အခန်းကြီး ၇
မော်မုန်သည် နောက်ပိုင်းကာလလာမန်အမျိုးသားတို့အား ခရစ်တော်ကို ယုံကြည်ရန်၊ သူ၏ဧဝံဂေလိတရားတော်ကို လက်ခံရန်၊ ထို့အတူ ကယ်တင်ခြင်းသို့ ရောက်ကြစေရန် ဖိတ်ခေါ်၏—သမ္မာကျမ်းကို ယုံကြည်သောသူခပ်သိမ်းတို့သည် မော်မုန်ကျမ်းကိုလည်း ယုံကြည်ကြလိမ့်မည်။ အေဒီ ၃၈၅ ခန့်။
၁ ယခုမူကား၊ ရှုလော့၊ ငါသည် ဤလူမျိုးတို့၏ ကျန်ကြွင်းသည့် အသက်ရှင်လျက်ရှိသောသူတို့အား အတော်အသင့် ပြောလို၏။ သူတို့ဘိုးဘေးတို့၏အမှုများအကြောင်းကို သူတို့သိနိုင်ကြစေခြင်းငှာ၊ ဘုရားသခင်က ငါ၏စကားများကို သူတို့အား ဖော်ပြတော်မူမည်ဆိုလျှင်၊ ထိုမှတစ်ပါး၊ ငါသည် ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူ သင်တို့ကို ဟောပြော၏။ ငါဟောပြောသည့် ဤစကားများသည်ကား၊
၂ သင်တို့သည် ဣသရေလအမျိုးသားများ ဖြစ်ကြောင်းကို သိကြလော့။
၃ သင်တို့သည် နောင်တရခြင်းသို့ လာရမည့်အကြောင်းကို သိကြလော့။ သို့မဟုတ်လျှင် ကယ်တင်ခြင်းသို့ မရောက်နိုင်ကြ။
၄ သင်တို့သည် သင်တို့၏စစ်တိုက်ရာလက်နက်များကို ချရမည့်အကြောင်းကို သိကြလော့၊ အသွေးသွန်းလောင်းခြင်း၌ မမွေ့လျော်ကြတော့နှင့်။ သင်တို့ကို ဘုရားသခင်မမိန့်တော်မူလျှင်၊ ထိုလက်နက်များကို တစ်ဖန် မကိုင်ဆောင်ကြနှင့်။
၅ သင်တို့သည် သင်တို့ဘိုးဘေးတို့၏အကြောင်းကို သိခြင်းသို့ ရောက်ရမည့်အကြောင်းကို သိကြလော့၊ ထို့အတူ၊ သင်တို့၏ ခပ်သိမ်းသော အပြစ်များနှင့် ဒုစရိုက်များမှ နောင်တရကြလော့၊ ယေရှုခရစ်တော်အား၊ ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်း၊ သူသည် ယုဒလူမျိုးတို့အားဖြင့် ကွပ်မျက်ခံရကြောင်း၊ ခမည်းတော်၏တန်ခိုးတော်အားဖြင့် တစ်ဖန်ထမြောက်တော်မူ၍၊ ထိုနည်းအားဖြင့် သင်္ချိုင်းအပေါ် အောင်နိုင်၍၊ သေခြင်း၏နာကျင်မှုကို သူ့အားဖြင့် ကျော်လွှားရကြောင်း ယုံကြည်ကြလော့။
၆ သူသည် သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကိုလည်း ဖြစ်ပေါ်စေ၏၊ ထိုနည်းအားဖြင့်၊ လူသားသည် သူ့တရားပလ္လင်ရှေ့၌ ရပ်၍ရန် ထမြောက်ရမည်။
၇ သူသည် လောကအား ရွေးနှုတ်ခြင်းကိုလည်း ဖြစ်ပေါ်စေ၍၊ ထိုနည်းအားဖြင့်၊ တရားစီရင်တော်မူရာနေ့၌ သူ့ရှေ့တွင် အပြစ်ကင်းကြောင်း တွေ့ရသောသူအား အဆုံးမရှိသည့် ပျော်ရွှင်ခြင်းအခြေအနေ၌ တစ်ပါးတည်းသောဘုရားသခင်ဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ထံသို့ မရပ်နားသော ချီးမွမ်းခြင်းကို အထက်ရှိ ဓမ္မတေးသံစုံကျူးအဖွဲ့နှင့် သီဆိုခြင်းငှာ ဘုရားသခင်၏မျက်မှောက်တော် သူ၏နိုင်ငံတော်တွင် နေထိုင်ရန် အခွင့်ပေးတော်မူပေမည်။
၈ ထို့ကြောင့်၊ နောင်တရလော့။ ခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံလော့။ ထို့အတူ၊ သင်တို့ရှေ့၌ ချထားမည့်၊ ဤမှတ်တမ်း၌သာလျှင်မဟုတ်ဘဲ၊ တပါးအမျိုသားတို့ထံမှ သင်တို့ဆီသို့ ရောက်ရှိလာမည့်မှတ်တမ်းတည်းဟူသော ယုဒလူမျိုးတို့ထံမှ တပါးအမျိုးသားများထံသို့ ရောက်ရှိလာမည့် မှတ်တမ်း၌လည်းရှိသည့် ခရစ်တော်၏ဧဝံဂေလိတရားတော်ကို လက်ခံလိုက်နာကြလော့။
၉ အကြောင်းမူကား၊ ရှုလော့၊ ထိုမှတ်တမ်းကို သင်တို့ ယုံကြည်နိုင်စေခြင်းငှာဟူသော ရည်ရွယ်ချက်ဖြင့် ဤမှတ်တမ်းကို ရေးထား၏။ သင်တို့သည် ထိုမှတ်တမ်းကို ယုံကြည်ကြမည်ဆိုလျှင်၊ ဤမှတ်တမ်းကိုလည်း ယုံကြည်ကြပေမည်။ ထို့အတူ၊ သင်တို့သည် ဤမှတ်တမ်းကို ယုံကြည်ကြမည်ဆိုလျှင်၊ သင်တို့ဘိုးဘေးတို့အကြောင်းနှင့် သူတို့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ပြုပြင်စီရင်ထားတော်မူသည့် အံ့ဩဖွယ်ကောင်းသောအမှုများအကြောင်းကိုလည်း သိကြလိမ့်မည်။
၁၀ ထို့အတူ၊ သင်တို့သည် ယာကုပ်အမျိုးအနွယ်၏ ကျန်ကြွင်းသောသူများဖြစ်ကြောင်းကိုလည်း သိကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် ပထမပဋိညာဉ်ခံလူမျိုးတို့၌ ရေတွက်ခံရကြ၏။ သင်တို့သည် ခရစ်တော်၌ ယုံကြည်၍၊ ငါတို့ကယ်တင်ရှင်၏ ပုံသက်သေနောက်သို့လိုက်၍၊ သူမိန့်မှာလေသည့်အတိုင်း ပထမဦးဆုံး၌ ရေဖြင့်၊ ထို့နောက်တွင် မီးနှင့် သန့်ရှင်းသောဝိညာဉ်တို့အားဖြင့် ဗတ္တိဇံခံလျှင်၊ တရားစီရင်တော်မူရာနေ့၌ ချမ်းသာရကြလိမ့်မည်။ အာမင်။