အခန်းကြီး ၈
လာမန်အမျိုးသားတို့သည် နီဖိုင်းအမျိုးသားတို့ကို လိုက်၍ရှာပြီးလျှင် ဖျက်ဆီးကြ၏—မော်မုန်ကျမ်းသည် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ပေါ်ထွက်လာလိမ့်မည်—ကိုယ်တော်ရှင်၏အမှုတော်တို့ကို ဆန့်ကျင်၍၊ ပြင်းစွာအမျက်ထွက်၍၊ ရန်တွေ့ကြသောသူများအပေါ်သို့ အမင်္ဂလာကို သက်ရောက်စေ၏—ဆိုးညစ်ခြင်း၊ အကျင့်ပျက်ခြင်းနှင့် ဖောက်ပြန်သင်းကွဲခြင်းတို့ရှိရာကာလ၌ နီဖိုင်းလူမျိုး၏မှတ်တမ်း ပေါ်ထွက်လိမ့်မည်။ အေဒီ ၄၀၀–၄၂၁ ခန့်။
၁ ရှုလော့၊ ငါမော်ရော်နိုင်းသည် ငါ၏အဘမော်မုန်၏မှတ်တမ်းကို လက်စသတ်၏။ ရှုလော့၊ ငါ့မှာ ရေးစရာ အနည်းငယ်သာရှိ၏၊ ထိုအရာတို့သည်ကား ငါ၏အဘအားဖြင့် ငါမိန့်မှာခံထားရသောအရာများ ဖြစ်၏။
၂ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ကူမော်ရ၌ ကြီးစွာသော အံ့ဩတုန်လှုပ်ဖွယ်တိုက်ပွဲ၏နောက်တွင်၊ ရှုလော့၊ တောင်ဘက်လားရာတိုင်းပြည်သို့ ထွက်ပြေးကြသည့် နီဖိုင်းအမျိုးသားတို့သည် အားလုံး ပျက်စီးသည့်တိုင်အောင် လာမန်အမျိုးသားတို့၏ လိုက်ရှာခြင်းကို ခံရ၏။
၃ ငါ၏အဘသည်လည်း ထိုသူတို့အားဖြင့် အသတ်ခံရ၍၊ ငါတစ်ယောက်တည်းသာလျှင်၊ ငါ့လူမျိုးတို့ပျက်စီးခြင်းအကြောင်း ဝမ်းနည်းဖွယ်အဖြစ်အပျက်များကို ရေးရန် အသက်ရှင်လျက် ကျန်ရစ်၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့ သေကြလေပြီ။ ငါသည်လည်း ငါ့အဘ၏မိန့်မှာချက်ကို ပြီးပြည့်စုံစေ၏။ ငါ့ကို သူတို့ကွပ်မျက်မည်၊ မကွက်မျက်မည်ကို သိခြင်းမရှိ။
၄ ထို့ကြောင့် ငါသည် မှတ်တမ်းများကို ရေး၍ မြေကြီးထဲ၌ ဝှက်ထားမည်။ အဘယ်အရပ်သို့ ငါသွားသည်ဖြစ်စေ အရေးမကြီး။
၅ ရှုလော့၊ ငါ၏အဘသည် ဤမှတ်တမ်းကို ပြုခြင်းငှာဟူသော ရည်ရွယ်ချက်ဖြင့် ရေးလေ၏။ ရှုဦးလော့၊ ငါသည် ထိုပုရပိုက်ပြားများအပေါ်၌ ရေးစရာနေရာရှိလျှင်၊ ထိုရည်ရွယ်ချက်ဖြင့် ရေးလိုသော်လည်း နေရာမရှိ။ ငါ့တွင် သတ္တုရိုင်းလည်း တစ်ခုမျှမရှိ။ အကြောင်းမူကား၊ ငါသည် တစ်ဦးတည်း ဖြစ်၏။ ငါ၏အဘနှင့် ငါ၏ဆွေမျိုးသားချင်းခပ်သိမ်းတို့ တိုက်ပွဲ၌ ကွပ်မျက်ခံရ၍၊ ငါ့၌ အဆွေခင်ပွန်းလည်းမရှိ၊ သွားစရာနေရာလည်းမရှိ။ ငါအသက်ရှင်နိုင်စေမည့်အကြောင်း၊ ကိုယ်တော်ရှင် အဘယ်မျှကြာအောင် အခွင့်ပေးမည်ကိုလည်း ငါသိခြင်းမရှိ။
၆ ရှုလော့၊ ငါတို့၏ ကိုယ်တော်ရှင်ကယ်တင်ရှင် ကြွလာတော်မူသည်မှ နှစ်ပေါင်းလေးရာ ကုန်လွန်သွား၏။
၇ ရှုဦးလော့၊ လာမန်အမျိုးသားတို့သည် ငါ၏လူမျိုးနီဖိုင်းအမျိုးသားတို့ကို တစ်မြို့မှ တစ်မြို့၊ တစ်နေရာမှ တစ်နေရာသို့ လိုက်၍ရှာ၍၊ တစ်ဦးမျှမကျန်တော့သည့်တိုင်အောင်ပင် သတ်ကြ၏။ သူတို့၏ကျဆုံးခြင်းမှာလည်း ကြီးမား၏။ ထိုမှတစ်ပါး၊ကြီးမား၍ အံ့ဩဖွယ်ကောင်းသည်မှာ၊ ငါ၏လူမျိုးနီဖိုင်းအမျိုးသားတို့၏ ပျက်စီးခြင်းပေတည်း။
၈ ရှုဦးလော့၊ ထိုအမှုကို ပြုသည်မှာ ကိုယ်တော်ရှင်၏လက်တော်ပေတည်း။ တစ်ဖန်ရှုဦးလော့၊ လာမန်အမျိုးသားတို့သည် အချင်းချင်း စစ်တိုက်ကြ၏။ ဤပြည်၏မျက်နှာပြင်တစ်ခုလုံးသည်လည်း လူ့အသက်သတ်ခြင်းနှင့် အသွေးသွန်းလောင်းခြင်းတို့၏ အဆက်မပြတ်သော မြင်ကွင်းဖြစ်၏။ စစ်တိုက်ခြင်း၏ပြီးဆုံးခြင်းကို အဘယ်သူမျှမသိ။
၉ ယခုမူကား၊ ရှုလော့၊ ငါသည် သူတို့အကြောင်းကို မပြောတော့။ အကြောင်းမူကား၊ ထိုပြည်၏မျက်နှာပြင်ပေါ်၌ အသက်ရှင်သူ လာမန်အမျိုးသားများနှင့် ဓားပြတို့မှတစ်ပါး၊ တစ်ဦးမျှမရှိတော့။
၁၀ လူတို့၏ဆိုးညစ်ခြင်းအလွန်ကြီးမား၍၊ လူတို့နှင့် အတူဆက်၍နေရစ်စေရန် ကိုယ်တော်ရှင် အခွင့်မပေးမည့်သူတည်းဟူသော ထိုပြည်၌ နေရစ်သည့် ယေရှု၏တပည့်တော်တို့မှတစ်ပါး၊ မှန်သောဘုရားသခင်ကိုသိသောသူ တစ်ဦးမျှမရှိ။ ထိုပြည်၏မျက်နှာပြင်ပေါ်၌ သူတို့ရှိမရှိကိုလည်း အဘယ်သူမျှမသိ။
၁၁ သို့ရာတွင်၊ ရှုလော့၊ ငါ၏အဘနှင့် ငါသည် ထိုသူတို့ကို မြင်ရ၏၊ သူတို့သည်လည်း ငါတို့ကို အမှုတော်ဆောင်ကြ၏။
၁၂ ဤမှတ်တမ်းကို လက်ခံရရှိ၍၊ ၎င်းတွင်ရှိသည့် မစုံလင်ခြင်းတို့ကြောင့် အပြစ်မတင်မည့်သူမှန်သမျှသည် ဤအရာတို့ထက် သာ၍ကြီးစွာသောအရာတို့အကြောင်းကို သိလိမ့်မည်။ ရှုလော့၊ ငါသည် မော်ရော်နိုင်းဖြစ်၏။ ဖြစ်နိုင်လျှင်၊ ငါသည် ခပ်သိမ်းသောအရာတို့ကို သင်တို့အား ဖော်ပြလို၏။
၁၃ ရှုလော့၊ ငါသည် ဤလူမျိုးတို့အကြောင်း ပြောဆိုခြင်းကို လက်စသတ်၏။ ငါသည် မော်မုန်၏သားဖြစ်၏၊ ငါ၏အဘသည်လည်း နီဖိုင်း၏အမျိုးအနွယ်တစ်ဦးဖြစ်၏။
၁၄ ထို့အတူ၊ ငါသည်၊ ကိုယ်တော်ရှင်အဖို့ ဤမှတ်တမ်းကို ဝှက်ထားသူလည်း ဖြစ်၏။ ကိုယ်တော်ရှင်၏ပညတ်တော်ကြောင့်၊ ထိုမှတ်တမ်းရှိပုရပိုက်ပြားများသည် ငွေကြေးတန်ဖိုးမရှိ။ အကြောင်းမူကား၊ အကျိုးအမြတ်ရရန် ထိုမှတ်တမ်းများကို အဘယ်သူမျှ ပိုင်ဆိုင်ရလိမ့်မည်မဟုတ်ကြောင်းကို သူအမှန်ပင်မိန့်တော်မူ၏။ သို့ရာတွင်၊ ထိုမှတ်တမ်းများသည် ကြီးစွာအဖိုးထိုက်၏။ ထိုမှတ်တမ်းကို အလင်းသို့ဆောင်သောသူမှန်သမျှကို ကိုယ်တော်ရှင်ကောင်းချီးပေးတော်မူလိမ့်မည်။
၁၅ ဘုရားသခင်ထံမှ ပေးထားတော်မူခြင်းမရှိလျှင်၊ ထိုအရာကို အလင်းသို့ဆောင်ရန် တန်ခိုး အဘယ့်သူ့မှာမျှ မရှိနိုင်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိဘုန်းတော်ထင်ရှားဖို့ကိုသာ၊ သို့မဟုတ် ရှေးကာလကြာမြင့်စွာကတည်းက ကွဲပြားကြသည့် ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးတို့၏ ကောင်းကျိုးအတွက်သာ မျက်စိစူးစိုက်မှုဖြင့် ပြီးမြောက် စေလိုတော်မူ၏။
၁၆ ဤအရာကို အလင်းသို့ ဆောင်မည့်သူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ထိုအရာကို မှောင်မိုက်ထဲမှနေ၍၊ အလင်းသို့ ထုတ်ဆောင်လိမ့်မည်။ ထိုမှတစ်ပါး၊ ၎င်းကို မြေကြီးထဲမှ ထုတ်ဆောင်မည်ဖြစ်၍၊ မှောင်မိုက်ခြင်း၏အပြင်သို့တောက်ပ၍၊ လူတို့၏သိခြင်းသို့ ရောက်လိမ့်မည်။ ထိုအမှုကို ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ပြုလိမ့်မည်။
၁၇ အမှားများရှိလျှင်လည်း၊ ထိုအမှားတို့သည် လူသား၏အမှားများ ဖြစ်၏။ သို့ရာတွင်၊ ရှုလော့၊ ငါတို့သည် အမှားကို မသိကြ။ သို့သော်လည်း၊ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ထို့ကြောင့်၊ ပြစ်တင်ရှုတ်ချသောသူကို ငရဲမီး၏အန္တရာယ်သို့ မရောက်စေခြင်းငှာ၊ သတိရှိစေလော့။
၁၈ ငါ့ကို ပြလော့၊ သို့မဟုတ်လျှင် သင်သည် ပြင်းစွာအရိုက်ခံရလိမ့်မည်—ဟု ဆိုသောသူအား ကိုယ်တော်ရှင်တားမြစ်ထားတော်မူသောအရာကို ကျပ်တည်းစွာမမှာကြားစေခြင်းငှာ သတိပြုစေလော့။
၁၉ အကြောင်းမူကား၊ ရှုလော့၊ သတိနှင့်မဆင်ခြင်ဘဲတရားစီရင်သောသူသည် တစ်ဖန် သတိနှင့်မဆင်ခြင်ဘဲတရားစီရင် ခံရလိမ့်မည်။ အကြောင်းမူကား၊ သူ၏အကျင့်များအတိုင်း၊ သူ၏အဖိုးအခကို ရလိမ့််မည်။ ထို့ကြောင့်၊ ပြင်းစွာရိုက်သောသူသည် ကိုယ်တော်ရှင်အားဖြင့် တစ်ဖန်ပြင်းစွာအရိုက် ခံရလိမ့်မည်။
၂၀ ကျမ်းစာလာသည်ကား—လူသားသည် ပြင်းစွာမရိုက်ရ။ တရားလည်းမစီရင်ရ။ အကြောင်းမူကား၊ တရားစီရင်ခြင်းမှာ ငါ၏အမှုဖြစ်၍၊ လက်တုံ့ပြန်ခြင်းသည်လည်း ငါ၏အမှုဖြစ်သဖြင့် ငါဆပ်ပေးမည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၁ ကိုယ်တော်ရှင်၏အမှုတော်ကို ဆန့်ကျင်၍၊ ထို့အတူ ဣသရေလအမျိုးသားများဖြစ်သူ ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးတို့ကို ဆန့်ကျင်၍ ပြင်းစွာအမျက်ထွက်ပြီး ရန်တွေ့သောသူ ဆိုလိမ့်မည်ကား၊ ငါတို့သည် ကိုယ်တော်ရှင်၏ အမှုများကို ဖျက်ဆီးကြမည်။ ကိုယ်တော်ရှင်သည်လည်း ဣသရေလအမျိုးသားတို့ထံ ပြုထားသည့် သူ၏ပဋိညာဉ်ကို အောက်မေ့တော်မူလိမ့်မည်မဟုတ်—ထိုသူသည် ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရသည့် အန္တရာယ်သို့ ရောက်၏။
၂၂ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏ ထာဝရအကြံအစည်တော်သည် သူ၏ခပ်သိမ်းသော ကတိတော်တို့ကို ပြီးပြည့်စုံစေသည့်တိုင်အောင် ဆက်၍ဖြစ်ပွားတော်မူလိမ့်မည်။
၂၃ ဟေရှာယ၏ ပရောဖက်ပြုဟောချက်များကို စေ့စေ့ဖတ်ရှုကြလော့။ ရှုလော့၊ ထိုအရာတို့ကို ငါမရေးနိုင်။ ထိုမှတစ်ပါး၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ့ရှေ့မှ သွားနှင့်လေသည့်သူတည်းဟူသော၊ ဤပြည်ကို ပိုင်ဆိုင်သူများ တောင်းလျှောက်ကြလိမ့်မည်။ အမှန်စင်စစ်၊ သူတို့သည် မြေမှုန့်ထဲမှပင် ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်ကြလိမ့်မည်။ ကိုယ်တော်ရှင်သည်လည်း အသက်ရှင်တော်မူသည့်အတိုင်း၊ သူတို့နှင့် ပြုတော်မူသည့် ပဋိညာဉ်ကို အောက်မေ့တော်မူလိမ့်မည်။
၂၄ ထို့အတူ၊ သူတို့၏ဆုတောင်းခြင်းများမှာ သူတို့ညီအစ်ကိုတို့အတွက် ဖြစ်ကြောင်းကိုလည်း သိတော်မူ၏။ သူ၏နာမတော်အားဖြင့် တောင်များကို သူတို့ရွှေ့နိုင်ကြသောကြောင့် သူတို့၏ယုံကြည်ခြင်းကိုလည်း သိတော်မူ၏။ သူ၏နာမတော်အားဖြင့် သူတို့သည် မြေကြီးကို တုန်လှုပ်စေနိုင်ကြ၏။ သူ့ နှုတ်ကပတ်တော်၏ တန်ခိုးအားဖြင့်၊ သူတို့သည် ထောင်များကို မြေကြီးသို့ ပြိုကျစေ၏။ အမှန်စင်စစ်၊ မီးပြင်းဖိုတို့သည်ပင် သူတို့ကို မထိခိုက်စေနိုင်။ တောသားရဲတို့သည်လည်းကောင်း၊ အဆိပ်ရှိသောမြွေတို့သည်လည်းကောင်း သူ့ နှုတ်ကပတ်တော်၏တန်ခိုးတော်ကြောင့်၊ သူတို့ကို မထိခိုက်နိုင်ကြ။
၂၅ ရှုဦးလော့၊ သူတို့၏ဆုတောင်းခြင်းများမှာ၊ ဤအရာတို့ကို ဖော်ပြစေခြင်းငှာ ကိုယ်တော်ရှင်အခွင့်ပေးတော်မူမည့်သူအတွက်လည်း ဖြစ်၏။
၂၆ ထို့အရာများ ဖြစ်လာမည်မဟုတ်ဟု အဘယ်သူမျှ ပြောစရာမလို။ အကြောင်းမူကား၊ ထိုအရာများ ဧကန်အမှန်ဖြစ်လာပေမည်။ ထိုအရာကို ကိုယ်တော်ရှင်မိန့်တော်မူလေပြီ။ ကိုယ်တော်ရှင်၏လက်တော်အားဖြင့်၊ ထိုအရာတို့သည် မြေကြီးထဲမှ ထွက်လာကြလိမ့်မည်။ ထိုအမှုကို အဘယ်သူမျှ မဟန့်တားနိုင်။ အလွန်တရာအံ့ဩဖွယ်အမှုများ ရပ်စဲသွားကြပြီဟု ဆိုလိမ့်မည်ဖြစ်သောကာလ၌ ထိုအမှုဖြစ်လာလိမ့်မည်။ တစ်စုံတစ်ယောက်သောသူက သေရာမှ ပြောသကဲ့သို့ပင် ထိုအမှုဖြစ်လာလိမ့်မည်။
၂၇ လျှို့ဝှက်ဂိုဏ်းများနှင့် မှောင်မိုက်ခြင်းအမှုများကြောင့် သန့်ရှင်းသူတို့၏အသွေး ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်မည့်ကာလ၌ ထိုအမှုဖြစ်လာလိမ့်မည်။
၂၈ ထိုမှတစ်ပါး၊ ဘုရားသခင်၏တန်ခိုးတော်ကို ငြင်းဆိုမည့်၊ ထို့အတူ အသင်းတော်တို့သည် ဖောက်ပြန်လာ၍၊ မိမိမာနစိတ်နှလုံးဖြင့် ဘဝင်မြင့်သည့် ကာလ၊ ထိုမှတစ်ပါး၊ အမှန်စင်စစ်၊ အသင်းတော်တို့၏ အကြီးအကဲများနှင့် ဆရာများသည် မိမိတို့အသင်းတော်များနှင့် မဆိုင်သောသူများကို ဂုဏ်ပြိုင်ခြင်းသို့တိုင်အောင်ပင် မိမိမာနစိတ်နှလုံးဖြင့် မြင့်တက်လာမည့်ကာလ၌ ထိုအမှု ဖြစ်လာလိမ့်မည်။
၂၉ ထို့အပြင်၊ တပါးတိုင်းပြည်တို့၌ မီးလျှံများ၊ ထို့အတူ မိုးသက်မုန်တိုင်းများ၊ ထို့အတူ မီးခိုးထုတို့အကြောင်းကို ကြားရမည့်ကာလ၌ ထိုအမှု ဖြစ်လာလိမ့်မည်။
၃၀ စစ်တိုက်ခြင်းများ၊ စစ်တိုက်ခြင်းအကြောင်းသတင်းစကားများနှင့် အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်းအကြောင်းတို့ကိုလည်း ကြားရလိမ့်မည်။
၃၁ ထိုမှတစ်ပါး၊ မြေကြီးမျက်နှာပြင်ပေါ်၌ ကြီးစွာသော ညစ်ညူးခြင်းများ ရှိမည့်အချိန်တွင်၊ လူ့အသက်သတ်ခြင်းများ၊ ထို့အတူ လုယူခြင်းများ၊ ထို့အတူ မုသားပြောခြင်းများ၊ ထို့အတူ၊ လှည့်စားခြင်းများ၊ ထို့အတူ မတရားသောမေထုန်အမှုများ၊ ထို့အတူ အမျိုးမျိုးသော စက်ဆုပ်ရွံရှာဖွယ်အမှုများ ရှိလိမ့်မည်။ ဤသို့ပြုလော့၊ သို့မဟုတ် ထိုသို့ပြုလော့၊ အဘယ်သို့ပြုသည်ဖြစ်စေ အရေးမကြီး။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ထိုကဲ့သို့သောသူတို့ကို နောက်ဆုံးသောနေ့၌ ထောက်ခံတော်မူလိမ့်မည်ဟု ဆိုမည့်သူ များစွာတို့ ရှိမည့်အချိန်တွင်၊ ထိုအမှု ဖြစ်လာလိမ့်မည်။ သို့ရာတွင်၊ ထိုကဲ့သို့သောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ခါးစွာသောသည်းခြေ၌လည်းကောင်း၊ ဒုစရိုက်အနှောင်အဖွဲ့တို့၌လည်းကောင်း ရှိကြ၏။
၃၂ ထိုမှတစ်ပါး၊ ငါ့ထံသို့ လာကြလော့၊ သင်တို့ငွေပေးလျှင်၊ သင်တို့၏ အပြစ်များအတွက် ခွင့်လွှတ်ခံရလိမ့်မည်ဟု ဆိုမည့်အသင်းတော်များကို တည်ထောင်သည့်ကာလ၌ ထိုအမှု ဖြစ်လိမ့်မည်။
၃၃ အို အသင် ဆိုးညစ်၍၊ ဖောက်ပြန်၍၊ လည်ပင်းခိုင်မာသောလူမျိုးတို့၊ သင်တို့သည် သင်တို့ကိုယ်တိုင်အဖို့ အကျိုးအမြတ်ရခြင်းငှာ၊ အဘယ့်ကြောင့် အသင်းတော်တို့ကို တည်ထောင်ကြလေသနည်း။ သင်တို့သည် သင်တို့စိတ်ဝိညာဉ်အပေါ်သို့ အပြစ်ဒဏ်ရောက်ခြင်းကို ဖြစ်ပေါ်နိုင်စေကြောင်း ဘုရားသခင်၏ သန့်ရှင်းသောနှုတ်ကပတ်တော်ကို အဘယ်ကြောင့် ပြောင်းလဲကြလေသနည်း။ ရှုလော့၊ သင်တို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မှီခိုအားကိုးလော့။ အကြောင်းမူကား၊ ရှုလော့၊ ဤအရာခပ်သိမ်းတို့ကို ပြီးပြည့်စုံစေရမည့် နေ့ရက်၌ ထိုကာလ ရောက်လာလိမ့်မည်။
၃၄ ရှုလော့၊ သင်တို့၌ ဤအရာများ ဖြစ်လာမည့် ထိုကာလ၌မကြာမြင့်မီ ကျရောက်လာမည့်အရာတို့နှင့်စပ်လျဉ်းသော ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာတို့ကို ငါ့အား ကိုယ်တော်ရှင် ပြတော်မူလေ၏။
၃၅ ရှုလော့၊ ငါသည် သင်တို့ဤအရပ်၌ ရှိလေသကဲ့သို့ ပြောဆိုသော်လည်း သင်တို့မရှိကြ။ သို့ရာတွင်၊ ရှုလော့၊ ငါ့ကို ယေရှုခရစ်တော်ပြလေတော်မူ၍၊ ငါသည် သင်တို့အကျင့်များကို သိ၏။
၃၆ ငါသည် သင်တို့၏မာနစိတ်နှလုံးသို့ သင်တို့လိုက်ကြသည်ကို သိ၏။ ထို့အတူ၊ အလွန်တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်ခြင်းသို့တိုင်အောင်၊ ဂုဏ်ပြိုင်ခြင်း၊ ထို့အတူ ရန်တွေ့ခြင်း၊ ထို့အတူ ရန်ငြိုးထားခြင်း၊ ထို့အတူ ညှဉ်းဆဲခြင်း၊ ထို့အတူ အမျိုးမျိုးသောဒုစရိုက်များသို့ ရောက်သည့်တိုင်အောင် မိမိမာနစိတ်နှလုံးဖြင့် သူတို့ကိုယ်သူတို့ ဘဝင်မမြင့်သူ အနည်းငယ်မှတစ်ပါး အဘယ်သူမျှမရှိ။ သင်တို့၏အသင်းတော်များသည်၊ အမှန်စင်စစ် အသင်းတော်တိုင်းသည် သင်တို့၏မာနစိတ်နှလုံးကြောင့်၊ ညစ်ညူးလာကြလေပြီတကား။
၃၇ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် ဆင်းရဲသားများနှင့် ချို့တဲ့သောသူများ၊ ဖျားနာသူများနှင့် ဒုက္ခရောက်သူများကို ချစ်သည်ထက် ငွေ၊ ထို့အတူ သင်တို့၏ ဥစ္စာ၊ ထို့အတူ သင်တို့၏ တင့်တယ်သော အဝတ်များ၊ ထို့အတူ သင်တို့အသင်းတော်၏တန်ဆာဆင်ခြင်းတို့ကို သာ၍ ချစ်ကြ၏။
၃၈ လှိုက်စားမည့်အရာအတွက် သင်တို့ကိုယ်သင်တို့ ရောင်းကြသူ အို အသင် ညစ်ညူးသောသူတို့၊ အသင် သူတော်ကောင်းယောင်ဆောင်သောသူတို့၊ အသင် ဆရာတို့၊ သင်တို့သည် ဘုရားသခင်၏သန့်ရှင်းသောအသင်းတော်ကို အဘယ်ကြောင့် ညစ်ညူးစေကြသနည်း။ သင်တို့အပေါ်၌ ခရစ်တော်၏နာမတော်ကို ခံယူရန် အဘယ့်ကြောင့် ရှက်ကြသနည်း။ အဘယ်တော့မျှ မသေသည့် ဝမ်းနည်းပူဆွေးခြင်းထက်၊ အဆုံးမရှိသည့်ပျော်ရွှင်ခြင်း၏တန်ဖိုးက သာ၍ကြီးမြတ်သည်ဟု အဘယ့်ကြောင့် မထင်မှတ်ကြသနည်း—လောက၏ချီးမွမ်းခြင်းကြောင့်လော။
၃၉ သင်တို့ကိုယ်သင်တို့ အသက်မရှိသောအရာဖြင့် တန်ဆာဆင်ကြသော်လည်း၊ မွတ်သိပ်သောသူများ၊ ထို့အတူ ချို့တဲ့သောသူများ၊ ထို့အတူ အဝတ်မရှိသောသူများ၊ ထို့အတူ ဖျားနာသောသူများနှင့် ဒုက္ခရောက်သောသူများတို့အား အဘယ့်ကြောင့် သင်တို့အနီးမှ ဖြတ်သွားရန် အခွင့်ပေး၍၊ ဂရုပြုခြင်း မရှိကြသနည်း။
၄၀ ထိုမှတစ်ပါး၊ သင်တို့သည် အကျိုးအမြတ်ရရန် သင်တို့၏လျှို့ဝှက်သော စက်ဆုပ်ရွံရှာဖွယ်အမှုများကို အဘယ်ကြောင့်၊ တည်ထောင်၍၊ မုဆိုးမတို့ကို ကိုယ်တော်ရှင်ရှေ့၌ ငိုကြွေးမြည်တမ်းစေကြ၊ ထို့အတူ၊ မိဘမဲ့သူငယ်တို့ကို၊ ကိုယ်တော်ရှင်ရှေ့၌ ငိုကြွေးမြည်တမ်းစေကြ၊ ထို့အတူ လက်တုံ့ပြန်ခြင်းကို သင်တို့၏ဦးခေါင်းပေါ်ကျရောက်စေရန် သူတို့၏အဘများနှင့် သူတို့ခင်ပွန်းတို့၏အသွေးကို မြေကြီးမှနေ၍ ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်စေကြသနည်း။
၄၁ ရှုလော့၊ လက်တုံ့ပြန်ခြင်းဓားသည် သင်တို့အပေါ်၌ မိုးလျက်ရှိ၏။ သန့်ရှင်းသူတို့၏အသွေးအတွက် သင်တို့အပေါ်သို့ သူလက်တုံ့ပြန်မည့်အချိန်သည် မကြာမြင့်မီ ကျရောက်လာပေမည်။ အကြောင်းမူကား၊ သူသည် သူတို့၏တောင်းလျှောက်ခြင်းများကို နောက်ထပ်၍ အခွင့်ပေးမည်မဟုတ်တော့။