မော်မုန်ကျမ်း
အခန်းကြီး ၁
အမ္မရုန်သည် မော်မုန်အား သန့်ရှင်းမွန်မြတ်သောမှတ်တမ်းများအကြောင်းကို သွန်သင်၏—နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ကြား၌ စစ်တိုက်ခြင်းစတင်၏—နီဖိုင်းအမျိုးသားသုံးဦးကို ခေါ်ဆောင်သွား၏—ဆိုးညစ်ခြင်း၊ မယုံကြည်မှု၊ နတ်ဝိဇ္ဇာအတတ်များနှင့် စုန်းလုပ်သောအတတ်များပျံ့နှံ့၏။ အေဒီ ၃၂၁–၃၂၆ ခန့်။
၁ ယခုမူကား၊ ငါမော်မုန်သည် မြင်ရ၊ ကြားရသောအရာတို့အကြောင်းကို မှတ်တမ်းပြုစု၏၊ ထိုမှတ်တမ်းကို မော်မုန်ကျမ်းဟု ခေါ်၏။
၂ အမ္မရုန်သည် ထိုမှတ်တမ်းများကို ကိုယ်တော်ရှင်အဖို့ ဝှက်ထားခါနီးအချိန်၌၊ ငါ့ထံသို့ လာ၏။ (ငါသည် အသက်ဆယ်နှစ်အရွယ်ခန့်ဖြစ်၍၊ ငါ့လူမျိုးတို့၏ အသိပညာအတိုင်း အတော်အသင့်သင်ယူစပြု၏) အမ္မရုန်က ငါ့ကို ဆိုလေသည်ကား၊ သင်သည် သမ္မာသတိရှိသောသူငယ်ဖြစ်၏၊ သိမြင်လွယ်သောသူဖြစ်ကြောင်းကို ငါသတိထားမိ၏။
၃ ထို့ကြောင့်၊ သင်သည် အသက် နှစ်ဆယ်လေးနှစ် ရောက်သော အချိန်၌ ဤလူမျိုးတို့အကြောင်း သင်သိမြင်သည့်အရာတို့အား အောက်မေ့ရမည်ကို ငါအလိုရှိ၏။ သင်သည် ထိုအသက်အရွယ်သို့ ရောက်သောအချိန်၌၊ အမ်တုံပြည်ရှိ၊ ရှိမဟုခေါ်မည့် တောင်ကုန်းသို့ သွားလော့။ ငါသည် ဤလူမျိုးတို့ အကြောင်း ခပ်သိမ်းသော သန့်ရှင်းမွန်မြတ်သည့် ရေးထွင်းခြင်းတို့ကို ကိုယ်တော်ရှင်အဖို့ ထိုအရပ်၌ မြှုပ်၍ထား၏။
၄ ရှုဦးလော့၊ သင်သည် နီဖိုင်း၏ပုရပိုက်ပြားများကို သင်ကိုယ်တိုင်အဖို့ ယူ၍၊ ကျန်ကြွင်းသောအရာတို့ကို ၎င်းတို့ရှိသည့်နေရာတွင် ချန်ထားရမည်။ ဤလူမျိုးတို့နှင့်စပ်လျဉ်း၍၊ သင်သိမြင်သည့်အရာခပ်သိမ်းတို့ကိုလည်း နီဖိုင်း၏ပုရပိုက်ပြားများပေါ်၌ ရေးထွင်းရမည်။
၅ ငါမော်မုန်သည် နီဖိုင်း၏အမျိုးအနွယ်တစ်ဦးဖြစ်၏၊ (ငါ့အဘ၏အမည်သည်လည်း မော်မုန် ဖြစ်၏) အမ္မရုန်မိန့်မှာသည့်အရာတို့ကို အောက်မေ့၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့ကို အသက်တစ်ဆယ့်တစ်နှစ်တွင် ငါ၏အဘအားဖြင့် တောင်ဘက်လားရာပြည်၊ ဇရဟင်မလပြည်သို့ပင် ခေါ်ဆောင်သွားခံရ၏။
၇ ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးသည် အဆောက်အုံများဖြင့် ဖုံးလွှမ်းလာလေ၏၊ လူတို့သည်လည်း သမုဒ္ဒရာသဲလုံးတမျှ မြောက်မြားလှ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤနှစ်တွင် နီဖိုင်းအမျိုးသားတို့၊ ထို့အတူ ယာကုပ်အမျိုးသားတို့၊ ထို့အတူ ယောသပ်အမျိုးသားတို့နှင့် ဇော်ရမ်အမျိုးသားတို့ပါဝင်သည့် နီဖိုင်းအမျိုးသားတို့၌ စစ်တိုက်ခြင်းဖြစ်ဖို့ အစပြု၏။ ဤစစ်တိုက်ခြင်းသည် နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့၊ ထို့အတူ လေမွေလအမျိုးသားတို့၊ ထို့အတူ ဣရှမေလအမျိုးသားတို့ကြား၌ ဖြစ်ပွား၏။
၉ ယခုတွင်၊ လာမန်အမျိုးသားများ၊ ထို့အတူ လေမွေလအမျိုးသားများနှင့် ဣရှမေလအမျိုးသားတို့ကို လာမန်အမျိုးသားများဟု ခေါ်၍၊ အုပ်စုနှစ်ခုမှာ နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားတို့ ဖြစ်ကြ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇိဒုန်ရေများအနီး၊ ဇရဟင်မလနယ်စပ်တွင် သူတို့၌ စစ်တိုက်ခြင်းကို အစပြု၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့သည် အရေအတွက်များစွာသောလူတို့၊ အရေအတွက် သုံးသောင်းထက်ပင် သာလွန်သောသူတို့ကို အတူတကွစုဝေးကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၌ ဤတစ်နှစ်တည်းတွင်၊ တိုက်ပွဲများစွာရှိကြ၏။ ထိုတိုက်ပွဲတွင်၊ နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့ကို အနိုင်ရ၍၊ ထိုသူတို့ထဲမှ များစွာသောသူတို့ကို ကွပ်မျက်ကြ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် မိမိတို့အကြံအစည်ကို စွန့်ပစ်၍၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းကို ထူထောင်၏။ ငြိမ်းချမ်းခြင်းသည်လည်း လေးနှစ်ခန့်မျှကြာအောင် ဆက်၍ရှိသဖြင့် အသွေးသွန်းလောင်းခြင်းမရှိ။
၁၃ သို့ရာတွင်၊ ဆိုးညစ်ခြင်းသည် ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်၌ ပျံ့နှံ့သဖြင့်၊ ကိုယ်တော်ရှင်သည် သူ၏ချစ်လှစွာသော တပည့်တော်တို့ကို ခေါ်သွားတော်မူ၏၊ လူတို့၏ဒုစရိုက်ကြောင့်၊ အလွန်တရာအံ့ဩဖွယ်သောအရာများနှင့် အနာကင်းစေခြင်းအမှုသည်လည်း ရပ်တန့်သွား၏။
၁၄ ကိုယ်တော်ရှင်ထံမှ ဆုကျေးဇူးသည်လည်း မရှိတော့။ သူတို့၏ဆိုးညစ်ခြင်းနှင့် မယုံကြည်မှုတို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း အဘယ်သူ့ထံသို့မျှ ရောက်မလာတော့။
၁၅ ငါသည်လည်း အသက် တစ်ဆယ်ငါးနှစ်အရွယ်တွင်၊ သမ္မာသတိစိတ်အတော်အသင့်ရှိသော သူတစ်ဦးဖြစ်သဖြင့်၊ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏ အကြည့်အရှု ကြွရောက်တော်မူသည်ကို ခံရ၍၊ ယေရှု၏ကောင်းမြတ်ခြင်းကို တွေ့ကြုံသိမြင်၏။
၁၆ ငါသည် ဤလူမျိုးတို့ကို ဟောပြောခြင်းငှာလည်း၊ ကြိုးစားအားထုတ်၏။ သို့ရာတွင်၊ ငါ၏နှုတ်ကို ပိတ်ထားခံရ၍၊ သူတို့ကို ဟောပြောခြင်းမှ တားမြစ်ခံရ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် မိမိတို့၏ဘုရားသခင်ကို တမင်ဆန့်ကျင်၍ ပုန်ကန်ကြ၏။ သူတို့၏ဒုစရိုက်ကြောင့်၊ ချစ်လှစွာသော တပည့်တော်တို့ကိုလည်း ထိုပြည်မှ ခေါ်ဆောင်သွားကြ၏။
၁၇ သို့ရာတွင်၊ ငါသည် သူတို့၌ ဆက်၍ရှိနေသော်လည်း၊ သူတို့စိတ်နှလုံး၏ မာကျောခြင်းကြောင့်၊ သူတို့အား မဟောပြောရန် တားမြစ်ခံရ၏။ သူတို့စိတ်နှလုံး၏ မာကျောခြင်းကြောင့်လည်း၊ ထိုပြည်သည် သူတို့အတွက် အကျိန်ခံရ၏။
၁၈ လာမန်အမျိုးသားတို့၌ ရှိသူ ဤဂါဒျန်တန်ဓားပြတို့သည်လည်း ထိုပြည်၌ ထကြွသဖြင့်၊ ထိုပြည်၌နေထိုင်သူတို့သည် မိမိတို့၏ဘဏ္ဍာများကို မြေကြီးထဲ၌ ဝှက်ထားစပြုကြ၏။ ထိုအရာတို့သည်လည်း ချော်တတ်လာ၍၊ မြေကို ကိုယ်တော်ရှင်ကျိန်တော်မူသောကြောင့်၊ သူတို့သည် ထိုအရာတို့ကို မကိုင်နိုင်ကြ။ တစ်ဖန်ပြန်၍လည်း ထိန်းသိမ်းမထားနိုင်ကြ။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နတ်ဝိဇ္ဇာအတတ်များ၊ ထို့အတူ စုန်းလုပ်သောအတတ်များ၊ ထို့အတူ မှော်အတတ်များရှိ၏။ မာရ်နတ်၏တန်ခိုးသည်လည်း ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ် ၌ အရှိန်ဩဇာသက်ရောက်၍၊ အကယ်စင်စစ်၊ အဘိနဒိ၊ ထို့အတူ ရှမွေလတို့၏စကားများကို ပြီးပြည့်စုံစေသည့်တိုင်အောင်ပင်တည်း။