အခန်းကြီး ၉
မော်ရော်နိုင်းသည် ခရစ်တော်ကို မယုံကြည်သောသူတို့ကို နောင်တရရန် တောင်းပန်၏—သူသည် အလွန်တရာအံ့ဩဖွယ်အမှုတို့၏ဘုရားသခင်၊ သစ္စာရှိသောသူတို့အား ဗျာဒိတ်တော်များပေး၍၊ ဆုကျေးဇူးများနှင့် နိမိတ်လက္ခဏာတို့ကို သွန်းလောင်းတော်မူသည့်သူ အကြောင်းကို ကြေညာ၏—အလွန်တရာအံ့ဩဖွယ်အမှုများသည် မယုံကြည်ခြင်းကြောင့် ရပ်တန့်သွား၏—ယုံကြည်သောသူတို့၌ နိမိတ်လက္ခဏာများ ဖြစ်လာ၏—လူသားတို့ကို ဉာဏ်ပညာရှိရန်နှင့် ပညတ်တော်များကိုစောင့်ထိန်းရန် တိုက်တွန်း၏။ အေဒီ ၄၀၁–၄၂၁ ခန့်။
၁ ယခုမူကား၊ ငါသည် ခရစ်တော်ကို မယုံကြည်သောသူများအကြောင်းကိုလည်း ပြော၏။
၂ ရှုလော့၊ သင်တို့ကို ကြည့်ရှုစီရင်တော်မူရာနေ့—ရှုလော့၊ ကိုယ်တော်ရှင် ကြွလာတော်မူမည့်အချိန်၌၊ အထူးသဖြင့်၊ မြေကြီးသည် စာလိပ်ကဲ့သို့ လိပ်မည့်၊ ထို့အတူ၊ လောကဓာတ်တို့သည် အားကြီးသောအပူကြောင့် အရည်ပျော်မည့် အချိန်ဖြစ်သည့် ထိုကြီးစွာသောနေ့၌ပင်၊ အထူးသဖြင့်၊ ဘုရားသခင်၏ သိုးသငယ်ရှေ့၌ ရပ်ရန် ဆောင်ယူခံရမည့် ထိုကြီးစွာသောနေ့ကို သင်တို့ယုံကြည်ကြမည်လော—ထို့နောက်တွင်၊ ဘုရားသခင်မရှိဟု သင်တို့ဆိုကြမည်လော။
၃ ထို့နောက်တွင်၊ သင်တို့သည် ခရစ်တော်ကို ငြင်းဆိုလျက် ရှိကြဦးမည်လော၊ သို့မဟုတ် ဘုရားသခင်၏သိုးသငယ်ကို မြင်နိုင်ကြမည်လော။ သင်တို့၏အပြစ်ရောက်ခြင်းကို သိလျက်၊ သူနှင့် အတူနေရလိမ့်မည်ဟု ထင်မှတ်ကြသလော။ သင်တို့သည် သူ၏ပညတ်တရားများကို အစဉ်ချိုးဖောက်၍၊ သင်တို့၏စိတ်ဝိညာဉ်သည် အပြစ်ရောက်ခြင်းကိုသိခြင်းဖြင့်၊ နှိပ်စက်ခံရစဉ်တွင် ထိုသန့်ရှင်းသောဘုရားနှင့် အတူနေထိုင်၍ ပျော်ရွှင်နိုင်မည်ဟု ထင်မှတ်ကြသလော။
၄ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် အပြစ်ဒဏ်စီရင်ခံရသည့် စိတ်ဝိညာဉ်တို့နှင့်အတူ ငရဲ၌ နေထိုင်ရခြင်းထက်၊ ရှေ့တော်၌ သင်တို့၏ အညစ်အကြေး အကြောင်းကို သိလျက်၊ သန့်ရှင်း၍တရားမျှတတော်မူသည့် ဘုရားသခင်နှင့် အတူနေထိုင်ရခြင်းက ပို၍ဝမ်းနည်းပူဆွေးဖွယ်ဖြစ်လိမ့်မည်။
၅ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် ဘုရားသခင်၏ ထို့အတူ ဘုရားသခင့်ဘုန်းတော်၏၊ ထို့အတူ ယေရှုခရစ်တော်၏သန့်ရှင်းတော်မူခြင်းရှေ့၌ သင်တို့၏အဝတ်မရှိခြင်းကို သိစေခြင်းငှာ အဆောင်ခံရသောအချိန်တွင်၊ ထိုအဝတ်မရှိခြင်းက မငြိမ်းနိုင်သောမီးကို သင်တို့အပေါ်၌ ညှိလိမ့်မည်။
၆ အို မယုံကြည်သောသူတို့၊ သင်တို့သည် ကိုယ်တော်ရှင်ထံသို့ ပြန်လာကြလော့။ သင်တို့ကို သိုးသငယ်၏ အသွေးတော်အားဖြင့် သန့်စင်စေတော်မူခြင်း ခံရလျက်၊ ထိုကြီးစွာသောနောက်ဆုံးနေ့၌၊ အပြစ်ကင်းစင်ပြီးလျှင်၊ စင်ကြယ်၍၊ ချောမောလျက်၊ ဖြူစင်လျက် တွေ့ကောင်း တွေ့ရနိုင်စေခြင်းငှာ၊ ယေရှု၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ စိတ်အားထက်သန်စွာ ဆုတောင်းကြလော့။
၇ ထိုမှတစ်ဖန်၊ ဘုရားသခင်၏ ဗျာဒိတ်တော်များကို ငြင်းဆို၍၊ ထိုအရာတို့ ရပ်စဲသွား၍၊ ဗျာဒိတ်တော်များမရှိ၊ ပရောဖက်ပြုဟောချက်များလည်းမရှိ၊ ဆုကျေးဇူးများလည်းမရှိ၊ အနာကင်းစေခြင်းလည်းမရှိ၊ အခြားသောဘာသာစကားများဖြင့် ပြောခြင်း၊ ထို့အတူအခြားသောဘာသာစကားများ၏ အနက်ဖွင့်ပြခြင်းတို့လည်းမရှိဟု ဆိုကြသောသင်တို့အား ငါဟောပြော၏။
၈ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာတို့ကို ငြင်းဆိုသောသူသည် ခရစ်တော်၏ဧဝံဂေလိတရားတော်ကို သိခြင်းမရှိ။ ထိုမှတစ်ပါး၊ သူသည် ကျမ်းစာတို့ကို မဖတ်။ ဖတ်လျှင်လည်း နားမလည်။
၉ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင် မနေ့၊ ယနေ့နှင့် ကာလအစဉ်အဆက်မပြောင်းမလဲ ရှိတော်မူကြောင်း၊ ထို့အတူ၊ သူ့ ၌ ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်လည်း မရှိကြောင်းကို မဖတ်ကြသလော။
၁၀ ယခုမူကား၊ သင်တို့သည် ရွေ့လျောတိမ်းယိမ်းသည့်ဘုရား၊ ပြောင်းလဲခြင်းအရိပ်ရှိသည့်ဘုရားကို သင်တို့စိတ်၌ ထင်မြင်ကြလျှင်၊ ထိုသို့ဆိုလျှင် အလွန်တရာအံ့ဩဖွယ်အမှုတို့၏ ဘုရားသခင်မဟုတ်သည့် ဘုရားကို သင်တို့စိတ်၌ ထင်မြင်ကြလေပြီ။
၁၁ သို့ရာတွင်၊ ရှုလော့၊ ငါသည် သင်တို့အား အလွန်တရာအံ့ဩဖွယ်အမှုတို့၏ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင်ကိုပင် ပြမည်။ သူသည် ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ ၎င်းတို့၌ ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသည့် မပြောင်းမလဲသောဘုရားသခင်ဖြစ်၏။
၁၂ ရှုလော့၊ သူသည် အာဒံကို ဖန်ဆင်းတော်မူ၏။ အာဒံအားဖြင့် လူသား၏ကျရှုံးခြင်း ဖြစ်လာ၏။ လူသား၏ကျရှုံးခြင်းကြောင့်လည်း၊ ခမည်းတော်နှင့် သားတော်ပင်ဖြစ်သည့် ယေရှုခရစ်တော် ကြွလာတော်မူ၏။ ယေရှုခရစ်တော်ကြောင့်လည်း လူသား၏ရွေးနှုတ်ခြင်း ဖြစ်လာ၏။
၁၃ ထို့အတူ၊ ယေရှုခရစ်တော်အားဖြင့် ဖြစ်လာသည့် လူသားကိုရွေးနှုတ်ခြင်းကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်၏မျက်မှောက်သို့ ပြန်လည်ဆောင်ယူခံရ၏။ ဤအရာသည်ကား၊ လူသားခပ်သိမ်းတို့ ရွေးနှုတ်ခြင်းခံရာလမ်းဖြစ်၏။ ခရစ်တော်၏သေခြင်းက အဆုံးမရှိသည့် အိပ်ပျော်ခြင်းမှ ရွေးနှုတ်တော်မူခြင်းကို ဖြစ်ပေါ်စေသည့်၊ ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေသောကြောင့်၊ လူသားခပ်သိမ်းတို့သည် တံပိုးမှုတ်သောအခါ၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်၊ ထိုအိပ်ပျော်ခြင်းမှ နိုးထရလိမ့်မည်။ သူတို့ အကြီးအငယ်မှန်သမျှတို့သည်လည်း ထွက်လာ၍၊ ဇာတိပကတိသေခြင်းဖြစ်သည့် ထာဝရသေခြင်း၏ကြိုးမှ ရွေးနှုတ်ခြင်းနှင့် ဖြေလွှတ်ခြင်းကို ခံရလျက်၊ သူ၏တရားစီရင်ရာတိုင်ရှေ့၌ရပ်ရလိမ့်မည်။
၁၄ ထို့နောက်တွင် သန့်ရှင်းတော်မူသောဘုရား၏တရားစီရင်တော်မူခြင်းသည် သူတို့အပေါ်သို့ ကျရောက်၏။ ထို့နောက်တွင် ညစ်ညမ်းသောသူသည် ညစ်ညမ်းလျက် ရှိလိမ့်ဦးမည့်၊ ဖြောင့်မတ်သောသူသည်လည်း ဖြောင့်မတ်လျက်ရှိလိမ့်ဦးမည့်၊ ပျော်ရွှင်သောသူသည် ပျော်ရွှင်လျက် ရှိလိမ့်ဦးမည့်၊ မပျော်ရွှင်သောသူသည်လည်း မပျော်ရွှင်လျက်ရှိလိမ့်ဦးမည့်အချိန်သည် ရောက်လာ၏။
၁၅ ယခုမူကား၊ ဘုရားသည် အလွန်တရာအံ့ဩဖွယ်အမှုများကို မပြုနိုင်ဟု သင်တို့စိတ်၌ ထင်မြင်ကြသည့် အို ခပ်သိမ်းသောသင်တို့။ ငါပြောသည့် ဤအရာခပ်သိမ်းတို့ ဖြစ်ပျက်ပြီးလေပြီလောဟု သင်တို့ကို ငါမေးလို၏။ အဆုံးသို့ ယခုရောက်လေပြီလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ ဘုရားသခင်သည်လည်း အလွန်တရာအံ့ဩဖွယ် အမှုများ၏ဘုရားသခင်အဖြစ်မှ မရပ်တန့်။
၁၆ ရှုလော့၊ ဘုရားသခင်ပြုပြင်စီရင်တော်မူသည့်အရာများသည် ငါတို့အမြင်၌ အံ့ဩဖွယ်မကောင်းသလော။ ထိုမှတစ်ပါး၊ ဘုရားသခင်၏အံ့ဩဖွယ်ကောင်းသောအမှုများကို အဘယ်သူနားလည်နိုင်သနည်း။
၁၇ သူ့ နှုတ်ကပတ်တော်၏တန်ခိုးတော်အားဖြင့် ကောင်းကင်နှင့် မြေကြီးဖြစ်လာ၏၊ သူ့နှုတ်ကပတ်တော်၏တန်ခိုးတော်အားဖြင့် လူသားကိုလည်း မြေမှုန့်မှ ဖန်ဆင်းထားတော်မူ၏၊ သူ့နှုတ်ကပတ်တော်၏တန်ခိုးတော်အားဖြင့် အလွန်တရာအံ့ဩဖွယ်များကိုလည်း ပြုပြင်စီရင်တော်မူသည်မှာ၊ အလွန်တရာအံ့ဩဖွယ်မဟုတ်ဟု အဘယ်သူပြောမည်နည်း။
၁၈ ယေရှုခရစ်တော်သည် ကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုများကို မပြုဟုလည်း အဘယ်သူပြောမည်နည်း။ တမန်တော်တို့၏လက်ဖြင့် ပြုပြင်စီရင်ထားလေသည့် ကြီးစွာသောအလွန်တရာအံ့ဩဖွယ်အမှုများစွာရှိ၏။
၁၉ အလွန်တရာအံ့ဩဖွယ်သောအမှုများကို ထိုအချိန်ကပြုပြင်စီရင်ထားလျှင်၊ ဘုရားသခင်သည် မပြောင်းလဲတတ်သောဘုရားဖြစ်သော်လည်း အလွန်တရာအံ့ဩဖွယ်တို့၏ ဘုရားသခင်အဖြစ်မှ အဘယ်ကြောင့် ရပ်တန့်မည်နည်း။ ရှုဦးလော့၊ သူသည် ပြောင်းလဲခြင်းမရှိဟု သင်တို့ကို ငါဆို၏။ ပြောင်းလဲလျှင်၊ သူသည် ဘုရားသခင်အဖြစ်မှ ရပ်တန့်တော်မူလိမ့်မည်။ သူသည် ဘုရားသခင်အဖြစ်မှ ရပ်တန့်ခြင်းမရှိ၍၊ အလွန်တရာအံ့ဩဖွယ်အမှုတို့၏ဘုရားသခင်ဖြစ်၏။
၂၀ သူသည် လူသားတို့၌ အလွန်တရာအံ့ဩဖွယ်သောအမှုများပြုသည်ကို ရပ်တန့်တော်မူခြင်း၏ အကြောင်းရင်းသည်ကား၊ သူတို့ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာပြီးလျှင်၊ မှန်သောလမ်းကို ကျောခိုင်း၍၊ သူတို့ကိုးစားအပ်သည့် ဘုရားသခင်ကို သိခြင်းမရှိကြသောကြောင့်ပင်တည်း။
၂၁ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ အဘယ်အရာကိုမျှ ယုံမှားသံသယဖြစ်ခြင်းမရှိဘဲ၊ ခရစ်တော်၌ ယုံကြည်သူမှန်သမျှအား၊ ခမည်းတော်ထံသို့ ခရစ်တော်၏နာမတော်အားဖြင့် တောင်းသမျှကို ပေးတော်မူလိမ့်မည်။ ဤကတိတော်သည် ခပ်သိမ်းသောသူတို့အဖို့၊ မြေကြီးစွန်းသားတို့အဖို့ပင်ဖြစ်၏။
၂၂ အကြောင်းမူကား၊ ရှုလော့၊ ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်သည် ဆက်၍နေရစ်ကြမည့် သူ့တပည့်တော်တို့ကို၊ ထိုမှတစ်ပါး၊ လူအစုအဝေး ကြားနိုင်သည့်နေရာရှိ သူ့တပည့်တော်ခပ်သိမ်းကို မိန့်တော်မူလေသည်ကား၊ သင်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့သွား၍၊ လူသတ္တဝါတိုင်းအား ဧဝံဂေလိတရားတော်ကို ဟောပြောလော့။
၂၃ ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ယုံကြည်ခြင်းမရှိသောသူသည်ကား အပြစ်စီရင်ခံရလိမ့်မည်။
၂၄ ယုံကြည်သောသူတို့၌ ဖြစ်အံ့သော ဤနိမိတ်လက္ခဏာတို့သည်ကား—ငါ၏နာမတော်အားဖြင့် သူတို့သည် နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားအမျိုးမျိုးတို့ကို ပြောကြလတ္တံ့။ မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သောအရာကို သောက်လျှင်လည်း ဘေးဥပဒ် မဖြစ်လတ္တံ့။ ဖျားနာသောသူတို့အပေါ်၌ လက်ကိုတင်လျှင်၊ ချမ်းသာရကြလတ္တံ့။
၂၅ ထို့အတူ၊ အဘယ်အရာကိုမျှ ယုံမှားသံသယဖြစ်ခြင်းမရှိဘဲ၊ ငါ၏နာမတော်ကို ယုံကြည်မည့်သူ အဘယ်သူ့အတွက်မဆို ငါ၏ ခပ်သိမ်းသော စကားတို့ကို ကမ္ဘာကုန်ဆုံးသည် တိုင်အောင်ပင် တည်စေတော်မူမည်။
၂၆ ယခုမူကား၊ ရှုလော့၊ အဘယ်သူသည် ကိုယ်တော်ရှင်၏အမှုတော်များကို ဆန့်ကျင်နိုင်သနည်း။ အဘယ်သူသည် သူဟောတော်မူသည့်အရာတို့ကို ငြင်းဆိုနိုင်သနည်း။ အဘယ်သူသည် ကိုယ်တော်ရှင်၏ အနန္တတန်ခိုးတော်ကို ဆန့်ကျင်၍ ထကြွမည်နည်း။ အဘယ်သူသည် ကိုယ်တော်ရှင်၏အမှုတော်များကို မထီမဲ့မြင်ပြုမည်နည်း။ အဘယ်သူသည် ခရစ်တော်၏သားသမီးတို့ကို မထီမဲ့မြင်ပြုမည်နည်း။ ရှုလော့၊ ကိုယ်တော်ရှင်၏အမှုတော်များကို မထီမဲ့မြင်ပြုသူသင်တို့အားလုံးသည် အံ့ဩ၍ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
၂၇ အို ထိုသို့ဆိုလျှင်၊ မထီမဲ့မြင်ပြုခြင်း မရှိနှင့်။ အံ့ဩခြင်းလည်းမရှိကြနှင့်။ သို့ရာတွင် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များကို စေ့စေ့နားထောင်ကြလော့။ သင်တို့လိုအပ်လျက်ရှိသောအရာ မှန်သမျှကိုလည်း ယေရှု၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ တောင်းလော့။ ယုံမှားသံသယဖြစ်ခြင်းမရှိနှင့်။ သို့ရာတွင်၊ ယုံကြည်လျက်၊ ရှေးလွန်လေပြီးသော ကာလများကကဲ့သို့ပင် အစပြု၍၊ စိတ်နှလုံးအကြွင်းမဲ့နှင့် ကိုယ်တော်ရှင်ထံသို့လာ၍ သင်တို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက်၊ သူ၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကြိုးစားအားထုတ်ကြလော့။
၂၈ သင်တို့၏အစမ်းသပ်ခံကာလများ၌ ဉာဏ်ပညာရှိစေလော့။ သင်တို့ကိုယ်သင်တို့ မသန့်ရှင်းခြင်းခပ်သိမ်းတို့မှ ချွတ်ခွာလော့။ သင်တို့သည် သင်တို့၏တပ်မက်ခြင်းခံစားရာ ရှိနိုင်ရန် တောင်းခြင်းမပြုနှင့်။ သို့ရာတွင်၊ သွေးဆောင်ဖြားယောင်းခြင်းကို အရှုံးမပေးရမည့်အကြောင်းနှင့် မှန်ကန်သည့် အသက်ရှင်တော်မူသောဘုရားသခင်ကို အစေခံရမည့်အကြောင်း မတုန်လှုပ်သောခိုင်မြဲခြင်းနှင့် တောင်းကြလော့။
၂၉ သင်တို့သည် မထိုက်မတန်ဘဲ ဗတ္တိဇံမခံရန် သတိပြုကြလော့။ သင်တို့သည် ခရစ်တော်၏ပွဲတော်ကို မထိုက်မတန်ဘဲ မသုံးဆောင်ရန် သတိပြုကြလော့၊ ခပ်သိမ်းသောအရာတို့ကို ထိုက်တန်စွာပြုခြင်းငှာသာ သတိပြုကြလော့။ ယေရှုခရစ်တော်၊ အသက်ရှင်တော်မူသည့် ဘုရားသခင့်သားတော်၏နာမတော်အားဖြင့် ထိုအမှုတို့ကိုသာ ပြုကြလော့။ သင်တို့သည် ဤသို့ပြု၍ အဆုံးတိုင်အောင် တည်ကြည်မည်ဆိုလျှင်၊ အလျှင်းနှင်ထုတ်မခံရကြ။
၃၀ ရှုလော့၊ ငါသည် သေရာမှ ပြောလေသကဲ့သို့ပင် သင်တို့ကို ပြော၏။ အကြောင်းမူကား၊ ငါ၏စကားများကို သင်တို့ရရှိကြလိမ့်မည့်အကြောင်း ငါသိ၏။
၃၁ ငါ၏မစုံလင်ခြင်းကြောင့် ငါ့ကို ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ ငါ၏အဘကိုလည်း သူ၏မစုံလင်ခြင်းကြောင့် ပြစ်တင်ရှုတ်ချခြင်းမပြုနှင့်။ သူ၏အရင်က ရေးလေသောသူတို့ကိုလည်း ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ သင်တို့သည် သင်ယူနိုင်၍၊ ငါတို့မှာရှိသည်ထက် သာ၍ဉာဏ်ပညာရှိနိုင်စေခြင်းငှာ သင်တို့၏မစုံလင်ခြင်းကို သင်တို့ထံ ထင်ရှားစွာပြတော်မူသည့် ဘုရားသခင်ကိုသာလျှင် ကျေးဇူးတော်ချီးမွမ်းကြလော့။
၃၂ ယခုမူကား၊ ရှုလော့၊ ငါတို့၏ပြောဟန်အတိုင်း လက်ဆင့်ကမ်း၍၊ ပြောင်းလဲ၍ ပြင်ထားသောအဲဂုတ္တုဘာသာဟု ငါတို့၌ခေါ်သည့် စာလုံးများဖြင့် ငါတို့၏အသိပညာအတိုင်း ဤမှတ်တမ်းကို ငါတို့ရေးလေပြီ။
၃၃ ထို့အတူ၊ ငါတို့၏ပုရပိုက်ပြားများ လုံလုံလောက်လောက်ကြီးမားလျှင် ငါတို့သည် ဟေဗြဲဘာသာဖြင့် ရေးရလေမည်။ သို့ရာတွင်၊ ဟေဗြဲဘာသာသည်လည်း ငါတို့အားဖြင့် ပြောင်းလဲ ခံရလေပြီ။ ငါတို့သည် ဟေဗြဲဘာသာအားဖြင့် ရေးနိုင်လေလျှင်လည်း၊ ရှုလော့၊ သင်တို့သည် ငါတို့၏မှတ်တမ်း၌ အမှားတွေ့ရမည်မဟုတ်။
၃၄ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် ငါတို့ရေးလေသည့်အရာများနှင့်၊ ထို့အတူ၊ ငါတို့၏ဘာသာစကားကို အခြားသောလူမျိုးတို့မသိကြောင်း သိတော်မူ၏။ ငါတို့၏ဘာသာစကားကို အခြားသောလူမျိုးတို့မသိ၍၊ ထို့ကြောင့်၊ သူသည် အနက်ဖွင့်ပြခြင်းအတွက် နည်းလမ်းတို့ကို ပြင်ဆင်ထားတော်မူ၏။
၃၅ ငါတို့၏အဝတ်တန်ဆာများကိုလည်း ယုံကြည်မှုလျော့ပါး ဆုတ်ယုတ်လာလေသည့် ငါတို့ညီအစ်ကိုတို့၏အသွေးဖြင့် ကင်းစင်စေခြင်းငှာ ဤအရာတို့ကို ရေးထား၏။
၃၆ ရှုဦးလော့၊ ငါတို့၏ညီအစ်ကိုတို့နှင့်စပ်လျဉ်း၍ ငါတို့အလိုရှိသည့် ဤအရာများ၊ အထူးသဖြင့်၊ ခရစ်တော်ကိုသိခြင်းသို့ သူတို့ကို ပြန်လည်ဆောင်ယူခြင်းသည် ထိုပြည်၌နေသည့် သန့်ရှင်းသူခပ်သိမ်း၏ဆုတောင်းခြင်းများအတိုင်းပင်ဖြစ်၏။
၃၇ သူတို့၏ယုံကြည်ခြင်းအတိုင်း၊ သူတို့၏ဆုတောင်းခြင်းများကို ပြည့်စုံနိုင်စေကြောင်း၊ ကိုယ်တော်ရှင်ယေရှုခရစ်တော်ကလည်း အခွင့်ပေးတော်မူပါစေ။ ခမည်းတော်ဘုရားသခင်သည်လည်း ဣသရေလအမျိုးသားတို့နှင့် သူပြုတော်မူသည့် ပဋိညာဉ်ကို အောက်မေ့တော်မူပါစေ။ ယေရှုခရစ်တော်၏နာမတော်၌ ယုံကြည်ခြင်းအားဖြင့် သူတို့ကို ကာလအစဉ်အဆက် ကောင်းချီးပေးတော်မူပါစေ။ အာမင်။