ကျမ်းစာများ
မော်မုန် ၂


အခန်းကြီး ၂

မော်မုန်သည် နီဖိုင်း​အမျိုးသားတို့၏​တပ်များကို ဦးဆောင်၏—အသွေး​သွန်း​လောင်းခြင်းနှင့် သိမ်းရုံး​သတ်ဖြတ်ခြင်းတို့သည် ထိုပြည်ကို ပယ်ရှား၏—နီဖိုင်း​အမျိုးသားတို့သည် အပြစ်​စီရင်​ခံရသော​သူတို့၏ ဝမ်းနည်းခြင်းကြောင့် မြည်​တမ်း၍၊ ငိုကြွေး​မြည်တမ်းကြ၏—သူတို့၏​ကျေးဇူတော်​ကာလ ကုန်လွန်၏—မော်မုန်သည် နီဖိုင်း၏​ပုရပိုက်​ပြားများကို ရရှိ၏—စစ်တိုက်ခြင်းများ ဆက်၍​ဖြစ်၏။ အေဒီ ၃၂၇–၃၅၀ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုတစ်နှစ်တည်းတွင်၊ နီဖိုင်း​အမျိုးသားများနှင့် လာမန်​အမျိုးသားတို့​ကြား၌ စစ်တိုက်ခြင်း​ဖြစ်ရန် အစ​ပြု၏။ ငါသည် အသက်​ငယ်သော်​ငြားလည်း အရပ်​အမောင်း​ကောင်း၏။ ထို့ကြောင့်၊ နီဖိုင်း​လူမျိုးတို့သည် ငါ့ကို သူတို့၏​အကြီး​အကဲ၊ သို့မဟုတ် သူတို့​တပ်များ၏ အကြီး​အကဲ​အဖြစ် ခန့်အပ်​ထားကြ၏။

ထို့ကြောင့်၊ အချိန်​တန်​လာသော​အခါ၊ ငါ့​အသက်​တစ်ဆယ်ခြောက်​နှစ်တွင်၊ ငါသည် နီဖိုင်း​အမျိုးသားတို့၏​တပ်ဦးမှ​နေ၍၊ လာမန်​အမျိုးသားတို့ကို သွား၍ တိုက်ခိုက်၏။ ထို့ကြောင့်၊ နှစ်ပေါင်း သုံးရာ​နှစ်ဆယ်ခြောက်နှစ် ကုန်​လွန်​သွား၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံးရာ​နှစ်ဆယ်​ခုနစ်​နှစ်မြောက်တွင် လာမန်​အမျိုးသားတို့သည် အလွန်​ကြီးစွာသော​အင်အားဖြင့် ငါတို့​ကို​လာ၍​တိုက်​ခိုက်၍၊ ငါ၏​တပ်များကို ကြောက်​လန့်​စေ၏။ ထို့ကြောင့် ငါ့​တပ်များသည် မတိုက်​လိုကြ၊ မြောက်​ပိုင်း​တိုင်းပြည်များ​ဆီသို့ ဆုတ်ခွာ​စပြုကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် အန်ဂေါ်လာမြို့သို့ လာ၍၊ မြို့ကို သိမ်း​ယူပြီးလျှင်၊ လာမန်​အမျိုးသားတို့​တစ်ဖက်၌ မိမိတို့​ကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်ခြင်းများကို ပြု​လုပ်ကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် မိမိတို့​စွမ်းအား​ရှိသမျှဖြင့်၊ မြို့ကို အင်​အား​ခိုင်မာ​စေ၏။ သို့ရာတွင်၊ ငါတို့၏​အလုံး​စုံသော​ခံတပ်များ ရှိသော်ငြားလည်း လာမန်​အမျိုးသားတို့သည် ငါတို့ကို​လာ၍ တိုက်​ခိုက်၍ ထိုမြို့မှ နှင်​ထုတ်ကြ၏။

သူတို့သည် ငါတို့ကို ဒါဝိဒ်​ပြည်မှလည်း နှင်​ထုတ်ကြ၏။

ငါတို့​သည်​လည်း ကမ်း​ခြေ​အနောက်​ဘက်ရှိ နယ်နိမိတ်၌​ရှိသည့် ယောရှု​ပြည်သို့ ချီတက်၍​လာကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် ငါတို့၏​လူများကို အုပ်စု​တစ်ခု​အဖြစ် အတူတကွ စုဝေးနိုင်ကြ​စေခြင်းငှာ လျင်​မြန်နိုင်သမျှလျင်​မြန်စွာ စုဝေးကြ၏။

သို့ရာတွင်၊ ရှုလော့၊ ထိုပြည်သည် ဓားပြများနှင့်​လာမန်​အမျိုးသားတို့ဖြင့် ပြည့်၏။ ငါ၏​လူမျိုးတို့​အပေါ်၌ ရစ်​ဝဲ​နေသည့် ကြီးစွာသော​ပျက်စီးခြင်း ရှိသော်ငြားလည်း သူတို့သည် မိမိတို့၏ ဆိုးသော​အမှုများမှ နောင်တ​မရကြ။ ထို့ကြောင့် နီဖိုင်း​အမျိုးသားတို့​ဘက်နှင့် လာမန်​အမျိုးသားတို့​ဘက်နှစ်​ဖက်စလုံး၌ အသွေး​သွန်း​လောင်းခြင်းနှင့် သိမ်း​ရုံး​သတ်​ဖြတ်ခြင်းသည် ထိုပြည်၏​မျက်နှာ​ပြင်​တစ်လျှောက်လုံး၌ ပျံ့နှံ့၏။ ထို့အတူ ထိုပြည်၏​မျက်နှာ​ပြင်​တစ်လျှောက်လုံး၌ အလုံး​စုံသော​တော်​လှန်​ရေး​ရှိ၏။

ယခုမူကား၊ လာမန်​အမျိုးသားတို့၌ ရှင်ဘုရင်​တစ်ပါး​ရှိ၏၊ ထိုသူ၏​အမည်မှာ အာရုန်​ဖြစ်၏။ သူသည် လေးသောင်း​လေးထောင်​အင်အား​ရှိသော​တပ်ဖြင့် ငါတို့ကို လာ၍​တိုက်ခိုက်၏။ ရှုဦးလော့၊ ငါသည် သူ့ကို လေးသောင်း​နှစ်ထောင်​အင်အားဖြင့် ခုခံ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါသည် ငါ၏​တပ်ဖြင့် သူ့ကို အနိုင်​ရ၍ သူသည် ငါ့ရှေ့မှ ထွက်​ပြေး၏။ ရှုဦးလော့၊ ခပ်သိမ်းသော ဤအမှုတို့​ဖြစ်လေ၍ နှစ်ပေါင်း​သုံးရာ​သုံးဆယ် ကုန်​လွန်​သွား၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့သည် မိမိတို့၏​ဒုစရိုက်မှ နောင်တရ​စပြုကြ၏၊ ပရောဖက်​ရှမွေလ​ပရောဖက်​ပြု၍​ဟော​သကဲ့သို့ပင် ဟစ်ကြွေး​စပြုကြ၏။ ရှုလော့၊ အဘယ်သူမျှ ကိုယ်ပိုင်သည့်​အရာကို ထိန်းသိမ်း​မထားနိုင်ကြ၊ အကြောင်းမူကား၊ သူခိုးများ၊ ထို့အတူ ဓားပြများ၊ ထို့အတူ လူ့​အသက်ကို သတ်သော​သူများ၊ ထို့အတူ မှော်​အတတ်နှင့် ထိုပြည်၌​ရှိသည့် စုန်းလုပ်သော​အတတ်တို့ရှိလေ၏။

၁၁ ထိုကဲ့သို့​အားဖြင့်၊ ဤအရာတို့ကြောင့်၊ ငိုကြွေး​မြည်တမ်းခြင်းနှင့် မြည်​တမ်းခြင်းတို့​ပြည်​တစ်ခုလုံး၌ ရှိ​စပြုလေ၏၊ အထူးသဖြင့် နီဖိုင်း​လူမျိုးတို့၌ သာ၍​များ၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါ​မော်မုန်သည် ကိုယ်တော်ရှင်​ရှေ့၌ သူတို့၏​ငိုကြွေး​မြည်တမ်းခြင်း၊ သူတို့၏​မြည်တမ်းခြင်းနှင့် သူတို့၏​ဝမ်းနည်းခြင်းတို့ကို မြင်ရလျှင်၊ ကိုယ်တော်ရှင်၏​ကရုဏာတော်များနှင့် စိတ်ရှည်​တော်မူခြင်းတို့ကို သိသဖြင့် ငါ့​စိတ်နှလုံးသည် ငါ့​ကိုယ်တွင်း၌ ရွှင်လန်း​ဝမ်းမြောက်​စပြု၏။ ထို့ကြောင့်၊ သူတို့အား ဖြောင့်မတ်သော​လူမျိုးများ တစ်ဖန်​ဖြစ်လာ​စေခြင်းငှာ၊ သူတို့​အပေါ် သူကရုဏာကြီးတော်မူ​လိမ့်မည်ဟု ထင်မှတ်လျက်​ရှိ၏။

၁၃ သို့ရာတွင်၊ ရှုလော့၊ ငါ၏​ဤဝမ်းမြောက်ခြင်းသည် အချည်း​နှီး​ဖြစ်၏။ အကြောင်း​မူကား၊ သူတို့၏​ဝမ်းနည်းခြင်းမှာ ဘုရားသခင်၏​ကောင်းမြတ်ခြင်းကြောင့် နောင်တ​ရခြင်းသို့ ဦးတည်သည်​မဟုတ်၊ သူတို့ကို အပြစ်၌​ပျော်ရွှင်ကြရန် ကိုယ်တော်ရှင် အစဉ်​အမြဲ​အခွင့်​မပေးတော့​သောကြောင့် အပြစ်​စီရင်​ခံရသော​သူတို့၏ ဝမ်းနည်းခြင်း​သာ​ဖြစ်၏။

၁၄ ထို့အတူ သူတို့သည် ယေရှုထံသို့ ကျိုးပဲ့သော​နှလုံးသားနှင့် ကြေကွဲသော​စိတ်ဖြင့် မလာကြ၊ ဘုရားသခင်ကို ကျိန်ဆဲ၍၊ သေလိုခြင်းသာရှိကြ၏။ အဘယ်သို့ပင်​ဖြစ်စေ၊ သူတို့သည် မိမိတို့​အသက်​အတွက် မိမိတို့​ဓားဖြင့် တိုက်ခိုက်​လိုကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါ၏​ဝမ်းနည်းခြင်းသည် ငါ့ထံသို့ တစ်ဖန်​ပြန်လာ၍၊ ဇာတိ​ပကတိနှင့် ဝိညာဉ်​ပကတိ​နှစ်ခုစလုံး၌ သူတို့အဖို့ ကျေးဇူး​တော်​ကာလမှာ ကုန်လွန်​သွား​ပြီ​ဖြစ်ကြောင်းကို ငါ​သိ၏။ အကြောင်း​မူကား၊ ငါသည် သူတို့မှ ထောင်​ပေါင်း​များစွာသော သူတို့ မိမိတို့၏​ဘုရားသခင်ကို ဆန့်ကျင်၍၊ ထင်ရှားစွာ​ပုန်ကန်ခြင်း​ပြုကြရာတွင် ခုတ်လှဲ​ခံရ၍၊ ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌ တိရစ္ဆာန်တို့၏​မစင်ကဲ့သို့ စုပုံလျက်​ရှိကြသည်ကို မြင်၏။ ထိုကဲ့သို့​အားဖြင့်၊ သုံးရာ လေးဆယ်လေးနှစ် ကုန်​လွန်​သွား၏။

၁၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံးရာ​လေးဆယ်​ငါး​နှစ်​မြောက်တွင်၊ နီဖိုင်း​အမျိုးသားတို့သည် လာမန်​အမျိုးသားတို့၏ရှေ့မှ ထွက်​ပြေး​စပြုကြ၏။ ယာရှုန်​ပြည်သို့ ရောက်သည့်​တိုင်အောင်ပင် အလိုက်​ခံရကြ၏။ ထိုအရပ်သို့ မရောက်မီက၊ သူတို့​ဆုတ်​ခွာရာ၌ ဆီး​တား​ခံရနိုင်​ဖွယ်​ရှိ၏။

၁၇ ယခုမူကား၊ ယာရှုန်မြို့သည် မှတ်​တမ်းများ ဖျက်ဆီး​မခံရ​စေခြင်းငှာ၊ ကိုယ်တော်ရှင်​အဖို့ အမ္မရုန် မြှုပ်သော​ပြည်အနီးတွင်​ရှိ၏။ ရှုဦးလော့၊ ငါသည် အမ္မရုန်၏​စကားများ​အတိုင်း သွား၍၊ နီဖိုင်း၏​ပုရပိုက်​ပြားများကို​ယူ၍၊ အမ္မရုန်၏​စကားများ​အတိုင်း မှတ်​တမ်း​တစ်ခုကို ပြုစု၏။

၁၈ ထို့အတူ၊ နီဖိုင်း၏​ပုရပိုက်​ပြားများ​ပေါ်၌၊ ငါသည် အလုံး​စုံသော ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​အကြောင်း ပြည့်စုံသော​မှတ်တမ်းကို ပြု​စု၏။ သို့ရာတွင်၊ ဤပုရပိုက်​ပြားများ​ပေါ်၌ သူတို့၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​အကြောင်း ပြည့်စုံသော​မှတ်တမ်းကို ပြု​လုပ်ခြင်းကို ရှောင်​ကြဉ်၏။ အကြောင်း​မူကား၊ ရှုလော့၊ ငါသည် လူ့​အကျင့်များကို သိနားလည်သည့် အရွယ်​ရောက်​စ​ကတည်းက ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၏ အဆက်​မပြတ်သော​မြင်ကွင်းကို ငါ့​မျက်စိရှေ့၌ မြင်​ရလေပြီ။

၁၉ သူတို့၏​ဆိုးညစ်ခြင်းကြောင့်လည်း ငါ​စိတ်​ပျက်၏။ အကြောင်း​မူကား၊ သူတို့၏​ဆိုး​ညစ်ခြင်းကြောင့်၊ ငါ့​စိတ်နှလုံးသည် ငါ့​အသက်​တာ​တစ်လျှောက်လုံး၌ ဝမ်းနည်းမှုနှင့် ပြည့်၏။ သို့သော်လည်း၊ ငါသည် နောက်ဆုံးသောနေ့ ၌ ချီးမြှောက်​တော်မူခြင်း​ခံရမည်ကို သိ၏။

၂၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤနှစ်တွင် နီဖိုင်း​လူမျိုးတို့သည် တစ်ဖန်​လိုက်၍​အရှာ​ခံရ၊ နှင်ထုတ်​ခံရ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် ရှေမဟု​ခေါ်သော​ပြည်သို့ ရောက်သည့်တိုင် မြောက်​ဘက်လားရာ အဝေးသို့ နှင်ထုတ်​ခံရ၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် ရှေမမြို့ကို အင်အား​ခိုင်မာ​စေလျက်၊ ငါတို့​လူမျိုးတို့ကို ပျက်စီးခြင်းမှ ကယ်တင်​ကောင်း​ကယ်တင်​နိုင်ခြင်းငှာ၊ ရနိုင်သမျှ​စုစည်းကြ၏။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​ခါ၊ သုံးရာ​လေးဆယ်​ခြောက်​နှစ်မြောက်တွင်၊ သူတို့သည် ငါတို့ကို တစ်​ဖန်​လာ၍ တိုက်​ခိုက်​စပြုကြ၏။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါသည် ငါ၏​လူမျိုးတို့ကို ဟော​ပြော၏၊ လာမန်​အမျိုးသားတို့​ရှေ့၌ သူတို့​ရဲရင့်စွာ​ရပ်၍၊ မိမိတို့၏​ဇနီးများ၊ ထို့အတူ မိမိတို့၏​သားသမီးများ၊ ထို့အတူ မိမိတို့၏​အိမ်များ၊ ထို့အတူ မိမိတို့၏​နေ​အိမ်များ​အတွက် တိုက်ခိုက်​ရမည့်​အကြောင်း ကြီးစွာသော စွမ်း​အားဖြင့် သူတို့ကို တိုက်​တွန်း၏။

၂၄ ငါ၏​စကားများ​ကလည်း သူတို့ကို အတော်​အသင့် လှုပ်ရှား​ထကြွ​စေသဖြင့်၊ သူတို့သည် လာမန်​အမျိုးသားတို့ရှေ့မှ ထွက်​မပြေးကြ​၊ ဆန့်ကျင်၍ ရဲရင့်စွာသာ​ခုခံကြ၏။

၂၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် အင်​အား​သုံးသောင်း​ရှိသော​တပ်ဖြင့်၊ အင်အား​ငါးသောင်း​ရှိသော​တပ်ကို ဆန့်ကျင်၍​တိုက်​ခိုက်၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် သူတို့​ရှေ့၌ ထိုကဲ့သို့သော ခိုင်မြဲခြင်းနှင့် ရပ်သဖြင့်၊ သူတို့သည် ငါတို့​ရှေ့မှ ထွက်​ပြေးကြ၏။

၂၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့​ထွက်​ပြေးကြသော​အချိန်တွင်၊ ငါတို့၏​တပ်များဖြင့် သူတို့​ကို လိုက်၍၊ သူတို့နှင့်​တစ်ဖန် တိုက်​ခိုက်လျက်၊ သူတို့ကို အနိုင်​ရကြ၏။ သို့သော်လည်း၊ ကိုယ်တော်ရှင်၏​ခွန်အားသည် ငါတို့နှင့်​အတူ မရှိလေတော့။ ထိုမှတစ်ပါး၊ ငါတို့သည် ငါတို့​ကိုယ်တိုင်​ချည်းသာ ကျန်​ရစ်သဖြင့်၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် ငါတို့​အထဲ၌ မရှိတော့။ ထို့ကြောင့်၊ ငါတို့သည် ငါတို့၏​ညီအစ်ကို​များကဲ့သို့ အားနည်း​လာကြ၏။

၂၇ ငါ၏စိတ်နှလုံးသည် ငါ့​လူမျိုးတို့၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ကြောင့်​၊ သူတို့၏ ဤကြီးစွာသော​ဘေးဒုက္ခကြောင့်​ဝမ်းနည်း၏။ သို့ရာတွင်၊ ရှုလော့၊ ငါတို့သည် ငါတို့၏ အမွေခံရာ​မြေတို့ကို တစ်ဖန်​ပြန်၍ သိမ်းယူသည့်​တိုင်အောင် လာမန်​အမျိုးသားတို့နှင့် ဂါဒျန်တန်​ဓားပြတို့ကို တိုက်ခိုက်ကြ၏။

၂၈ သုံးရာ​လေးဆယ်​ကိုး​နှစ်မြောက်​သည်လည်း ကုန်လွန်​သွား၏။ သုံးရာ​ငါးဆယ်​နှစ်မြောက်တွင်၊ ငါတို့သည် ငါတို့၏​အမွေ​ခံရာ​ပြည်ကို ပိုင်းခြားသည့် သဘော​တူညီမှု​တစ်ခုကို လာမန်​အမျိုးသားတို့၊ ထို့အတူ ဂါဒျန်တန်​ဓားပြတို့နှင့် ပြုကြ၏။

၂၉ လာမန်​အမျိုးသားတို့သည် မြောက်​ဘက်​လားရာ​ပြည်၊ ထိုမှတစ်ပါး၊ တောင်​ဘက်ပြည်ထဲသို့ သွားရာ ကျဉ်း​မြောင်းသော​လမ်းအထိ ငါတို့ကို ပေးကြ၏။ ငါတို့​သည်​လည်း လာမန်​အမျိုးသားတို့အား တောင်​ဘက်​လားရာ​ပြည်​ခပ်သိမ်းကို ပေးကြ​လေသတည်း။