အခန်းကြီး ၄
စစ်တိုက်ခြင်းနှင့် သိမ်းရုံးသတ်ဖြတ်ခြင်းတို့ ဆက်၍ဖြစ်၏—ဆိုးညစ်သောသူတို့သည် ဆိုးညစ်သောသူများကို အပြစ်ဒဏ်ပေးကြ၏—ဣသရေလအမျိုးတို့၏သမိုင်းတစ်လျှောက်၌ ရှိဖူးသည်ထက် သာ၍ကြီးသော ဆိုးညစ်ခြင်း ပျံ့နှံ့၏—မိန်းမများနှင့် ကလေးများကို ရုပ်တုဆင်းတုများသို့ ယဇ်အဖြစ်ပူဇော်ကြ၏—လာမန်အမျိုးသားတို့သည် နီဖိုင်းအမျိုးသားတို့ကို သူတို့ရှေ့မှ သုတ်သင်ပယ်ရှင်းစပြုကြ၏။ အေဒီ ၃၆၃–၃၇၅ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ သုံးရာခြောက်ဆယ်သုံးနှစ်မြောက်၌၊ နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့ကို ဆန့်ကျင်၍စစ်တိုက်ခြင်းငှာ မိမိတို့တပ်များနှင့်အတူ၊ လူဆိတ်ညံရာပြည်မှ ထွက်သွားကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့၏တပ်များသည် လူဆိတ်ညံရာပြည်သို့ တစ်ဖန်ပြန်၍ မောင်းထုတ်ခံရကြ၏။ သူတို့မောပန်းလျက်ရှိနေစဉ်မှာပင်၊ လာမန်အမျိုးသားတို့၏ အားပြည့်သောတပ်တစ်တပ်က သူတို့ကို လာ၍ တိုက်ခိုက်၏။ သူတို့၌ ပြင်းထန်သောတိုက်ပွဲဖြစ်၍၊ လာမန်အမျိုးသားတို့သည် လူဆိတ်ညံရာမြို့ကို သိမ်းယူ၍၊ နီဖိုင်းအမျိုးသားများစွာတို့ကို ကွပ်မျက်၍၊ စစ်အကျဉ်းသားများစွာတို့ကိုလည်း ခေါ်ဆောင်သွား၏။
၃ ကျန်ကြွင်းသောသူတို့သည်လည်း ထွက်ပြေး၍၊ တေအန်ကမ်မြို့ ၌ နေထိုင်သူတို့နှင့် ပူးပေါင်းကြ၏။ ယခုတွင် တေအန်ကမ်မြို့သည် ပင်လယ်ကမ်းနားအနီး နယ်နိမိတ်၌ ရှိ၏။ ထိုမြို့သည် လူဆိတ်ညံရာမြို့အနီး၌လည်း ရှိ၏။
၄ နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့ထံသို့ တက်သွားသောကြောင့် တိုက်ခိုက်ခံရစပြု၏။ ထိုသို့မဟုတ်လျှင်၊ လာမန်အမျိုးသားတို့သည် သူတို့ထက် အင်အားကြီးနိုင်ခဲ့မည်မဟုတ်။
၅ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင်၏တရားစီရင်တော်မူခြင်းတို့သည် ဆိုးညစ်သောသူတို့အပေါ် ကျရောက်တော်မူလိမ့်မည်။ ဆိုးညစ်သောသူတို့သည်လည်း ဆိုးညစ်သောသူတို့အားဖြင့် အပြစ်ဒဏ်ပေးခံရကြ၏။ အကြောင်းမူကား၊ လူသားတို့၏စိတ်နှလုံးကို အသွေးသွန်းလောင်းခြင်းသို့တိုင်အောင် နှိုးဆော်သောသူများမှာ ဆိုးညစ်သောသူများပေတည်း။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် တေအန်ကမ်မြို့ကို လာ၍ တိုက်ခိုက်ရန် ပြင်ဆင်ခြင်းများကို ပြုလုပ်ကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သုံးရာခြောက်ဆယ်လေးနှစ်မြောက်၌၊ လာမန်အမျိုးသားတို့သည် တေအန်ကမ်မြို့ကိုလည်း သိမ်းယူနိုင်ကြခြင်းငှာ၊ တေအန်ကမ်မြို့ကို လာ၍ တိုက်ခိုက်ကြ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နီဖိုင်းအမျိုးသားတို့အားဖြင့် ခုခံတိုက်ခိုက်၍၊ ပြန်၍နှင်ထုတ်ခံရကြ၏။ နီဖိုင်းအမျိုးသားတို့သည်လည်း လာမန်အမျိုးသားတို့ကို သူတို့မောင်းထုတ်ကြောင်း မြင်လျှင်၊ ကိုယ့်ခွန်အား၌ တစ်ဖန်ဝါကြွားကြ၏။ ထို့အတူ၊ သူတို့သည် ကိုယ့်အစွမ်းသတ္တိဖြင့် ထွက်သွား၍ လူဆိတ်ညံရာမြို့ကို တစ်ဖန်သိမ်းယူကြပြန်၏။
၉ ယခုမူကား၊ ဤအရာခပ်သိမ်းတို့ကို ပြုကြလေ၏၊ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့နှစ်ဖက်စလုံး၌ ထောင်ပေါင်းများစွာသောသူတို့ ကွပ်မျက်ခံရကြ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သုံးရာခြောက်ဆယ်ခြောက်နှစ် ကုန်လွန်သွား၏၊ လာမန်အမျိုးသားတို့သည် နီဖိုင်းအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ တစ်ဖန်လာကြ၏။ နီဖိုင်းအမျိုးသားတို့သည်လည်း သူတို့ပြုသည့် မကောင်းမှုတို့မှ နောင်တရခြင်းမရှိကြသေး၊ သူတို့၏ဆိုးညစ်ခြင်းတို့၌ အစဉ်မပြတ် ဆက်၍ပြုမြဲသာရှိကြ၏။
၁၁ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့နှစ်ဘက်စလုံး၌ ဖြစ်သည့် အသွေးသွန်းလောင်းခြင်းနှင့် သိမ်းရုံးသတ်ဖြတ်ခြင်းတို့၏ ကြောက်ရွံ့စရာကောင်းသောမြင်ကွင်း အကြောင်း စုံလင်သောဖော်ပြချက်ကို နှုတ်ဖြင့်ပြောပြဖို့ သို့မဟုတ် လူ့အနေဖြင့်ရေးဖို့မှာ မဖြစ်နိုင်။ စိတ်နှလုံးမှန်သမျှလည်း မာကျောသဖြင့်၊ သူတို့သည် အသွေးသွန်းလောင်းခြင်း၌ အစဉ်မပြတ်မွေ့လျော်ကြ၏။
၁၂ ထို့အတူ၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များအရ၊ ဤလူမျိုးတို့မှာကဲ့သို့၊ ကြီးစွာသောဆိုးညစ်ခြင်းမှာ လေဟိ၏အမျိုးအနွယ်ခပ်သိမ်းတို့၌ မရှိစဖူး။ ဣသရေလအမျိုးသားခပ်သိမ်းတို့၌ပင် မရှိစဖူးပေ။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် လူဆိတ်ညံရာမြို့ကို သိမ်းယူကြ၏။ ဤသို့ဖြစ်ရသည်ကား၊ သူတို့၏အရေအတွက်မှာ နီဖိုင်းအမျိုးသားတို့၏အရေအတွက်ထက် သာလွန်သောကြောင့်ပေတည်း။
၁၄ သူတို့သည် တေအန်ကမ်မြို့သို့လည်း ဆက်၍ချီတက်၏၊ ထိုမြို့ ၌နေထိုင်သူတို့ကို နှင်ထုတ်၍၊ မိန်းမများနှင့် ကလေးများကို စစ်အကျဉ်းသားများအဖြစ် သိမ်းယူ၍၊ သူတို့၏ရုပ်တုဆင်းတုဘုရားများအဖို့ ယဇ်များအဖြစ် ပူဇော်ကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သုံးရာခြောက်ဆယ်ခုနစ်နှစ်မြောက်၌၊ နီဖိုင်းအမျိုးသားတို့သည် မိမိတို့မိန်းမများနှင့် မိမိတို့သားသမီးများကို လာမန်အမျိုးသားတို့က ယဇ်အဖြစ်ပူဇော်ကြသောကြောင့် အမျက်ထွက်၍၊ လာမန်အမျိုးသားတို့ကို အလွန်ကြီးစွာသောအမျက်ဖြင့် တိုက်ခိုက်ရာ လာမန်အမျိုးသားတို့ကို တစ်ဖန်အနိုင်ရ၍၊ မိမိတို့ပြည်များမှ နှင်ထုတ်ကြ၏။
၁၆ လာမန်အမျိုးသားတို့သည်လည်း သုံးရာခုနစ်ဆယ်ငါးနှစ်မတိုင်မီအထိ နီဖိုင်းအမျိုးသားတို့ကို တစ်ဖန်လာ၍ မတိုက်ခိုက်ကြ။
၁၇ ဤနှစ်တွင်၊ သူတို့၏အင်အားရှိသမျှနှင့် ဆင်းလာ၍ နီဖိုင်းအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့၏အရေအတွက်များလှခြင်းကြောင့် သူတို့ကို ရေတွက်မထားပေ။
၁၈ ယခုအချိန်မှစ၍၊ နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့အပေါ်၌ အစိုးရခြင်း မရှိကြ၊ နေအောက်မှ နှင်းကဲ့သို့ပင် သုတ်သင်ပယ်ရှင်းခြင်းကိုသာ ခံရစပြုကြ၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်အမျိုးသားတို့သည် လူဆိတ်ညံရာမြို့ကို ဆင်းလာ၍ တိုက်ခိုက်ကြ၏။ လူဆိတ်ညံရာပြည်၌ အလွန်ပြင်းထန်သော တိုက်ပွဲဖြင့် တိုက်ခိုက်ခြင်းရှိ၏။ ထိုတိုက်ပွဲ၌ နီဖိုင်းအမျိုးသားတို့ကို အနိုင်ရကြ၏။
၂၀ နီဖိုင်းအမျိုးသားတို့သည်လည်း သူတို့ရှေ့မှ တစ်ဖန်ထွက်ပြေး၍ ဗောဇမြို့သို့ ရောက်လာကြ၏။ ထိုအရပ်၌ လာမန်အမျိုးသားတို့ကို အလွန်ရဲရင့်ခြင်းဖြင့် ခုခံကြသဖြင့် လာမန်အမျိုးသားတို့သည် ဒုတိယ အကြိမ် လာ၍မတိုက်ခိုက်မီအထိ သူတို့ကို အနိုင်မရကြ။
၂၁ ဒုတိယအကြိမ်လာသောအခါတွင်မူကား၊ နီဖိုင်းအမျိုးသားတို့သည် နှင်ထုတ်ခံရ၍ အလွန်ကြီးစွာသော သိမ်းရုံးသတ်ဖြတ်ခြင်းဖြင့် သိမ်းရုံးသတ်ဖြတ်ခံရကြ၏။ သူတို့၏မိန်းမများနှင့် သားသမီးများသည်လည်း ရုပ်တုဆင်းတုများအဖို့ ယဇ်အဖြစ်ပူဇော်ခြင်းကို တစ်ဖန်ခံရကြ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့သည် မြို့များနှင့် ရွာများ၌ နေထိုင်သူခပ်သိမ်းကို မိမိတို့နှင့်အတူ၊ ခေါ်သွားလျက် သူတို့ရှေ့မှ တစ်ဖန် ထွက်ပြေးကြ၏။
၂၃ ယခုမူကား၊ ငါမော်မုန်သည် လာမန်အမျိုးသားတို့ ထိုပြည်ကို ဖျက်ဆီးတော့မည်ဖြစ်ကြောင်းကို သတိပြုမိ၍၊ ထို့ကြောင့်၊ ငါသည် ရှိမတောင်ကုန်းသို့သွား၍၊ အမ္မရုန် ကိုယ်တော်ရှင်ထံသို့ ဝှက်ထားသည့် မှတ်တမ်းများကို ယူခဲ့လေသတည်း။