ကျမ်းစာများ
ယာကုပ် ၇


အခန်းကြီး ၇

ရှေရင်သည် ခရစ်တော်ကို ငြင်းပယ်၏၊ ယာကုပ်နှင့် ရန်တွေ့၏၊ နိမိတ်လက္ခဏာကို တောင်းဆို၍၊ ဘုရားသခင်၏​ဒဏ်ခတ်​တော်မူခြင်းကို ခံရ၏—ခပ်သိမ်းသောပရောဖက်​တို့သည် ခရစ်တော်နှင့် သူ၏​အပြစ်ဖြေခြင်း​မင်္ဂလာ​အကြောင်းကို ဟောလေ၏—နီဖိုင်း​အမျိုးသားတို့သည် မိမိတို့​နေ့ရက်များကို အရပ်ရပ်သို့​လည်သော​သူများ၊ ဒုက္ခဆင်းရဲ၌​မွေးဖွားသူများနှင့် လာမန်​အမျိုးသားတို့၏ အမုန်းခံရသူများ​အဖြစ် အသက်ရှင်​နေထိုင်ကြ၏။ ဘီစီ ၅၄၄–၄၂၁ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နှစ်အချို့ ကုန်လွန်​လေပြီးနောက်၊ နီဖိုင်း​လူမျိုးများ​ထဲ၌၊ ရှေရင်ဟု အမည်​တွင်သော​သူတစ်ဦး ပေါ်ပေါက်​လာခဲ့၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူသည် လူတို့၌ ဟောပြောခြင်းငှာ၊ ထို့အတူ ခရစ်တော်​ရှိလိမ့်မည်​မဟုတ်ကြောင်း သူတို့​အားဟော​ကြားခြင်းငှာ အစပြု၏။ လူတို့အား မြှောက်ပင့်သည့်​အရာ များစွာ​တို့ကိုလည်း ဟောပြော၏။ ဤအမှုကို သူပြုသည်​မှာလည်း၊ ခရစ်တော်၏​ဩဝါဒကို ဖျက်ဆီးနိုင်ခြင်း​ငှာပေတည်း။

လူတို့၏​စိတ်နှလုံးကို လှည့်ဖြား​ခေါ်ဆောင်​သွားခြင်းငှာလည်း လုံ့လဝီရိယ​ထက်သန်စွာ အလုပ်​လုပ်၍၊ စိတ်နှလုံး​များစွာတို့ကို လှည့်ဖြား​ခေါ်ဆောင်သွား၏။ ကြွလာ​တော်မူမည့်​ခရစ်တော်ကို ငါယာကုပ်​ယုံကြည်ခြင်း​ရှိကြောင်းကိုလည်း သူသိ၍၊ ငါ့ထံသို့​လာနိုင်ခြင်းငှာ အခွင့်ကို များစွာရှာ၏။

သူသည် ပညာလည်း​တတ်၍ လူတို့၏​ဘာသာစကားအကြောင်း စုံလင်သော အ​သိပညာ ရှိလေ၏။ သို့ဖြစ်၍၊ သူသည် နတ်ဆိုး၏​တန်ခိုး​အတိုင်း၊ များစွာသော​မြှောက်ပင့်ခြင်းနှင့် စကား​အရာ၌ များစွာသော အစွမ်း​သတ္တိတို့ကို သုံးနိုင်လေ၏။

ဤအရာတို့နှင့်​စပ်လျဉ်း၍၊ ငါမြင်ခဲ့​ရလေသည့် ဗျာဒိတ်တော်​များစွာနှင့် များစွာသော​အရာတို့ ရှိသော်ငြားလည်း သူသည် ငါ၏​ယုံကြည်ခြင်းကို တုန်လှုပ်စေရန် မျှော်လင့်၏။ အကြောင်းမူကား၊ ငါသည် ကောင်းကင်​တမန်တို့ကို အမှန်ပင်​မြင်ခဲ့ရ​လေ၏၊ သူတို့သည်လည်း ငါ့ကို အမှုတော်​ဆောင်ကြ၏။ အမှန်ပင်​စကား​အားဖြင့် ငါ့ကို မြွက်ဆို​တော်မူ​လျက်ရှိသည့် ကိုယ်တော်ရှင်၏​အသံကိုလည်း အချိန်နှင့်​အမျှ ငါကြားရ​လေပြီ။ သို့ဖြစ်၍၊ ငါ့ကို မတုန်လှုပ်​စေနိုင်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် ငါ့ထံသို့​လာ၍ ဤသို့ဆိုလျက် ပြောလေသည်ကား၊ ညီအစ်ကို​ယာကုပ်၊ ငါသည် သင်နှင့် စကားပြောခြင်းငှာ အခွင့်ကို များစွာ​ရှာလေပြီ။ အကြောင်းမူကား၊ သင်သည် ဧဝံဂေလိတရားတော် သို့မဟုတ် ခရစ်တော်၏​ဩဝါဒဟု သင်ခေါ်သည့်​အရာကို ဟောပြောလျက် အရပ်ရပ်သို့ များစွာသွားလာကြောင်းကို ငါကြား၍၊ သိလည်း​သိ၏။

သင်သည် ဤလူမျိုးတို့မှ များစွာသော​သူတို့ကို လမ်းလွဲသို့ လှည့်ဖြား​ခေါ်ဆောင်သွား၍၊ သူတို့သည် ဘုရားသခင်၏ မှန်သော​တရားလမ်း​တော်တို့ကို မှောက်လှန်လျက်၊ မှန်သော​တရားလမ်း ဖြစ်သည့် မောရှေ၏ ပညတ်တရားကို စောင့်ထိန်းခြင်း​မရှိကြ။ မောရှေ၏ ပညတ်တရားကိုလည်း သင်ပြောသည့် နှစ်ရာပေါင်းများစွာ​ကြာမှ ရောက်လာမည့် ပုဂ္ဂိုလ်အား ကိုးကွယ်ခြင်းသို့ ပြောင်းလဲ ပစ်၏။ ယခုမူကား၊ ရှုလော့၊ ဤအရာသည် ဘုရားကို ပြစ်မှားသည့်​အပြစ်ဖြစ်​သည်ဟု သင့်ကို ငါရှေရင်​ဟောကြား၏။ အကြောင်းမူကား၊ ထိုကဲ့သို့သော အရာများကို အဘယ်သူမျှ​မသိ။ ဖြစ်လာမည့် အရာတို့​အကြောင်းကိုလည်း မပြောနိုင်။ ဤကဲ့သို့​အားဖြင့် ရှေရင်သည် ငါ့ကို ဆန့်ကျင်၍​ရန်တွေ့၏။

သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သူ့ဝိညာဉ်တော်ကို ငါ့ဝိညာဉ်​ထဲသို့ သွန်းလောင်း​တော်မူသည်ကား ထိုသူ၏​စကားခပ်သိမ်းတို့ကို ငါ​ချေပသည့်​တိုင်အောင်​ပင်တည်း။

ငါကလည်း သင်သည် ကြွလာတော်မူမည့် ခရစ်တော်အား ငြင်းပယ်​သလောဟု မေးရာ၊ ခရစ်တော်​ရှိလျှင်၊ ငါသည် သူ့ကို မငြင်းဆို။ သို့ရာတွင်၊ ခရစ်တော်​မရှိကြောင်း ငါသိ၏။ ရှိလည်း​မရှိခဲ့၊ ရှိလိမ့်မည်လည်း​မဟုတ်ဟု သူဖြေ၏။

၁၀ သင်သည် ကျမ်းစာတို့ကို ယုံကြည်သလောဟု ငါမေးလျှင်၊ ဟုတ်ကဲ့ဟု သူဖြေ၏။

၁၁ ငါကလည်း သူ့ကို ဆိုသည်ကား၊ ထိုသို့ဖြစ်လျှင်၊ သင်သည် ထိုကျမ်း​စာတို့ကို နားမလည်။ အကြောင်းမူကား၊ ထိုကျမ်းစာတို့သည် ခရစ်တော်​အကြောင်းကို အမှန်ပင်​သက်သေခံ၏။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ဤခရစ်တော်၏​အကြောင်းကို ပြောလေသည်​မှတစ်ပါး၊ အဘယ်​ပရောဖက်ကမျှ မရေး၊ ပရောဖက်ပြု၍​လည်းမဟော။

၁၂ ဤအရာ​သည်ကား၊ အလုံးစုံတို့​မဟုတ်သေး—ထိုအမှုကို ငါ့အား ထင်ရှားစွာ​ပြထား​တော်မူလေပြီ။ အကြောင်းမူကား၊ ငါသည် ကြားလေခဲ့၊ မြင်လေခဲ့ပြီ။ ထိုအမှုကို သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်လည်း၊ ငါ့ကို ထင်ရှားစွာ​ပြထား​တော်မူလေပြီ။ သို့ဖြစ်၍၊ အပြစ်ဖြေခြင်း​မင်္ဂလာကို ပြုခဲ့ခြင်း​မရှိလျှင်၊ ခပ်သိမ်းသော လူသား​တို့​ပျောက်ဆုံး​ရကြမည်ကို ငါသိ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သင်များစွာ​သိရသည့် ဤသန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် နိမိတ်လက္ခဏာကို ငါ့အား ပြလော့ဟု သူဆို၏။

၁၄ ငါဆိုသည်ကား၊ သင်သိသည့်​အရာကို အမှန်ဖြစ်ကြောင်း သင့်အား နိမိတ်​လက္ခဏာကို​ပြရန်၊ ဘုရားသခင်ကို ငါအဘယ်ကြောင့် စုံစမ်းရမည်နည်း။ သင်သည် နတ်ဆိုး၏​လူဖြစ်သော​ကြောင့်၊ ထိုအရာကို ငြင်းဆိုလျက်​ရှိလိမ့်ဦးမည်။ အဘယ်သို့​ပင်ဖြစ်စေ၊ ငါအလို​ရှိသည်​အတိုင်း ဖြစ်မည်​မဟုတ်။ သို့ရာတွင်၊ ဘုရားသခင်က သင့်ကို ဒဏ်ခတ်​တော်မူလျှင်၊ သူသည် ကောင်းကင်ဘုံနှင့် မြေကြီးနှစ်ခု​စလုံး၌ တန်ခိုး​ရှိတော်မူ​ကြောင်းနှင့် ခရစ်တော်​ကြွလာတော်မူမည့်​အကြောင်း၊ ထိုအရာက သင့်​အတွက် နိမိတ်​လက္ခဏာ​ဖြစ်ပါစေ။ ထို့အတူ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်​အလို​ရှိသည်​အတိုင်း ဖြစ်ပါစေ၊ အကျွန်ုပ်​အလိုရှိသည်​အတိုင်း မဖြစ်ပါစေနှင့်။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါယာကုပ်က ဤစကားများကို ပြောလေသော​အချိန်တွင်၊ ကိုယ်တော်ရှင်၏​တန်ခိုးတော်သည် သူ့ထံသို့ ကျရောက်လေရာ မြေကြီးသို့ သူလဲကျသည့်​တိုင်အောင်ပင်တည်း။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ကို ရက်ပေါင်းများစွာ​ကြာအောင် ပြုစုကျွေးမွေးရ၏။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့ကို သူဆိုလေသည်မှာ၊​နက်ဖြန်နေ့၌ အတူတကွ စုဝေးကြလော့၊ အကြောင်းမူကား၊ ငါသေရတော့မည်။ သို့ဖြစ်၍၊ ငါသည် မသေမီ၊ လူတို့ကို စကားပြောလို၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နောက်တနေ့တွင် လူ​အစုအဝေးသည် အတူတကွစုဝေးလေ၏။ သူသည်လည်း ရှင်းလင်းစွာ​ပြော၍၊ ထိုသူတို့အား သူသွန်သင်​ပေးခဲ့လေသည့်​အရာများကို ငြင်းပယ်၏၊ ခရစ်တော်၊ သန့်ရှင်းသော​ဝိညာဉ်တော်၏ တန်ခိုး၊ ထို့အတူ၊ ကောင်းကင်​တမန်များအမှုတော်​ဆောင်ခြင်းတို့ကို ဝန်ခံ၏။

၁၈ နတ်ဆိုး၏​တန်ခိုး​အားဖြင့် လှည့်စား​ထားခြင်းကို သူခံခဲ့​ရလေကြောင်းကိုလည်း ရှင်လင်းစွာ​ပြောပြ၏။ ငရဲအကြောင်း၊ ထာဝရ​ဖြစ်တည်ခြင်း​အကြောင်းနှင့် ထာဝရ​ပြစ်ဒဏ်ပေး​တော်မူခြင်း​အကြောင်းတို့ကိုလည်း ပြောပြ၏။

၁၉ ထို့အတူ၊ သူပြောသည်မှာ၊ ငါသည် ခွင့်​မလွှတ်နိုင်သော​အပြစ်ကို ကျူးလွန်မိပြီဟု စိုးရိမ်​မိလေပြီ။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မုသား​ပြောလေပြီ။ ခရစ်တော်အား ငြင်းဆို၍၊ ကျမ်းစာများကို ယုံကြည်သည်​ဟုလည်း ပြောခဲ့၏။ ထိုကျမ်းစာတို့သည် သူ့အကြောင်းကို အမှန်ပင် သက်သေခံ၏။ ငါသည် ဘုရားသခင်ကို ထိုကဲ့သို့၊ မုသား​ပြောသော​ကြောင့်လည်း၊ ငါ၏​အမှု အလွန်ဆိုး​ရွားမည်ကို ကြီးစွာစိုးရိမ်၏။ သို့ရာတွင်၊ ငါသည် ဘုရားသခင်ထံသို့ ဝန်ခံပါ၏။

၂၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် ဤစကားများကို ပြောလေပြီးလျှင်၊ မပြောနိုင်တော့၊ အသက်​ချုပ်၍​သေ၏။

၂၁ လူအစုအဝေးတို့သည် သူအသက်​ချုပ်ခါနီး၌ ဤအရာတို့ကို သူပြောကြောင်း မြင်ကြလျှင်၊ လွန်စွာ​အံ့ဩကြ၏၊ ဘုရားသခင်၏​တန်ခိုးတော်သည် သူတို့​အပေါ် ကျရောက်​လာသဖြင့် သူတို့သည် မိန်းမော​တွေဝေ၍ မြေကြီးသို့​လဲကျကြ၏။

၂၂ ယခုတွင်၊ ဤအမှုသည် ငါယာကုပ်ကို နှစ်သက်စေ၏။ အကြောင်းမူကား၊ ငါသည် ထိုအမှုကို ကောင်းကင်ဘုံ၌​ရှိတော်မူသော ငါ့အဘ​ထံမှ တောင်းခံလေပြီ။ သူသည် ငါ၏​တောင်းလျှောက်ခြင်းကို ကြားတော်မူ၍၊ ငါ၏​ဆုတောင်းခြင်းကို ဖြေတော်မူ၏။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဘုရားသခင်၏​ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းသည် လူတို့၌ တစ်ဖန်​ပြန်လည်​ရောက်ရှိ၏။ သူတို့သည်လည်း ကျမ်းစာများကို စေ့စေ့ဖတ်၍၊ ဤဆိုးညစ်သော​သူ၏​စကားများကို စေ့စေ့နားမထောင်ကြတော့။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့အား သမ္မာ​တရားအကြောင်း အသိပညာသို့၊ ပြန်လည်​ခေါ်ဆောင်၍၊ ပြန်လည်​ရောက်ရှိစေခြင်းငှာ၊ များစွာသော​အစီအစဉ်တို့ကို ကြံစည်လေ၏။ သို့ရာတွင်၊ ထိုအမှု​ခပ်သိမ်းတို့သည် အချည်းနှီး​ဖြစ်လေ၏။ အကြောင်းမူကား၊ သူတို့သည် စစ်တိုက်ခြင်းများနှင့် အသွေး​သွန်းလောင်းခြင်းတို့၌ မွေ့လျော်၍ သူတို့၏​ညီအစ်ကို ငါတို့​အပေါ်၌ ထာဝရ​မုန်းတီးခြင်းကို ထားရှိကြလေပြီ။ သူတို့၏​လက်နက်များ​အစွမ်းဖြင့် ငါတို့ကို အစဉ်မပြတ်​ဖျက်ဆီးခြင်း​ငှာလည်း ကြိုးစားအားထုတ်ခဲ့ကြ၏။

၂၅ သို့ဖြစ်၍၊ နီဖိုင်းလူမျိုး​တို့သည် ထိုသူတို့​တစ်ဖက်တွင် မိမိတို့​ကယ်တင်ခြင်း၏​ကျောက်နှင့် ဘုရားသခင်အား ကိုးစားလျက်၊ လက်နက်များ၊ ထို့အတူ အစွမ်း​သတ္တိ​ရှိသမျှတို့နှင့် အင်အား​ခိုင်မာ​စေခဲ့ကြ၏။ သို့ဖြစ်၍၊ သူတို့သည် ရန်သူတို့ကို ယခုကာလ​တိုင်အောင် အနိုင်ရသူများ ဖြစ်လာခဲ့ကြ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါယာကုပ်သည် အိုမင်းစပြု​လာ၏။ ဤလူမျိုးတို့၏​မှတ်တမ်းကိုလည်း နီဖိုင်း၏​အခြား​ပုရပိုက်ပြားများ​ပေါ်တွင် ရေးထား၏။ သို့ဖြစ်၍၊ ငါ၏ အသိပညာအစွမ်းရှိသမျှ​အတိုင်း၊ ရေးလေပြီဟုဟော ပြောခြင်း​အားဖြင့်​လည်းကောင်း၊ ငါတို့သည် အဖော်မဲ့၍၊ စိတ်အား​ထက်သန်သော​လူမျိုး၊ အရပ်ရပ်သို့​လည်သော​သူများဖြစ်လျက်၊ ယေရုရှလင်မြို့မှ နှင်ထုတ်ခံရလျက်၊ တောရိုင်း​ထဲတွင်၊ ဒုက္ခ​ဆင်းရဲခြင်း၌ မွေးလျက်၊ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများကို​ဖြစ်စေသည့် ငါတို့​ညီအစ်ကိုများ၏ မုန်းတီးခြင်းကို ခံရလေလျက်၊ အချိန်သည် ငါတို့​နှင့်အတူ ကုန်လွန်၍ ငါတို့၏​အသက်​တာသည်လည်း ငါတို့​အဖို့ အိပ်မက်​မက်သကဲ့သို့ ဖြစ်လေပြီဟု ပြောဆိုခြင်း​အားဖြင့်​လည်းကောင်း ဤမှတ်တမ်းကို ငါလက်စသတ်၏။ သို့ဖြစ်၍၊ ငါတို့၏ဘဝတစ်လျှောက်လုံး ငိုကြွေးမြည်တမ်းခဲ့ရကြ၏။

၂၇ ငါယာကုပ်သည် မကြာမြင့်မီတွင် ငါ၏​သင်္ချိုင်း​တွင်းသို့ ဆင်းသွား​ရတော့မည်​ကိုလည်း သိမြင်၏။ သို့ဖြစ်၍၊ ငါ့သား​ဧနုတ်အား ဤပုရပိုက်ပြားများကို ယူလော့​ဟုဆို၏။ ငါ၏​အစ်ကိုနီဖိုင်း မိန့်မှာခဲ့သည့်​အရာတို့ကိုလည်း ပြောပြလျှင်၊ မိန့်မှာချက်များကို နာခံပါမည်ဟု သူကတိပေး၏။ ငါသည် အနည်းငယ်မျှသော​ရေးခြင်းဖြစ်သည့် ဤပုရပိုက်ပြားပေါ်၌ ငါ၏​ရေးခြင်း​ကိုလည်း လက်​စသတ်တော့မည်။ ငါ၏​ညီအစ်ကိုတို့မှ များစွာသော​သူတို့သည်လည်း ဤစကားများကို ဖတ်​လိမ့်မည်ဟု မျှော်လင့်လျက်၊ ဖတ်သူကို မင်္ဂလာ​ရှိပါစေဟု ငါနှုတ်ဆက်၏။ ညီအစ်ကိုတို့၊ လိမ္မာရစ်ကြလော့။

ပုံနှိပ်သည်