ကျမ်းစာများ
မော်မုန် ၆


အခန်းကြီး ၆

နီဖိုင်း​အမျိုးသားတို့သည် နောက်​ဆုံး​တိုက်ပွဲ​အတွက်၊ ကူမော်ရ​တောင်ကုန်းသို့ စု​ဝေးကြ၏—မော်မုန်သည် သန့်​ရှင်း​မွန်​မြတ်​သော မှတ်တမ်းများကို ကူမော်ရ​တောင်ကုန်း၌ ဝှက်​ထား၏—လာမန်​အမျိုးသားတို့သည် အောင်​မြင်​ကြ၏၊ နီဖိုင်း​ပြည်​ပျက်စီး၏—ရာပေါင်း၊ ထောင်​ပေါင်းမျာ​စွာသော​သူတို့သည် ဓားဖြင့် ကွပ်​မျက်​ခံရ၏။ အေဒီ ၃၈၅ ခန့်။

ယခုမူကား၊ ငါသည် ငါ၏​လူမျိုး​နီဖိုင်း​အမျိုးသားတို့၏ ပျက်စီးခြင်းနှင့်​စပ်လျဉ်းသည့် ငါ၏​မှတ်တမ်းကို လက်​စ​သတ်၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် လာမန်​အမျိုး​သားတို့​ရှေ့မှ ချီ​တက်ကြ၏။

ငါ၊ မော်မုန်​သည်လည်း လာမန်​အမျိုးသားတို့၏ မင်းကြီး​ထံသို့ အမှာ​စာ​တစ်စောင်ကို ရေး၍၊ ငါတို့၏​လူတို့ကို ကူမော်ရဟု ခေါ်သော​တောင်ကုန်း​အနီးရှိ ကူမော်ရ​ပြည်သို့ အတူတကွ စုဝေး​နိုင်ကြ​စေခြင်းငှာ၊ အခွင့်​ပေးပါမည့်​အကြောင်း တောင်း​ဆို၏။ ငါတို့​သည် ထိုအရပ်၌ သူတို့ကို စစ်တိုက်​နိုင်ကြ​ပေမည်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လာမန်​အမျိုးသား​တို့၏​မင်း​ကြီးသည် ငါ​တောင်းဆိုသည့်​အရာတို့ကို ငါ့အား ပေး၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် ကူမော်ရ​ပြည်သို့ ချီ​တက်​ကြပြီးလျှင်၊ ကူမော်ရ​တောင်​ကုန်း​ပတ်လည်၌ ငါတို့၏​တဲများကို ဆောက်ကြ၏။ ထိုပြည်​သည်လည်း များစွာသော​ရေများ၊ မြစ်များနှင့် စမ်း​ရေတွင်းများ​ရှိရာ​ပြည် ဖြစ်၏။ ငါတို့​သည် ဤအရပ်၌ လာမန်​အမျိုးသားတို့​အပေါ် အခွင့်​သာခြင်း​ရရန် မျှော်​လင့်ခြင်း​ရှိ၏။

သုံးရာရှစ်​ဆယ်လေးနှစ် ကုန်​လွန်​သွားသော​အချိန်၌ ငါတို့သည် ငါတို့​လူမျိုးတို့၏ ကျန်​ကြွင်းသော​သူ​ခပ်သိမ်းတို့ကို ကူမော်ရ​ပြည်သို့ စု​ဝေးကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် ခပ်သိမ်းသော ငါတို့၏​လူမျိုး​တို့ကို ကူမော်ရ​ပြည်သို့ တစ်လုံး​တစ်ဝတည်း စုဝေးကြ​ပြီးသော​အချိန်၌၊ ရှုလော့၊ ငါ​မော်မုန်သည် အိုမင်း​စပြု​လာ၏။ ငါ့​လူမျိုးတို့၏​နောက်ဆုံး ရုန်း​ကန်ခြင်း​ဖြစ်မည်ကို သိသော​ကြောင့်လည်း​ကောင်း၊ ငါတို့​ဘိုး​ဘေးတို့ လက်​ဆင့်​ကမ်း​ပေးခဲ့သည့်၊ သန့်ရှင်း​မွန်​မြတ်သော မှတ်​တမ်းများကို လာမန်​အမျိုးသားတို့၏​လက်​တွင်းသို့ ကျရောက်ရန် အခွင့်​မပေး​ရမည့်​အကြောင်း (အကြောင်း​မူကား၊ လာမန်​အမျိုးသားတို့သည် ထိုမှတ်တမ်းများကို ဖျက်ဆီးလိမ့်မည်) ကိုယ်တော်ရှင်၏ မိန့်မှာတော်မူခြင်းကို ခံထား​ရလျက်​ရှိသောကြောင့်​လည်းကောင်း၊ ထို့ကြောင့် ငါသည် နီဖိုင်း၏​ပုရပိုက်​ပြားများဖြင့် ဤမှတ်တမ်းကို ပြုစု၍၊ ငါ့​သားမော်ရော်နိုင်းသို့ ငါ​ပေးသည့် ဤအနည်းငယ်သော ပုရပိုက်ပြားများ​မှတစ်ပါး၊ ကိုယ်တော်ရှင်၏​လက်တော်​အားဖြင့် ငါ့​ထံသို့ ယုံကြည်​လွှဲအပ်​လေသည့် အလုံး​စုံသော​မှတ်တမ်းများကို ကူမော်ရ​တောင်ကုန်း၌ ဝှက်​ထား၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ မိမိတို့၏ ဇနီးများနှင့် သားသမီးများတို့ဖြင့် အတူ​ရှိသည့် ငါ၏​လူမျိုးတို့သည် ယခုတွင်၊ လာမန်​အမျိုးသားတို့၏​တပ်များ သူတို့​ဆီသို့ ချီတက်​လာနေသည်ကို မြင်ကြ၏။ ဆိုးညစ်သော​သူတို့၏​ရင်ကို ပြည့်​စေသည့် သေခြင်း​အကြောင်း ကြောက်​ရွံ့ဖွယ်​ကောင်းသော အကြောက်​တရားဖြင့်လည်း၊ သူတို့ကို တိုက်​ခိုက်ခြင်းငှာ စောင့်​နေကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ငါတို့ကို လာ၍​စစ်​တိုက်ကြ၏၊ သူတို့၏​အရေ​အတွက်များခြင်းကြောင့်၊ အယောက်တိုင်း ကြောက်​စိတ်နှင့် ပြည့်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ငါ၏​လူမျိုးများကို ဓားဖြင့်၊ ထို့အတူ လေးဖြင့်၊ ထို့အတူ မြားဖြင့်၊ ထို့အတူ ပုဆိန်ဖြင့်၊ ထို့အတူ အမျိုး​မျိုးသော စစ်​တိုက်ရာ​လက်​နက်တို့ဖြင့် တိုက်​ခိုက်ကြ၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါ၏​လူတို့သည် အထူးသဖြင့်၊ ငါနှင့်​အတူ​ရှိသည့် ငါ၏​လူတစ်​သောင်းသည်ပင် ခုတ်​ချ​ခံရ၏၊ ငါသည်လည်း ဒဏ်ရာ​ရ၍ သူတို့​အလယ်၌ လဲကျ၏။ ထိုသူတို့​သည်လည်း ငါ့​အနီးမှ ကျော်လွန်သွားကြသဖြင့် ငါ့​အသက်ကို အဆုံး​မစီ​ရင်ကြ။

၁၁ သူတို့​သည်လည်း ဖြတ်​ကျော်​သွား၍၊ ငါတို့​နှစ်​ဆယ်လေးဦး (ထိုသူတို့၌ ငါ့​သား မော်ရော်နိုင်း ပါဝင်၏) မှတစ်ပါး၊ ငါ၏​လူ​ခပ်သိမ်းတို့ကို ခုတ်​ချလေသောအချိန်၌၊ ငါတို့သည် ငါတို့၏​လူမျိုးတို့​သေရာမှ အသက်​ရှင်​ကျန်​ရစ်ကြ၏၊ နက်​ဖြန်​နေ့၌ လာမန်​အမျိုး​သားများ သူတို့၏​တပ်​စခန်းများသို့ ပြန်​လာကြ​သည့် အချိန်​တွင်၊ ငါ​ရှေ့မှ ဦးဆောင်သည့်၊ ခုတ်​ချ​ခံရသူ ငါ၏​လူ​အယောက်​တစ်သောင်းကို ကူမော်ရ​တောင်​ထိပ်မှ မြင်ကြ၏။

၁၂ ငါ့သား မော်ရော်နိုင်း​အားဖြင့် ဦး​ဆောင်သည့် ငါ၏​လူ​အယောက်​တစ်သောင်းကိုလည်း မြင်ကြ၏။

၁၃ ရှုဦးလော့၊ ဂိဂိဒေါန၏​အယောက်​တစ်သောင်း​သည်လည်း ကျဆုံး၏၊ သူသည်​လည်း ထိုသူတို့​အလယ်၌ ရှိ၏။

၁၄ လာမသည်လည်း သူ၏​လူ​တစ်သောင်းနှင့်​အတူ ကျဆုံး၏။ ဂိလဂါလ​သည်​လည်း သူ၏​လူ​တစ်​သောင်းနှင့်​အတူ ကျဆုံး၏။ လင်မဟ​သည်လည်း သူ၏​လူ​တစ်သောင်းနှင့်​အတူ ကျဆုံး၏။ ယေနေရုံ​သည်လည်း သူ၏​လူ​တစ်သောင်းနှင့်​အတူ ကျဆုံး၏။ ထို့အတူ ကူမင်နီဟ၊ ထို့အတူ မော်ရော်နိဟ၊ ထို့အတူ အန္တိယောနုံ၊ ထို့အတူ ရှိဗလုံ၊ ထို့အတူ ရှေမ၊ ထို့အတူ ယောရှတို့​သည်လည်း သူတို့၏​လူ​တစ်သောင်း​အသီး​သီးနှင့်​အတူ ကျဆုံးကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့၏​လူ​တစ်သောင်း​အသီးသီးနှင့်​အတူ ဓားဘေးဖြင့် ကျဆုံးသူ နောက်ထပ် အကြီး​အကဲ ဆယ်​ဦး​ရှိ​သေး၏။ အမှန်​စင်​စစ်၊ ငါနှင့်​အတူ​ရှိသည့် ထိုနှစ်ဆယ်​လေးဦး၊ ထို့အတူ တောင်​ဘက်​တိုင်း​ပြည်များထဲသို့ လွတ်​မြောက်​သွားသူ အနည်းငယ်၊ ထို့အတူ လာမန်​အမျိုးသားများ​ထံသို့ ကူး​ပြောင်း​သွားသူ အနည်းငယ်တို့​မှတစ်ပါး၊ ငါ၏​လူ​အားလုံးတို့ ကျ​ဆုံးကြ၏။ သူတို့၏ အသား၊ အရိုးနှင့် အသွေးတို့သည် သူတို့ကို ကွပ်မျက်​သူတို့၏ လက်​အားဖြင့် ထိုပြည်​ပေါ်၌ ပုပ်ပျက်စေရန်၊ ပြို​ကျ​ပျက်စီး၍၊ သူတို့၏​အမိ မြေကြီးသို့ ပြန်​သွားစေခြင်းငှာ စွန့်​ပစ်​ထားခံရလျက် မြေကြီး​မျက်နှာ​ပြင်​ပေါ်၌ ကျလျက် ရှိလေ​သတည်း။

၁၆ ငါ၏​လူမျိုးတို့အထဲမှ ကွပ်​မျက်​ခံရသူများကြောင့်၊ ငါ၏​စိတ်ဝိညာဉ်​သည်လည်း ပြင်းစွာ​သော​ဝေဒနာနှင့် ကွဲကြေ၍ ငါ​ဟစ်​ကြွေး​လေသည်ကား၊

၁၇ အို အသင် ချောမောသော​သူတို့၊ သင်တို့သည် ကိုယ်တော်ရှင်၏​လမ်းစဉ်များမှ အဘယ်သို့​အားဖြင့် စွန့်ခွာ​နိုင်ကြ​လေသနည်း။ အို အသင် ချောမောသော​သူတို့၊ သင်တို့ကို လက်ခံရန် ဖွင့်​ထားသော​လက်များဖြင့် ရပ်သည့် ယေရှုကို အသင်တို့သည် အဘယ်သို့​အားဖြင့် ငြင်း​ပယ်နိုင်ကြ​လေသနည်း။

၁၈ ရှုလော့၊ သင်တို့သည် ဤသို့ မပြုကြလျှင်၊ ကျဆုံးမည်​မဟုတ်။ သို့ရာတွင် ရှုလော့၊ သင်တို့​ကျဆုံး၍၊ ငါသည် သင်တို့​ဆုံး​ရှုံးရခြင်းကြောင့် ငိုကြွေး​မြည်​တမ်း၏။

၁၉ အို အသင် ချောမောသော သားသမီးများတို့၊ အသင် အဘများနှင့် အမိများတို့၊ အသင် ခင်ပွန်းများနှင့် ဇနီးများတို့၊ အသင် ချောမောသော​သူများတို့၊ အသင်တို့သည် အဘယ်သို့​အားဖြင့် ကျဆုံး​နိုင်ကြ​လေ​ပြီနည်း။

၂၀ သို့ရာတွင် ရှုလော့၊ အသင်တို့ သွားလေ​ပြီ​ဖြစ်၍၊ ငါ၏​ဝမ်း​နည်းခြင်းများက သင်တို့၏​ပြန်​လာခြင်းကို မဖြစ်​စေနိုင်။

၂၁ ထို့အတူ သင်တို့၏ သေခြင်း​ရှိသော​ကိုယ်က သေခြင်း​မရှိရာကို ခြုံရမည့်နေ့ မကြာ​မြင့်မီ ကျရောက်​လာ၏၊ ယခု ပုပ်​ပျက်၍၊ ပျက်စီး​နေသည့် ဤကိုယ်ခန္ဓာတို့သည် မကြာ​မြင့်​မီတွင် မပုပ်​ပျက်​တတ်​သော ကိုယ်ခန္ဓာများ ဖြစ်​လာ​ရမည်။ ထို့နောက်တွင်၊ သင်တို့သည် သင်တို့၏ အကျင့်များ​အတိုင်း တရား​စီရင်​တော်မူခြင်းကို ခံရကြစေရန် ခရစ်တော်၏​တရား​ပလ္လင်ရှေ့၌ ရပ်ရကြရမည်။ သင်တို့သည် ဖြောင့်​မတ်ကြလျှင်၊ သင်တို့၏​ရှေ့မှ သွားနှင့်​လေ​ပြီး​ဖြစ်သော သင်တို့၏​ဘိုးဘေးတို့နှင့်​အတူ ကောင်း​ချီး​မင်္ဂလာကို ခံစားရ​ကြ၏။

၂၂ အို အသင်တို့သည် ဤကြီးစွာသော ပျက်စီးခြင်း သင်တို့​အပေါ်သို့ မကျ​ရောက်​လာမီက နောင်တ​ရ​သင့်​ပေ၏။ သို့ရာတွင် ရှုလော့၊ သင်တို့​သွားကြ​လေပြီ၊ အဘ၊ အမှန်စင်စစ်၊ ကောင်းကင်၏​ထာဝရ​အဘသည် သင်တို့၏​အခြေ​အနေကို သိ၏။ သူ၏​တရား​တော်မူခြင်းနှင့် ကရုဏာတော်တို့​အတိုင်း သင်တို့ကို ပြု​တော်မူ၏။

ပုံနှိပ်သည်