ကျမ်းစာများ
မော်မုန် ၇


အခန်းကြီး ၇

မော်မုန်သည် နောက်​ပိုင်း​ကာလ​လာမန်​အမျိုး​သားတို့​အား ခရစ်တော်ကို ယုံကြည်ရန်၊ သူ၏​ဧဝံဂေလိ​တရားတော်ကို လက်​ခံရန်၊ ထို့အတူ ကယ်​တင်ခြင်းသို့ ရောက်ကြ​စေရန် ဖိတ်​ခေါ်၏—သမ္မာကျမ်းကို ယုံကြည်သော​သူ​ခပ်သိမ်းတို့သည် မော်မုန်​ကျမ်းကိုလည်း ယုံကြည်ကြ​လိမ့်မည်။ အေဒီ ၃၈၅ ခန့်။

ယခုမူကား၊ ရှုလော့၊ ငါသည် ဤလူမျိုးတို့၏ ကျန်​ကြွင်းသည့် အသက်​ရှင်လျက်​ရှိသော​သူတို့အား အတော်​အသင့် ပြော​လို​၏။ သူတို့​ဘိုးဘေးတို့၏​အမှုများ​အကြောင်းကို သူတို့​သိ​နိုင်ကြ​စေခြင်းငှာ၊ ဘုရားသခင်က ငါ၏​စကားများကို သူတို့အား ဖော်​ပြ​တော်မူမည်​ဆိုလျှင်၊ ထိုမှတစ်ပါး၊ ငါသည် ဣသရေလ​အမျိုးသားတို့၏ ကျန်​ကြွင်းသော​သူ သင်တို့ကို ဟော​ပြော၏။ ငါ​ဟော​ပြောသည့် ဤ​စကား​များ​သည်​ကား၊

သင်တို့သည် ဣသရေလ​အမျိုးသားများ ဖြစ်​ကြောင်းကို သိကြ​လော့။

သင်တို့သည် နောင်တ​ရခြင်းသို့ လာရမည့်​အကြောင်းကို သိကြလော့။ သို့​မဟုတ်လျှင် ကယ်​တင်ခြင်းသို့ မရောက်​နိုင်ကြ။

သင်တို့သည် သင်တို့၏​စစ်​တိုက်ရာ​လက်​နက်များကို ချရမည့်အကြောင်းကို သိကြလော့၊ အသွေး​သွန်း​လောင်းခြင်း၌ မမွေ့​လျော်ကြ​တော့နှင့်။ သင်တို့ကို ဘုရားသခင်မ​မိန့်တော်​မူလျှင်၊ ထိုလက်​နက်များကို တစ်ဖန် မကိုင်​ဆောင်ကြနှင့်။

သင်တို့သည် သင်တို့​ဘိုးဘေးတို့၏​အကြောင်းကို သိခြင်းသို့ ရောက်ရမည့်​အကြောင်းကို သိကြလော့၊ ထို့အတူ၊ သင်တို့၏ ခပ်သိမ်းသော အပြစ်​များနှင့် ဒုစရိုက်များမှ နောင်တ​ရကြလော့၊ ယေရှု​ခရစ်တော်​အား၊ ဘုရားသခင်၏​သားတော်​ဖြစ်​တော်မူ​ကြောင်း၊ သူသည် ယုဒ​လူ​မျိုး​တို့​အားဖြင့် ကွပ်​မျက်​ခံရကြောင်း၊ ခမည်းတော်၏​တန်ခိုးတော်​အားဖြင့် တစ်​ဖန်​ထ​မြောက်​တော်မူ၍၊ ထိုနည်း​အားဖြင့် သင်္ချိုင်း​အပေါ် အောင်​နိုင်၍၊ သေခြင်း၏​နာ​ကျင်မှုကို သူ့​အားဖြင့် ကျော်​လွှား​ရကြောင်း ယုံကြည်ကြလော့။

သူသည် သေ​သူတို့၏​ရှင်​ပြန်​ထ​မြောက်ခြင်း​ကို​လည်း ဖြစ်​ပေါ်​စေ၏၊ ထိုနည်း​အားဖြင့်၊ လူ​သားသည် သူ့​တရား​ပလ္လင်​ရှေ့၌ ရပ်၍ရန် ထ​မြောက်​ရမည်။

သူသည် လောကအား ရွေး​နှုတ်​ခြင်း​ကို​လည်း ဖြစ်​ပေါ်​စေ၍၊ ထို​နည်း​အားဖြင့်၊ တရား​စီရင်​တော်မူရာ​နေ့၌ သူ့ရှေ့တွင် အပြစ်​ကင်း​ကြောင်း တွေ့​ရသော​သူအား အဆုံး​မရှိသည့် ပျော်​ရွှင်ခြင်း​အခြေ​အနေ၌ တစ်ပါး​တည်း​သော​ဘုရားသခင်​ဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​ထံသို့ မရပ်နားသော ချီးမွမ်းခြင်းကို အထက်​ရှိ ဓမ္မတေးသံ​စုံကျူး​အဖွဲ့နှင့် သီ​ဆိုခြင်းငှာ ဘုရားသခင်၏​မျက်​မှောက်တော် သူ၏​နိုင်ငံ​တော်​တွင် နေထိုင်ရန် အခွင့်​ပေးတော်​မူ​ပေမည်။

ထို့ကြောင့်၊ နောင်တ​ရလော့။ ခရစ်တော်၏​နာမတော်၌ ဗတ္တိဇံခံလော့။ ထို့အတူ၊ သင်တို့​ရှေ့၌ ချထားမည့်၊ ဤမှတ်တမ်း၌​သာလျှင်​မဟုတ်ဘဲ၊ တပါး​အမျိုသားတို့​ထံမှ သင်တို့​ဆီသို့ ရောက်​ရှိ​လာမည့်​မှတ်တမ်း​တည်း​ဟူသော ယုဒ​လူမျိုးတို့ထံမှ တပါး​အမျိုးသားများထံသို့ ရောက်​ရှိ​လာမည့် မှတ်တမ်း၌​လည်း​ရှိသည့် ခရစ်တော်၏​ဧဝံဂေလိ​တရား​တော်ကို လက်​ခံ​လိုက်​နာကြ​လော့။

အကြောင်း​မူကား၊ ရှုလော့၊ ထို​မှတ်တမ်းကို သင်တို့ ယုံကြည်​နိုင်​စေခြင်းငှာ​ဟူသော ရည်​ရွယ်ချက်ဖြင့် ဤမှတ်​တမ်းကို ရေး​ထား၏။ သင်တို့သည် ထိုမှတ်တမ်းကို ယုံကြည်ကြ​မည်ဆိုလျှင်၊ ဤမှတ်​တမ်းကို​လည်း ယုံကြည်ကြ​ပေမည်။ ထို့အတူ၊ သင်တို့သည် ဤမှတ်​တမ်းကို ယုံကြည်ကြ​မည်ဆိုလျှင်၊ သင်တို့​ဘိုးဘေးတို့​အကြောင်းနှင့် သူတို့၌ ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် ပြုပြင်​စီရင်​ထားတော်မူသည့် အံ့ဩဖွယ်​ကောင်းသော​အမှုများ​အကြောင်းကိုလည်း သိကြ​လိမ့်မည်။

၁၀ ထို့အတူ၊ သင်တို့သည် ယာကုပ်​အမျိုး​အနွယ်၏ ကျန်​ကြွင်းသော​သူများ​ဖြစ်​ကြောင်းကို​လည်း သိကြ​လိမ့်မည်။ ထို့ကြောင့် သင်တို့သည် ပထမ​ပဋိညာဉ်​ခံလူ​မျိုးတို့၌ ရေတွက်​ခံရကြ၏။ သင်တို့သည် ခရစ်တော်၌ ယုံကြည်၍၊ ငါတို့​ကယ်တင်ရှင်၏ ပုံသက်​သေ​နောက်သို့​လိုက်၍၊ သူမိန့်မှာ​လေသည့်​အတိုင်း ပထမ​ဦးဆုံး၌ ရေဖြင့်၊ ထို့နောက်တွင် မီးနှင့် သန့်ရှင်းသော​ဝိညာဉ်တို့​အားဖြင့် ဗတ္တိဇံ​ခံလျှင်၊ တရား​စီရင်​တော်မူရာ​နေ့၌ ချမ်းသာရကြ​လိမ့်မည်။ အာမင်။

ပုံနှိပ်သည်