ကြားရသည်ကား၊ ဝမ်းမြောက်ခြင်းအသံတည်း။
ပရောဖက်ဂျိုးဇက်စမစ်လက်ထက်မှစပြီး ဗိဗာန်တော်များတည်ဆောက်ခြင်းဟာ ပရောဖက်များအားလုံးအတွက် အရေးကြီးဆုံးဦးစားပေးအလုပ်များတွေထဲက တစ်ခုဖြစ်ပါတယ်။
“ယခုတွင်၊ ကျွန်ုပ်တို့ လက်ခံရရှိထားသည့် ဧဝံဂလိတရားတော်မှ အဘယ့်အရာကို သင်တို့ကြားရပါသနည်း။ ကြားရသည်ကား၊ ဝမ်းမြောက်ခြင်းအသံ။ ကောင်းကင်ဘုံမှကရုဏာအသံ၊ ထို့အတူ မြေကြီးမှ ထွက်သည့် သမ္မာတရားအသံ၊ အသက်ရှင်သူတို့နှင့် သေသူတို့အတွက် ဝမ်းမြောက်ခြင်းအသံ၊ ကြီးစွာသော ရွှင်လန်းပီတိ၏ ဝမ်းမြောက်ဖွယ်ရာသတင်းပေတည်း။”၁
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ပရောဖက်ဂျိုးဇက်စမစ်ဆီက ဒီစကားတွေကို ကြားပြီး အပြုံးကြီးမပြုံးမိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
“လူသားများသည် ဝမ်းမြောက်နိုင်ခြင်းရှိနိုင်စေကြကြောင်း ဖြစ်တည်ကြ၏”၂ လို့ ကျွန်တော်တို့ကို အခိုင်အမာပြောခဲ့တဲ့အတိုင်း ကောင်းကင်ဘုံရှင်အဖဘုရားရဲ့ ကြီးမြတ်လှတဲ့ပျော်ရွှင်ခြင်းအစီအစဉ်ထဲက ကျေနပ်အားရဖွယ် ရွှင်လန်းဝမ်းမြောက်မှုကို ဂျိုးဇက်ရဲ့ ပီတိရွှန်းဝေနေတဲ့အမူအရာမှာ အမှန်အကန်တွေ့နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံသားဘဝမှာ၃ ဘုရားသခင်ရဲ့ပျော်ရွှင်ခြင်းအစီအစဉ်ကို ကြားခဲ့စဉ်က အားရဝမ်းမြောက်စွာ ဟစ်ကြွေးခဲ့ကြသလိုပဲ ဒီကမ္ဘာမြေမှာလည်း သူ့ရဲ့အစီအစဉ်အတိုင်း နေထိုင်ရတဲ့အတွက် ကျွန်တော်တို့ဆက်လက်ဟစ်ကြွေးကြပါမယ်။ ဒါပေမယ့် ပရောဖက်ဆီက ဒီလိုဝမ်းမြောက်စရာကြေငြာချက်နဲ့ ပတ်သက်ပြီး ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာက ဘာများဖြစ်မလဲ။ ဘယ်အရာက ဒီလိုနက်ရှိုင်းပြင်းပြတဲ့ စိတ်ခံစားမှုတွေကို စေ့ဆော်ပေးနေတာပါလဲ။
ပရောဖက်ဂျိုးဇက်စမစ်ဟာ သေဆုံးသူတွေအတွက် ဗတ္တိဇံအကြောင်းကို သင်ကြားပေးခဲ့ပါတယ်။ ဒါဟာ ကြီးစွာသော ဝမ်းသာပီတိနဲ့အတူ လက်ခံရရှိခဲ့တဲ့ အထူးမွန်မြတ်တဲ့ ဗျာဒိတ်တော်တစ်ခုဖြစ်ပါတယ်။ ချစ်ခင်ရသောသွားလေသူတို့အတွက် ဗတ္တိဇံခံပေးနိုင်ကြောင်း ပထမဆုံးသိလိုက်ရတဲ့အချိန်မှာ အသင်းသားတွေက ရွှင်လန်းဝမ်းမြောက်ခဲ့ကြပါတယ်။ “အဲဒါကိုကြားလိုက်ရတဲ့ အခိုက်အတန့်မှာ ငါ့ရဲ့စိတ်ဝိညာဉ်က ပျော်ရွင်မြူးထူးခုန်ပေါက်ခဲ့တယ်” လို့ ဝဲလ်ဖို့တ် ဝုဒရပ်ဖ်က ပြောခဲ့ပါတယ်။၄
ကိုယ်တော်ရှင်ဗျာဒိတ်ပေးပြီး ပြန်လည်ဆောင်ယူခဲ့တဲ့ အမှန်တရားဟာ သေဆုံးသူတို့အတွက်ဗတ္တိဇံ တစ်ခုတည်းသာမဟုတ်ပါဘူး။ ဘုရားသခင်ဟာ သူ့ရဲ့ သားသမီးတွေကို လိုလားစွာ ပေးအပ်ချင်တဲ့ တခြားသောဆုကျေးဇူးများ (သို့) ဝိညာဉ်ပကတိအပ်နှင်းခြင်းဆုကျေးဇူးများလည်း ရှိပါသေးတယ်။
အဲဒီတခြားသော ဆုကျေးဇူးတွေကတော့ ယဇ်ပရောဟိတ်အခွင့်အာဏာ၊ ပဋိညာဉ်များနဲ့ ဘိသိက်မင်္ဂလာများ၊ ထာဝရတည်မြဲမယ့်ထိမ်းမြားလက်ထပ်ခြင်းများ၊ ဘုရားသခင်ရဲ့ မိသားစုအဖြစ် မိဘနဲ့သားသမီး ပေါင်းစည်းမှုများ၊ နောက်ဆုံးမှာ သားတော်ယေရှုခရစ်တော်နဲ့ ကောင်းကင်ဘုံရှင်အဖဘုရားရှိတဲ့ အိမ်ကိုပြန်နိုင်ဖို့ ကောင်းချီးမင်္ဂလာများ ပါဝင်ပါတယ်။ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းအားဖြင့် ဒီကောင်းချီးမင်္ဂလာများကို ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်ပါတယ်။
ဘုရားသခင်ဟာ ဒီအရာတွေကို သူ့ရဲ့အမြင့်မြတ်ဆုံးနဲ့ အစင်ကြယ်ဆုံး ကောင်းချီးမင်္ဂလာတွေထဲမှာပါဝင်တယ်လို့ ယူဆတာကြောင့်၊၅ သူ့သားသမီးတွေထံ ဒီလိုအဖိုးတန်ဆုကျေးဇူးတွေ ချီးမြှောက်ဖို့ သန့်ရှင်းမြင့်မြတ်တဲ့အဆောက်အအုံတွေ ဆောက်လုပ်ရမယ်လို့ညွှန်ကြားခဲ့တယ်။၆ အဲဒီအဆောက်အအုံတွေဟာ ကမ္ဘာမြေပေါ်က ကိုယ်တော့်ရဲ့အိမ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီအဆောက်အအုံတွေဟာ သူရဲ့နာမတော်နဲ့ ကမ္ဘာမြေပေါ်မှာပေါင်းစည်းခြင်းပြုနိုင်မယ့် ဗိမာန်တော်တွေဖြစ်လာပြီး သူရဲ့ နှုတ်ကပတ်တော်နဲ့ အခွင့်အာဏာတို့အားဖြင့်ကောင်းကင်ဘုံ၌ပေါင်းစည်းကြပါလိမ့်မယ်။၇
ယနေ့ခေတ် အသင်းဝင်များအနေနဲ့ ဒီလိုမွန်မြတ်ပြီး ထာဝရစစ်မှန်တဲ့သမ္မာတရားများကို အလေးမထားဖို့ အရမ်းလွယ်ကူလာပါတယ်။ ဒီအရာတွေဟာ ကျွန်တော်တို့အတွက် သမားရိုးကျပုံစံမျိုး ဖြစ်လာပါတယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ဗိမာန်တော်တွေအကြောင်းကို ပထမဆုံးလေ့လာဖူးတဲ့သူလိုမျိုး စူးစမ်းကြည့်မယ်ဆိုရင် အကူအညီဖြစ်ပါလိမ့်မယ်။ မကြာသေးခင်က ကြုံရတဲ့အဖြစ်အပျက်လေးတစ်ခုက ကျွန်တော့်ကိုပိုပြီးသေချာစေခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်၊ ဂျပန်တိုကျိုဗိမာန်တော်ကို ပြန်လည်မဆက်ကပ်ခင်မှာ ကျွန်တော်တို့အသင်းဝင်မဟုတ်တဲ့ ဧည့်သည်တော်တော်များများက အဲဒီဗိမာန်တော်ကို လာရောက်လည်ပတ်ခဲ့ကြပါတယ်။ လာရောက်လည်ပတ်တဲ့အထဲမှာ လေးနက်စွာတွေးခေါ်စဥ်းစားတတ်တဲ့ ဘာသာခြားခေါင်းဆောင်တစ်ဦးလည်း ပါပါတယ်။ ကျွန်တော်တို့ဟာ ဧည့်သည်တွေကို ကောင်းကင်ဘုံရှင်အဖရဲ့ ပျော်ရွှင်ခြင်းအစီအစဥ်၊ ယေရှုခရစ်တော်ရဲ့ အရေးပါဆုံးအခန်းကဏ္ဍနဲ့ ပေါင်းစည်းခြင်းဘိသိက်မင်္ဂလာအားဖြင့် မိသားစုများထာဝရဆုံစည်းနိုင်တဲ့ သြဝါဒတွေကို သင်ကြားပေးခဲ့ကြပါတယ်။
လည်ပတ်လို့ပြီးသွားတဲ့အခါမှာ ကျွန်တော်က အဲဒီမိတ်ဆွေကို သူ့အမြင်ကို ဝေမျှဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလမှာ မိသားစုများပေါင်းစည်းခြင်းနဲ့စပ်လျဥ်းပြီး ဒီမိတ်ဆွေက ရိုးသားမှုအပြည့်နဲ့မေးခဲ့ပါတယ်၊ “ဒီသြဝါဒက ဘယ်လောက်ထိ နက်နဲသိမ်မွေ့တယ်ဆိုတာ သင်တို့အသင်းဝင်တွေ အမှန်တကယ်နားလည်ကြပါရဲ့လား။” “ဒါဟာ တစ်စစီကွဲပြားနေတဲ့ ကမ္ဘာကြီးကို ပြန်လည်ပေါင်းစည်းပေးမယ့် သင်ကြားမှုတွေထဲကတစ်ခုပဲ”လို့ သူကထပ်ပြောခဲ့ပါတယ်။
အင်မတန်အားကောင်းတဲ့ စူးစမ်းလေ့လာမှုတစ်ခုပါပဲ။ ဒီမိတ်ဆွေဟာ ဗိမာန်တော်ရဲ့ ပြောင်မြောက်လှတဲ့ ဗိသုကာလက်ရာသက်သက်ကြောင့် စိတ်လှုပ်ရှားခဲ့တာမျိုးမဟုတ်ဘဲ မိသားစုများကို ပေါင်းစည်းစေပြီး ကောင်ကင်ဘုံရှင်အဖနဲ့ယေရှုခရစ်တော်ထံမှာ ထာဝရနေနိုင်ဖို့ လမ်းညွှန်ပေးတဲ့ အံ့မခန်းသိမ်မွေ့နက်နဲတဲ့ သြဝါဒကြောင့်သာ စိတ်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။၈
ဗိမာန်တော်ထဲက ထူးခြားမွန်မြတ်မှုကို တခြားဘာသာဝင်ကတောင်အသိအမှတ်ပြုရတဲ့အခါ ကျွန်တော်တို့ မအံ့သြသင့်တော့ပါဘူး။ ကျွန်တော်တို့အတွက် သာမန် ဒါမှမဟုတ် လုပ်ရိုးလုပ်စဥ်လို ဖြစ်နေတဲ့အရာတစ်ခုက တစ်ခါတစ်ရံမှာ ပထမဆုံးကြုံဖူးတဲ့သူတွေအတွက် ခမ်းနားကြီးကျယ်နေတတ်ပါတယ်။
ဗိမာန်တော်တွေဟာရှေးယခင်ကတည်းကတည်ရှိခဲ့သော်လည်း၊ ယေရှုခရစ်တော်ရဲ့ ဧဝံဂလိတရားကို ပြန်လည်ဆောင်ယူခဲ့တဲ့ ပရောဖက်ဂျိူးဇက်စမစ်လက်ထက်ကတည်းက ဗိမာန်တော်တည်ဆောက်ခြင်းဆိုတာ ပရောဖက်တွေအားလုံးအတွက် အရေးကြီးဆုံးဦးစားပေးအလုပ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတာ နားလည်ရလွယ်ပါတယ်။
ပရောဖက်ဂျိုးဇက်က သေဆုံးသူတွေအတွက်ဗိတ္တိဇံကို သင်ကြားနေတုန်းမှာပဲ နောက်ထပ်ကြီးမြတ်တဲ့အမှန်တရားတစ်ခုကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ သူက သင်ကြားခဲ့ပါတယ်၊ “ကျွန်တော်တို့ရဲ့ကယ်တင်ခံရခြင်းနဲ့စပ်ဆိုင်တာကြောင့် ဒါတွေဟာ အမှုမဲ့အမှတ်မဲ့ကျော်သွားလို့မရတဲ့ သေဆုံးသူတွေ၊ရှင်သူတွေနဲ့ ပတ်သက်တဲ့အခြေခံကျင့်ဝတ်တွေဖြစ်တယ်ဆိုတာ အခိုင်အမာပြောပါရစေ။ သေဆုံးသူတွေကယ်တင်ခံရဖို့သည် ကျွန်တော်တို့ကယ်တင်ခံရခြင်းအတွက် မဖြစ်မနေလိုအပ်တဲ့အတွက် … သူတို့ဟာ ကျွန်တော်တို့မရှိဘဲ ပြည့်စုံနိုင်မှာမဟုတ်သလို ကျွန်တော်တို့ဟာလည်း သူတို့တွေမပါဘဲ ပြည့်စုံနိုင်မှာမဟုတ်ပါဘူး။”၉
ကျွန်တော်တို့မြင်ရတဲ့အတိုင်း အသက်ရှင်သူနဲ့သေဆုံးသူတွေအတွက် ဆောင်ရွက်စရာအလုပ်တွေနဲ့ ဗိမာန်တော်တွေကို လိုအပ်တယ်ဆိုတာ အရမ်းထင်ရှားပါတယ်။
ရန်သူက သတိရှိပါတယ်။ သူ့ရဲ့အာဏာဟာ ဗိမာန်တော်ထဲမှာဆောင်ရွက်တဲ့ ဘိသိတ်မင်္ဂလာများနဲ့ ပဋိညာဥ်များအားဖြင့် ခြိမ်းခြောက်ခံနေရတဲ့အတွက် သူဟာ ကျွန်တော်တို့အလုပ်ကို ရပ်တန်ဖို့ ဘာမဆိုကြိုးစားမှာဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ဘာကြောင့်လဲဆိုတော့ သူက ဒီအလုပ်ကနေလာတဲ့ တန်ခိုးစွမ်းအင်ကို နားလည်ပါတယ်။ ဗိမာန်တော်အသစ်များတည်ဆောက်ကြသည်နှင့်အမျှ၊ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းတန်ခိုးတော်သည် ရန်သူ၏ကြိုးစားအားထုတ်မှုကို တွန်းလှန်ရန်နှင့် သူထံတော်သို့လာသောအခါ ကျွန်တော်တို့အား ရွေးနှုတ်ရန်အတွက် ကမ္ဘာတဝှမ်းတွင် ကျယ်ပြန့်လျက်ရှိနေပါတယ်။ ဗိမာန်တော်တွေနဲ့ပဋိညာဥ်တွေ အရေအတွက်တိုးပွားလာတာနဲ့အမျှ၊ ရန်သူသည်လည်း အင်အားချိနဲ့လာပါတယ်။
အသင်းတော်ရဲ့ အစောပိုင်းကာလများမှာ တချို့က ဘယ်အချိန်မှာ ဗိမာန်တော်အသစ်ကို ကြေငြာမလဲဆိုပြီး ပူပန်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ “ငရဲဆီကခေါင်းလောင်းသံတွေ စပြီးမမြည်မချင်း ငါတို့ဟာ ဗိမာန်တော်ကို ဘယ်တော့မှဆောက်မှာမဟုတ်ဘူး” လို့ ပြောလေ့ရှိလို့ပါပဲ။ ဒါပေမယ့် ဘရစ်ဟမ်ယန်းက “ကျွန်တော်ခေါင်းလောင်းမြည်သံတွေကို ထပ်ကြားချင်တယ်”၁၀ လို့ သတ္တိရှိစွာခွန်းတုံ့ပြန်ခဲ့ပါတယ်။
အခုလိုသေခြင်းရှိတဲ့ဘဝမှာ၊ ကျွန်တော်တို့ဟာ စစ်မက်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ရန်သူကို အောင်နိုင်တဲ့ အစွမ်းသတ္တိရှိလို့ရပါတယ်။ ကျွန်တော်တို့ဟာ ဗိမာန်တော်ရဲ့ပဋိညာဥ်တွေကို စောင့်ထိန်းလိုက်နာနေသရွေ့ အဲဒီအစွမ်းသတ္တိနဲ့ခွန်အားကို ယေရှုခရစ်တော်ထံမှ ရရှိမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က သင်ကြားပေးခဲ့ပါတယ်၊ “ဘုရားသခင်ကို နာခံသူတွေနဲ့ မနာခံသူတွေကို ခွဲထုတ်ရမယ့် အချိန်ရောက်ပြီ။ ကျွန်တော်တို့အတွက် အလုံခြုံဆုံးအကာအကွယ်ကတော့ သူ့ရဲ့ မြင့်မြတ်တဲ့အိမ်တော်ကို ဝင်ရောက်ဖို့ ထိုက်တန်အောင် ဆက်လက်လုပ်ဆောင်နေဖို့ပါပဲ။”၁၁
ဒါတွေကတော့ သူ့ရဲ့ပရောဖက်ကနေတဆင့် ဘုရားသခင်က ကျွန်တော်တို့ကို ကတိပေးထားတဲ့ ကောင်းချီးမင်္ဂလာများဖြစ်ပါတယ်။
သင်ဟာ အံ့သြဖွယ်ရာများကို လိုအပ်နေပါသလား။ “သင်တို့ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော်မှာ အမှုတော်ဆောင်ရွက်ဖို့နဲ့ ကိုးကွယ်ဝတ်ပြုဖို့ စွန့်လွှတ်မှုတွေပြုလုပ်ခဲ့ရင် သင်လိုအပ်တယ်လို့ သူသိထားတဲ့ အံ့သြဖွယ်ရာတွေကို ဆောင်ကြဥ်းပေးလိမ့်မယ်ဆိုတာ ကတိပေးတယ်”၁၂ လို့ ကျွန်တော်တို့ရဲ့ ပရောဖက်က ပြောခဲ့ပါတယ်။
သင်ဟာ ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ အနာငြိမ်းစေခြင်းနဲ့ ခွန်အားဖြည့်ပေးခြင်း တန်ခိုးတော်ကိုလိုအပ်ပါသလား။ ဥက္ကဋ္ဌ နယ်လဆင်က ကျွန်တော်တို့ကို ဒီလိုမျိုး ယုံကြည်စိတ်ချစေခဲ့ပါတယ် “ဗိမာန်တော်ထဲမှာ သင်ကြားတဲ့အရာမှန်သမျှက … ယေရှုခရစ်တော်ကို ပိုမိုနားလည်စေတယ်။ … ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းကြတာနဲ့အမျှ၊ သူ့ရဲ့ အနာငြိမ်းစေခြင်း၊ ခွန်အားဖြည့်ပေးခြင်း ဘုန်းတန်ခိုးများနဲ့ အပ်နှင်းခံရပါတယ်။ ကျွန်တော်တို့ဟာ၊ လာမယ့်နေ့ရက်တွေမှာ ကိုယ်တော်ရဲ့ တန်ခိုးတော်ကို ဘယ်လောက်တောင်လိုအပ်ကြလိမ့်မလဲခင်ဗျာ။”၁၃
ပထမဦးဆုံးသော စွန်ပလွံခက်တနင်္ဂနွေနေ့မှာ၊ ယေရှုခရစ်တော်က အောင်ပွဲခံပြီး ယေရုရှလင်မြို့ကို ဝင်လာတဲ့အခါ၊ မြောက်မြားစွာသော သူ့ရဲ့တပည့်တော်များက “ထာဝရဘုရား၏နာမတော်ဖြင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း လို့ ကြီးစွာသောအသံဖြင့် ရွှင်လန်းဝမ်းမြောက်စွာ ချီးမွမ်းကြွေးကြော်ခဲ့ကြပါတယ်။”၁၄
ကာတ့်လန်းဗိမာန်တော်ကို ဆပ်ကပ်ခဲ့တာလည်း၊ ၁၈၃၆ခုနှစ်က စွန်ပလွံတနင်္ဂနွေနေ့မှာဖြစ်တဲ့အတွက် ဘယ်လောက်ထိ မှန်ကန်သင့်မြတ်လိုက်ပါသလဲခင်ဗျာ။ အဲဒီအခမ်းအနားမှာလည်း ယေရှုခရစ်တော်ရဲ့ တပည့်တော်များက ရွှင်လန်းဝမ်းမြောက်ခဲ့ကြပါတယ်။ ထိုဆက်ကပ်အပ်နှံဆုတောင်းချက်တွင်၊ ပရောဖက်ဂျိုးဇက်စမစ်က ဤချီးမွမ်းစကားများကို ကြေငြာခဲ့ပါတယ်။
“အို ကိုယ်တော်ရှင်ဘုရားသခင်အနန္တတန်ခိုးရှင်၊ ကျွန်ုပ်တို့အား ကြားတော်မူပါ … ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်၊ အာနုဘော်၊အစွမ်းသတ္တိ၊ … ဖြင့်ပလ္လင်တော်ပေါ်၌ထိုင်တော်မူရာ … ကောင်းကင်ဘုံမှနေ၍ ကျွန်ုပ်တို့ကို ဖြေတော်မူပါ။
“… ကိုယ်တော့်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ကျွန်ုပ်တို့ကို ကူညီတော်မူပါ၊ ကျွန်ုပ်တို့အသံများကို ကိုယ်တော်၏ပလ္လင်ပတ်လည်၌ ထွန်းလင်းတောက်ပသော၊ ချီးမွမ်းခြင်းဩဘာသံများနှင့်အတူ၊ ဘုရားသခင်နှင့် သိုးသငယ်သို့ ဟောရှဏ္ဏသီချင်းဆိုလျက်ရှိသော ကောင်းကင်တမန်သရပ်တို့နှင့် ရောနှောနိုင်စေခြင်းငှာဖြစ်ပါ၏။
ကိုယ်တော်၏သန့်ရှင်းသူတို့ကိုလည်း ဝမ်းမြောက်ခြင်းအတွက် ကျယ်လောင်စွာ ဟစ်အော်စေတော်မူပါ။”၁၅
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယနေ့ကျရောက်သော စွန်ပလွံတနင်္ဂနွေနေ့မှာ၊ ယေရှုခရစ်တော်ရဲ့တပည့်တော်များဖြစ်တဲ့ ကျွန်တော်တို့ဟာ သန့်ရှင့်မြင့်မြတ်တဲ့ ဘုရားသခင်ကို ချီးမွမ်းပြီး ကျွန်တော်တို့အပေါ်မှာထားရှိတဲ့ သူ့ရဲ့ကောင်းမြတ်ခြင်းအတွက် ရွှင်လန်းဝမ်းမြောက်လိုက်ကြရအောင်ခင်ဗျာ။ “ကျွန်ပ်တို့လက်ခံရရှိလေသည့် ဧဝံဂလိတရားတော်၌ အဘယ့်အရာကို သင်တို့ကြားရသနည်း။” မုချပင် “ကြားရသည်ကား ဝမ်းမြောက်ခြင်းအသံတည်း။”၁၆
သင်တို့တွေဟာ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ ဗိမာန်တော်တွေကို ဝင်ရောက်တာနဲ့အမျှ ဝမ်းမြောက်ခြင်းကို ပို၍ ပို၍ သာပြီးခံစားရမယ်ဆိုတာကို ကျွန်တော်သက်သေခံပါတယ်။ ထိုမှတဖန် ဘုရားသခင်က သင့်ပေါ်မှာထားရှိတဲ့ဝမ်းမြောက်ခြင်းကိုခံစားရမယ်ဆိုတာ ကျွန်တော် သက်သေခံပါတယ်၊ ယေရှုခရစ်တော်၏ နာမတော်အောက်၌၊ အာမင်။