကို ဝမ်းနည်းခြင်းနှင့်​မဟုတ်၊ မရိုသေမလေးစားခြင်းနှင့်​လည်းမဟုတ်ဘဲ ဝမ်းမြောက်ခြင်းနှင့် သင်ယူနိုင်ကြ​စေကြောင်း၊ ထိုအရာတို့ကို ကျေးဇူး​သိတတ်သော​စိတ်နှလုံးနှင့် လက်ခံရရှိ၍၊ ဖတ်ကြ​မည်ကို ငါတို့​မျှော်လင့်လျက်၊ လုံ့လဝီရိယ​ထက်သန်စွာ အလုပ်လုပ်ကြ၏။

အကြောင်းမူကား၊ ငါတို့သည် ခရစ်တော်​အကြောင်းကို​သိ၍၊ သူကြွလာ​တော်မမူခင် နှစ်ရာ​ပေါင်းများစွာကပင် သူ၏​ဘုန်းတော်အား မျှော်လင့်ခြင်း​ရှိနေခဲ့လေလျက်၊ ငါတို့​ကိုယ်တိုင်သာလျှင်​မဟုတ်ဘဲ၊ ငါတို့၏​ရှေ့က သန့်ရှင်းသည့် ပရောဖက်​ခပ်သိမ်းတို့​သည်လည်း သူ၏​ဘုန်းတော်အား မျှော်လင့်ခြင်း​ရှိနေခဲ့လေသည်ကို သူတို့​သိနိုင်ကြ​စေကြောင်းဟူသည့် ဤရည်ရွယ်ချက်​အတွက် ဤအရာတို့ကို ရေးထားလေ၏။

ရှုလော့၊ သူတို့သည် ခရစ်တော်ကို ယုံကြည်၍ သူ၏​နာမတော်​အားဖြင့် ခမည်းတော်ကို ကိုးကွယ်ကြ၏။ ငါတို့သည်လည်း သူ၏​နာမတော်​အားဖြင့် ခမည်းတော်ကို ကိုးကွယ်ကြ၏။ ငါတို့၏​ဝိညာဉ်များကို သူ့ဆီသို့ ညွှန်ပြသော​ကြောင့် ဤရည်ရွယ်ချက်​အတွက်၊ ငါတို့သည် မောရှေ၏​ပညတ်တရားကို စောင့်ထိန်းလျက်၊ တောရိုင်းထဲ၌ အာဗြဟံကို ဘုရားသခင်၏​အမိန့်တော်တို့အား နာခံစေကြောင်း ဘုရားသခင်နှင့် သူ၏​တစ်ပါးတည်းသော​သားတော်တို့ကို ပုံဆောင်ခြင်း​ဖြစ်သည့် သားဣဇာက်ကို ပူဇော်ခြင်းအား ပမာဏပြု​တော်မူ​သကဲ့သို့ပင် ဤအကြောင်းကြောင့် ငါတို့ကို ဖြောင့်မတ်သည်ဟု မှတ်ယူ၏။

သို့ဖြစ်၍၊ ငါတို့သည် ပရောဖက်များကို ရှာဖွေ၍၊ များစွာသော​ဗျာဒိတ်တော်များနှင့် ပရောဖက်ပြုဟောသော​ဝိညာဉ်တို့ကို ရရှိကြ၏။ ဤသက်သေခပ်သိမ်းတို့ ရှိခြင်းကြောင့်​လည်း၊ ငါတို့သည် မျှော်လင့်ခြင်း​ရှိလျက်၊ ယေရှု၏​နာမတော်​အားဖြင့် အမှန်ပင်​အမိန့်ပေး​နိုင်၍၊ ဤသစ်ပင်များ၊ သို့မဟုတ် တောင်များ၊ သို့မဟုတ် ပင်လယ်​လှိုင်းတံ​ပိုးတို့ကပင် ငါတို့ကို နာခံကြစေသည့်​တိုင်အောင်၊ ငါတို့၏ ယုံကြည်ခြင်းသည် တုန်လှုပ်ခြင်း​မရှိရာသို့ ရောက်လာ၏။

သို့သော်လည်း၊ သူ၏​ကျေးဇူးတော်နှင့် လူသားများသို့ သူ၏​ကြီးမြတ်သော ကိုယ့်ကိုယ်ကို​နှိမ့်ချတော်မူခြင်း​အားဖြင့်၊ ဤအရာတို့ကို​ပြုရန် ငါတို့ ၌ အစွမ်း​သတ္တိရ​ရှိသည်ကို သိနိုင်ကြစေကြောင်း၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ငါတို့အား ငါတို့၏​အားနည်းချက်များကို ပြတော်မူ၏။

ရှုလော့၊ ကြီးမြတ်၍ အံ့ဩဖွယ်​ကောင်းသည်မှာ ကိုယ်တော်ရှင်၏​အမှုများဖြစ်၏။ သူ၏​နက်နဲခြင်းသည် စဉ်းစား​ဆင်ခြင်၍​မရနိုင်အောင် နက်လှပေ​စွတကား။ သူ၏​တရားလမ်း​တော်တို့ကို လူသားသည် တွေ့ရှိခြင်းငှာလည်း တတ်နိုင်မည်​မဟုတ်ပေ။ ဖော်ပြထား​တော်မူခြင်း​မရှိလေလျှင်၊ သူ၏​တရားလမ်း​တော်တို့ကို အဘယ်သူမျှမသိ။ သို့ဖြစ်၍၊ ညီအစ်ကိုတို့၊ ဘုရားသခင်၏​ဗျာဒိတ်တော်တို့ကို မထီမဲ့​မြင်မပြု​ကြလေနှင့်။

အကြောင်းမူကား၊ ရှုလော့၊ သူ့နှုတ်ကပတ်တော်တန်ခိုး​အားဖြင့် ဖန်ဆင်း​တော်မူခဲ့သော မြေကြီး မျက်​နှာပြင်ပေါ်သို့၊ သူ့နှုတ်ကပတ်တော်​တန်ခိုး​အားဖြင့် လူသား​ရောက်လာခဲ့၏။ သို့ဖြစ်၍၊ ဘုရားသခင်သည် ဟောနိုင်​တော်မူ၍၊ ကမ္ဘာ​မြေကြီး​ဖြစ်လာလျက်၊ ဟောတော်မူ၍ လူသားကို ဖန်ဆင်း​တော်မူခဲ့၏။ အို ထိုသို့ဆိုလျှင်၊ မြေကြီးကို သို့မဟုတ်၊ မြေကြီး​မျက်နှာပြင်ပေါ်ရှိသူ၏​လက်နှင့် ဖန်ဆင်း ထား​တော်မူသော​အရာကို သူ၏​စိတ်အလို​ဆန္ဒအတိုင်း၊ အဘယ်ကြောင့်၊ အမိန့်​မပေးနိုင်ဘဲ ရှိရမည်နည်း။

၁၀ သို့ဖြစ်၍၊ ညီအစ်ကိုတို့၊ ကိုယ်တော်ရှင်ကို အကြံ​ပေးရန် ကြိုးစားခြင်း မရှိနှင့်။ သို့ရာတွင်၊ သူ့ထံမှ အကြံကို ယူကြလော့။ အကြောင်းမူကား၊ ရှုလော့၊ သူ၏ ခပ်သိမ်းသော အမှုတော်တို့ကို ဉာဏ်ပညာ၊ တရားတော်မူခြင်း၊ ကြီးစွာသော ကရုဏာတော်တို့ဖြင့် အကြံပေးတော်မူကြောင်း သင်တို့ကိုယ်တိုင် သိကြ၏။

၁၁ သို့ဖြစ်၍၊ ချစ်လှစွာသော​ညီအစ်ကိုတို့၊ သူ၏​တစ်ပါးတည်းသော သားတော်ဖြစ်သည့် ခရစ်တော်၏​အပြစ်ဖြေခြင်း​မင်္ဂလာ​အားဖြင့် သူ့ထံသို့ မိတ်သဟာယဖွဲ့​ကြလော့၊ သင်တို့သည် ခရစ်တော်၌​ရှိတော်မူသော ရှင်ပြန်ထမြောက်ခြင်း​တန်ခိုးတော်​အတိုင်း ရှင်ပြန်​ထမြောက်ခြင်းကို ရရှိ​နိုင်ကြ၏။ သင်တို့သည် ယုံကြည်ခြင်း​ရှိလျက်၊ ဇာတိ​ကိုယ်ခန္ဓာ​အားဖြင့် သူကိုယ်တိုင်​ထင်ရှားစွာပြ​တော်မမူမီတွင် သူ၏​ဘုန်းတော်၌ ခိုင်မြဲသော​မျှော်လင့်ချက်ကို ရရှိကြသော​ကြောင့် ခရစ်တော်၏​အဦးသီးများ​အဖြစ် ဘုရားသခင်​ထံသို့ ဆက်ကပ်ကြလော့။

၁၂ ယခုမူကား၊ ချစ်လှစွာသော​သူတို့၊ ဤအရာတို့အား ငါပြောသည်ကို အံ့ဩခြင်း​မရှိကြနှင့်။ အကြောင်းမူကား၊ သူ၏​စုံလင်သော အသိပညာကို​ရရှိစေ၍၊ ရှင်ပြန်​ထမြောက်ခြင်းနှင့် ကျရောက်လာမည့် လောက အကြောင်း အသိပညာကိုလည်း​ရရှိလျက်၊ ခရစ်တော်၏ အပြစ်ဖြေခြင်း​မင်္ဂလာ​အကြောင်းကို အဘယ့်ကြောင့်၊ မပြောဘဲ ရှိကြမည်နည်း။

၁၃ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ လူသားတို့ နားလည်​ကြစေခြင်းငှာ၊ ပရောဖက်ပြု၍​ဟောသူအား ပရောဖက်ပြု၍ ဟောပါလေစေ။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားကို ဟော၍၊ မုသားဟောခြင်း​မရှိ။ သို့ဖြစ်၍၊ အမှု​အရာတို့​အမှန်ရှိကြသည့်​အတိုင်းနှင့် အမှု​အရာတို့​အမှန်ဖြစ်လာမည့်​အတိုင်း ဟောတော်မူ၏။ သို့ဖြစ်၍၊ ငါတို့​ဝိညာဉ်များ၏​ကယ်တင်ခြင်း​အတွက် ဤအရာတို့ကို ငါတို့အား ရှင်းလင်းစွာဖြင့် ထင်ရှားစွာ​ပြတော်မူ၏။ သို့ရာတွင်၊ ရှုလော့၊ ဤအရာတို့၌ ငါတို့သာလျှင် သက်သေများ​မဟုတ်ကြ။ အကြောင်းမူကား၊ ဘုရားသခင်သည် ထိုအရာတို့ကို ရှေးပရောဖက်တို့ကိုလည်း ဟောတော်မူ၏။

၁၄ သို့ရာတွင်၊ ရှုလော့၊ ယုဒ​လူမျိုးတို့သည် လည်ပင်းခိုင်မာသော လူမျိုးများ​ဖြစ်ကြ၏။ သူတို့သည် ရှင်လင်းသော နှုတ်ကပတ်တော်များကို မထီမဲ့​မြင်ပြု၍၊ ပရောဖက်တို့ကို သတ်လျက်၊ နားမလည်နိုင်သည့် အရာများကို ရှာကြ၏။ သို့ဖြစ်၍၊ ပန်းတုံးတိုင်ကို လွန်၍ကြည့်ခြင်း​အားဖြင့် ရောက်လာခဲ့သည့် သူတို့၏​အသိ​စိတ်ကွယ်ခြင်းကြောင့် ကျရှုံး​ကြရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏​ရှင်လင်းခြင်းကို ထိုသူတို့ထံမှ ပယ်ရှင်းလေ၍၊ သူတို့​အလိုရှိကြသော​ကြောင့်၊ နားမ​လည်နိုင်သည့်​အရာများ​စွာတို့ကို ပေးအပ်တော်မူလေ၏။ သူတို့​အလိုရှိသော​ကြောင့်လည်း၊ ထိမိ၍​လဲစေကြောင်း၊ ထိုအမှုကို ဘုရားသခင်​ပြုတော်မူ​လေ၏။

၁၅ ယခုမူကား၊ ငါယာကုပ်သည် ပရောဖက်ပြု၍ ဟောခြင်းသို့ ဝိညာဉ်တော်၏ ပို့ဆောင်​တော်မူခြင်းကို ခံရ၏။ အကြောင်းမူကား၊ ယုဒ​လူမျိုးတို့သည် ထိမိ၍​လဲခြင်း​အားဖြင့် ခိုင်မာသော​အုတ်မြစ်​အဖြစ်ထား၍ တည်ဆောက်ရမည့် ကျောက်ကို ငြင်းပယ်​ကြလိမ့်မည့်​အကြောင်း၊ ငါ့အထဲ၌​ရှိသော ဝိညာဉ်တော်၏​ပြုပြင်ခြင်းတို့​အားဖြင့် ငါသိမြင်၏။

၁၆ သို့ရာတွင်၊ ရှုလော့၊ ကျမ်းစာများ​အတိုင်း၊ ဤကျောက်သည် ယုဒ​လူမျိုးတို့​တည်ဆောက်နိုင်ရာ ကြီးမြတ်သော၊ နောက်ဆုံးဖြစ်သော၊ တစ်ခု​တည်းသော​မြဲမြံသည့် အုတ်မြစ်ဖြစ်​လာလိမ့်မည်။

၁၇ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​သူတို့၊ မြဲမြံသော​အုတ်မြစ်ကို ငြင်းပယ်​ကြလေပြီးမှ၊ တိုက်ထောင့်​အထွဋ်​အဖျားသို့ ရောက်နိုင်​စေကြောင်း၊ ထိုအုတ်မြစ်​အပေါ်၌ တည်ဆောက်နိုင်​ပြန်သည်​ဟူသော ဤအရာတို့​သည်ကား၊ အဘယ်သို့​အားဖြင့် ဖြစ်နိုင်​မည်နည်း။

၁၈ ရှုလော့၊ ငါ၏​ချစ်လှစွာသော ညီအစ်ကိုတို့၊ ငါသည် ဤနက်နဲသော​အရာကို သင်တို့အား ဖွင့်ပြမည်။ ငါမပြုလျှင်၊ ဝိညာဉ်တော်၌ ငါ၏​ခိုင်မြဲခြင်းသည် အဘယ်နည်းဖြင့်​မဆို တုန်လှုပ်၍၊ သင်တို့​အတွက် ငါ၏​အလွန်စိုးရိမ်​ပူပန်မှုကြောင့် ထိမိ၍​လဲ၏။

ပုံနှိပ်သည်