“ငါ၌ တည်လော့၊ ငါသည်လည်း သင်၌ တည်မည်၊ ထို့ကြောင့် ငါနှင့်အတူလျှောက်လော့”
ကျွန်တော်တို့၌ တည်မယ်ဆိုတဲ့ ကယ်တင်ရှင်ရဲ့ကတိတော်ဟာမှန်ကန်ပါတယ်၊ သူ့ရဲ့ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရှိ ပဋိညာဉ်စောင့်ထိန်းသူအားလုံးအတွက် ရရှိနိုင်ပါတယ်။
ရှေးပရောဖက်ဧနုတ်က၊ ဓမ္မဟောင်းကျမ်း၊ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၊ မြတ်ပုလဲကျမ်း၁ ဟာ ဇိအုန်ကိုတည်ဆောက်ရာမှာအရေးပါကြောင်း ဖော်ပြခဲ့ပါတယ်။
အမှုတော်ဆောင်ဖို့ ဧနုတ်ကို ခေါ်တဲ့အကြောင်း ကျမ်းစာမှတ်တမ်းမှာ ဖော်ပြတာက “သူသည်လည်း ကောင်းကင်ဘုံမှ အသံကို ကြား၏၊ ဆိုလေသည်ကား၊ ဧနောက်၊ ငါ့သား၊ လူတို့ကို ပရောဖက်ပြု၍ ဟောလော့၊ သူတို့ကို—နောင်တရကြလော့၊ အကြောင်းမူကား၊ … သူတို့၏စိတ်နှလုံးသည် မာကျော လာကြလေပြီ၊ နားများသည်လည်း ကောင်းကောင်းမကြားကြ၊ မျက်စိများသည်လည်း ဝေးဝေးမမြင်နိုင်ကြ။”၂
“ဧနောက်သည်လည်း ဤနှုတ်ကပတ်တော်တို့ကို ကြားရသောအခါ၊ ကိုယ်တော်ရှင်ရှေ့၌ မြေကြီးသို့ ဦးညွှတ်ပျပ်ဝပ်၍၊ ကိုယ်တော်ရှင်ရှေ့၌ဆို၍၊ အကျွန်ုပ်သည် အဘယ်အတွက် ကိုယ်တော်၏ အမြင်၌ နှစ်သက်ခြင်းကို ခံရပါသနည်း၊ သူငယ်တစ်ယောက်သာဖြစ်၍၊ ခပ်သိမ်းသောလူတို့က ကျွန်ုပ်ကို မုန်းကြပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်သည် စကားလေးပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန် ဖြစ်ပါသလောဟု လျှောက်လျှင်၊”၃
ဧနုတ်ကို အမှုတော်ဆောင်ဖို့ ခေါ်တုန်းက၊ သူဟာ သူ့ရဲ့ကိုယ်ပိုင်မပြည့်စုံမှုတွေနဲ့ ကန့်သတ်ချက်တွေကို အထူးသတိထားခဲ့မိပါတယ်။ ကျွန်တော်တို့အားလုံး ကျွန်တော်တို့အသင်းတော်အမှုတော်ဆောင်ခြင်းမှာ တစ်ချိန်ချိန်မှာ ဧနုတ်လိုပဲ ခံစားမိခဲ့ကြမယ်လို့ ကျွန်တော် သံသယဖြစ်မိပါတယ်။ ဒါပေမယ့် ဧနုတ်ရဲ့ တောင်းပန်မေးခွန်းအပေါ် ကိုယ်တော်ရှင်ရဲ့ တုန့်ပြန်မှုက ဗဟုသုတပေးတဲ့အရာ၊ ဒီနေ့ကျွန်တော်တို့အယောက်တိုင်းနဲ့သက်ဆိုင်ကြောင်း ကျွန်တော်ယုံကြည်ပါတယ်။
“ကိုယ်တော်ရှင်ကလည်း ဧနောက်ကို မိန့်တော်မူလေသည်ကား၊ ထွက်သွား၍၊ သင့်ကို ငါမိန့်တော်မူလေသည့်အတိုင်း လုပ်ဆောင်လော့၊ အဘယ်သူမျှ သင့်ကို မထိုးဖောက်ရ။ သင်၏နှုတ်ကို ဖွင့်လော့၊ ပြည့်လိမ့်မည်၊ ငါသည် သင့်အား ဟောပြောခြင်း အခွင့်ကို ပေးတော်မူမည်၊ …
“ရှုလော့၊ ငါ၏ ဝိညာဉ်တော်သည် သင့်အပေါ်၌ ရှိ၏၊ သို့ဖြစ်၍ သင်၏ ခပ်သိမ်းသော စကားတို့ကို ငါလွှတ်မည်။ တောင်တို့သည် သင့်ရှေ့မှ ထွက်ပြေးလိမ့်မည်၊ မြစ်တို့သည်လည်း မိမိတို့ စီးရာရေကြောင်းကို ပြောင်းလိမ့်မည်။ သင်သည် ငါ၌ တည်၍၊ ငါသည်လည်း သင်၌ တည်မည်။ ထို့ကြောင့် ငါနှင့်အတူလျှောက်လော့။”၄
ဧနောက်ဟာ နောက်ဆုံးမှာ ကြီးစွာသောအမှုတော်ပြီးမြောက်ဖို့ အလွန်ကြီးစွာသော ပရောဖက်တစ်ပါး၊ ဘုရားသခင့်လက်ထဲမှာ တန်ဆာတစ်ခုဖြစ်လာခဲ့ပါတယ်၊ ဒါပေမယ့် သူ့ရဲ့အမှုတော်ဆောင်ခြင်းကို အဲဒီနည်းနဲ့ မစတင်ခဲ့ပါဘူး။ ဘုရားသခင်ရဲ့ သားတော်၌တည်ပြီး အတူလျှောက်ဖို့ သင်ယူရင်း အချိန်ကြာလာတာနဲ့အမျှ သူရဲ့ စွမ်းရည်တိုးမြင့်လာခဲ့ပါတယ်။
ဧနောက်ကို ကိုယ်တော်ရှင်ပေးတဲ့အကြံဉာဏ်နဲ့ အဲဒါက ဒီနေ့ သင်နဲ့ကျွန်တော့်အတွက် ဘာကိုဆိုလိုသလဲဆိုတာကို ကျွန်တော်တို့အတူစဉ်းစားစဉ်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အကူအညီအတွက် ကျွန်တော်အလေးအနက်ဆုတောင်းပါတယ်။
သင်သည် ငါ၌တည်လော့
ကိုယ်တော်ရှင် ယေရှုခရစ်တော်က ကျွန်တော်တို့အယောက်တိုင်းကို သူ့၌တည်ဖို့ ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းပါတယ်။၅ ဒါပေမယ့် ကျွန်တော်တို့ သူ့၌တည်ဖို့ ဘယ်လိုအမှန်သင်ယူပြီး လေ့လာကြပါသလဲ။
တည် ဆိုတဲ့စကားလုံးက ဆက်ပြီးတည်မြဲ သို့မဟုတ် တည်ငြိမ်၊ မယိမ်းနွဲ့ဘဲ ကြံ့ကြံ့ခံခြင်းကို ဆိုလိုပါတယ်။ “တည်ခြင်း” ကို အသင်းလူကြီး ဂျက်ဖရီအာရ်ဟော်လန်က “‘နေ [ဖို့] —ဒါပေမယ့် အစဉ်မြဲ နေ [ဖို့] လှုပ်ရှားမှုတစ်ခုအဖြစ်ဖော်ပြခဲ့ပါတယ်။’ အဲဒါက လောကထဲက လူတိုင်းအတွက် ဧဝံဂေလိတရားတော် အမှာစကားရဲ့ ခေါ်သံဖြစ်ပါတယ်။ လာပါ၊ ဒါပေမယ့် တည်မြဲဖို့ လာပါ။ ခံယူချက်နဲ့ ကြံ့ကြံ့ခံခြင်းတို့နဲ့လာပါ။ သင့်အတွက်နဲ့၊ သင့်နောက်ကမျိုးဆက်အားလုံးအတွက် အမြဲလာပါ။”၆ ဒီနည်းနဲ့၊ ကျွန်တော်တို့ဟာ အကောင်းနဲ့ အဆိုး နှစ်ချိန်စလုံးမှာ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်နဲ့ သူရဲ့ သန့်ရှင်းသောရည်ရွယ်ချက်တွေ၌ ဆက်ကပ်ခြင်းမှာ ခိုင်မာစွဲမြဲခြင်းအားဖြင့် ခရစ်တော်၌တည်ကြပါတယ်။၇
ကျွန်တော်တို့ဟာ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ရဲ့ ပဋိညာဉ်တွေနဲ့ ဘိသိက်မင်္ဂလာတို့အားဖြင့် သူ့ထမ်းပိုး၈ ကို ကျွန်တော်တို့အပေါ်မှာ ဆောင်ယူဖို့ ကျွန်တော်တို့ရဲ့ စာရိတ္တရွေးချယ်ပြုမူနိုင်ခွင့်ကို ကျင့်သုံးခြင်းအားဖြင့် ကိုယ်တော်၌တည်ဖို့ အစပြုကြပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘ၊ သူရဲ့ ရှင်ပြန်ထမြောက်ပြီး အသက်ရှင်တဲ့သားတော်နဲ့ ကျွန်တော်တို့မှာ ရှိကြတဲ့ ပဋိညာဉ်ဆက်သွယ်ချက်ဟာ အမြင်၊ မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တည်မြဲသောဝမ်းမြောက်ခြင်းတို့ရဲ့ မြင့်မြတ်သော ရင်းမြစ်ဖြစ်ပါတယ်၊ ခိုင်မာတဲ့ကျောက်အုတ်မြစ်၉ လည်းဖြစ်ပါတယ်၊ အဲဒီအပေါ်မှာ ကျွန်တော်တို့ဘဝတွေကို တည်ဆောက်ရမှာပါ။
ကျွန်တော်တို့ဟာ ကျွန်တော်တို့တစ်ဦးချင်းရဲ့ ခမည်းတော်၊ သားတော်တို့နဲ့ပဋိညာဉ်ကို ခွန်အားဖြည့်ပေးဖို့ အစဉ်မပြတ်ကြိုးစားခြင်းအားဖြင့် သူ့၌တည်ကြပါတယ်။ ဥပမာအားဖြင့်၊ ထာဝရအဘဆီကို သူ့ချစ်သားရဲ့ အမည်ဖြင့် ရိုးသားစွာဆုတောင်းခြင်းက သူတို့နဲ့ကျွန်တော်တို့ရဲ့ ပဋိညာဉ်ဆက်သွယ်ချက်ကို လေးနက်ခိုင်မာစေပါတယ်။
ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေကို အမှန်ပွဲခံပျော်မွေ့ခြင်းဖြင့် သူ့၌ တည်ကြပါတယ်။ ကယ်တင်ရှင်ရဲ့ ဩဝါဒက ကျွန်တော်တို့ကို ပဋိညာဉ်သားသမီးများအဖြစ် သူနဲ့ပိုနီးရာကို ဆွဲခေါ်ပါတယ်၁၀ ၊ ကျွန်တော်တို့လုပ်ရမယ့်အရာအားလုံးကိုလည်း ပြောပြပါလိမ့်မယ်။၁၁
ကျွန်တော်တို့ဟာ ပွဲတော်ဘိသိက်မင်္ဂလာမှာ ပါဝင်ဖို့ အလေးအနက်ပြင်ဆင်ခြင်း၊ ကျွန်တော်တို့ရဲ့ ပဋိညာဉ်ကတိတွေကို သုံးသပ်စဉ်းစားခြင်းနဲ့ ရိုးသားစွာ နောင်တရခြင်းတို့အားဖြင့် သူ့၌တည်ကြပါတယ်။ ပွဲတော်ကို ထိုက်တန်စွာ သုံးဆောင်ခြင်းဟာ ကျွန်တော်တို့အပေါ်မှာ ယေရှုခရစ်တော်ရဲ့အမည်ကို ခံယူဖို့နဲ့၊ ပွဲတော်ဘိသိက်မင်္ဂလာမှာ ပါဝင်ဖို့ လိုအပ်တဲ့ အချိန်တိုလေးအပြီးမှာ “သူ့ကို အမြဲအောက်မေ့”၁၂ ဖို့လိုလိုလားလားရှိခြင်းဖြစ်ကြောင်း ဘုရားသခင်ထံသို့ သက်သေဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေကို အစေခံကြ၊ ကျွန်တော်တို့ညီအစ်ကို မောင်နှမတွေကို အမှုတော်ဆောင်ရင်း၁၃ ဘုရားသခင်ကို အစေခံခြင်းဖြင့် သူ့၌ တည်ကြပါတယ်။
ကယ်တင်ရှင်က မိန့်တော်မူခဲ့ပါတယ်၊ “ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့ပင်၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။”၁၄
ကယ်တင်ရှင်၌ ကျွန်တော်တို့လိုက်လျှောက်နိုင်တဲ့ နည်းလမ်းများစွာကို ကျွန်တော်အတိုချုပ်ပြောပြပြီးပါပြီ။ ယခု၊ ကျွန်တော်တို့အယောက်တိုင်းကို သူ့တပည့်တော်များအဖြစ်၊ ကျွန်တော်တို့လုပ်သမျှမှာ ခရစ်တော်ကို ကျွန်တော်တို့ဘဝရဲ့ ဗဟိုဖြစ်စေနိုင်တဲ့ အခြားအဓိပ္ပာယ်ရှိတဲ့နည်းများစွာကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးဖြင့် ကျွန်တော်တို့ကိုယ်တိုင် မေးကြ၊ ရှာကြ၊ ခေါက်ကြ၊ သင်ယူကြဖို့ တောင်းဆိုပါတယ်။
ငါသည်လည်း သင်၌ တည်၏
ကယ်တင်ရှင်ရဲ့ သူ့တပည့်တော်တွေဆီပေးတဲ့ကတိက အပြန်အလှန်ဖြစ်ပါတယ်၊ ကျွန်တော်တို့ ကိုယ်တော်၌တည်လျှင်၊ ကိုယ်တော်က ကျွန်တော်တို့၌ တည်မှာဖြစ်ပါတယ်။ ဒါပေမယ့်၊ သင်နဲ့ကျွန်တော့်၌—တစ်ဦးချင်းအလိုက်ကိုယ်တိုင်တည်ဖို့ဆိုတာ အမှန်တကယ်ဖြစ်နိုင်ပါရဲ့လား။ ဒီမေးခွန်းအတွက်အဖြေက ဟိန်းထွက်တဲ့ အမှန်ဖြစ်ပါတယ်။
မော်မုန်ကျမ်းမှာ၊ နှိမ့်ချဖို့ ဒုက္ခတွေနဲ့ အနိုင်ပြုခံရသူ ဆင်းရဲသားတို့အား အယ်လမာရဲ့ သွန်သင်ခြင်းတွေနဲ့ သက်သေခံချက်တွေကို ကျွန်တော်တို့ သင်ယူရပါတယ်။ ဒီလမ်းညွှန်ချက်မှာ၊ သူက နှုတ်ကပတ်တော်ကို စိုက်ရမယ့်၊ ပြုစုပျိုးထောင်ရမယ့် မျိုးစေ့တစ်စေ့နဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်၊ “နှုတ်ကပတ်တော်”ကို ယေရှုခရစ်တော်ရဲ့ ဘဝ၊ အထူးတာဝန်နဲ့ အပြစ်ဖြေခြင်းမင်္ဂလာအဖြစ်ဖော်ပြခဲ့ပါတယ်။
အယ်လမာက ပြောခဲ့ပါတယ်၊ ဘုရားသခင်၏သားတော်ကို ယုံကြည်စပြုရမည်မှာ၊ သူသည် မိမိလူမျိုးတို့ကို ရွေးနှုတ်ခြင်းငှာ၊ ကြွလာတော်မူမည်ဖြစ်ကြောင်း၊ သူတို့၏အပြစ်များအတွက် အပြစ်ဖြေခြင်းငှာ၊ ဒုက္ခဝေဒနာခံစား၍ သေမည်ဖြစ်ကြောင်းနှင့် သေရာမှ တစ်ဖန်ထမြောက်၍၊ ထိုအမှုက ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေသဖြင့်၊ လူသားခပ်သိမ်းတို့သည် သူတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန် နောက်ဆုံးသော တရားစီရင်တော်မူရာနေ့၌ သူ့ရှေ့မှာ ရပ်ရမည်ဖြစ်ကြောင်းတို့ပေတည်း။”၁၅
“နှုတ်ကပတ်တော်”အကြောင်း အယ်လမာရဲ့ ဒီဖော်ပြချက်ပေးထားတာကြောင့်၊ သူရှင်းပြတဲ့ လမ်းပြလှုံ့ဆော်တဲ့ ဆက်သွယ်ချက်ကို ကျေးဇူးပြု၍ စဉ်းစားပါ။
“ယခုမူကား … သင်တို့သည် ဤနှုတ်ကပတ်တော်ကို သင်တို့စိတ်နှလုံး၌စိုက်သဖြင့်၊ ပွ၍လာသောအခါ၊ ထိုကဲ့သို့ပင် သင်တို့၏ယုံကြည်ခြင်းဖြင့် အားဖြည့်စေရန် ငါအလိုရှိ၏။ ရှုဦးလော့၊ ထိုနှုတ်ကပတ်တော်သည် အပင်ဖြစ်လာ၍၊ သင်တို့၌ ထာဝရတည်မြဲသောအသက်သို့တိုင်အောင် ဖွံ့ဖြိုးပေမည်။ ထို့နောက်တွင်ကား၊ သူ့သားတော်၌ ဝမ်းမြောက်ခြင်းအားဖြင့် သင်တို့၏ဝန်များကို ပေါ့နိုင်စေကြောင်း၊ ဘုရားသခင်သည် သင်တို့ကို အခွင့်ပေးတော်မူပါစေ။ သင်တို့သည် ပြုလိုလျှင်၊ ဤခပ်သိမ်းသောအမှုကိုပင် ပြုနိုင်ကြပေ၏။”၁၆
ကျွန်တော်တို့နှလုံးသားမှာ ကျွန်တော်တို့စိုက်ဖို့ကြိုးစားရမယ့် မျိုးစေ့ကတော့ နှုတ်ကပတ်တော်ဖြစ်ပါတယ်—ယေရှုခရစ်တော်ရဲ့ ဘဝ၊ အထူးတာဝန်နဲ့ ဩဝါဒပဲဖြစ်ပါတယ်။ နှုတ်ကပတ်တော်ဟာ ယုံကြည်ခြင်းနဲ့ ခွန်အားဖြည့်ခံရတာနဲ့အမျှ ကျွန်တော်တို့အထဲမှာ ထာဝရတည်မြဲသောအသက်သို့ တိုင်အောင်ဖွံ့ဖြိုးတဲ့ အပင်တစ်ပင်ဖြစ်လာနိုင်ပါတယ်။၁၇
လေဟိရဲ့ရူပါရုံထဲက အပင်ရဲ့ သင်္ကေတက ဘယ်အရာဘာလဲ။ အပင်ဟာ ယေရှုခရစ်တော်ကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်နိုင်ပါတယ်။၁၈
ကျွန်တော်ချစ်သော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့အထဲမှာ နှုတ်ကပတ်တော်ရှိပါသလား။ ကယ်တင်ရှင်ရဲ့ ဧဝံဂေလိသမ္မာတရားတွေကို ကျွန်တော်တို့ရဲ့ အသားပြည့်နှလုံးသားမှာ ရေးထားပြီးပါပြီလားခင်ဗျာ။၁၉ ကျွန်တော်တို့ဟာ ကိုယ်တော်ဆီလာနေကြ၊ ကိုယ်တော်နဲ့ တဖြည်းဖြည်း ပိုတူလာနေကြပါသလားခင်ဗျာ။ ခရစ်တော်အပင်ဟာ ကျွန်တော်တို့အထဲမှာ ကြီးထွားနေပါသလား။ ကျွန်တော်တို့ဟာ ကိုယ်တော်၌ “[လူသတ္တဝါ] အသစ်”၂၀ တွေဖြစ်လာဖို့ ကြိုးစားနေကြပါသလား။၂၁
ဒီအံ့ဩဖွယ်ခွန်အားက အယ်လမာကို ယခုလို မေးဖို့လမ်းပြလှုံ့ဆော်ခဲ့တာဖြစ်နိုင်ပါတယ် “သင်တို့သည် ဝိညာဉ်ပကတိဖြင့် ဘုရားသခင် ဖြစ်ဖွားစေတော်မူပြီးလေပြီလော။ သင်တို့မျက်နှာထား၌ သူ၏ပုံသဏ္ဌာန်ကို လက်ခံရရှိပြီးလေပြီလော။ ဤကြီးစွာသောပြောင်းလဲခြင်းကို သင်တို့စိတ်နှလုံး၌ တွေ့ကြုံပြီးလေပြီလော။”၂၂
ကျွန်တော်တို့ဟာ ဧနောက်သို့ ကိုယ်တော်ရှင်ရဲ့ လမ်းညွှန်ချက်ကို အမြဲအောက်မေ့ရမှာဖြစ်ပါတယ်၊ “သင်သည် ငါ၌တည်လော့၊ ငါသည်လည်း သင်၌ တည်မည်။”၂၃ ကျွန်တော်တို့၌ တည်မယ်ဆိုတဲ့ ကယ်တင်ရှင်ရဲ့ကတိတော်မှန်ကန်ကြောင်းနဲ့ သူ့ရဲ့ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရှိ ပဋိညာဉ်စောင့်ထိန်းသူအားလုံးအတွက် ရရှိနိုင်ကြောင်း ကျွန်တော်သက်သေခံပါတယ်။
ထို့ကြောင့်၊ ငါနှင့်အတူလျှောက်လော့။
တမန်တော်ပေါလုက ကိုယ်တော်ကိုလက်ခံတဲ့ယုံကြည်သူတွေကို “သင်တို့သည်လည်း သူ့၌ လျှောက်လော့”၂၄ လို့ဆုံးမခဲ့ပါတယ်။
ကယ်တင်ရှင်၌ အတူလျှောက်ခြင်းက တပည့်တော်ဖြစ်ခြင်းရဲ့ အရေးကြီးလက္ခဏာနှစ်ခုကိုအလေးထားဖော်ပြပါတယ်၊ (၁) ဘုရားသခင်၏ပညတ်တော်များကို နာခံခြင်း၊ နဲ့ (၂)ကျွန်တော်တို့ကို ခမည်းတော်၊ သားတော်တို့နဲ့ ဆက်သွယ်တဲ့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်တွေကို သတိရလေးစားခြင်းတို့ဖြစ်ပါတယ်။
ရှင်ယောဟန်က ကြေငြာခဲ့ပါတယ်၊
“ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။
“ထိုသခင်ကို ငါသိ၏ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသားကိုသုံးသောသူ ဖြစ်၍ ထိုသူ၌သစ္စာမရှိ။
“ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား ၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် သခင်၌ ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။
“ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။”၂၅
ယေရှုက ကျွန်တော်တို့အယောက်တိုင်းကို ဖိတ်ခေါ်ပါတယ်၊ “လာ၍ ငါ့နောက်သို့ လိုက်လော့”၂၆ “ငါနှင့်အတူလျှောက်လော့။”၂၇
ကျွန်တော်တို့ဟာ ယုံကြည်ခြင်း၌ ရှေ့ဆက်ကြိုးစားအားထုတ်ကြပြီး ကိုယ်တော်ရှင်ရဲ့ဝိညာဉ်တော်ရဲ့ သိမ်မွေ့အောက်ကျို့ခြင်းမှာလျှောက်ကြတာနဲ့အမျှ၊၂၈ ခွန်အား၊ လမ်းညွှန်မှု၊ အကာအကွယ်၊ ငြိမ်းချမ်းခြင်းတို့နဲ့ ကောင်းချီးခံစားကြရမှာဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။
သက်သေခံချက်နှင့် ကတိတော်
သက်ရှိအားလုံးတို့ထံ ကိုယ်တော်ရှင်ရဲ့ ချစ်စရာတောင်းပန်ပုံကို အယ်လမာက ဖော်ပြခဲ့ပါတယ်။
“ရှုလော့၊ သူသည် ခပ်သိမ်းသောလူသားတို့ထံသို့ ဖိတ်ခေါ်ခြင်းကို စေလွှတ်တော်မူ၏။ အကြောင်းမူကား၊ ကရုဏာတော်လက်ရုံးတို့သည် သူတို့ထံသို့ ဆန့်တန်းတော်မူလျက်ရှိ၏၊ နောင်တရကြလော့၊ ငါသည်လည်း သင်တို့ကို လက်ခံတော်မူမည်ဟုလည်း မိန့်တော်မူ၏။
“… ငါ့ထံသို့လာ၍၊ သင်တို့သည် အသက်ပင်၏အသီးကို သုံးဆောင်ကြလော့။ ထိုမှတစ်ပါး၊ အသက်မုန့်နှင့် ရေကို လွတ်လပ်စွာ စားကြ၊ သောက်ကြလော့။”၂၉
ကယ်တင်ရှင်ရဲ့တောင်းပန်ခြင်းရဲ့ လုံးဝပြည့်စုံမှုကို ကျွန်တော်အလေးထားပါတယ်။ သူက မြေကြီးပေါ်မှာ အခုရှိတဲ့၊ ယခင်ရှိခဲ့ဖူးတဲ့၊ နောင်လည်းရှိဦးမယ့် သူတိုင်းကို သူ့ရဲ့ ကျေးဇူးတော်နဲ့ ကရုဏာတို့နဲ့ ကောင်းချီးပေးဖို့ တမ်းတတော်မူပါတယ်။
ညီလာခံဌာနရှိ ဒီတရားဟောစင်နဲ့ ကမ္ဘာတဝန်းရှိဒေသခံပရိတ်သတ်တွေမှာ ထပ်ခါထပ်ခါကြေငြာခဲ့တဲ့ မှန်သောဩဝါဒ၊ အခြေခံသဘောတရားတွေနဲ့ သက်သေခံချက်တွေကို အသင်းသားအချို့က လက်ခံခဲ့ကြပါတယ်—ဒါပေမယ့်၊ ဒီထာဝရသမ္မာတရားတွေကို အထူးသဖြင့် သူတို့ဘဝတွေနဲ့ သူတို့ပတ်ဝန်းကျင်တွေမှာ အသုံးချဖို့ ရုန်းကန်နေကြရပါသေးတယ်။ သူတို့ဟာ ရိုးသားစွာယုံကြည်ကြတယ်၊ တာဝန်ကျေစွာအမှုတော်ဆောင်ကြတယ်၊ ဒါပေမယ့် ခမည်းတော်၊ သူ့ရွေးနှုတ်တဲ့သားတော်တို့နဲ့ သူတို့ရဲ့ ပဋိညာဉ်ဆက်သွယ်ချက်ကတော့ သူတို့ဘဝတွေမှာ အသက်ရှင်တဲ့၊ ပြောင်းလဲခြင်းအစစ်အမှန် ဖြစ်မလာသေးပါဘူး။
သင်သိနိုင်ခံစားနိုင်ကြောင်း ကျွန်တော်ဖော်ပြဖို့ ကြိုးစားခဲ့တဲ့ ဧဝံဂေလိတရားတော်သမ္မာတရားတွေဟာ သင်တို့အတွက်—သင်တို့တစ်ဦးချင်းနဲ့ ကိုယ်တိုင်အတွက်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးအားဖြင့် ကျွန်တော်ကတိပေးပါတယ်။
ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ ချစ်သော၊ အသက်ရှင်သော ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဖြစ်ကြောင်း ကျွန်တော်ဝမ်းမြောက်စွာ သက်သေခံပါတယ်။ ကျွန်တော်တို့ ကိုယ်တော်၌ တည်လျှင်၊ ကိုယ်တော်က ကျွန်တော်တို့၌ တည်ပါလိမ့်မယ်။၃၀ ကျွန်တော်တို့ဟာ ကိုယ်တော်၌အတူလျှောက်ကြသမျှ၊ များစွာသောအသီးသီးစေဖို့ ကောင်းချီးခံစားရပါလိမ့်မယ်။ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။