ကျမ်းစာများ
မော်မုန် ၃


အခန်းကြီး ၃

မော်မုန်သည် နီဖိုင်း​အမျိုးသားတို့အား နောင်တ​ရခြင်းကို ဟစ်​ကြော်၏—သူတို့သည် ကြီးစွာသော အောင်​နိုင်ခြင်းကို ရရှိ၍၊ ကိုယ့်​ခွန်အားကို ချီးမွမ်းကြ၏—မော်မုန်သည် သူတို့ကို ဦးဆောင်ရန် ငြင်း​ပယ်၏၊ သူတို့​အတွက် သူ၏​ဆုတောင်းခြင်းများမှာ ယုံကြည်ခြင်း​မပါဘဲ​ရှိ၏—မော်မုန်​ကျမ်းသည် ဣသရေလ​မျိုးနွယ်စု တစ်ဆယ်​နှစ်​စု​တို့​အား ဧဝံဂေလိ​တရား​တော်ကို ယုံကြည်ရန် ဖိတ်​ခေါ်၏။ အေဒီ ၃၆၀–၃၆၂ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် နောက်​ထပ် ဆယ်​နှစ်​ကုန်​လွန်​သွားသည့်​တိုင်အောင် တစ်​ဖန်​စစ်​မတိုက်ကြ။ ရှုဦးလော့၊ ငါသည် ငါ၏​လူမျိုး နီဖိုင်း​အမျိုးသားတို့ကို တိုက်ပွဲ​ဖြစ်ရာ​အချိန်​အတွက် မိမိတို့၏​ပြည်နှင့် မိမိတို့၏​လက်နက်များကို ပြင်​ဆင်ရာ၌ လုပ်​ကိုင်စေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါ့ကို ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ ဤလူမျိုးတို့ကို ဟစ်​ကြော်​ရမည်မှာ—သင်တို့​နောင်တ​ရကြလော့၊ ငါ့ထံသို့​လာကြလော့၊ သင်တို့ဗတ္တိဇံ​ခံကြလော့၊ ငါ၏​အသင်းတော်ကို တစ်ဖန်​တည်​ထောင်ကြလော့၊ သင်တို့သည် ချမ်း​သာ​ရကြ​လိမ့်မည်။

ငါသည်​လည်း ဤလူမျိုးတို့ကို ဟစ်​ကြော်၏။ သို့ရာတွင်၊ ထိုအမှုမှာ အချည်း​နှီး​ဖြစ်၏။ သူတို့သည် မိမိတို့ကို ချမ်း​သာ​ပေးတော်မူ​၍၊ နောင်တ​ရခြင်းအတွက် အခွင့်ကို ပေးသူမှာ ကိုယ်တော်ရှင်​ဖြစ်တော်မူ​ကြောင်းကို နား​မလည်ကြ။ ရှုဦးလော့၊ သူတို့၏ ဘုရားသခင်​ကိုယ်တော်ရှင်ကို ဆန့်ကျင်၍ သူတို့​စိတ်နှလုံးကို မာကျော​စေကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤဆယ်​နှစ်ကုန်​လွန်​သွား​ပြီးနောက်၊ ခရစ်တော်​ကြွ​လာ​တော်မူခြင်းမှ စုစု​ပေါင်းသုံးရာ​ခြောက်​ဆယ်​နှစ်ကြာသော​အချိန်၌ လာမန်​အမျိုးသားတို့၏​မင်း​ကြီးသည်၊ ငါတို့ကို စစ်​တိုက်ရန် တစ်​ဖန်​လာခြင်းငှာ၊ သူတို့​ပြင်​ဆင်လျက်​ရှိ​ကြောင်း အသိ​ပေး​သည့် အမှာ​စာ​တစ်​စောင်ကို ငါ့​ထံ​ပို့၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါသည် ငါ၏​လူမျိုးတို့ကို တောင်​ဘက်​လားရာ​ပြည်သို့ သွားသည့် ကျဉ်း​မြောင်းသော​လမ်း​အနီး၊ နယ်​နိမိတ်​အရပ်ရှိ မြို့​တစ်မြို့​ဖြစ်သည့် လူ​ဆိတ်​ညံရာ​အရပ်သို့ သူတို့​ကိုယ်​သူတို့ အတူ​တကွ စု​ဝေးစေ၏။

ထိုအရပ်၌၊ ငါတို့သည် ငါတို့၏​တပ်များကို နေရာ​ချကြ၏၊ လာမန်​အမျိုးသားတို့၏​တပ်များကို ဆီး​တား​နိုင်ခြင်းငှာ​၊ ငါတို့၏​ပြည်​တစ်စုံ​တစ်ခုကိုမျှ သူတို့ မရယူနိုင်ကြ​စေခြင်းပေတည်း။ ထို့ကြောင့်၊ ငါတို့သည် ငါတို့၏​တပ်ဖွဲ့​ခပ်သိမ်းတို့ဖြင့် သူတို့​တစ်ဖက်၌ အင်​အား​ခိုင်မာ​စေကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံးရာ​ခြောက်ဆယ်​တစ်နှစ်​မြောက်တွင်၊ လာမန်​အမျိုးသားတို့သည် ငါတို့ကို​စစ်တိုက်ခြင်းငှာ၊ လူဆိတ်ညံရာ​မြို့သို့ ဆင်း​လာကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုနှစ်တွင် ငါတို့သည် သူတို့ကို အနိုင်​ရသဖြင့်၊ သူတို့သည် နေရင်း​ပြည်သို့ တစ်ဖန်​ပြန်​သွားကြ၏။

သုံးရာ​ခြောက်ဆယ်​နှစ်​နှစ်​မြောက်တွင် သူတို့သည် စစ်​တိုက်ခြင်းငှာ တစ်​ဖန်​ဆင်း​လာကြ၏။ ငါတို့​သည်​လည်း သူတို့ကို တစ်​ဖန်​အနိုင်​ရသဖြင့်၊ သူတို့၏​များစွာသော​သူတို့ကို ကွပ်​မျက်၍ အသေ​ကောင်တို့သည်လည်း ပင်လယ်ထဲသို့ ပစ်​ချခံရကြ၏။

ယခုမူကား၊ ငါ၏​လူမျိုး​နီဖိုင်း​အမျိုးသားတို့သည် သူတို့​ပြုသည့် ဤကြီးစွာသော​အမှုကြောင့်၊ သူတို့​ကိုယ်တိုင်၏​ခွန်အား၌ ဝါကြွား​စပြု၍၊ သူတို့​ရန်သူတို့၏​ကွပ်မျက်ခြင်းကို ခံရသော ညီအစ်ကိုတို့၏ အသွေး​အတွက် ကိုယ်တိုင် လက်တုံ့​ပြန်မည့်​အကြောင်း ကောင်းကင်ဘုံ​ရှေ့ ၌ကျိန်​ဆို​စပြုကြ၏။

၁၀ သူတို့သည် မိမိတို့၏​ရန်သူများကို သွား၍​စစ်တိုက်မည့်အကြောင်း၊ ထိုပြည်၏​မျက်​နှာပြင်မှ ပယ်​ရှင်းမည့်​အကြောင်း၊ ကောင်းကင်ဘုံကို တိုင်​တည်၍၊ ထို့အတူ ဘုရားသခင်၏​ပလ္လင်တော်ကိုလည်း​တိုင်​တည်၍ ကျိန်​ဆိုကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤလူမျိုးတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ကြောင့် ငါ​မော်မုန်သည် ယခု​အချိန်မှ​စ၍ သူတို့၏​အကြီး​အကဲနှင့် တပ်​မှူး​အဖြစ်မှ ရှင်း​ရှင်း​ငြင်း​ပယ်၏။

၁၂ ရှုလော့၊ ငါသည် သူတို့ကို ဦးဆောင်၏။ သူတို့၏​ဆိုးညစ်ခြင်းများ ရှိသော်ငြားလည်း၊ သူတို့ကို တိုက်​ပွဲသို့ အကြိမ်​များစွာ​ဦး​ဆောင်၍၊ ငါ့​အထဲ၌​ရှိသည့် ဘုရားသခင်၏​ချစ်ခြင်း​အတိုင်း ငါ၏​စိတ်နှလုံး​အကြွင်းမဲ့ဖြင့် ချစ်၏။ ငါ၏​စိတ်​ဝိညာဉ်သည်လည်း သူတို့​အတွက် ငါ၏​ဘုရားသခင်ထံသို့ ဆုတောင်းခြင်း၌ တစ်နေ့လုံး သွန်း​လောင်း၏။ သို့သော်လည်း၊ သူတို့​စိတ်နှလုံး၏​မာကျောခြင်းကြောင့် ထိုဆုတောင်းခြင်းမှာ ယုံကြည်ခြင်း​မပါဘဲ​ရှိ၏။

၁၃ သုံးကြိမ်​တိုင်အောင် ငါသည် သူတို့ကို သူတို့​ရန်သူများ​လက်မှ ကယ်လွှတ်​သော်လည်း သူတို့သည် သူတို့၏​အပြစ်များမှ နောင်တ​ရခြင်း​မရှိကြ။

၁၄ သူတို့​၏ရန်သူများ​ထံသို့ သွား၍​စစ်​တိုက်ပြီးလျှင်၊ ညီအစ်ကိုတို့၏​အသွေး​အတွက် ကိုယ်တိုင် လက်တုံ့​ပြန်မည်​ဖြစ်ကြောင်း ငါတို့၏ ကိုယ်တော်ရှင်နှင့် ကယ်တင်ရှင်​ယေရှု​ခရစ်တော် တား​မြစ်​ထား​တော်မူသည့် အရာ​မှန်သမျှကို တိုင်​တည်၍ ကျိန်​ဆိုကြသောအခါ၊ ရှုလော့၊ ကိုယ်တော်ရှင်၏​အသံသည် ငါ့ထံသို့ ရောက်​လာ၍၊ မိန့်တော်မူ​လေသည်ကား၊

၁၅ လက်တုံ့​ပြန်ခြင်းမှာ ငါ၏​အမှု​ဖြစ်၏၊ ငါ​ဆပ်​ပေးမည်။ ဤလူမျိုးတို့သည် ငါ သူတို့ကို ကယ်လွတ်​တော်မူလေ​ပြီးနောက် နောင်တ​ရခြင်း​မရှိကြ​သော​ကြောင့်၊ ရှုလော့၊ သူတို့သည် မြေကြီး​မျက်နှာ​ပြင်မှ ပယ်ရှင်း​ခံရ​လိမ့်မည်။

၁၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါသည် ငါ၏​ရန်သူတို့ကို ဆန့်ကျင်၍​တိုက်​ခိုက်ရန် ရှင်း​ရှင်း​ငြင်း​ဆိုခဲ့၏။ ငါ့ကို ကိုယ်တော်ရှင်​မိန့်မှာ​တော်မူသည့် အတိုင်းပင် ဆောင်​ရွက်၏။ ငါသည် ဖြစ်​လာမည့်​အရာတို့ အကြောင်းကို သက်​သေခံသည့် ဝိညာဉ်တော်၏ ထင်​ရှားစွာ ပြတော်မူခြင်းတို့​အတိုင်း၊ ငါ​မြင်ရ၊ ကြား​ရသော​အရာတို့ကို လောကသို့ ထင်​ရှားစွာ​ပြရန် ရပ်ကြည့်​သက်​သေ​တစ်ဦး အဖြစ်ရှိခဲ့၏။

၁၇ ထို့ကြောင့်၊ ငါသည် အသင် တပါး​အမျိုးသားတို့ထံသို့ ရေး၏။ အသင်​ဣသရေလ​အမျိုးသားတို့​ထံသို့​လည်း ရေး၏၊ အမှုတော်ကို စတင်သော​အချိန်၌ သင်တို့သည် သင်တို့၏​အမွေခံရာ​ပြည်သို့ ပြန်​သွားရန် ပြင်​ဆင်ရ​ပေတော့​မည်။

၁၈ ထိုမှတစ်ပါး၊ ရှုလော့၊ ငါသည် မြေကြီး​စွန်းသား ခပ်သိမ်းတို့​ထံသို့၊ ထိုမှတစ်ပါး၊ ယေရှု ယေရုရှလင်​နယ်မြေ၌ သူ၏​တပည့်တော်​များ​အဖြစ် ရွေး​ကောက်​ထားတော်မူသည့် တစ်ဆယ် နှစ်ပါးသော သူတို့​အားဖြင့် သင်တို့၏ အကျင့်များ​အတိုင်း တရား​စီရင် ခံရကြမည့် အသင်​ဣသရေလ​မျိုးနွယ်စု​တစ်ဆယ်​နှစ်​စုတို့ထံသို့ ရေး၏။

၁၉ ဤပြည်၌ ယေရှုက ရွေး​ကောက်​တော်မူသည့် တစ်ဆယ်​နှစ်ပါးသော​သူတို့​အားဖြင့် တရား​စီရင် ခံရကြမည့် ဤလူမျိုးတို့၏​ကျန်ကြွင်းသော​သူတို့​အဖို့ကိုလည်း ရေး၏။ ထိုတစ်ဆယ်​နှစ်ပါး​သည်လည်း ယေရှု​ယေရုရှလင်​နယ်မြေ၌ ရွေး​ကောက်​တော်မူသော​သူ အခြား​သော​တစ်ဆယ်​နှစ်ပါးတို့​အားဖြင့် တရား​စီရင် ခံရကြ​လိမ့်မည်။

၂၀ ဤအရာတို့​ကိုလည်း ဝိညာဉ်တော်သည် ငါ့ကို ထင်ရှားစွာ ပြတော်မူ၏။ ထို့ကြောင့်၊ ငါသည် ခပ်သိမ်းသော သင်တို့ထံသို့ ရေး၏။ ဤအကြောင်းရင်းကြောင့်၊ ငါသည် သင်တို့ထံသို့ရေး၏၊ သင်တို့​အားလုံး၊ အမှန်​စင်​စစ်၊ အာဒံ၏ လူသား​မိသားစုဝင်​အယောက်​တိုင်း ခရစ်တော်၏​တရား​ပလ္လင်​ရှေ့ ၌ ရပ်​ရမည့်အကြောင်း၊ ထို့အတူ၊ သင်တို့သည် အကျင့်များ ကောင်း​သည်​ဖြစ်စေ၊ ဆိုးသည်​ဖြစ်စေ ထိုအကျင့်များ​အတွက် တရား​စီရင်ခံရစေရန် ရပ်ရ​မည့်အကြောင်းကို သိနိုင်ကြ​စေခြင်းငှာ​ပေတည်း။

၂၁ သင်တို့၌​ရှိမည့် ယေရှု​ခရစ်တော်၏​ဧဝံဂေလိ​တရားတော်ကို ယုံကြည်​နိုင်​စေခြင်းငှာ​လည်း​ဖြစ်၏။ ထို့အတူ ယုဒ​လူမျိုးတို့၊ ကိုယ်တော်ရှင်၏​ပဋိညာဉ်​ခံ​လူမျိုးတို့သည် သူတို့​ကွပ်မျက်သည့် ထိုယေရှုအား မှန်သော​ခရစ်တော်နှင့် မှန်သော​ဘုရားသခင် ဖြစ်​တော်မူလေ​ကြောင်း သူတို့​မြင်ရ၊ ကြား​ရသည့်သူတည်းဟူသော သူ့အပြင် အခြားသော​သက်သေကို ရ​ရှိကြ​စေခြင်းငှာ​လည်းဖြစ်၏။

၂၂ ထို့အတူ၊ ငါသည် ခပ်သိမ်းသော အသင်​မြေကြီး​စွန်းသား​တို့ကို နောင်တ​ရ​စေရန်နှင့် ခရစ်တော်၏​တရားပလ္လင်​ရှေ့၌ ရပ်ဖို့ ပြင်​ဆင်​စေရန် ဖျောင်းဖျ​နိုင်ခြင်းငှာ အလို​ရှိ၏။

ပုံနှိပ်သည်