အခန်းကြီး ၅
ယာကုပ်သည် ဇေနုတ်၏ ယဉ်သောသံလွင်ပင်နှင့် ရိုင်းသောသံလွင်ပင်တို့၏ ပုံပမာနှင့်စပ်လျဉ်း၍၊ ကိုးကားပြီး ပြောပြ၏—ထိုအပင်တို့သည် ဣသရေလအမျိုးတို့နှင့် တပါးအမျိုးသားတို့၏ ပုံသဏ္ဌာန်ဖြစ်ကြ၏—ဣသရေလအမျိုးတို့၏ ကွဲပြားပြန့်ကျဲခြင်းနှင့် စုဝေးခြင်းကို နိမိတ်ပြထား၏—နီဖိုင်းအမျိုးသားများ၊ လာမန်အမျိုးသားများနှင့် ဣသရေလအမျိုးသားခပ်သိမ်းသို့ အရိပ်အမြွက်များ ပြထား၏—တပါးအမျိုးသားတို့ကို ဣသရေလအမျိုးများထဲသို့ အကိုင်းဆက်၍စိုက်လိမ့်မည်—နောက်ဆုံးတွင် ဥယျာဉ်သည် လောင်မြိုက်လိမ့်မည်။ ဘီစီ ၅၄၄–၄၂၁ ခန့်။
၁ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ ပရောဖက်ဇေနုတ်၏စကားများအား ဖတ်ရသည်ကို သင်တို့ သတိမရကြသလော။ ဣသရေလအမျိုးသားတို့ကို သူဆို၍ပြောလေသည်ကား၊
၂ စေ့စေ့နားထောင်ကြလော့၊ အို ဣသရေလအမျိုးသားတို့၊ ကိုယ်တော်ရှင်၏ ပရောဖက်တစ်ပါးဖြစ်သည့် ငါ၏စကားများကို ကြားနာကြလော့။
၃ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ အို ဣသရေလအမျိုးသားတို့၊ လူတစ်ဦးယူ၍သူ့ ဥယျာဉ်၌ ပြုစုပျိုးထောင်သည့် ယဉ်သောသံလွင်ပင်နှင့် သင်တို့ကို ငါပမာပြုမည်။ ထိုအပင်သည် ကြီးထွား၍ ရင့်ရော်လျက် ပုပ်ပျက်စပြု၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် သွား၍ သူ၏သံလွင်ပင် ပုပ်ပျက်စပြုသည်ကို မြင်၍ ပြောလေသည်ကား၊ နုနယ်သောအတက် ထွက်ကောင်းထွက်စိမ့်ခြင်းငှာ၊ ထို့အပင်ကို ငါသုတ်သင်၍၊ ပတ်လည်၌တူးဆွလျက်၊ ပြုစုပျိုးထောင်မည်။ ပျက်စီးခြင်းမရှိရ။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ၏စကားအတိုင်း ထိုအပင်ကို သုတ်သင်၍၊ ပတ်လည်၌ တူးဆွလျက် ပြုစုပျိုးထောင်၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ရက်ပေါင်းများစွာကြာပြီးနောက်၊ ထိုအပင်မှ သေးငယ်နုနယ်သော အတက်အနည်းငယ် အတော်အသင့်ထွက်လာသော်လည်း ပင်စည်ထိပ်ပိုင်းမှာ ပျက်စီးစပြု၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် ထိုအမှုကိုမြင်၍ သူ၏ကျွန်ကို ဆိုသည်ကား၊ ဤအပင်ကို ငါဆုံးရှုံးရခြင်းက ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။ သို့ဖြစ်၍၊ ရိုင်းသောသံလွင်ပင်မှ အခက်တို့ကို သွား၍ ခူးပြီး ငါ့ဆီသို့ ယူလာလော့။ ညှိုးနွမ်းစပြုနေသော ပင်စည်အခက်တို့ကို ငါတို့ခူးဖြတ်မည်၊ ၎င်းတို့ကို လောင်မြိုက်စေကြောင်း မီးထဲသို့ ငါတို့ပစ်ကြမည်။
၈ ရှုဦးလော့၊ ဥယျာဉ်ပိုင်ရှင်က ဆိုသည်မှာ၊ ငါသည် ဤနုနယ်သောအခက်တို့ကို ယူသွားပြီး၊ ငါအလိုရှိသည့် အဘယ်နေရာ၌ဖြစ်စေ အကိုင်းဆက်၍စိုက်မည်။ ဤအပင်၏အမြစ်သည် ပျက်စီးလျှင်လည်း အရေးမကြီး၊ ငါသည် ထိုအပင်၏အသီးကို ငါ့အတွက် ထိန်းသိမ်းစောင့်ရှောက်မည်။ သို့ဖြစ်၍၊ ငါသည် ဤနုနယ်သောအခက်များကိုယူ၍ ငါအလိုရှိသည့် အဘယ်နေရာ၌ဖြစ်စေ အကိုင်းဆက်၍စိုက်မည်။
၉ သင်သည် ရိုင်းသောသံလွင်ပင်၏အခက်တို့ကို ယူလျက်၊ ယဉ်သောအပင်၏နေရာ၌ အကိုင်းဆက်၍ စိုက်လော့။ ငါသည် ခူးဖြတ်ခဲ့လေသော ဤအခက်တို့ကို မီးထဲသို့ပစ်၍ လောင်မြိုက်စေမည်ကား၊ ငါ့ဥယျာဉ်မြေကို ဝန်မလေးစေခြင်းငှာပေတည်း။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်၏ကျွန်သည် ဥယျာဉ်ပိုင်ရှင်၏စကားအတိုင်း ပြု၍၊ ရိုင်းသောသံလွင်ပင်၏အခက်တို့ကို အကိုင်းဆက်၍ စိုက်၏။
၁၁ ဥယျာဉ်ပိုင်ရှင်ကလည်း၊ ထိုအပင်ကို ပတ်လည်၌ တူးဆွစေ၊ သုတ်သင်စေ၊ ပြုစုပျိုးထောင်စေလျက် ကျွန်ကို ဆိုသည်ကား၊ ဤအပင်ကို ဆုံးရှုံးရခြင်းက ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။ သို့ဖြစ်၍၊ ငါသည် ထိုအပင်၏အမြစ်တို့မပျက်စီးစေခြင်းငှာ၊ ထိန်းသိမ်းစောင့်ရှောက်ကောင်း စောင့်ရှောက်နိုင်စေကြောင်းနှင့် ငါ့အဖို့ထိန်းသိမ်းစောင့်ရှောက်နိုင်စေကြောင်း ဤအမှုကို ပြုလေပြီ။
၁၂ သို့ဖြစ်၍၊ သင့်လမ်းသင်သွားလော့။ ငါ၏စကားများအတိုင်း၊ အပင်ကို ကြည့်ရှုစောင့်ရှောက်၍ ပြုစုပျိုးထောင်လော့။
၁၃ ဤအခက်တို့ကိုလည်း ငါသည် ငါ့ဥယျာဉ်၏ အနိမ့်ဆုံးအပိုင်းတွင်ထား၍၊ ငါအလိုရှိသည့် အဘယ်နေရာ၌ဖြစ်စေ သင့်အတွက် အရေးမကြီး။ ထိုသို့ငါပြုသည်ကား၊ ငါ့အဖို့ အပင်၏ပကတိအခက်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေခြင်းငှာနှင့်၊ အသီးမသီးသည့်ရာသီအတွက် ငါ့အဖို့ ထိုအပင်၏အသီးကို သိုထားနိုင်ခြင်းငှာလည်း ဖြစ်၏။ အကြောင်းမူကား၊ ဤအပင်နှင့် အပင်၏အသီးကို ဆုံးရှုံးရခြင်းက ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် သူ့လမ်းသူသွား၍၊ ယဉ်သောသံလွင်ပင်၏ပကတိအခက်များကို ဥယျာဉ်၏အနိမ့်ဆုံးအပိုင်း၌ သူ၏စိတ်အလိုဆန္ဒအတိုင်း၊ အချို့ကို တစ်နေရာ၊ အချို့ကို တခြားတစ်နေရာတွင် ဝှက်ထားလေ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အချိန်များစွာကုန်လွန်၍ ဥယျာဉ်ပိုင်ရှင်သည် မိမိကျွန်ကို၊ လာလော့၊ ငါတို့သည် ဥယျာဉ်ထဲ၌ အလုပ်လုပ်ကြခြင်းငှာ၊ ဥယျာဉ်ထဲသို့ ဆင်းသွားကြကုန်အံ့ဟု ဆိုလေ၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်နှင့် ကျွန်တို့သည်လည်း အလုပ်လုပ်ရန် ဥယျာဉ်ထဲသို့ဆင်းသွားကြ၏။ ထိုကျွန်ကလည်း သူ၏သခင်ကို ရှုပါ၊ ဤအရပ်မှာကြည့်၍ အပင်ကို မြင်စမ်းပါဦးဟု ဆိုလေ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် ကြည့်ရှုလျှင်၊ ရိုင်းသောသံလွင်ပင်တို့ကို အကိုင်းဆက်၍ စိုက်ထားသည့် အပင်ကို မြင်၏။ ထိုအပင်သည် ကြီးထွား၍ အသီးသီးစပြုလေ၏။ ထိုအမှုကောင်းမြတ်သည်ကိုလည်း မြင်၏။ အပင်၏အသီးသည်လည်း ပကတိအသီးကဲ့သို့ ဖြစ်လေ၏။
၁၈ ကျွန်ကို ဆိုလေသည်ကား၊ ရှုလော့၊ ရိုင်းသောအပင်၏အခက်တို့သည် အပင်၏အမြစ်ကို ခွန်အားများစွာဖြစ်ထွန်းစေခြင်းငှာ၊ အပင်၏အမြစ်မှ မြေဩဇာကို ထိန်းသိမ်းထားလေ၏။ အပင်၏အမြစ်မှ ခွန်အားများစွာကြောင့်လည်း ရိုင်းသောအခက်တို့သည် ယဉ်သောအသီးကို သီးလေ၏။ ယခုတွင်၊ ငါတို့သည် ဤအခက်တို့ကို အကိုင်းဆက်၍ မစိုက်ခဲ့လေလျှင်၊ ထိုအပင်ပျက်စီးခဲ့လေမည်။ ယခုမူကား၊ ရှုလော့၊ ငါသည် ထိုအပင်မှ သီးလေသည့် များစွာသောအသီးကို သိုထားမည်။ အသီးမသီးသည့်ရာသီအတွက်လည်း ငါကိုယ်တိုင်အဖို့ ထိုအပင်၏အသီးကို သိုထားမည်။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်က ကျွန်ကို ဆိုလေသည်ကား၊ လာလော့၊ ငါတို့သည် ဥယျာဉ်၏ အနိမ့်ဆုံးအပိုင်းသို့သွား၍၊ အသီးမသီးသည့်ရာသီအတွက် ငါ့ကိုယ်တိုင်အဖို့ ထိုအပင်၏အသီးကို သိုထားနိုင်ခြင်းငှာ၊ အပင်၏ပကတိအခက်တို့မှ အသီးများစွာသီးမသီးကိုလည်း ကြည့်ကြကုန်အံ့။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ပကတိအခက်များအား သခင် ဝှက်ထားလေသောနေရာသို့ သွားပြီး၊ သူ၏ကျွန်အား ဤအရာတို့ကို ကြည့်ရှုလော့ဟုဆို၍၊ ကျွန်သည်လည်း ပထမအပင်မှ အသီးများစွာသီးသည်ကို မြင်လျှင်၊ ကောင်းမွန်သည်ကိုလည်း သတိပြုမိ၏။ ကျွန်ကို ဆိုလေသည်ကား၊ ငါကိုယ်တိုင်အဖို့ အသီးကို သိမ်းဆည်းထားနိုင်ခြင်းငှာ၊ ထိုအပင်၏အသီးအချို့ကိုယူ၍၊ အသီးမသီးသည့် ရာသီအတွက် သိုထားလော့။ အကြောင်းမူကား၊ ရှုလော့၊ ဤမျှအချိန် ကြာမြင့်စွာ ငါသည် ထိုအပင်ကို ပြုစုပျိုးထောင်ခဲ့လေ၍၊ အသီးများစွာ သီးခဲ့လေပြီဟုဆို၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကျွန်သည် သူ၏သခင်အား၊ ကိုယ်တော်သည် အဘယ်ကြောင့် ဤနေရာသို့လာ၍၊ ဤအပင် သို့မဟုတ်၊ အပင်၏ ဤအခက်ကို စိုက်သနည်း။ အကြောင်းမူကား၊ ရှုလော့၊ ထိုနေရာသည် ကိုယ်တော်၏ဥယျာဉ်မြေတစ်ခုလုံးတွင် အညံ့ဆုံးနေရာ ဖြစ်၏ဟု ဆို၏။
၂၂ ဥယျာဉ်ပိုင်ရှင်ကလည်း ဆိုလေသည်ကား၊ ငါ့ကိုအကြံမပေးနှင့်။ ထိုနေရာသည် မြေကြီး၏ မြေဩဇာညံ့သောနေရာဖြစ်သည်ကို ငါသိ၏။ သို့ဖြစ်၍၊ ထိုအပင်ကို ဤမျှအချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ခဲ့လေပြီဟု သင့်ကိုငါဆို၏။ ထိုအပင်မှ အသီးများစွာသီးသည်ကိုလည်း သင်မြင်လေပြီ။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်က သူ၏ကျွန်ကို ဆိုလေသည်ကား၊ ဤနေရာကို ကြည့်ဦးလော့၊ အပင်၏ တခြားသောအခက်ကိုလည်း ငါစိုက်ခဲ့လေသည်ကို ရှုလော့။ မြေကြီး၏ဤနေရာသည် ပထမနေရာထက် မြေဩဇာသာ၍ညံ့သည်ကိုလည်း သင်သိ၏။ သို့ရာတွင်၊ အပင်ကို ရှုလော့။ ငါသည် ဤမျှ အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ခဲ့လေ၍၊ ထိုအပင်မှ အသီးများစွာသီးလေပြီ။ ထို့ကြောင့်၊ ငါ့ကိုယ်တိုင်အဖို့ သိမ်းဆည်းထားနိုင်ခြင်းငှာ၊ အသီးကိုစု၍၊ အသီးမသီးသည့်ရာသီအတွက် သိုထားလော့။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်က မိမိကျွန်အား တစ်ဖန်ဆိုလေသည်ကား၊ ဤနေရာကိုကြည့်၍၊ ငါစိုက်ခဲ့လေသည့် တခြားသောအခက်ကိုလည်း ရှုဦးလော့။ ထိုအခက်ကိုလည်း ငါပြုစုပျိုးထောင်ခဲ့လေ၍၊ အသီးသီးလေသည်ကို ရှုလော့။
၂၅ ကျွန်ကို ဆိုလေသည်ကား၊ ဤနေရာကို ကြည့်၍ နောက်ဆုံးသောအခက်ကို ကြည့်လော့။ ရှုလော့၊ ဤအခက်ကို မြေကြီး၏ မြေဩဇာကောင်းသောနေရာတွင် ငါစိုက်၍၊ ဤမျှအချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ခဲ့လေ၍၊ အပင်၏ တစ်နေရာတည်းကသာလျှင်၊ ယဉ်သောအသီးကို သီးလေပြီ။ အပင်၏အခြားသောနေရာကား၊ ရိုင်းသောအသီးကို သီးလေပြီ။ ရှုလော့၊ ငါသည် ဤအပင်ကို အခြားသောအပင်များကိုကဲ့သို့ပင် ပြုစုပျိုးထောင်ခဲ့လေ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် ကျွန်အား ကောင်းသောအသီးမသီးသည့်အခက်များကို ခူးဖြတ်၍ မီးထဲသို့ ပစ်လိုက်လော့ဟုဆို၏။
၂၇ သို့ရာတွင်၊ ရှုလော့၊ ထိုကျွန်က ဆိုလေသည်ကား၊ ကိုယ်တော်အဖို့ ကောင်းသောအသီးကို သီးကောင်းသီးစိမ့်သောငှာလည်းကောင်း၊ အသီးမသီးသည့်ရာသီအတွက် အသီးကို ကိုယ်တော်သိုထားနိုင်စေခြင်းငှာလည်းကောင်း၊ ငါတို့သည် ထိုအပင်ကို သုတ်သင်၍၊ ပတ်လည်၌ တူးဆွပြီး၊ အနည်းငယ် အချိန်ပို၍ ပြုစုပျိုးထောင်ကြကုန်အံ့။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်နှင့် ဥယျာဉ်ပိုင်ရှင်၏ကျွန်တို့သည် ဥယျာဉ်ထဲမှ ခပ်သိမ်းသောအသီးတို့ကို ပြုစုပျိုးထောင်ကြ၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကြာမြင့်သောအချိန်ကုန်လွန်သွား၍၊ ဥယျာဉ်ပိုင်ရှင်က မိမိကျွန်ကို ဆိုလေသည်ကား၊ လာလော့၊ ငါတို့သည် ဥယျာဉ်ထဲ၌ တစ်ဖန်အလုပ်လုပ်ကြခြင်းငှာ၊ ဥယျာဉ်ထဲသို့ ဆင်းသွားကြကုန်အံ့။ အကြောင်းမူကား၊ အချိန်သည် နီးကပ်လာ၍၊ မကြာမြင့်မီ ပြီးဆုံးခြင်းသို့ ရောက်တော့မည်။ သို့ဖြစ်၍၊ အသီးမသီးသည့် ရာသီအတွက် ငါကိုယ်တိုင်အဖို့ အသီးကို သိုထားရမည်။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်နှင့် ထိုကျွန်တို့သည် ဥယျာဉ်ထဲသို့၊ ဆင်းသွား၍၊ ပကတိအခက်များကျိုးပဲ့လျက်၊ ရိုင်းသောအခက်များကို အကိုင်းဆက်၍ စိုက်ထားနှင့်ပြီးလေသော အပင်ဆီသို့ ရောက်လာခဲ့ကြ၏။ အမျိးမျိုးသော အသီးတို့အားဖြင့်အပင်ကို ဝန်လေးစေသည်ကိုလည်း မြင်ကြ၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် အမျိုးမျိုးသောအသီးတို့ကို အရေအတွက်အလိုက် မြည်းစမ်းကြည့်၏။ ဥယျာဉ်ပိုင်ရှင်က ဆိုလေသည်ကား၊ ရှုလော့၊ ဤမျှအချိန်ကြာမြင့်စွာ ဤအပင်ကို ငါတို့ပြုစုပျိုးထောင်လေ၍၊ အသီးမသီးသည့်ရာသီအတွက် ငါ့အဖို့ များစွာသောအသီးကို သိုထားလေပြီ။
၃၂ သို့ရာတွင်၊ ရှုလော့၊ ဤအကြိမ်တွင်၊ အသီးများစွာသီးသော်လည်း ကောင်းသောအသီး တစ်လုံးမျှမရှိ။ ရှုဦးလော့၊ ငါတို့ အလွန်အလုပ်လုပ်သော်ငြားလည်း၊ အမျိုးမျိုးသော အသီးတို့သည် မကောင်း၍၊ ငါ့အဖို့ ဘာမျှအကျိုးမရှိ။ ယခုတွင်၊ ဤအပင်ကို ဆုံးရှုံးရသည်မှာ၊ ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။
၃၃ ဥယျာဉ်ပိုင်ရှင်ကလည်း ကျွန်ကို ဆိုလေသည်ကား၊ ငါ့ကိုယ်တိုင်အဖို့ ထိုအပင်၏ကောင်းသောအသီးကို ငါတစ်ဖန်ပြန်၍ ထိန်းသိမ်းစောင့်ရှောက်နိုင်စေခြင်းငှာ၊ ငါတို့ အဘယ်အရာကို ပြုကြ မည်နည်း။
၃၄ ထိုကျွန်ကလည်း မိမိသခင်ကို ပြောသည်မှာ၊ ရှုလော့၊ သင်သည် ရိုင်းသောသံလွင်ပင်၏ အခက်တို့ကို အကိုင်းဆက်၍ စိုက်ခဲ့လေသောကြောင့်၊ အမြစ်များကို မြေဩဇာကျွေး၍ အပင်တို့အသက်ရှင်သဖြင့်၊ မပျက်စီးလေကြ။ သို့ဖြစ်၍၊ ထိုအပင်တို့ ကောင်းလျက်ရှိသေးသည်ကို သင်မြင်၏။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်က မိမိကျွန်ကို ဆိုလေသည်ကား၊ ထိုအပင်သည် ငါ့အတွက် ဘာမျှအကျိုးမရှိ၊ မကောင်းသောအသီးကို သီးနေသမျှ၊ ထိုအပင်၏အမြစ်တို့သည်လည်း ငါ့အတွက် ဘာမျှအကျိုးမရှိ။
၃၆ သို့သော်လည်း၊ အမြစ်တို့ကောင်းမြတ်သည်ကို ငါသိ၍၊ ငါ့ကြံရွယ်ချက်အတွက် ထိုအပင်တို့ကို ထိန်းသိမ်းစောင့်ရှောက်ထားလေပြီ။ ထိုအပင်တို့၏ ခွန်အားများစွာကြောင့်လည်း ရိုင်းသောအခက်များမှ ကောင်းသောအသီးကို ယခင်ကသီးခဲ့လေပြီ။
၃၇ သို့ရာတွင်၊ ရှုလော့၊ ရိုင်းသောအခက်တို့သည် ကြီးထွားလေ၍၊ ထိုအပင်၏အမြစ်တို့အတွက် အလွန်များလွန်းလှလေပြီ။ ရိုင်းသောအခက်တို့သည် ထိုအပင်၏အမြစ်တို့ကို ပျံ့နှံ့လွှမ်းမိုးသောကြောင့်လည်း မကောင်းသောအသီးကို များစွာသီးလေပြီ။ မကောင်းသောအသီးကို အလွန်များစွာသောသီးသောကြောင့်လည်း ထိုအပင်ပျက်စီးစပြုသည်ကို သင်မြင်၏။ ငါတို့သည် ထိုအပင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ၊ တစ်စုံတစ်ခုကို မပြုလျှင်၊ ထိုအပင်သည် မကြာမြင့်မီ ရင့်ရော်လာလိမ့်မည်ဖြစ်၍၊ မီးထဲသို့ ပစ်လိုက်သည်ကို ခံရနိုင်ပေ၏။
၃၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် သူ၏ကျွန်ကို ဆိုလေသည်ကား၊ ငါတို့သည် ဥယျာဉ်၏အနိမ့်ဆုံးအပိုင်းသို့ ဆင်းသွား၍၊ ပကတိအခက်တို့မှ မကောင်းသောအသီးကိုလည်း သီးမသီးကြည့်ကြကုန်အံ့။
၃၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဥယျာဉ်၏ အနိမ့်ဆုံးအပိုင်းသို့ ဆင်းသွားကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ပကတိအခက်တို့၏ အထူးသဖြင့်၊ ပထမအခက်၊ ဒုတိယအခက်နှင့် နောက်ဆုံးအခက်တို့၏ အသီးသည်လည်း ပုပ်ပျက်လာလေသည်ကို သူတို့မြင်၏။ ထိုခပ်သိမ်းသောအသီးများ ပုပ်ပျက်လာလေ၏။
၄၀ ပကတိအခက်၏ နောက်ဆုံးဖြစ်သည့်ရိုင်းသောအသီးသည်လည်း၊ ကောင်းသောအသီးကိုသီးရာ အပင်၏အခက်ကို ညှိုးနွမ်းသွား၍ သေသည့်တိုင်အောင်ပင် လွှမ်းမိုးလေ၏။
၄၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် ငိုကြွေး၍၊ ကျွန်ကို ဆိုလေသည်ကား၊ ငါ၏ဥယျာဉ်အတွက် အဘယ်အရာကို ငါသာ၍ ပြုနိုင်ခဲ့လေမည်နည်း။
၄၂ ရှုလော့၊ ဤအခက်တို့မှတစ်ပါး၊ ဥယျာဉ်မှ အသီးအားလုံး ပုပ်ပျက်၍လာကြလေကြောင်း ငါသိ၏။ ယခုမူကား၊ ယခင်က ကောင်းသောအသီးကို သီးလေသည့် ဤအခက်တို့သည်လည်း ပုပ်ပျက်၍ လာကြလေပြီ။ ယခုမူကား၊ ငါ၏ဥယျာဉ်ထဲမှ ခပ်သိမ်းသောအပင်တို့သည် ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရရန်မှတစ်ပါး၊ အသုံးမဝင် ဖြစ်ကြလေပြီ။
၄၃ ရှုဦးလော့၊ မြေကြီး၏မြေဩဇာကောင်းသောနေရာ၊ အမှန်စင်စစ်၊ ငါ့အတွက် ငါ့ဥယျာဉ်မြေ၏ အခြားသောနေရာများထက် အကောင်းဆုံးဖြစ်သော နေရာမှာ ငါစိုက်ခဲ့လေသည့်၊ ညှိုးနွမ်းသွားသည့်၊ ဤနောက်ဆုံးသောအခက်တို့ကို ရှုလော့။
၄၄ မြေကြီး၏ ဤနေရာကို ဝန်လေးစေသည့် အပင်ကိုလည်း ငါခုတ်ချသည်မှာ၊ ထိုနေရာ၌ ဤအပင်ကို စိုက်နိုင်ခြင်းငှာဖြစ်ကြောင်းကိုလည်း သင်သိ၏။
၄၅ ထိုအပင်၏ တစ်စိတ်တစ်ပိုင်းမှ ကောင်းသောအသီးကို သီး၍၊ တစ်စိတ်တစ်ပိုင်းမှ ရိုင်းသောအသီးကို သီးကြောင်းကိုလည်း သင်မြင်၏။ ထိုအပင်၏အခက်တို့ကို ငါမခူးဘဲ၊ မီးထဲသို့လည်း မပစ်လိုက်သောကြောင့်၊ ရှုလော့၊ ထိုအခက်တို့သည် ကောင်းသောအခက်ကို လွှမ်းမိုး၍ ညှိုးနွမ်းသွားစေလေပြီ။
၄၆ ယခုမူကား၊ ရှုလော့၊ ငါ၏ဥယျာဉ်ကို ငါတို့အလုံးစုံသောဂရုစိုက်ခြင်း ရှိလေသော်ငြားလည်း၊ ဥယျာဉ်ရှိအပင်တို့မှာ၊ ပုပ်ပျက်လာခဲ့သဖြင့် ကောင်းသောအသီးကို မသီးကြ။ အသီးမသီးသည့်ရာသီအတွက် ငါ့ကိုယ်တိုင်အဖို့ ထိုအပင်၏အသီးကို သိုထားရန်၊ ထိုအခက်တို့ကို သိမ်းဆည်းထားရန်လည်း ငါမျှော်လင့်၏။ သို့ရာတွင်၊ ရှုလော့၊ ထိုအခက်တို့သည် ရိုင်းသောသံလွင်ပင်ကဲ့သို့၊ ဖြစ်လာပြီး၊ တန်ဖိုးမရှိသဖြင့်၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရရန်သာရှိပေ၏။ ထိုအခက်တို့ကို ဆုံးရှုံးရခြင်းက ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။
၄၇ သို့ရာတွင်၊ ငါ၏ဥယျာဉ်ထဲ၌ အဘယ်အရာကို ငါသာ၍ ပြုနိုင်ခဲ့လေမည်နည်း။ ငါ၏လက်ကို လျှော့ထား၍ ပြုစုပျိုးထောင်ခြင်းမရှိဘဲနေခဲ့လေသလော။ မဟုတ်ပေ၊ ငါသည် ထိုအပင်ကို ပြုစုပျိုးထောင်၍၊ ပတ်လည်၌တူးဆွလျက်၊ သုတ်သင်လျက် တိရစ္ဆာန်တို့၏ချေးကို ဖို့လေ၏။ ငါ၏လက်ကို တစ်နေ့လုံးနီးပါးဆန့်၍၊ ပြီးဆုံးချိန်ရောက်လုနီးလာခဲ့၏။ ငါ့ဥယျာဉ်ထဲမှ အပင်အားလုံးကို ခုတ်လှဲပြီး၊ လောင်မြိုက်စေရန် မီးထဲသို့ပစ်လိုက်ရမည်မှာ၊ ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။ အဘယ်သူသည် ငါ၏ဥယျာဉ်ကို ပုပ်ပျက်စေလေသနည်း။
၄၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကျွန်က မိမိသခင်ကို ပြောလေသည်ကား၊ အပင်၏ ကောင်းသောအမြစ်တို့ကို လွှမ်းမိုးလေသည်မှာ—ကိုယ်တော်၏ ဥယျာဉ်၏ အလွန်မြင့်ခြင်းပင် မဟုတ်သလော။ ထို့အတူ၊ အခက်တို့သည် အပင်၏အမြစ်တို့ကို လွှမ်းမိုးခြင်းကြောင့်၊ ရှုလော့၊ အပင်၏အမြစ်တို့၏အင်အားထက် လျင်မြန်စွာကြီးထွား၍၊ အခက်များကိုယ်တိုင် အားကြီးလာခဲ့ကြလေ၏။ ရှုလော့၊ အကျွန်ုပ်ဆိုသည်မှာ၊ ဤအရာသည်ကား၊ ကိုယ်တော်၏ဥယျာဉ်ထဲမှ အပင်တို့ ပုပ်ပျက်လာလေခြင်း၏ အကြောင်းရင်းမဟုတ်သလော။
၄၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်က ထိုကျွန်ကို ဆိုလေသည်ကား၊ ထိုအပင်တို့မှ ငါ့ဥယျာဉ်မြေကြီးကို ဝန်မလေးစေကြောင်း၊ ငါတို့သည် သွား၍ ဥယျာဉ်ထဲမှ အပင်တို့ကို ခုတ်လှဲပြီး၊ မီးထဲသို့ ပစ်လိုက်ကြကုန်အံ့။ အကြောင်းမူကား၊ ငါတတ်နိုင်သမျှကို ပြုပြီးလေပြီ။ ငါ၏ဥယျာဉ်အတွက် အဘယ်အရာကို ငါသာ၍ ပြုနိုင်ခဲ့လေမည်နည်း။
၅၀ သို့ရာတွင်၊ ရှုလော့၊ အနည်းငယ်ကြာအောင် စောင့်ပါဦးဟု ထိုကျွန်က ဥယျာဉ်ပိုင်ရှင်ကို ဆို၏။
၅၁ ပိုင်ရှင်ကလည်း၊ ဟုတ်ပြီ၊ ငါ့ဥယျာဉ်ထဲမှ အပင်ကို ဆုံးရှုံးရခြင်းမှာ၊ ငါ့ကို ဝမ်းနည်းပူဆွေးစေသောကြောင့်၊ အနည်းငယ်ကြာအောင် စောင့်မည်ဟု ဆို၏။
၅၂ သို့ဖြစ်၍၊ ငါ့ဥယျာဉ်၏အနိမ့်ဆုံးအပိုင်း၌ ငါစိုက်ထားခဲ့လေသော ဤအခက်တို့မှ အခက်အချို့ကို ယူ၍၊ ၎င်းတို့လာခဲ့ရာ အပင်သို့ အကိုင်းဆက်၍စိုက်ကြကုန်အံ့။ အခါးဆုံးအသီးရှိသည့် အပင်မှအခက်တို့ကိုလည်း ခူး၍၊ ထိုနေရာတွင် အပင်၏ပကတိအခက်တို့ကို အကိုင်းဆက်၍စိုက်ကြကုန်အံ့။
၅၃ ထို့အတူ၊ ဤအမှုကို ငါပြုမည်ကား၊ အပင်ကို မပျက်စီးစေခြင်းငှာနှင့်၊ ထိုအပင်၏အမြစ်ကို ငါ့ကြံရွယ်ချက်အတွက် ထိန်းသိမ်းစောင့်ရှောက်ကောင်းစောင့်ရှောက်နိုင်ခြင်းငှာပေတည်း။
၅၄ ရှုဦးလော့၊ ငါအလိုရှိရာအဘယ်နေရာမှာမဆိုစိုက်ခဲ့သည့်အပင်၊ ပကတိအခက်များရှိသည့် ထိုအပင်၏အမြစ်တို့သည် ရှင်လျက်ရှိကြသေး၏။ သို့ဖြစ်၍၊ ငါသည် ၎င်းတို့ကိုလည်း ငါ့ကြံရွယ်ချက်အတွက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေခြင်းငှာ၊ ဤအပင်၏ အချို့သောအခက်တို့ကို ယူ၍ ထိုအခက်တို့၌ အကိုင်းဆက်၍ စိုက်မည်။ အထူးသဖြင့်၊ ငါ့ကိုယ်တိုင်အတွက် အမြစ်တို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်စေခြင်းငှာလည်းကောင်း၊ လုံလုံလောက်လောက် အားကြီးကြသောအချိန်မှာ ငါ့အတွက် ကောင်းသောအသီးကို သီးကောင်းသီးစိမ့်စေခြင်းငှာလည်းကောင်း၊ ငါ့ဥယျာဉ်၏အသီးကို ချီးမွမ်းနိုင်သည့်တိုက်အောင် ငါသည် သူတို့မိခင်အပင်၏အခက်တို့ကို ထိုအခက်တို့၌ အကိုင်းဆက်၍စိုက်မည်။
၅၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ရိုင်းလာသော ပကတိအပင်မှယူ၍၊ ပကတိအပင်များသို့ အကိုင်းဆက်၍ စိုက်ကြလေ၏။ ထိုအပင်တို့သည်လည်း ရိုင်းလာကြလေ၏။
၅၆ သူတို့သည် ရိုင်းလာလေသော ပကတိအပင်များမှလည်း ယူ၍၊ ထိုအပင်တို့၏မိခင်အပင်သို့ အကိုင်းဆက်၍စိုက်ကြ၏။
၅၇ ဥယျာဉ်ပိုင်ရှင်ကလည်း ထိုကျွန်ကို ဆိုလေသည်ကား၊ အခါးဆုံးသောအခက်တို့မှတစ်ပါး၊ အပင်မှ ရိုင်းသောအခက်တို့ကို မခူးနှင့်။ သင်သည် ထိုအပင်တို့၌လည်း ငါပြောထားလေသည့်အတိုင်း အကိုင်းဆက်၍ စိုက်ရမည်။
၅၈ ငါတို့သည် ဥယျာဉ်ထဲမှ အပင်တို့ကို တစ်ဖန်ပြုစုပျိုးထောင်၍၊ ထိုအပင်၏အခက်တို့ကိုလည်း သုတ်သင်ရှင်လင်းကြမည်။ ဖျက်ဆီး၍ မီးထဲသို့ ပစ်ရမည့်အခက်များတည်းဟူသော ရင့်ရော်နေသည့်အခက်တို့ကို ထိုအပင်တို့ထံမှ ငါတို့ခူးကြမည်။
၅၉ ဤအမှုကို ငါပြုခြင်းသည်ကား၊ ထိုအပင်မှ အမြစ်တို့ကို ကောင်းမွန်ခြင်းကြောင့်၊ အားကြီးကောင်းကြီးနိုင်စေကြောင်းနှင့် အခက်များပြောင်းလဲခြင်းကြောင့်၊ ကောင်းခြင်းက မကောင်းခြင်းကို လွှမ်းမိုးနိုင်စေကြောင်းပေတည်း။
၆၀ ငါသည် ပကတိအခက်များနှင့် ထိုအပင်၏အမြစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ထားသောကြောင့်၊ ပကတိအခက်တို့ကို ၎င်းတို့၏မိခင်အပင်သို့ တစ်ဖန် အကိုင်းဆက်၍စိုက်ပြီး၊ ငါ့ဥယျာဉ်ထဲမှ အပင်တို့ ကောင်းသောအသီးကို တစ်ဖန် သီးကောင်းသီးနိုင်စေခြင်းငှာလည်းကောင်း၊ ငါ့ဥယျာဉ်ထဲမှအပင်၏အသီး၌ တစ်ဖန် ဝမ်းမြောက်ခြင်းရှိ၍၊ ငါသည် အဦးသီး၏အမြစ်နှင့် အခက်တို့ကို ထိန်းသိမ်းစောင့်ရှောက်ထား၍၊ လွန်စွာရွှင်လန်းဝမ်းမြောက်ခြင်း ရှိကောင်းရှိနိုင်စေခြင်းငှာလည်းကောင်း သူတို့မိခင်အပင်၏အမြစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ထား၏—
၆၁ သို့ဖြစ်၍၊ ကောင်းမြတ်လျက်၊ အခြားသောအသီးအားလုံးထက် အဖိုးအထိုက်ဆုံးဖြစ်သည့် ပကတိအသီးကို တစ်ဖန်သီးစေကြောင်း ငါတို့သည် ဥယျာဉ်ထဲ၌၊ ငါတို့၏အစွမ်းသတ္တိရှိသမျှနှင့် လုံ့လဝီရိယထက်သန်စွာအလုပ်လုပ်နိုင်ကြစေခြင်းငှာလည်းကောင်း၊ နည်းလမ်းကို ပြင်ဆင်ခြင်းငှာလည်းကောင်း၊ ကျွန်များကို သွား၍ခေါ်လော့။
၆၂ သို့ဖြစ်၍၊ ငါတို့သည်သွား၍၊ ဤနောက်ဆုံးအကြိမ်တွင်၊ အစွမ်းသတ္တိရှိသမျှနှင့် အလုပ်လုပ်ကြကုန်အံ့။ အကြောင်းမူကား၊ ရှုလော့၊ ပြီးဆုံးချိန်သည် ရောက်လုနီးပေပြီ။ ယခုအကြိမ်သည်လည်း၊ ငါ၏ဥယျာဉ်ကို သုတ်သင်ရမည့် နောက်ဆုံးအကြိမ်ဖြစ်၏။
၆၃ အခက်တို့ကို အကိုင်းဆက်၍ စိုက်လော့။ နောက်ဆုံးသောအခက်မှ အစပြု၍ ပထမဦးဆုံးဖြစ်လျက် ပထမဦးဆုံးတို့ကို နောက်ဆုံးဖြစ်စေ၍ အပင်တို့ကို အကြီးနှင့် အငယ်၊ ပထမဦးဆုံးနှင့် နောက်ဆုံး၊ နောက်ဆုံးနှင့် ပထမဦးဆုံး အပင်အားလုံးကို နောက်ဆုံးအကြိမ်အဖြစ် တစ်ကြိမ်တည်း တစ်ဖန်ပြုစုပျိုးထောင်ရစေခြင်းငှာ ပတ်လည်၌တူးဆွလော့။
၆၄ သို့ဖြစ်၍၊ နောက်ဆုံးအဖြစ်၊ ထိုအပ်အပင်တို့ပတ်လည်၌ နောက်တစ်ကြိမ်ထပ်ပြီး တူးဆွ၍၊ သုတ်သင်ရှင်လင်းလျက်၊ တိရစ္ဆာန်တို့၏ချေးကိုဖို့လော့။ အကြောင်းမူကား၊ ပြီးဆုံးချိန်ရောက်လုနီးလာပေပြီ။ ဤနောက်ဆုံးသော အကိုင်းဆက်အခက်များ ကြီးထွား၍၊ ပကတိအသီးကိုသီးကြလျှင်၊ ကြီးထွားနိုင်စေခြင်းငှာ နည်းလမ်းကို သင် ပြင်ဆင်ရာရောက်လိမ့်မည်။
၆၅ ထို့အတူ၊ ၎င်းတို့ကြီးထွားကြစဉ်တွင်၊ သင်သည် ခါးသောအသီးကို သီးသည့်အခက်များအား ကောင်းမြတ်သည့်အခက်များ၏ အင်အားနှင့် အရွယ်အလိုက် ပယ်ရှင်းရမည်။ အကိုင်းဆက်၍ စိုက်ထားသည့်အပင်မှ အကိုင်းဆက်အခက်များအတွက် အမြစ်များ အားကြီးလွန်းသဖြင့်၊ ထိုအပင်မှ အကိုင်းဆက်အခက်များ ပျက်စီး၍ ငါ့ဥယျာဉ်ထဲမှ အပင်များကို ငါဆုံးရှုံးရမည် စိုးသောကြောင့်၊ ထိုအပင်မှ မကောင်းသောအခက်များအားလုံးကို တစ်ကြိမ်တည်းမပယ်ရှင်းနှင့်။
၆၆ အကြောင်းမူကား၊ ငါ့ဥယျာဉ်ထဲမှ အပင်များကို ဆုံးရှုံးရခြင်းက ငါ့ကို ဝမ်းနည်းပူဆွေးစေ၏။ သို့ဖြစ်၍၊ ကောင်းသောအခက်က မကောင်းသောအခက်ကို လွှမ်းမိုးသည့်တိုင်အောင်၊ အမြစ်နှင့် အထက်ပိုင်းတို့ကို အင်အားညီမျှစေလျက်၊ မကောင်းသောအခက်ကို ခုတ်လှဲ၍ မီးထဲသို့ ပစ်ချ ခံရစေခြင်းငှာလည်းကောင်း၊ ထိုအခက်တို့က ငါ့ဥယျာဉ်မြေကြီးကို ဝန်မလေးစေခြင်းငှာလည်းကောင်း ကောင်းသောအခက်များ ကြီးထွားသည်နှင့်အမျှ မကောင်းသောအခက်များကို ပယ်ရှင်းရလိမ့်မည်။ ထိုသို့အားဖြင့်၊ ငါ့ဥယျာဉ်မှ မကောင်းသောအခက်ကို ငါပယ်ရှားမည်။
၆၇ ပကတိအပင်၏အခက်များကိုလည်း ပကတိအပင်သို့ ငါတစ်ဖန်အကိုင်းဆက်၍ စိုက်မည်။
၆၈ ပကတိအပင်၏အခက်များကိုလည်း အပင်၏ပကတိအခက်များသို့ ငါအကိုင်းဆက်၍စိုက်မည်။ ထိုကဲ့သို့အားဖြင့်၊ ငါသည် ထိုအပင်တို့ကို၊ တစ်ဖန်ပေါင်းစည်းစေ၍၊ ပကတိအသီးကို သီးလျက် တစ်စုတစ်စည်းတည်း ဖြစ်ကြလိမ့်မည်။
၆၉ မကောင်းသောအရာတို့ကိုလည်း အမှန်စင်စစ်၊ ငါ့ဥယျာဉ်မြေရှိသမျှမှ ပစ်လိုက်၏။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ဤတစ်ကြိမ်တည်းသာလျှင်၊ ငါ့ဥယျာဉ်ကို သုတ်သင်ရှင်းလင်းမည်။
၇၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် မိမိကျွန်ကို စေလွှတ်ခဲ့၏။ ထိုကျွန်ကလည်း၊ သွား၍ သခင်မိန့်မှာသည့်အတိုင်း ပြုလျက်၊ အခြားကျွန်များကို ခေါ်ဆောင်ခဲ့၏။ ထိုသူတို့မှာ အနည်းငယ်သာဖြစ်၏။
၇၁ ဥယျာဉ်ပိုင်ရှင်ကလည်း သူတို့ကို ဆိုလေသည်ကား၊ ငါ့ဥယျာဉ်ထဲသို့သွား၍၊ သင်တို့၏ အစွမ်းသတ္တိရှိသမျှနှင့် အလုပ်လုပ်ကြလော့။ ရှုလော့၊ ယခုအကြိမ်သည် ငါ့ဥယျာဉ်ကို ပြုစုပျိုးထောင်သည့် နောက်ဆုံးအကြိမ်ဖြစ်၏။ အကြောင်းမူကား၊ ပြီးဆုံးခြင်းသည် နီးကပ်လာ၍၊ အသီးမသီးသည့်ရာသီ အလျင်အမြန်ကျရောက်လာပေပြီ။ သင်တို့သည်လည်း ငါနှင့်အတူ သင်တို့၏ အစွမ်းရှိသမျှနှင့် အလုပ်လုပ်ကြလျှင်၊ မကြာမြင့်မီ ကျရောက်လာမည့်၊ နောက်တစ်ချိန်အဖို့ ငါကိုယ်တိုင်အတွက် သိုထားမည့်အသီး၌ ဝမ်းမြောက်ကြလိမ့်မည်။
၇၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုကျွန်တို့သည် သွား၍ မိမိတို့အစွမ်းသတ္တိရှိသမျှနှင့် အလုပ်လုပ်ကြ၏။ ဥယျာဉ်ပိုင်ရှင်သည်လည်း သူတို့နှင့်အတူ အလုပ်လုပ်၏။ သူတို့သည် အရာရာ၌ ဥယျာဉ်ပိုင်ရှင်၏ မိန့်မှာချက်များကိုလည်း နာခံကြ၏။
၇၃ ဥယျာဉ်ထဲ၌ ပကတိအသီး တစ်ဖန်ရှိစပြုလာလျက်၊ ပကတိအခက်တို့သည် လွန်စွာကြီးထွားပြီး ပွားများစပြုလေ၏။ ရိုင်းသောအခက်တို့ကိုလည်း ခူးဖြတ်၍ ပစ်လိုက်စပြုလျက်၊ သူတို့သည် ထိုအပင်တို့၏အမြစ်နှင့် အထက်ပိုင်းတို့ကို အပင်၏အားအတိုင်း၊ အညီအမျှထိန်းသိမ်းထားလေ၏။
၇၄ ထိုကဲ့သို့အားဖြင့် သူတို့သည် ဥယျာဉ်ပိုင်ရှင်၏ မိန့်မှာချက်များအတိုင်း၊ မကောင်းသောအရာများကို ဥယျာဉ်အပြင်သို့ ပစ်လိုက်သည့်တိုင်အောင်ပင်၊ လုံ့လဝီရိယရှိသမျှနှင့် အလုပ်လုပ်ကြ၏။ သခင်သည်လည်း မိမိအတွက် ထိန်းသိမ်းစောင့်ရှောက်ထားသဖြင့် အပင်တို့သည် ပကတိအသီးကို တစ်ဖန်သီးလာ၏။ အပင်တို့သည် တစ်ခုတည်းကဲ့သို့ဖြစ်လာ၏။ အသီးတို့သည်လည်း တူညီကြ၏။ ဥယျာဉ်ပိုင်ရှင်သည် ရှေးဦးစွာကတည်းက သူ့အတွက် အဖိုးအထိုက်ဆုံးဖြစ်သည့် ပကတိအသီးကို သူ့အတွက် ထိန်းသိမ်းစောင့်ရှောက်ထားလေ၏။
၇၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဥယျာဉ်ပိုင်ရှင်သည် မိမိအသီး ကောင်းမြတ်၍၊ ဥယျာဉ်မှာ မပုပ်ပျက်တော့သည်ကို မြင်သောအချိန်တွင် ကျွန်တို့ကို ခေါ်၍ ပြောလေသည်ကား၊ ရှုလော့၊ ဤနောက်ဆုံးအကြိမ်တွင်၊ ငါတို့သည် ငါ့ဥယျာဉ်ကို ပြုစုပျိုးထောင်ကြလေပြီ။ ငါ့အလိုအတိုင်း ပြုထားလေသည်ကိုလည်း သင်တို့မြင်ကြ၏။ ငါသည် ပကတိအသီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားလေပြီ။ ထိုအသီးသည် ရှေးဦးစွာကကဲ့သို့ပင် ကောင်းမြတ်လေ၏။ သင်တို့သည်လည်း မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငါ့ဥယျာဉ်ထဲ၌ ငါနှင့်အတူ အလုပ်လုပ်ကြရာတွင် လုံ့လဝီရိယရှိ၍ ငါ၏မိန့်မှာချက်တို့ကို စောင့်ထိန်းလျက်၊ ငါ့အတွက် ပကတိအသီးကို တစ်ဖန်သီးစေ၍၊ ငါ့ဥယျာဉ်သည် မပုပ်ပျက်တော့၊ မကောင်းသောအရာကို ပစ်လိုက်ပေပြီ။ ရှုလော့၊ ငါ့ဥယျာဉ်မှ အသီးကြောင့်၊ သင်တို့သည် ငါနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။
၇၆ ရှုလော့၊ အလျင်အမြန်ကျရောက်လာမည့် အသီးမသီးသည့်ရာသီအတွက် ငါကိုယ်တိုင်အဖို့ ငါ့ဥယျာဉ်မှအသီးကို အချိန်ကြာမြင့်စွာ ငါသိုထားမည်။ နောက်ဆုံးအကြိမ်အဖြစ်လည်း ငါ့ဥယျာဉ်ကို သုတ်သင်ရှင်လင်း၍၊ အပင်ပတ်လည်၌ တူးဆွလျက်၊ တိရစ္ဆာန်တို့၏ချေးကို ဖို့၏။ သို့ဖြစ်၍၊ ငါပြောထားလေသည့်အတိုင်း၊ အသီးကို ငါကိုယ်တိုင်အတွက် အချိန်ကြာမြင့်စွာ သိုထားမည်။
၇၇ ငါ့ဥယျာဉ်ထဲသို့ မကောင်းသောအသီးတစ်ဖန်ရောက်လာသောအခါ၌လည်း ငါသည် ကောင်းသောအရာနှင့် မကောင်းသောအရာတို့ကို စုဝေးစေလျက်၊ ကောင်းသောအရာကို ငါ့အတွက် ထိန်းသိမ်းစောင့်ရှောက်၍၊ မကောင်းသောအရာကို ၎င်း၏နေရာသို့ ပစ်လိုက်မည်။ ထို့နောက်တွင်၊ ရာသီချိန် ကုန်ဆုံးခြင်းသို့ ရောက်လာ၍ ငါ့ဥယျာဉ်ကို မီးနှင့်လောင်မြိုက်စေမည်။