အခန်းကြီး ၅
အသွေးသွန်းလောင်းခြင်းနှင့် သိမ်းရုံးသတ်ဖြတ်ခြင်းတို့ပြုရာ တိုက်ပွဲများ၌ မော်မုန်သည် နီဖိုင်းအမျိုးသားတို့၏တပ်များကို တစ်ဖန်ဦးဆောင်၏—မော်မုန်ကျမ်းသည် ဣသရေလအမျိုးခပ်သိမ်းတို့ကို ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်း နားသွင်းရန် ပေါ်ထွက်လာလိမ့်မည်—လာမန်အမျိုးသားတို့သည် သူတို့၏မယုံကြည်မှုကြောင့် ကွဲပြားပြန့်ကျဲကြလိမ့်မည်။ ဝိညာဉ်တော်သည်လည်း သူတို့ကို ပဲ့ပြင်ဆုံးမခြင်းမှ ရပ်တန့်တော်မူလိမ့်မည်—သူတို့သည် နောက်ပိုင်းကာလများ၌ ဧဝံဂေလိတရားတော်ကို တပါးအမျိုးသားတို့ထံမှ လက်ခံရရှိကြလိမ့်မည်။ အေဒီ ၃၇၅–၃၈၄ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် နီဖိုင်းအမျိုးသားများထံသို့ ထွက်သွား၏၊ သူတို့ကို ကူညီလိုတော့မည် မဟုတ်ဟူသောကျိန်ဆိုခြင်းကို ပြန်၍ရုပ်သိမ်း၏။ သူတို့သည်လည်း ငါ့ကို သူတို့၏တပ်များကို တစ်ဖန်ကွပ်ကဲအုပ်ချုပ်ခွင့်ပေး၏။ အကြောင်းမူကား၊ သူတို့၏ ဆင်းရဲဒုက္ခများမှ ငါကယ်လွှတ်နိုင်သကဲ့သို့ ငါ့ကို မှတ်ယူကြ၏။
၂ သို့ရာတွင်၊ ရှုလော့၊ ငါသည် မျှော်လင့်ချက်မဲ့၏။ အကြောင်းမူကား၊ သူတို့အပေါ် ကျရောက်လာမည့် ကိုယ်တော်ရှင်၏တရားစီရင်တော်မူခြင်းများကို သိ၏။ သူတို့သည် သူတို့၏ဒုစရိုက်များမှ နောင်တမရကြ၊ သူတို့ကို ဖန်ဆင်းတော်မူသည့် ဘုရားကို ပဌနာပြုခြင်းမရှိဘဲနှင့် သူတို့အသက် အတွက်သာရုန်းကန်ကြ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့ယော်ဒန်မြို့သို့ ထွက်ပြေးစဉ်တွင် လာမန်အမျိုးသားတို့သည် ငါတို့ကို လာ၍တိုက်ခိုက်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် နှင်ထုတ်ခံရသဖြင့် ထိုအချိန်၌ မြို့ကို မသိမ်းယူကြ။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါတို့ကို တစ်ဖန်လာ၍ တိုက်ခိုက်ကြသဖြင့်၊ ငါတို့သည် မြို့ကို ထိန်းသိမ်းကြ၏။ နီဖိုင်းအမျိုးသားတို့ ထိန်းသိမ်းထားသည့် အခြားမြို့များလည်းရှိ၏၊ ထိုအခိုင်အမာစခန်းများက ဆီးတားသဖြင့် သူတို့သည် ငါတို့ပြည်၌ နေထိုင်ကြသူများကိုဖျက်ဆီးရန် ငါတို့ရှေ့၌ ရှိသည့် တိုင်းပြည်ထဲသို့ မဝင်နိုင်ကြ။
၅ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ ငါတို့ဖြတ်သန်းလာသည့် ပြည်မှန်သမျှနှင့်၊ ထိုပြည်တို့၌ နေထိုင်သူတို့သည် မစုဝေးကြ၊ လာမန်အမျိုးသားတို့၏ ဖျက်ဆီးခြင်းကို ခံရ၏၊ သူတို့၏မြို့များ၊ ထို့အတူ သူတို့၏ရွာများနှင့် မြို့များမီးနှင့်လောင်မြိုက်၏။ ထိုကဲ့သို့အားဖြင့် သုံးရာခုနစ်ဆယ်ကိုးနှစ် ကုန်လွန်သွား၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သုံးရာရှစ်ဆယ်နှစ်မြောက်တွင်၊ လာမန်အမျိုးသားတို့သည် ငါတို့ကို စစ်တိုက်ရန် တစ်ဖန်လာကြ၏၊ ငါတို့သည်လည်း သူတို့ကို ရဲရင့်စွာခုခံကြ၏။ သို့ရာတွင်၊ ထိုအမှုခပ်သိမ်းတို့မှာ အချည်းနှီးဖြစ်၏။ အကြောင်းမူကား၊ သူတို့အရေအတွက်မှာ အလွန်များသဖြင့် နီဖိုင်းလူမျိုးတို့ကို သူတို့ခြေအောက်မှာ နင်းချေကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် တစ်ဖန်ထွက်ပြေးလျက်၊ လာမန်အမျိုးသားတို့ထက် သာ၍လျင်မြန်စွာထွက်ပြေးသူတို့သည် လွတ်မြောက်ကြ၏၊ ထွက်ပြေးရာ၌ လာမန်အမျိုးသားတို့ထက် မသာလွန်သူတို့သည် သုတ်သင်ပယ်ရှင်းခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရ၏။
၈ ယခုမူကား၊ ရှုလော့၊ ငါမော်မုန်သည် ငါ့မျက်စိရှေ့ ၌ ချထားသကဲ့သို့ဖြစ်သည့် အသွေးသွန်းလောင်းခြင်းနှင့် သိမ်းရုံးသတ်ဖြတ်ခြင်းတို့၏ ထိုကဲ့သို့အလွန်ဆိုးရွားသော မြင်ကွင်းကို လူသားတို့ရှေ့၌ ချပြခြင်းအားဖြင့် သူတို့၏စိတ်ဝိညာဉ်များကို ညှဉ်းပန်းလိုခြင်းမရှိ။ သို့ရာတွင်၊ ငါသိနေသည်မှာ၊ ဤအရာတို့ကို ဧကန်အမှန်ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ဝှက်ထားသောအရာမှန်သမျှကို အိမ်မိုးပေါ်မှာဖော်ပြရမည့်အကြောင်း—
၉ ထို့အတူ၊ ဤအရာတို့အကြောင်းကို သိခြင်းသည် ဤလူမျိုးတို့၏ကျန်ကြွင်းသောသူများ ထံသို့နှင့် ဤလူမျိုးတို့ကို ကွဲပြားပျံ့ကျဲစေမည့်၊ ထို့အတူ ဤလူမျိုးတို့ကို သူတို့၌ အဖိုးမထိုက်ဟု မှတ်ယူခြင်းခံရမည့်အကြောင်း ကိုယ်တော်ရှင်မိန့်တော်မူလေသူ၊ တပါးအမျိုးသားများထံသို့လည်း ရောက်ရမည့်အကြောင်း—ထို့ကြောင့်၊ ငါသည် လက်ခံရရှိပြီးဖြစ်သည့် ပညတ်တော်ကြောင့် မြင်ရလေသည့် အရာတို့အကြောင်း ပြည့်စုံသောမှတ်တမ်းကို မရေးဝံ့၍ သေးငယ်သော အကျဉ်းချုပ်ကိုရေး၏၊ ထို့အတူ ဤလူမျိုးတို့၏ ဆိုးညစ်ခြင်းကြောင့်၊ အလွန်ကြီးစွာသောဝမ်းနည်းမှုတို့ကို သင်တို့ မရရှိနိုင်ကြစေခြင်းငှာလည်းဖြစ်၏။
၁၀ ယခုမူကား၊ ရှုလော့၊ ငါသည် ဤအမှုကို၊ သူတို့၏အမျိုးအနွယ်များ၊ ထို့အတူ မိမိတို့၏ကောင်းချီးမင်္ဂလာများ အဘယ်အရပ်မှ လာသည်ကို နားလည်၍၊ သိကြသူတည်းဟူသော၊ ဣသရေလအမျိုးသားတို့ကို ဂရုစိုက်သည့် တပါးအမျိုးသားတို့ကိုလည်း ဟောပြော၏။
၁၁ အကြောင်းမူကား၊ ထိုကဲ့သို့သောသူများသည် ဣသရေလအမျိုးသားတို့၏ ဘေးဒုက္ခများကြောင့် ဝမ်းနည်းကြလိမ့်မည်။ ထိုမှတစ်ပါး၊ သူတို့သည် ဤလူမျိုးတို့၏ ပျက်စီးခြင်းအတွက် ဝမ်းနည်းကြလိမ့်မည်။ ဤလူမျိုးတို့သည် ယေရှု၏လက်၌ ပွေ့ပိုက်ခံရနိုင်စေခြင်းငှာ နောင်တမရခဲ့ကြလေသည်ကို ဝမ်းနည်းကြလိမ့်မည်။
၁၂ ယခုတွင်၊ ဤအရာတို့ကို ယာကုပ်အမျိုးသားတို့၏ ကျန်ကြွင်းသောသူများအဖို့ ရေးထား၏။ ဤကဲ့သို့အားဖြင့်ပင် ရေးထား၏၊ ဆိုးညစ်ခြင်း ထိုအရာတို့ကို သူတို့ထံသို့ ဆောင်လာလိမ့်မည်မဟုတ်သည်ကို ဘုရားသခင်သိတော်မူသောကြောင့်ပေတည်း။ ထိုအရာတို့ကို သူ၏ကာလအချိန်တန်သောအခါ၌ ထွက်ပေါ်လာကြစေခြင်းငှာ၊ ကိုယ်တော်ရှင်ထံသို့ ဝှက်ထား၏။
၁၃ ဤအရာသည်ကား၊ ငါလက်ခံရရှိသည့် မိန့်မှာတော်မူချက်ပေတည်း။ ရှုဦးလော့၊ ထိုအရာတို့သည် ကိုယ်တော်ရှင်၏ပညတ်တော်အတိုင်း၊ သင့်လျော်မည်ဟု သူ့ ဉာဏ်ပညာတော်ဖြင့် ဆင်ခြင်တော်မူသောအချိန်၌ ထွက်ပေါ်လာလိမ့်မည်။
၁၄ ရှုဦးလော့၊ ယုဒလူမျိုးတို့အထဲရှိ မယုံကြည်သူများထံသို့ ရောက်လိမ့်မည်။ ဤရည်ရွယ်ချက်အတွက် ရောက်လိမ့်မည်ကား—ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်း၊ အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သူတို့ ဖျောင်းဖျ ခံရနိုင်စေခြင်းငှာ၊ ခမည်းတော်သည်၊ ယုဒလူမျိုးတို့ကို၊ သို့မဟုတ် ဣသရေလအမျိုးသားခပ်သိမ်းတို့ကို သူတို့၏ဘုရားသခင်ကိုယ်တော်ရှင် မိမိပဋိညာဉ်ကို ပြီးပြည့်စုံစေသည့်တိုင်အောင် သူတို့ကို ပေးထားတော်မူလေသည့် သူတို့၏အမွေခံရာပြည်သို့ ပြန်လည်ဆောင်ယူရာ၌၊ သူ၏ကြီးမြတ်သည့် ထာဝရအကြံအစည်တော်ကို သူ၏အချစ်ဆုံးသောသူအားဖြင့် ပြီးမြောက်စေခြင်းငှာ၊
၁၅ ထို့အတူ၊ ဤလူမျိုးတို့၏အမျိုးအနွယ်တို့သည် တပါးအမျိုးသားတို့ထံမှ သူတို့ထံ ထွက်သွားမည့် သူ၏ဧဝံဂေလိတရားတော်ကို ပို၍ပြည့်စုံစွာ ယုံကြည်ကြစေခြင်းငှာပေတည်း။ အကြောင်းမူကား၊ ဤလူမျိုးတို့သည် ကွဲပြားပြန့်ကျဲကြလိမ့်မည်။ ထို့အတူ၊ ငါတို့၌ ရှိဖူးပြီဖြစ်သည့်၊ အထူးသဖြင့်၊ လာမန်အမျိုးသားတို့၌ပင် ရှိလေပြီးဖြစ်သည့် ဖော်ပြပြီးသမျှသောသူတို့ထက်ပင်သာ၍ အသားမည်းပြီးလျှင်၊ ညစ်ညမ်း၍၊ ရွံရှာမုန်းတီးစရာကောင်းသောလူမျိုးများ ဖြစ်လာကြလိမ့်မည်။ ဤသို့ဖြစ်ရသည်မှာလည်း၊ သူတို့၏မယုံကြည်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတို့ကြောင့်ပင်တည်း။
၁၆ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူတို့၏ဘိုးဘေးတို့ကို ပဲ့ပြင်ဆုံးမခြင်းမှ ရပ်တန့်တော်မူလေပြီ။ သူတို့သည်လည်း လောကထဲ၌ ခရစ်တော်နှင့် ဘုရားသခင်မပါမရှိဘဲ နေကြ၏။ လေတိုက်သောဖွဲသဖွယ် အရပ်ရပ်သို့လည်း နှင်ထုတ်ခံရကြ၏။
၁၇ သူတို့သည် တစ်ချိန်က နှစ်သက်ဖွယ်သောလူမျိုးများ ဖြစ်ကြ၏၊ သူတို့၏သိုးထိန်းအဖြစ် ခရစ်တော်လည်း ရှိ၏။ အမှန်စင်စစ်၊ သူတို့ကို ဘုရားသခင်တည်းဟူသော ခမည်းတော်အားဖြင့်ပင် ပို့ဆောင်ခံရကြလေ၏။
၁၈ သို့ရာတွင် ယခုမူကား၊ ရှုလော့၊ သူတို့သည် လေတိုက်သွားသောဖွဲသဖွယ်၊ သို့မဟုတ် ရွက်မပါ၊ ကျောက်ဆူးမပါ၊ သို့မဟုတ် ပဲ့ကိုင်ရာတစ်စုံတစ်ခုမျှမပါသည့် သင်္ဘောသည် လှိုင်းတံပိုးတို့အပေါ်၌ လူးလွန့်သကဲ့သို့ စာတန်အားဖြင့် အရပ်ရပ်သို့ ပို့ဆောင် ခံရကြ၏။ သင်္ဘောကဲ့သို့ပင်၊ သူတို့သည်လည်း လူးလွန့်ကြလေသတည်း။
၁၉ ရှုဦးလော့၊ ကိုယ်တော်ရှင်သည် ထိုပြည်၌ သူတို့လက်ခံရရှိနိုင်မည့် သူတို့၏ကောင်းချီးမင်္ဂလာများကို ထိုပြည်ကို ပိုင်ဆိုင်မည့် တပါးအမျိုးသားတို့အတွက် သိမ်းထားတော်မူလေ၏။
၂၀ သို့ရာတွင် ရှုလော့၊ အချိန်တန်လာလတ္တံ့သောအခါ၊ သူတို့သည် တပါးအမျိုးသားတို့အားဖြင့် မောင်းထုတ်ခံရ၍ ကွဲပြားပြန့်ကျဲကြလိမ့်မည်။ တပါးအမျိုးသားတို့အားဖြင့် မောင်းထုတ်ခံရ၍ ကွဲပြားပြန့်ကျဲကြပြီးမှ၊ ရှုလော့၊ ထို့နောက်တွင် ကိုယ်တော်ရှင်သည် အာဗြဟံထံ၊ ထို့အတူ ဣသရေလအမျိုးသားခပ်သိမ်းတို့ထံ သူပြုတော်မူသည့် ပဋိညာဉ်ကို အောက်မေ့တော်မူလိမ့်မည်။
၂၁ ကိုယ်တော်ရှင်သည် သူတို့အတွက် မိမိထံသို့ တောင်းလျှောက်လေပြီးဖြစ်သော ဖြောင့်မတ်သူတို့၏ဆုတောင်းခြင်းများကိုလည်း အောက်မေ့တော်မူလိမ့်မည်။
၂၂ ထို့နောက်တွင်၊ အို အသင်တပါးအမျိုးသားတို့၊ သင်တို့သည် နောင်တရ၍၊ သင်တို့၏ဆိုးသောလမ်းတို့ကို ကျောမခိုင်းကြလျှင်၊ ဘုရားသခင်၏တန်ခိုးတော်ရှေ့၌ အဘယ်သို့ ရပ်နိုင်ကြမည်နည်း။
၂၃ သင်တို့သည် ဘုရားသခင်၏လက်တော်ထဲ၌ ရှိကြကြောင်း သိခြင်းမရှိကြသလော။ သင်တို့သည် သူ့၌ အလုံးစုံသောတန်ခိုးတော်ရှိတော်မူကြောင်း၊ သူ၏ကြီးစွာသောအမိန့်ကြောင့် မြေကြီးသည်လည်း စာလိပ်ကဲ့သို့ လိပ်လိမ့်မည်ဖြစ်ကြောင်း သိခြင်းမရှိကြသလော။
၂၄ ထို့ကြောင့်၊ သင်တို့နောင်တရကြလော့၊ ထို့အတူ သူ့ရှေ့၌ သင်တို့ကိုယ်သင်တို့ နှိမ့်ချကြလော့။ သူသည် သင်တို့တစ်ဖက်၌ အပြစ်ပေးတော်မူခြင်းဖြင့် ထွက်၍မလာစေခြင်းငှာ—ခြင်္သေ့သည် သင်တို့ကို အပိုင်းပိုင်းကိုက်ဖြတ်၍၊ ကယ်လွှတ်သည့်သူအဘယ်သူမျှ မရှိသကဲ့သို့ ယာကုပ်အမျိုးအနွယ်၏ ကျန်ကြွင်းသောသူများ သင်တို့ထံ ထွက်မသွားရကြစေခြင်းငှာပေတည်း။