ကျမ်းစာများ
မော်မုန် ၈


အခန်းကြီး ၈

လာမန်​အမျိုးသားတို့သည် နီဖိုင်း​အမျိုးသားတို့ကို လိုက်၍​ရှာပြီးလျှင် ဖျက်​ဆီးကြ၏—မော်မုန်​ကျမ်းသည် ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် ပေါ်​ထွက်​လာ​လိမ့်မည်—ကိုယ်တော်ရှင်၏​အမှုတော်တို့ကို ဆန့်​ကျင်၍၊ ပြင်းစွာ​အမျက်​ထွက်၍၊ ရန်​တွေ့ကြ​သော​သူများ​အပေါ်သို့ အမင်္ဂလာကို သက်​ရောက်စေ၏—ဆိုးညစ်ခြင်း၊ အကျင့်​ပျက်ခြင်းနှင့် ဖောက်​ပြန်​သင်း​ကွဲခြင်းတို့​ရှိရာ​ကာလ၌ နီဖိုင်း​လူမျိုး၏​မှတ်တမ်း ပေါ်​ထွက်​လိမ့်မည်။ အေဒီ ၄၀၀–၄၂၁ ခန့်။

ရှုလော့၊ ငါ​မော်ရော်နိုင်းသည် ငါ၏​အဘ​မော်မုန်၏​မှတ်​တမ်းကို လက်​စသတ်၏။ ရှုလော့၊ ငါ့မှာ ရေးစရာ အနည်းငယ်သာ​ရှိ၏၊ ထိုအရာတို့သည်ကား ငါ၏အဘ​အားဖြင့် ငါ​မိန့်မှာ​ခံထား​ရသော​အရာများ ဖြစ်၏။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ကူမော်ရ၌ ကြီးစွာသော အံ့ဩ​တုန်​လှုပ်​ဖွယ်​တိုက်​ပွဲ၏​နောက်တွင်၊ ရှုလော့၊ တောင်​ဘက်​လားရာ​တိုင်း​ပြည်သို့ ထွက်​ပြေးကြ​သည့် နီဖိုင်း​အမျိုး​သားတို့သည် အားလုံး ပျက်​စီးသည့်​တိုင်​အောင် လာမန်​အမျိုးသားတို့၏ လိုက်​ရှာခြင်းကို ခံရ၏။

ငါ၏​အဘ​သည်လည်း ထိုသူတို့​အားဖြင့် အသတ်​ခံရ၍၊ ငါ​တစ်ယောက်​တည်း​သာလျှင်၊ ငါ့​လူမျိုးတို့​ပျက်​စီးခြင်း​အကြောင်း ဝမ်းနည်း​ဖွယ်​အဖြစ်​အပျက်များကို ရေးရန် အသက်​ရှင်လျက် ကျန်​ရစ်၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့ သေကြ​လေပြီ။ ငါ​သည်​လည်း ငါ့​အဘ၏​မိန့်မှာချက်ကို ပြီးပြည့်စုံ​စေ၏။ ငါ့ကို သူတို့​ကွပ်မျက်မည်၊ မကွက်​မျက်​မည်ကို သိခြင်း​မရှိ။

ထို့ကြောင့် ငါသည် မှတ်​တမ်းများကို ရေး၍ မြေကြီး​ထဲ၌ ဝှက်​ထားမည်။ အဘယ်​အရပ်သို့ ငါ​သွားသည်​ဖြစ်စေ အရေး​မကြီး။

ရှုလော့၊ ငါ၏​အဘသည် ဤမှတ်​တမ်းကို ပြုခြင်းငှာ​ဟူသော ရည်ရွယ်ချက်​ဖြင့် ရေး​လေ၏။ ရှုဦးလော့၊ ငါသည် ထိုပုရပိုက်​ပြားများ​အပေါ်၌ ရေး​စရာ​နေရာ​ရှိလျှင်၊ ထိုရည်​ရွယ်ချက်ဖြင့် ရေး​လို​သော်​လည်း နေရာ​မရှိ။ ငါ့​တွင် သတ္တုရိုင်းလည်း တစ်ခု​မျှ​မရှိ။ အကြောင်း​မူကား၊ ငါသည် တစ်ဦး​တည်း ဖြစ်၏။ ငါ၏​အဘနှင့် ငါ၏​ဆွေ​မျိုး​သားချင်း​ခပ်သိမ်းတို့ တိုက်ပွဲ၌ ကွပ်​မျက်​ခံရ၍၊ ငါ့၌ အဆွေ​ခင်ပွန်းလည်း​မရှိ၊ သွား​စရာ​နေရာလည်း​မရှိ။ ငါ​အသက်​ရှင်​နိုင်​စေမည့်​အကြောင်း၊ ကိုယ်တော်ရှင် အဘယ်​မျှ​ကြာအောင် အခွင့်​ပေးမည်​ကိုလည်း ငါ​သိခြင်း​မရှိ။

ရှုလော့၊ ငါတို့၏ ကိုယ်တော်ရှင်​ကယ်တင်ရှင် ကြွ​လာ​တော်မူ​သည်မှ နှစ်​ပေါင်း​လေးရာ ကုန်​လွန်​သွား၏။

ရှုဦးလော့၊ လာမန်​အမျိုး​သားတို့သည် ငါ၏​လူမျိုး​နီဖိုင်း​အမျိုး​သားတို့ကို တစ်မြို့မှ တစ်မြို့၊ တစ်​နေရာမှ တစ်​နေရာသို့ လိုက်၍​ရှာ၍၊ တစ်ဦး​မျှ​မကျန်တော့သည့်​တိုင်​အောင်ပင် သတ်​ကြ၏။ သူတို့၏​ကျ​ဆုံးခြင်း​မှာ​လည်း ကြီး​မား၏။ ထိုမှတစ်ပါး၊​ကြီး​မား၍ အံ့ဩဖွယ်​ကောင်း​သည်မှာ၊ ငါ၏​လူမျိုး​နီဖိုင်း​အမျိုးသားတို့၏ ပျက်စီးခြင်း​ပေတည်း။

ရှုဦးလော့၊ ထိုအမှုကို ပြု​သည်မှာ ကိုယ်တော်ရှင်၏​လက်​တော်​ပေတည်း။ တစ်ဖန်​ရှုဦးလော့၊ လာမန်​အမျိုး​သားတို့​သည် အချင်းချင်း စစ်​တိုက်ကြ၏။ ဤပြည်၏​မျက်နှာ​ပြင်​တစ်ခု​လုံး​သည်လည်း လူ့​အသက်​သတ်ခြင်းနှင့် အသွေး​သွန်း​လောင်းခြင်းတို့၏ အဆက်​မပြတ်သော မြင်​ကွင်း​ဖြစ်၏။ စစ်​တိုက်ခြင်း၏​ပြီး​ဆုံးခြင်းကို အဘယ်​သူမျှ​မသိ။

ယခု​မူကား၊ ရှုလော့၊ ငါသည် သူတို့​အကြောင်းကို မပြောတော့။ အကြောင်း​မူကား၊ ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်၌ အသက်​ရှင်သူ လာမန်​အမျိုး​သားများနှင့် ဓားပြတို့​မှတစ်ပါး၊ တစ်ဦးမျှ​မရှိ​တော့။

၁၀ လူတို့၏​ဆိုးညစ်ခြင်း​အလွန်​ကြီးမား၍၊ လူတို့နှင့် အတူ​ဆက်၍​နေရစ်​စေရန် ကိုယ်တော်ရှင် အခွင့်​မပေးမည့်​သူ​တည်း​ဟူသော ထိုပြည်၌ နေရစ်သည့် ယေရှု၏​တပည့်တော်​တို့​မှတစ်ပါး၊ မှန်သော​ဘုရားသခင်ကို​သိသောသူ တစ်ဦးမျှ​မရှိ။ ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်၌ သူတို့​ရှိ​မရှိ​ကိုလည်း အဘယ်​သူမျှ​မသိ။

၁၁ သို့ရာတွင်၊ ရှုလော့၊ ငါ၏​အဘနှင့် ငါသည် ထိုသူတို့ကို မြင်​ရ၏၊ သူတို့​သည်​လည်း ငါတို့ကို အမှု​တော်​ဆောင်ကြ၏။

၁၂ ဤမှတ်​တမ်းကို လက်​ခံရ​ရှိ၍၊ ၎င်း​တွင်​ရှိသည့် မစုံ​လင်ခြင်းတို့​ကြောင့် အပြစ်မ​တင်မည့်​သူမှန်သမျှသည် ဤအရာတို့​ထက် သာ၍​ကြီးစွာသော​အရာတို့​အကြောင်းကို သိ​လိမ့်မည်။ ရှုလော့၊ ငါသည် မော်ရော်နိုင်း​ဖြစ်၏။ ဖြစ်နိုင်လျှင်၊ ငါသည် ခပ်သိမ်းသော​အရာတို့ကို သင်တို့အား ဖော်​ပြ​လို၏။

၁၃ ရှုလော့၊ ငါ​သည် ဤလူမျိုးတို့​အကြောင်း ပြော​ဆိုခြင်းကို လက်​စ​သတ်၏။ ငါသည် မော်မုန်၏​သား​ဖြစ်၏၊ ငါ၏​အဘသည်လည်း နီဖိုင်း၏​အမျိုး​အနွယ်​တစ်ဦး​ဖြစ်၏။

၁၄ ထို့အတူ၊ ငါသည်၊ ကိုယ်​တော်ရှင်​အဖို့ ဤ​မှတ်​တမ်းကို ဝှက်​ထား​သူ​လည်း ဖြစ်၏။ ကိုယ်​တော်​ရှင်၏​ပညတ်တော်ကြောင့်၊ ထိုမှတ်​တမ်း​ရှိ​ပုရပိုက်​ပြားများ​သည် ငွေ​ကြေး​တန်​ဖိုး​မရှိ။ အကြောင်း​မူကား၊ အကျိုး​အမြတ်​ရရန် ထို​မှတ်​တမ်းများကို အဘယ်​သူမျှ ပိုင်​ဆိုင်​ရလိမ့်မည်​မဟုတ်​ကြောင်းကို သူ​အမှန်​ပင်​မိန့်တော်မူ၏။ သို့ရာတွင်၊ ထိုမှတ်​တမ်း​များ​သည် ကြီး​စွာ​အဖိုး​ထိုက်၏။ ထိုမှတ်တမ်းကို အလင်း​သို့​ဆောင်​သော​သူမှန်​သမျှကို ကိုယ်တော်ရှင်​ကောင်း​ချီး​ပေးတော်​မူ​လိမ့်မည်။

၁၅ ဘုရားသခင်​ထံမှ ပေး​ထား​တော်မူခြင်း​မရှိလျှင်၊ ထို​အရာကို အလင်း​သို့​ဆောင်ရန် တန်ခိုး အဘယ့်​သူ့မှာမျှ မရှိနိုင်။ အကြောင်း​မူကား၊ ဘုရားသခင်သည် မိမိ​ဘုန်း​တော်​ထင်​ရှားဖို့ကိုသာ၊ သို့မဟုတ် ရှေး​ကာလ​ကြာ​မြင့်စွာ​ကတည်းက ကွဲ​ပြား​ကြသည့် ကိုယ်တော်ရှင်၏​ပဋိညာဉ်​ခံ​လူမျိုးတို့၏ ကောင်း​ကျိုး​အတွက်သာ မျက်စိစူးစိုက်မှုဖြင့် ပြီး​မြောက် စေလိုတော်မူ၏။

၁၆ ဤအရာကို အလင်းသို့ ဆောင်​မည့်​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ ဘုရားသခင်၏​နှုတ်​ကပတ်တော်​အတိုင်း ထိုအရာကို မှောင်​မိုက်​ထဲမှ​နေ၍၊ အလင်းသို့ ထုတ်​ဆောင်​လိမ့်မည်။ ထိုမှတစ်ပါး၊ ၎င်းကို မြေကြီး​ထဲမှ ထုတ်​ဆောင်​မည်​ဖြစ်၍၊ မှောင်​မိုက်ခြင်း၏​အပြင်သို့​တောက်​ပ​၍၊ လူတို့၏​သိခြင်းသို့ ရောက်​လိမ့်​မည်။ ထို​အမှုကို ဘုရားသခင်၏​တန်​ခိုး​တော်​အား​ဖြင့် ပြု​လိမ့်မည်။

၁၇ အမှားများ​ရှိလျှင်​လည်း၊ ထို​အမှား​တို့​သည် လူ​သား၏​အမှားများ ဖြစ်၏။ သို့​ရာ​တွင်၊ ရှုလော့၊ ငါတို့​သည် အမှားကို မသိ​ကြ။ သို့​သော်​လည်း၊ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို သိ​တော်​မူ​၏။ ထို့ကြောင့်၊ ပြစ်​တင်​ရှုတ်​ချသော​သူကို ငရဲ​မီး၏​အန္တရာယ်သို့ မရောက်​စေခြင်းငှာ၊ သတိ​ရှိ​စေလော့။

၁၈ ငါ့ကို ပြလော့၊ သို့မဟုတ်လျှင် သင်သည် ပြင်းစွာ​အရိုက်​ခံရ​လိမ့်မည်—ဟု ဆိုသော​သူအား ကိုယ်တော်ရှင်​တား​မြစ်​ထား​တော်​မူ​သော​အရာကို ကျပ်​တည်း​စွာ​မမှာ​ကြား​စေခြင်းငှာ သတိ​ပြု​စေလော့။

၁၉ အကြောင်း​မူကား၊ ရှုလော့၊ သတိနှင့်​မဆင်​ခြင်​ဘဲ​တရား​စီရင်သော​သူသည် တစ်ဖန် သတိနှင့်​မဆင်​ခြင်​ဘဲ​တရား​စီရင် ခံရ​လိမ့်မည်။ အကြောင်း​မူကား၊ သူ၏​အကျင့်များ​အတိုင်း၊ သူ၏​အဖိုး​အခကို ရလိမ့််မည်။ ထို့ကြောင့်၊ ပြင်းစွာ​ရိုက်သော​သူသည် ကိုယ်တော်ရှင်​အားဖြင့် တစ်​ဖန်​ပြင်း​စွာအ​ရိုက် ခံရ​လိမ့်မည်။

၂၀ ကျမ်းစာ​လာ​သည်​ကား—လူ​သား​သည် ပြင်းစွာ​မရိုက်ရ။ တရားလည်း​မစီရင်ရ။ အကြောင်း​မူကား၊ တရား​စီရင်ခြင်းမှာ ငါ၏​အမှု​ဖြစ်၍၊ လက်တုံ့​ပြန်ခြင်း​သည်​လည်း ငါ၏​အမှု​ဖြစ်သဖြင့် ငါ​ဆပ်​ပေးမည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၂၁ ကိုယ်တော်ရှင်၏​အမှုတော်ကို ဆန့်ကျင်၍၊ ထို့အတူ ဣသရေလ​အမျိုးသားများ​ဖြစ်သူ ကိုယ်တော်ရှင်၏​ပဋိညာဉ်​ခံလူမျိုးတို့ကို ဆန့်ကျင်၍ ပြင်းစွာ​အမျက်​ထွက်ပြီး ရန်​တွေ့သောသူ ဆိုလိမ့်မည်ကား၊ ငါတို့သည် ကိုယ်တော်ရှင်၏ အမှုများကို ဖျက်​ဆီးကြမည်။ ကိုယ်တော်ရှင်​သည်​လည်း ဣသရေလ​အမျိုးသားတို့ထံ ပြု​ထားသည့် သူ၏​ပဋိညာဉ်ကို အောက်​မေ့​တော်​မူ​လိမ့်မည်​မဟုတ်—ထိုသူသည် ခုတ်​လှဲ၍ မီးထဲသို့ ပစ်ချခံရသည့် အန္တရာယ်သို့ ရောက်၏။

၂၂ အကြောင်း​မူကား၊ ကိုယ်တော်ရှင်၏ ထာဝရ​အကြံ​အစည်​တော်သည် သူ၏​ခပ်သိမ်းသော ကတိတော်တို့ကို ပြီးပြည့်​စုံ​စေသည့်​တိုင်အောင် ဆက်၍​ဖြစ်​ပွား​တော်မူ​လိမ့်မည်။

၂၃ ဟေရှာယ၏ ပရောဖက်​ပြု​ဟောချက်​များကို စေ့​စေ့​ဖတ်​ရှုကြ​လော့။ ရှုလော့၊ ထိုအရာတို့ကို ငါ​မရေးနိုင်။ ထို​မှတစ်ပါး၊ ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်​ကား၊ ငါ့​ရှေ့မှ သွားနှင့်​လေသည့်​သူတည်း​ဟူသော၊ ဤပြည်ကို ပိုင်​ဆိုင်​သူများ တောင်း​လျှောက်ကြ​လိမ့်မည်။ အမှန်​စင်​စစ်၊ သူတို့သည် မြေ​မှုန့်​ထဲမှပင် ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်ကြ​လိမ့်မည်။ ကိုယ်တော်ရှင်​သည်လည်း အသက်​ရှင်​တော်​မူ​သည့်​အတိုင်း၊ သူတို့နှင့် ပြု​တော်မူသည့် ပဋိညာဉ်ကို အောက်​မေ့တော်မူ​လိမ့်မည်။

၂၄ ထို့အတူ၊ သူတို့၏​ဆုတောင်းခြင်း​များမှာ သူတို့​ညီအစ်ကိုတို့​အတွက် ဖြစ်​ကြောင်း​ကို​လည်း သိ​တော်​မူ၏။ သူ၏​နာမတော်​အားဖြင့် တောင်​များကို သူတို့​ရွှေ့​နိုင်ကြ​သော​ကြောင့် သူတို့၏​ယုံကြည်ခြင်း​ကိုလည်း သိ​တော်​မူ၏။ သူ၏​နာမတော်​အား​ဖြင့် သူတို့​သည် မြေကြီးကို တုန်​လှုပ်​စေနိုင်ကြ၏။ သူ့ နှုတ်​ကပတ်တော်၏ တန်ခိုး​အားဖြင့်၊ သူတို့သည် ထောင်များကို မြေကြီးသို့ ပြို​ကျစေ၏။ အမှန်​စင်စစ်၊ မီး​ပြင်း​ဖိုတို့​သည်ပင် သူတို့ကို မထိ​ခိုက်​စေနိုင်။ တော​သား​ရဲ​တို့​သည်​လည်း​ကောင်း၊ အဆိပ်​ရှိ​သော​မြွေတို့​သည်​လည်း​ကောင်း သူ့ နှုတ်​ကပတ်တော်၏​တန်ခိုး​တော်​ကြောင့်၊ သူတို့ကို မထိ​ခိုက်​နိုင်​ကြ။

၂၅ ရှုဦး​လော့၊ သူတို့၏​ဆုတောင်းခြင်း​များမှာ၊ ဤ​အရာတို့ကို ဖော်​ပြ​စေခြင်းငှာ ကိုယ်တော်ရှင်​အခွင့်​ပေးတော်မူမည့်​သူ​အတွက်လည်း ဖြစ်၏။

၂၆ ထို့အရာများ ဖြစ်​လာမည်​မဟုတ်ဟု အဘယ်​သူမျှ ပြော​စရာ​မလို။ အကြောင်း​မူကား၊ ထိုအရာများ ဧကန်​အမှန်​ဖြစ်​လာ​ပေမည်။ ထိုအရာကို ကိုယ်တော်ရှင်​မိန့်တော်မူ​လေပြီ။ ကိုယ်တော်ရှင်၏​လက်​တော်​အားဖြင့်၊ ထိုအရာတို့သည် မြေ​ကြီး​ထဲမှ ထွက်​လာကြ​လိမ့်မည်။ ထို​အမှုကို အဘယ်​သူမျှ မဟန့်​တားနိုင်။ အလွန်​တရာ​အံ့ဩဖွယ်​အမှုများ ရပ်​စဲ​သွားကြ​ပြီဟု ဆို​လိမ့်​မည်​ဖြစ်သော​ကာလ၌ ထိုအမှု​ဖြစ်​လာ​လိမ့်မည်။ တစ်​စုံ​တစ်​ယောက်​သော​သူက သေရာမှ ပြော​သကဲ့သို့ပင် ထို​အမှု​ဖြစ်​လာ​လိမ့်မည်။

၂၇ လျှို့​ဝှက်ဂိုဏ်း​များ​နှင့် မှောင်​မိုက်ခြင်း​အမှု​များ​ကြောင့် သန့်​ရှင်း​သူတို့၏​အသွေး ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်မည့်​ကာလ၌ ထိုအမှု​ဖြစ်​လာ​လိမ့်​မည်။

၂၈ ထိုမှတစ်ပါး၊ ဘုရားသခင်၏​တန်ခိုးတော်ကို ငြင်းဆိုမည့်၊ ထို့အတူ အသင်းတော်​တို့သည် ဖောက်​ပြန်​လာ၍၊ မိမိမာန​စိတ်​နှလုံးဖြင့် ဘဝင်​မြင့်​သည့် ကာလ၊ ထို​မှတစ်ပါး၊ အမှန်​စင်​စစ်၊ အသင်းတော်​တို့​၏ အကြီး​အကဲ​များနှင့် ဆရာများသည် မိမိတို့​အသင်းတော်များနှင့် မဆိုင်သော​သူများကို ဂုဏ်​ပြိုင်ခြင်းသို့​တိုင်​အောင်​ပင် မိမိမာန​စိတ်​နှလုံးဖြင့် မြင့်​တက်​လာမည့်​ကာလ၌ ထိုအမှု ဖြစ်​လာ​လိမ့်မည်။

၂၉ ထို့​အပြင်၊ တပါး​တိုင်း​ပြည်တို့၌ မီးလျှံများ၊ ထို့အတူ မိုး​သက်​မုန်တိုင်းများ၊ ထို့အတူ မီးခိုး​ထုတို့​အကြောင်းကို ကြား​ရမည့်​ကာလ၌ ထိုအမှု ဖြစ်​လာလိမ့်မည်။

၃၀ စစ်​တိုက်ခြင်းများ၊ စစ်​တိုက်ခြင်း​အကြောင်း​သတင်း​စကားများနှင့် အရပ်ရပ်တို့၌ မြေ​ကြီး​လှုပ်ခြင်း​အကြောင်းတို့​ကို​လည်း ကြား​ရလိမ့်မည်။

၃၁ ထို​မှတစ်ပါး၊ မြေ​ကြီးမျက်​နှာ​ပြင်​ပေါ်၌ ကြီး​စွာသော ညစ်​ညူးခြင်းများ ရှိမည့်​အချိန်​တွင်၊ လူ့​အသက်​သတ်ခြင်းများ၊ ထို့အတူ လု​ယူခြင်းများ၊ ထို့အတူ မု​သား​ပြောခြင်းများ၊ ထို့အတူ၊ လှည့်​စားခြင်းများ၊ ထို့အတူ မတရားသော​မေ​ထုန်​အမှုများ၊ ထို့အတူ အမျိုး​မျိုးသော စက်ဆုပ်​ရွံရှာဖွယ်​အမှုများ ရှိ​လိမ့်မည်။ ဤသို့​ပြုလော့၊ သို့​မဟုတ် ထိုသို့​ပြုလော့၊ အဘယ်​သို့​ပြု​သည်​ဖြစ်စေ အရေး​မကြီး။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်သည် ထိုကဲ့သို့သော​သူတို့ကို နောက်​ဆုံးသော​နေ့၌ ထောက်​ခံတော်မူ​လိမ့်မည်ဟု ဆိုမည့်သူ များစွာ​တို့ ရှိ​မည့်​အချိန်​တွင်၊ ထိုအမှု ဖြစ်​လာ​လိမ့်မည်။ သို့ရာတွင်၊ ထိုကဲ့သို့​သော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ ထို​သူတို့သည် ခါး​စွာသော​သည်း​ခြေ၌​လည်း​ကောင်း၊ ဒုစရိုက်​အနှောင်​အဖွဲ့တို့၌​လည်း​ကောင်း ရှိကြ၏။

၃၂ ထိုမှတစ်ပါး၊ ငါ့​ထံသို့ လာကြလော့၊ သင်တို့​ငွေ​ပေးလျှင်၊ သင်တို့၏ အပြစ်များအတွက် ခွင့်လွှတ်ခံရ​လိမ့်မည်ဟု ဆိုမည့်​အသင်း​တော်​များကို တည်​ထောင်​သည့်​ကာလ၌ ထိုအမှု ဖြစ်​လိမ့်မည်။

၃၃ အို အသင် ဆိုး​ညစ်၍၊ ဖောက်​ပြန်၍၊ လည်​ပင်း​ခိုင်​မာသော​လူမျိုးတို့၊ သင်တို့​သည် သင်တို့​ကိုယ်​တိုင်​အဖို့ အကျိုး​အမြတ်​ရခြင်းငှာ၊ အဘယ့်​ကြောင့် အသင်း​တော်တို့​ကို တည်​ထောင်ကြ​လေသနည်း။ သင်တို့​သည် သင်တို့​စိတ်​ဝိညာဉ်​အပေါ်သို့ အပြစ်​ဒဏ်​ရောက်ခြင်းကို ဖြစ်​ပေါ်​နိုင်စေ​ကြောင်း ဘုရားသခင်၏ သန့်​ရှင်းသော​နှုတ်​ကပတ်တော်ကို အဘယ်​ကြောင့် ပြောင်း​လဲကြ​လေ​သနည်း။ ရှုလော့၊ သင်တို့​သည် ဘုရားသခင်၏ ဗျာဒိတ်​တော်​များ​ကို မှီ​ခို​အား​ကိုး​လော့။ အကြောင်း​မူကား၊ ရှုလော့၊ ဤ​အရာခပ်သိမ်းတို့ကို ပြီး​ပြည့်​စုံ​စေ​ရမည့် နေ့ရက်၌ ထိုကာလ ရောက်​လာလိမ့်မည်။

၃၄ ရှုလော့၊ သင်တို့၌ ဤအရာများ ဖြစ်​လာမည့် ထို​ကာလ၌​မကြာ​မြင့်မီ ကျ​ရောက်​လာမည့်​အရာတို့နှင့်​စပ်လျဉ်းသော ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အရာတို့ကို ငါ့​အား ကိုယ်တော်ရှင် ပြ​တော်မူ​လေ၏။

၃၅ ရှုလော့၊ ငါသည် သင်တို့​ဤအရပ်၌ ရှိ​လေသကဲ့သို့ ပြော​ဆို​သော်​လည်း သင်တို့​မရှိ​ကြ။ သို့ရာတွင်၊ ရှုလော့၊ ငါ့ကို ယေရှု​ခရစ်တော်​ပြ​လေတော်မူ၍၊ ငါသည် သင်တို့​အကျင့်များကို သိ၏။

၃၆ ငါသည် သင်တို့၏​မာန​စိတ်​နှလုံးသို့ သင်တို့​လိုက်ကြ​သည်ကို သိ၏။ ထို့အတူ၊ အလွန်​တင့်​တယ်သော​အဝတ်တို့ကို ဝတ်​ဆင်ခြင်းသို့​တိုင်​အောင်၊ ဂုဏ်​ပြိုင်ခြင်း၊ ထို့အတူ ရန်​တွေ့ခြင်း၊ ထို့အတူ ရန်​ငြိုး​ထားခြင်း၊ ထို့အတူ ညှဉ်း​ဆဲခြင်း၊ ထို့အတူ အမျိုး​မျိုးသော​ဒုစရိုက်များသို့ ရောက်သည့်​တိုင်​အောင် မိမိမာန​စိတ်​နှလုံးဖြင့် သူတို့​ကိုယ်​သူတို့ ဘဝင်​မမြင့်သူ အနည်း​ငယ်​မှတစ်ပါး အဘယ်​သူမျှ​မရှိ။ သင်တို့၏​အသင်းတော်များသည်၊ အမှန်​စင်​စစ် အသင်းတော်​တိုင်းသည် သင်တို့​၏မာနစိတ်နှလုံး​ကြောင့်၊ ညစ်​ညူး​လာကြ​လေပြီ​တကား။

၃၇ အကြောင်း​မူကား၊ ရှုလော့၊ သင်တို့သည် ဆင်းရဲ​သားများနှင့် ချို့တဲ့​သော​သူများ၊ ဖျားနာ​သူ​များ​နှင့် ဒုက္ခ​ရောက်​သူများကို ချစ်​သည်​ထက် ငွေ၊ ထို့အတူ သင်တို့၏ ဥစ္စာ၊ ထို့အတူ သင်တို့၏ တင့်တယ်သော အဝတ်များ၊ ထို့အတူ သင်တို့​အသင်းတော်၏​တန်​ဆာ​ဆင်ခြင်းတို့ကို သာ၍ ချစ်ကြ၏။

၃၈ လှိုက်စားမည့်​အရာ​အတွက် သင်တို့​ကိုယ်​သင်တို့ ရောင်းကြသူ အို အသင် ညစ်​ညူးသော​သူတို့၊ အသင် သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူတို့၊ အသင် ဆရာတို့၊ သင်တို့သည် ဘုရားသခင်၏​သန့်​ရှင်းသော​အသင်းတော်ကို အဘယ်​ကြောင့် ညစ်​ညူး​စေကြ​သနည်း။ သင်တို့​အပေါ်၌ ခရစ်တော်၏​နာ​မတော်ကို ခံယူရန် အဘယ့်​ကြောင့် ရှက်ကြ​သနည်း။ အဘယ်တော့မျှ မသေသည့် ဝမ်းနည်း​ပူဆွေးခြင်း​ထက်၊ အဆုံး​မရှိသည့်​ပျော်​ရွှင်ခြင်း၏​တန်ဖိုးက သာ၍​ကြီး​မြတ်​သည်ဟု အဘယ့်​ကြောင့် မထင်​မှတ်ကြ​သနည်း—လောက၏​ချီး​မွမ်းခြင်းကြောင့်လော။

၃၉ သင်တို့​ကိုယ်​သင်တို့ အသက်​မရှိသော​အရာဖြင့် တန်​ဆာ​ဆင်ကြ​သော်​လည်း၊ မွတ်​သိပ်​သော​သူများ၊ ထို့အတူ ချို့​တဲ့​သော​သူများ၊ ထို့အတူ အဝတ်​မရှိသော​သူများ၊ ထို့အတူ ဖျား​နာ​သော​သူ​များနှင့် ဒုက္ခ​ရောက်​သော​သူများတို့​အား အဘယ့်​ကြောင့် သင်တို့​အနီးမှ ဖြတ်​သွားရန် အခွင့်​ပေး၍၊ ဂရု​ပြုခြင်း မရှိကြ​သနည်း။

၄၀ ထို​မှတစ်ပါး၊ သင်တို့သည် အကျိုး​အမြတ်​ရရန် သင်တို့၏​လျှို့​ဝှက်သော စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို အဘယ်​ကြောင့်၊ တည်​ထောင်၍၊ မုဆိုး​မတို့ကို ကိုယ်တော်ရှင်​ရှေ့၌ ငို​ကြွေး​မြည်​တမ်း​စေကြ၊ ထို့အတူ၊ မိဘ​မဲ့​သူ​ငယ်တို့ကို၊ ကိုယ်တော်ရှင်​ရှေ့၌ ငို​ကြွေး​မြည်​တမ်း​စေကြ၊ ထို့အတူ လက်တုံ့ပြန်ခြင်းကို သင်တို့၏​ဦးခေါင်း​ပေါ်​ကျ​ရောက်​စေရန် သူတို့၏​အဘများနှင့် သူတို့​ခင်ပွန်းတို့၏​အသွေးကို မြေ​ကြီးမှ​နေ၍ ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်​စေကြ​သနည်း။

၄၁ ရှုလော့၊ လက်တုံ့​ပြန်ခြင်း​ဓားသည် သင်တို့​အပေါ်၌ မိုး​လျက်​ရှိ၏။ သန့်​ရှင်း​သူတို့၏​အသွေး​အတွက် သင်တို့​အပေါ်သို့ သူ​လက်​တုံ့​ပြန်မည့်​အချိန်သည် မကြာ​မြင့်မီ ကျ​ရောက်​လာပေ​မည်။ အကြောင်း​မူကား၊ သူသည် သူတို့၏​တောင်း​လျှောက်ခြင်း​များ​ကို နောက်​ထပ်၍ အခွင့်​ပေးမည်​မဟုတ်​တော့။

ပုံနှိပ်သည်