ခရစ်တော်၌ တလုံးတဝတည်းဖြစ်ကြလော့
ယေရှုခရစ်တော်အပေါ် ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းရဲ့ သစ္စာရှိမှု နဲ့ချစ်ခြင်းဖြင့်သာ ကျွန်တော်တို့တစ်လုံးတစ်ဝတည်းဖြစ်ကြဖို့မျှော်လင့်နိုင်ပါတယ်။
ဥက္ကဋ္ဌ ဒေါ်လန် အိပ်ချ် အုတ်ခ်စ် ပြောခဲ့သလိုပါပဲ၊ ဒီနေ့ဟာ သန့်ရှင်းသောရက်သတ္တပတ်၏အစဖြစ်တဲ့ စွန်ပလွံတနင်္ဂနွေနေ့ဖြစ်ပြီး၊ ယေရုရှလင်မြို့သို့ ကိုယ်တော်ရှင်၏အောင်ပွဲဝင်ရောက်မှု၊ ဂေသရှေမန်တွင် ကိုယ်တော်၏ဆင်းရဲဒုက္ခခံစားကာ ရက်ပိုင်းအကြာတွင် ကားတိုင်ပေါ်တွင်အသေခံခြင်းနှင့် ပသခါပွဲတနင်္ဂနွေတွင် ဘုန်းကြီးသောရှင်ပြန်ထမြောက်ခြင်းကို အမှတ်အသားပြုပါတယ်။ ကျွန်တော်တို့ကိုရွေးနှုတ်ရန် ခရစ်တော်ဘယ်လိုသည်းခံခဲ့တယ်ဆိုတာ ဘယ်တော့မှမမေ့ကြပါနဲ့။၁ သင်္ချိုင်းမှ သူ၏အောင်ပွဲနှင့် ရှင်ပြန်ထမြောက်ခြင်းဆုကျေးဇူးကိုဆင်ခြင်ရင်း ပသခါပွဲမှာခံစားရမယ့်ကြီးမားသောဝမ်းမြောက်ခြင်းကို ဘယ်တော့မှ မဆုံးရှုံးကြပါစေနဲ့။
သူတို့စောင့်ကြိုနေတဲ့ တရားစီရင်မှုနဲ့ ကားစင်တင်မခံရခင်မှာ ယေရှုဟာသူရဲ့တမန်တော်တွေနဲ့ ပသခါစားပွဲမှာပါဝင်ခဲ့ပါတယ်။ ဤနောက်ဆုံးညစာအဆုံးတွင်၊ မြင့်မြတ်သောဆုတောင်းမှုတစ်ခု၌ ယေရှုက ခမည်းတော်အား ဤစကားများဖြင့် အသနားခံခဲ့ပါတယ်၊ “သန့်ရှင်းတော်မူသောအဘ၊ကိုယ်တော်နှင့် အကျွန်ုပ်သည်တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အားပေးတော်မူသောဤသူတို့သည်[ကျွန်ုပ်၏တမန်တော်တို့]ဖြစ်ရပါမည်အကြောင်း၊သူတို့ကိုကိုယ်တော်၏နာမ၌တည်စေတော်မူပါ။”၂
အဲ့ဒီနောက်မှာ၊ ယုံကြည်သူတွေအားလုံးပါဝင်ဖို့ ကယ်တင်ရှင်ကသူရဲ့အသနားခံမှုကိုထပ်တိုးခဲ့ပါတယ်။
“ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည်မဟုတ်ပါ၊ သူတို့ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကိုယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏၊
“ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှာငါဆုတောင်းပါ၏။”၃
တစ်လုံးတစ်ဝတည်းဖြစ်လာစေခြင်းသည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်နှင့် ဘုရားသခင်နှင့်သူ၏သားသမီးများဆက်ဆံရေးတွင် ထပ်တလဲလဲဖြစ်ပေါ်တဲ့အကြောင်းအရာဖြစ်ပါတယ်။ ဧနောက်ခေတ် ဇိအုန်မြို့နှင့်စပ်လျဥ်း၍၊ “သူတို့သည် နှလုံးသားတစ်ခုနှင့် စိတ်တစ်ခု၌ ရှိကြလေ၏၊” ဟုပြောထားပါတယ်။၄ ယေရှုခရစ်တော်၏အသင်းတော်မှ အစောပိုင်းသန့်ရှင်းသူများအကြောင်းကို ဓမ္မသစ်ကျမ်းမှာမှတ်တမ်းတင်ထားပါတယ်၊ “ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံးတညီတညွတ်တည်းရှိကြသည်။”၅
ကျွန်တော်တို့ရဲ့ ကာလမှာ၊ ကိုယ်တော်ရှင်ကနှိုးဆော်ထားပါတယ်၊ “သင်တို့ကို ငါဆိုသည်ကား၊ တစ်လုံးတစ်ဝတည်းရှိကြလော့။ သင်တို့သည် တစ်လုံးတစ်ဝတည်း မရှိကြလျှင်၊ ငါ၏လူများမဟုတ်။”၆ မစ်ဇရီပြည်မှ ရှေးဦးသန့်ရှင်းသူများက ဇိအုန်အရပ် တည်ထောင်ရန်အဘယ်ကြောင့်ကျရှုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဘုရားသခင်ပေးသောအကြောင်းအရာများထဲတွင်၊ သူတို့ဟာ “ဆီလက်ရှယ်လ်နိုင်ငံတော်ဥပဒေမှ လိုအပ်သည့် စည်းလုံးခြင်းအတိုင်းလည်း မပေါင်းစည်းကြ”၇ တာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စိတ်နှလုံးတို့အားလုံးတွင်ဘုရားသခင်လွှမ်းမိုးသောအခါ လူတို့အားဤကဲ့သို့ဖော်ပြပါတယ်။ “ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံသူများအဖြစ်တစ်လုံးတစ်ဝတည်းသာရှိကြ၏။”၈
ရှင်ပြန်ထမြောက်သောကယ်တင်ရှင် ရှေးခေတ်မော်မုန်ကျမ်းစာလူတို့ထံ ထင်ရှားပြတဲ့အခါမှာ၊ ယခင်က ဗတ္တိဇံခံခြင်းနှင့် အခြားကိစ္စများနှင့်ပတ်သက်၍ လူတို့ကြားတွင်အငြင်းပွားမှုများကို မနှစ်သက်ကြောင်း အလေးထားပြောခဲ့ပါတယ်။ သူမိန့်မှာခဲ့ပါတယ်၊
“သင်တို့၌ ယခင်ကရှိသကဲ့သို့ ငြင်းခုံခြင်းများ မရှိရ။ သင်တို့၌ ယခင်ကရှိသကဲ့သို့ ငါ၏ဩဝါဒအချက်များနှင့်စပ်လျဉ်း၍လည်း ငြင်းခုံခြင်းများမရှိရ။
“အကြောင်းမူကား၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ရန်တွေ့ခြင်းစိတ်သဘောရှိသူသည် ငါ၏လူမဟုတ်၊ ရန်တွေ့ခြင်း၏အဘဖြစ်သည့် နတ်ဆိုး၏လူသာဖြစ်၏။”၉
အလွန်အငြင်းပွားနေတဲ့ကမ္ဘာမှာ၊ အထူးသဖြင့် “သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး”၁၀ သာရှိတဲ့အသင်းတော်မှာ စည်းလုံးမှု ဘယ်လိုရရှိနိုင်မလဲ။ ရှင်ပေါလုကကျွန်တော်တို့ကိုအဓိကသော့ချက်ကိုပေးထားပါတယ်။
“ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။
“ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။”၁၁
ကျွန်တော်တို့တွေဟာ ကွဲပြားလွန်းတာကြောင့် တစ်ခါတစ်ရံမှာ အခြေခံသဘောတတရားတစ်ခုအပေါ်မှာ သို့မဟုတ် အမည်နာမတစ်ခုရဲ့အောက်မှာအတူရှိဖို့ သဘောထားကွဲပြားမှုတွေရှိကြပါတယ်။ ယေရှုခရစ်တော်ထံမှာသာ ကျွန်တော်တို့တစ်လုံးတစ်ဝတည်းရှိနိုင်ကြပါတယ်။
တစ်လုံးတစ်ဝဖြစ်လာဖို့ တစ်ယောက်ချင်းစီကနေ စပါတယ်၊ ကျွန်တော်တို့ ကိုယ်ကိုယ်တိုင်စတင်ကြရပါမယ်။ ကျွန်တော်တို့ဟာ အသွေးအသားနှင့်ဝိညာဉ် နှစ်ခုလုံးနဲ့တည်ဆောက်ထားကြတယ့်သူတွေဖြစ်ပြီး တစ်ခါတစ်ရံမှာ ကျွန်တော်တို့ကိုယ်တွင်း၌ စစ်ပွဲဖြစ်တတ်ကြပါတယ်။ ရှင်ပေါလု ဖော်ပြထားသလိုပါပဲ၊
“ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်တို့နှစ်သက်၏။
“သို့သော်လည်း ငါ့[ကိုယ်ခန္ဓာ]ကိုယ်အင်္ဂါများ၌ ရှိသောတရားတပါးသည် စိတ်ဝိညာဥ်တရားကိုဆိုင်ပြိုင် တိုက်လှန်၏သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသောအပြစ်တရားလက်သို့ င့ါကိုဘမ်းသွားအပ်နှံသည်ကို ငါမြင်၏။”၁၂
ယေရှုကလည်းအသွးအသားနဲ့ ဝိညာဥ်ရှိတဲ့သူတစ်ယောက်ပါ။ သူစမ်းသပ်ခံခဲ့ရတယ်၊ သူနားလည်ပါတယ်၊ ကျွန်တော်တို့ကိုယ်တွင်းစည်းလုံးခြင်းရှိအောင်ကူညီနိုင်ပါတယ်။၁၃ ဒါကြောင့်၊ ခရစ်တော်ရဲ့အလင်းနဲ့ကျေးဇူးတော်ကိုအာရုံစိုက်ပြီး ကျွန်တော်တို့ရဲ့စိတ်ဝိညာဥ်နဲ့ သန့်ရှင်းသောဝိညာဥ်တော်ကို ရုပ်ပိုင်းဆိုင်ရာအပေါ်လွှမ်းမိုးထားနိုင်ရန်ကြိုးစားကြပါတယ်။ ကျွန်တော်တို့ အမှားလုပ်တဲ့အခါ၊ ခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက နောင်တရရန်ဆုကျေးဇူးနှင့် နောက်တဖန်ပြန်ကြိုးစားဖို့ အခွင့်အရေးကိုပေးပါတယ်။
ကျွန်တော်တို့အယောက်ချင်းစီတိုင်းက “ခရစ်တော်ကို ယူတင်ဝတ်ဆောင်” ပါက၊ တစ်လုံးတစ်ဝတည်းဖြစ်လာဖို့အတူမျှော်လင့်နိုင်ပြီး၊ ရှင်ပေါလုဟောခဲ့သကဲ့သို့၊ “ခရစ်တော်၏ကိုယ်ခန္ဓာ” ဖြစ်နိုင်ကြပါတယ်။၁၄ “ခရစ်တော်ကိုယူတင်ဝတ်ဆောင်”ရန်အတွက် သူ၏ “ကြီးမြတ်သော ပထမပညတ်တော်” ကို၁၅ ကျွန်တော်တို့ရဲ့ ပထမနှင့်အကြီးမြတ်ဆုံးကတိတော်ဖြစ်ရန် ပြုလုပ်ရမှာဖြစ်ပြီး၊ ဘုရားသခင်ကိုချစ်ပါက၊ သူရဲ့ပညတ်တော်များကိုစောင့်ထိန်းကြရပါမယ်။၁၆
ပထမပညတ်နဲ့ဆက်စပ်လျက်ရှိတဲ့—တခြားသူများကိုမိမိကိုယ်ကိုယ်ကဲ့သို့ချစ်ပါဟူသော—ဒုတိယပညတ်တော်ကိုလိုက်နာတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ညီအကိုမောင်နှမတွေနဲ့ ခရစ်တော်၏ကိုယ်ခန္ဓာမှာ စည်းလုံးဖို့တိုးတက်နိုင်ပါတယ်။၁၇ ကယ်တင်ရှင်ရဲ့ ဤဒုတိယပညတ်တော်ဖြစ်တဲ့—ကိုယ်ကိုကိုယ်ချစ်သလို အချင်းချင်းချစ်ကြရုံသာမကဘဲ သူ ကျွန်တော်တို့ကိုချစ်သလို တပါးသူများကိုချစ်ပါဟူသော မြင့်မြတ်သန့်ရှင်းတဲ့စကားကို လိုက်နာပါက ပို၍ပြီးပြည့်စုံသောစည်းလုံးမှုကို ရရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။၁၈ အနှစ်ချုပ်အားဖြင့်၊ “လူတိုင်းသည် မိမိနှင့်စပ်ဆိုင်သောသူ၏ ကောင်းကျိုးကို ရှာလျက်၊ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ကိုသာ မျက်စိစူးစိုက်မှုဖြင့် ခပ်သိမ်းသောအရာတို့ကို ပြုကြရမည်။”၁၉
ဥက္ကဋ္ဌ မယ်ရီယမ်၊ ဂျီ၊ ရော်မနီ၊ ယခင်ပထမဥက္ကဋ္ဌအဖွဲ့၏ အတိုင်ပင်ခံက တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် စည်းလုံးမှုရရှိပုံကို ပြောကြားရာတွင်၊
“စာတန်ကို အလျှော့ပေးသော လူတစ်ဦးသည် ဇာတိပကတိအကျင့်များနှင့် ပြည့်နေပါက၊ သူသည် မိမိကိုယ်အတွင်း၌ စစ်တိုက်သည်။ လူနှစ်ဦးလက်လျှော့ကြလျှင်၊ သူတို့သည်မိမိတို့ကိုယ်တွင်းတိုက်ခိုက်ကြပြီး အချင်းချင်းလည်းတိုက်ခိုက်ကြမည်။ လူများစွာ လက်လျှော့လိုက်ပါက လူ့အဖွဲ့အစည်းသည် ကြီးစွာသော ဖိစီးမှုနှင့်ငြင်းခုံမှုများ၏ အသီးအနှံများကို ရိတ်သိမ်းရမည်။ နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်များလက်လျှော့လိုက်သောအခါ၊ တစ်ကမ္ဘာလုံးတွင် ရန်ပွဲတွေရှိနေမည်။“
ဥက္ကဋ္ဌ ရော်မနီ ဆက်ပြောပါတယ်၊ “အသွေးအသားရှိသောလူများ၏အလုပ်သည် နေရာတိုင်းတွင်ရှိသကဲ့သို့ ဧဝံဂေလိတရားတော်၏ငြိမ်းချမ်းမှုသည်လည်း နေရာတိုင်းတွင်ရှိပါသည်။ ထိုတရားဖြင့် လူတစ်ယောက်နေထိုင်ပါက၊ သူ့ကိုယ်ထဲမှာ ငြိမ်းချမ်းမှုရှိမည်။ ထိုတရားဖြင့် လူနှစ်ယောက်နေထိုင်ပါက သူတို့၏ကိုယ်တွင်း၌နှင့် အချင်းချင်းတွင် ငြိမ်းချမ်းမှုရှိကြမည်။ ထိုတရားဖြင့် နိုင်ငံသားများနေထိုင်လျှင် ပြည်တွင်း ငြိမ်းချမ်းရေးရမည်။ လောကီရေးရာများကို ထိန်းချုပ်ရန် ဝိညာဉ်တော်၏အသီးအနှံကို လုံ့လပြုသောနိုင်ငံများရှိသောအခါ၊ စစ်ဗုံသံများ ရပ်စဲပြီး တိုက်ပွဲပြီးဆုံးအလံများ လွင့်မှာဖြစ်ပါတယ်။ (ရှု အာဖရက် လော့ဒ် တန်ဒန်ဆင်န်၊ “Locksley Hall,” The Complete Poetical Works of Tennyson, ed. ဒဗယူ၊ ဂျေ၊ ရိုဖယ်လ် ၊ Houghton–Mifflin Co., ၁၈၉၈, p. 93, စာကြောင်း ၂၇-၂၈.)”၂၀
ကျွန်တော်တို့ “ခရစ်တော်ကို ယူတင်ဝတ်ဆောင်“ခြင်းအားဖြင့်၊ ကွဲပြားမှု၊ သဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများကို ဘေးဖယ်ထား သို့မဟုတ် ဖြေရှင်းဖို့ဖြစ်နိုင်လာပါလိမ့်မယ်။ ကျွန်တော်တို့အသင်းတော်သမိုင်းမှာ ကွဲပြားခြင်းကိုကျော်လွှားခြင်းရဲ့ ထင်ရှားသောဥပမာတစ်ခုကို တွေ့ရှိနိုင်ပါတယ်။ အသင်းလူကြီး ဘီရင်ဟန်မ် ဟင်နရီ ရောဘတ်စ် (ဘီ-အိချ်- ရောဘတ်စ်ဟုလူသိများသည်)၊ ၁၈၅၇တွင် အင်္ဂလန်၌မွေးဖွားသူ၊ ခုနှစ်ကျိပ်ဝင်၏ပထမအတိုင်ခံ၊ ယခုခေတ်အခေါ်အရ ခုနှစ်ကျိပ်ဝင်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အသင်းလူကြီးရောဘတ်စ် ကအခက်ခဲဆုံးအချိန်အချို့မှာ ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်နှင့် အသင်းတော်အတွက် ဇွဲလုံ့လရှိစွာ ကာကွယ်ပေးခဲ့သူဖြစ်ပါတယ်။
သို့သော်လည်း ၁၈၉၅ခုနှစ်မှာ အသင်းလူကြီးရောဘတ်စ်၏အသင်းတော်၌ အမှုတော်ဆောင်ခြင်းက အငြင်းပွားမှုများဖြင့် အန္တရာယ်ကျရောက်ခဲ့ပါတယ်။ ဘီ။ ဟိတ်ချ်သည် ယုတပြည်နယ်တစ်ခုဖြစ်လာသောအခါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသောညီလာခံ၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ အဲ့ဒီနောက် သူသည် အမေရိကန်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်လာရန် ဆုံးဖြတ်ခဲ့သော်လည်း ပထမဥက္ကဋ္ဌအဖွဲ့ကိုအကြောင်းကြားခြင်း သို့မဟုတ် ခွင့်ပြုချက်ရယူခြင်းမလုပ်ခဲ့ပါဘူး။ ဥက္ကဋ္ဌ ဂျိုးဇက်၊အက်ဖ်၊ စမစ်၊ ပထမဥက္ကဋ္ဌအဖွဲ့၏အတိုင်ပင်ခံတစ်ဦး၊ က ဘီ၊ ဟိတ်ချ်၊ကို ထိုပျက်ကွက်မှုအတွက် အထွေထွေယဇ်ပုရောဟိတ်အစည်းအဝေးပွဲတွင် ပြင်းထန်စွာအပြစ်တင်ခဲ့ပါတယ်။ အသင်းလူကြီး ရောဘတ်စ်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဥက္ကဋ္ဌစမစ်ရဲ့ ပြောကြားချက်များကြောင့် ၎င်း၏ ရှုံးနိမ့်မှုအများစုဖြစ်ခဲ့တယ်လို့ခံစားခဲ့ရပါတယ်။ သူက နိုင်ငံရေးမိန့်ခွန်းများနှင့် တွေ့ဆုံမေးမြန်းမှုအချို့တွင် အသင်းတော် ခေါင်းဆောင်တွေကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ အသင်းတော်၏တက်ကြွသော အမှုတော်ဆောင်ခြင်းမှ သူနှုတ်ထွက်ခဲ့ပါတယ်။ ပထမဥက္ကဋ္ဌအဖွဲ့နှင့် တမန်တော်ဆယ့်နှစ်ပါးတို့နှင့် ဆော့်လိတ် ဗိမာန်တော်မှာပြုလုပ်ခဲ့တဲ့ အချိန်အလွန်ကြာမြင့်တဲ့အစည်းအဝေးမှာ၊ ဘီ၊- ဟိတ်ချ်၊ က သူမှန်ကန်ကြောင်းအကျောက်အကန်ပြောနေခဲ့ပါတယ်။ နောက်မှာ၊ “ဥက္ကဋ္ဌ[ဝဲလ်ဖော့ဒ်] ဝုဒ်ဓရပ်ဖ် က [အသင်းလူကြီး ရောဘတ်စ်]ကို သူ့နေရာအတွက်ပြန်လည်စဥ်းစားဖို့ အချိန်သုံးပတ်ပေးခဲ့ပါတယ်။ သူနောင်တရခြင်းမရှိပါက၊ သူ့ကို ခုနှစ်ကျိပ်ထဲမှဖြေလွှတ်မှာဖြစ်ပါတယ်။”၂၁
တမန်တော် ဟီဘာ-ဂျေ၊ဂရန့် နှင့် ဖရန့်ဆင့်စ် လိုင်မန် တို့နှင့် နောက်ဆက်တွဲ သီးသန့်တွေ့ဆုံမှုတစ်ခုတွင်၊ ဘီ၊-ဟိတ်ချ်က အစပိုင်းတွင် အလျှော့မပေးခဲ့သော်လည်း မေတ္တာနှင့် သန့်ရှင်းသောဝိညာဉ်တော်က နောက်ဆုံးမှာ အောင်နိုင်ခဲ့ပါတယ်။ သူ့မျက်လုံးထဲ မျက်ရည်တွေကျလာခဲ့ပါတယ်။ ဘီ ကိုဒုက္ခရောက်စေခဲ့တဲ့ အချို့မှားယွင်းမှုတွေနဲ့ ပြစ်မှုကို တမာန်တော်နှစ်ပါးကဖြေရှင်းခဲ့ကြပါတယ်။ ဟိတ်ချ် နဲ့ သူတို့ဟာ ညှိနှိုင်းခြင်းအတွက် နှလုံးသားထဲမှာခံစားခဲ့ရတဲ့တောင်းဆိုမှုနဲ့ထွက်ခွာခဲ့ကြပါတယ်။ နောက်နေ့မနက်၊ အချိန်ကြာမြင့်တဲ့ဆုတောင်းမှုအပြီးမှာ၊ အသင်းလူကြီး ရောဘတ်စ်က အသင်းလူကြီး ဂရန့်နှင့်လိုင်မန်တို့ကို သူရဲ့ညီအကိုတွေနဲ့ပြန်စုရုံးရန်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း စာပို့ခဲ့ပါတယ်။၂၂
ပထမဥက္ကဋ္ဌအဖွဲ့နဲ့နောက်တွေ့တဲ့အခါမှာ၊ အသင်းလူကြီး ရောဘတ်စ်ကပြောခဲ့ပါတယ်၊ “ကျွန်တော်ကိုယ်တော်ရှင်ထံသွားခဲ့ပြီး သူ့ရဲ့ဝိညာဥ်တော်အားဖြင့် ဘုရားသခင်၏အခွင့်အာဏာကိုနာခံရန် အလင်းနဲ့ လမ်းညွှန်မှုရရှိခဲ့ပါတယ်။”၂၃ သူရဲ့ဘုရားသခင်အပေါ် ချစ်ခြင်း၏ခွန်အားပေးမှုကြောင့်၊ ဘီ၊-ဟိတ်ချ်၊ ရောဘတ်စ်ဟာ သူ၏ဘဝအဆုံးတိုင်အောင် ယုံကြည်မှုပြည့်ဝ၍တတ်စွမ်းနိုင်သော အသင်းတော်ခေါင်းဆောင်အဖြစ်ရှိခဲ့ပါတယ်။၂၄
စည်းလုံးခြင်းဆိုတာ သူ သို့မဟုတ် သူမ လုပ်ချင်သောအရာများလုပ်ခြင်း သို့မဟုတ် သူတို့ဖြစ်ချင်သောနည်းလမ်းနဲ့လုပ်ခြင်းကို လူတိုင်းကသဘောတူရမယ်လို့ ဆိုလိုတာမဟုတ်ဘူးဆိုတာ ဒီဥပမာမှာတွေ့မြင်နိုင်ပါတယ်။ ကျွန်တော်တို့အယောက်ချင်းစီတိုင်း ဖြစ်ချင်တာတွေကိုအလျှော့ပေးပြီး အဖွဲ့အတွက်အကောင်းဆုံးအရာကိုရွေးချယ်မှုပြုလုပ်ခြင်းမရှိဘဲ ကျွန်တော်တို့တစ်လုံးတစ်ဝတည်းမဖြစ်နိုင်ကြပါဘူး။ အဓိပ္ပာယ်ကတော့၊ ဘီ၊-ဟိတ်ချ်ရဲ့စကားများထဲကလို၊ ဘုရားသခင်၏အခွင့်အာဏာကို နာခံခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာခရစ်တော်ရဲ့ ကိုယ်ခန္ဓာကမတူညီသောအင်္ဂါများဖြစ်ပြီး မတူညီသောအချိန်များမှာ—ကွဲပြားတဲ့လုပ်ဆောင်ချက်တွေလုပ်ကြပါတယ်၊ နား၊မျက်လုံး၊ဦးခေါင်း၊လက်၊ခြေ၊—အားလုံးကခန္ဓာကိုယ်တစ်ခုတည်းမှာပဲရှိနေတာပါ။၂၅ ဒါကြောင့်၊ “ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။” ဆိုသည်မှာ ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်ပါတယ်။၂၆
စည်းလုံးခြင်းမှာ တူညီမှုတွေမလိုအပ်ပါဘူး၊ ဒါပေမယ့် ညီညွတ်စွာလုပ်ဆောင်ခြင်းပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားများကို ချစ်ခြင်းဖြင့် ပေါင်းစည်းနိုင်ပါတယ်၊ ယုံကြည်ခြင်းနှင့် သြဝါဒတွင် တသားတည်းရှိနေရင်း မတူညီသောအဖွဲ့များကို အားပေးခြင်း၊ နိုင်ငံရေးပြဿနာအမျိုးမျိုးအပေါ် သဘောမတူခြင်း၊ ပန်းတိုင်များအကြောင်း နှင့် ၎င်းတို့အားမည်ကဲ့သို့သောမှန်ကန်သည့်နည်းလမ်းဖြင့်ရနိုင်ခြင်း တို့အကြောင်းဆွေးနွေးခြင်းနှင့် ထိုကဲ့သို့သော အခြားအရာများစွာကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ သို့သော် ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် ဒေါသဖြင့်သို့မဟုတ်အထင်သေးခြင်းဖြင့် သဘောထားကွဲလွဲခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်းတို့ဘယ်တော့မှ မလုပ်ရပါဘူး။ ကယ်တင်ရှင် မိန့်တော်မူခဲ့ပါတယ်၊
“အကြောင်းမူကား၊ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ရန်တွေ့ခြင်းစိတ်သဘောရှိသူသည် ငါ၏လူမဟုတ်၊ ရန်တွေ့ခြင်း၏အဘဖြစ်သည့် နတ်ဆိုး၏လူသာဖြစ်၏၊ ထိုသူသည် လူတို့၏စိတ်နှလုံးကို အချင်းချင်းအမျက်ဖြင့် ရန်တွေ့စေခြင်းငှာ နှိုးဆော်၏။
“ရှုလော့၊ တစ်ဦးနှင့်တစ်ဦးဆန့်ကျင်၍၊ လူတို့၏စိတ်နှလုံးကို အမျက်ဖြင့် နှိုးဆော်ရန်မှာ ငါ၏ဩဝါဒမဟုတ်။ သို့ရာတွင်၊ ထိုကဲ့သို့သောအမှုများကို ရပ်စဲစေရန်မှာ ငါ၏ဩဝါဒဖြစ်၏။”၂၇
လွန်ခဲ့တဲ့တစ်နှစ်က၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင် ကျွန်တော်တို့ကို ဒီစကားများနဲ့အသနားခံခဲ့ပါတယ်၊ “ကျွန်တော်တို့ထဲက မည်သူကမှ လူမျိုး သို့မဟုတ် အခြားသူများ၏ လုပ်ရပ်များ သို့မဟုတ် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်မိသားစုအဖွဲ့ဝင်များကိုပင် မထိန်းချုပ်နိုင်ပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ကြပါတယ်။ ဒီနေ့ကျွန်တော်တောင်းဆိုချင်တာကတော့၊ ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ သင်တို့ရဲ့ စိတ်နှလုံးမှာ၊ သင်တို့ရဲ့ အိမ်မှာ၊ သင်တို့ရဲ့ ဘဝမှာ တက်လာနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်စေဖို့ဖြစ်ပါတယ်။ ဒေါသပဲဖြစ်ဖြစ်၊ ခက်ထန်တဲ့နှုတ်ပဲဖြစ်ဖြစ်၊ သင့်ကို နာကျင်စေခဲ့သူတစ်ယောက်အပေါ် မကျေမချမ်းမှုပဲဖြစ်ဖြစ်— အခြားသူတွေကို နာကျင်စေမယ့် အလေ့အကျင့်မှန်သမျှကို မေ့ပစ်ကြပါ။ ကယ်တင်ရှင်က ကျွန်တော်တို့ကို မိန့်တော်မူခဲ့ပါတယ်၊ အခြားပါးတစ်ဖက်ကို လှည့်ပေးဖို့၊ [ရှု ၃ နီဖိုင်း ၁၂း၃၉]၊ ကျွန်တော်တို့ရဲ့ရန်သူတွေကို ချစ်ဖို့၊ ကျွန်တော်တို့ကို နှောင့်ယှက်ညှဉ်းဆဲတဲ့သူတွေအတွက်ဆုတောင်းပေးဖို့ပဲဖြစ်ပါတယ်။ [ရှု ၃ နီဖိုင်း ၁၂း၄၄]။”၂၈
ကျွန်တော်ထပ်ပြောပါမယ်၊ ယေရှုခရစ်အပေါ် ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းရဲ့သစ္စာစောင့်သိမှုနှင့် ချစ်ခြင်းဖြင့်သာ တစ်လုံးတစ်ဝတည်းဖြစ်လာဖို့မျှော်လင့်နိုင်ပါတယ်၊ မိမိကိုယ်တွင်း၌တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ အိမ်၌တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ အသင်းတော်၌တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊တဖြည်းဖြည်းနှင့် ဇိအုန်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကာ၊ အရေးကြီးဆုံးအနေဖြင့် အဖ၊သားတော်နှင့် သန့်ရှင်းသောဝိညာဥ်တော်၌တစ်လုံးတစ်ဝတည်းဖြစ်လာရန်မျှော်လင့်နိုင်ပါတယ်။
သန့်ရှင်းသောရက်သတ္တပတ်၏အဖြစ်အပျက်များနှင့် ရွေးနှုတ်ရှင်၏အောင်ပွဲဆီသို့ ကျွန်တော်ပြန်သွားချင်ပါတယ်။ ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာ သူရဲ့မြင့်မြတ်ခြင်းနှင့် အရာခပ်သိမ်းတို့အား အောင်နိုင်ခြင်းကိုသက်သေခံပါတယ်။ သူရဲ့ရှင်ပြန်ထမြောက်ခြင်းဟာ၊ ပဋိညာဥ်များအားဖြင့်သူနဲ့ပေါင်းစည်းပါက၊ ကျွန်တော်တို့လည်းအရာခပ်သိမ်းတို့အားအောင်နိုင်ပြီး တစ်လုံးတစ်ဝတည်းဖြစ်လာနိုင်ကြတယ်ဆိုတာကို သက်သေခံပါတယ်။ သူရဲ့ရှင်ပြန်ထမြောက်မှုက သူ့အားဖြင့်၊ သေခြင်းမရှိရာနှင့် ထာဝရအသက်တို့ဟာ စစ်မှန်တယ်ဆိုတာကိုသက်သေခံပါတယ်။
ဒီနေ့မနက်မှာ၊ သူရဲ့ပကတိရှင်ပြန်ထမြောက်ခြင်းနှင့် ထိုအရာနှင့်ဆက်စပ်သောအရာများအားလုံးကိုကျွန်တော်သက်သေခံပါတယ်၊ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။