အထွေထွေညီလာခံ
သင့်အမျိုး၏အဘကောင်းချီးမင်္ဂလာကို ဘယ်အချိန်မှာ လက်ခံရရှိမလဲ
ဧပြီ ၂၀၂၃ အထွေထွေညီလာခံ


10:47

သင့်အမျိုး၏အဘကောင်းချီးမင်္ဂလာကို ဘယ်အချိန်မှာ လက်ခံရရှိမလဲ

သင် ကောင်းချီးရရှိတဲ့အခါ၊ သင့်ကို ကောင်းကင်ဘုံရှင်အဖနဲ့ ယေရှုခရစ်တော် ဘယ်လိုချစ်ကြောင်းနှင့် သင့်အပေါ် ဘယ်လိုအာရုံစိုက်ကြောင်း သိရှိပြီး ခံစားရပါလိမ့်မယ်။

မနေ့က ကျွန်တော်ချစ်ရတဲ့သူငယ်ချင်း အသင်းလူကြီး ရန်ဒေါလ် ခေ၊ ဘန်းနက်က အမျိုး၏အဘကောင်းချီးမင်္ဂလာတွေအကြောင်း ပြောပြခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးကို လှုံ့ဆော်ပေးခဲ့တဲ့ သတင်းကောင်းပါပဲ။ ချစ်ရတဲ့ညီအကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်လည်းပဲ အမျိုး၏အဘကောင်းချီးမင်္ဂလာတွေအကြောင်း ပြောပြပါရစေ။ အမျိုး၏အဘကောင်းချီးပေးသူများ၊ အမျိုး၏အဘကောင်းချီးမင်္ဂလာရရှိဖို့တောင်းခံတဲ့သူတွေများလာနိုင်ပါတယ်၊ သင့်ရဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်တာနဲ့အမျှ၊ ကိုယ်တော်၏ကောင်းချီးများရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။

ကျွန်တော်ပန္နက်ညီလာခံပွဲတွေတက်တဲ့အခါ၊ အမျိုး၏အဘကောင်းချီးပေးသူများနဲ့ သူ့အိမ်ထောင်ဖက်ကို အမြဲလည်ပတ်ပါတယ်။ အမျိုး၏အဘကောင်းချီးပေးသူတွေဟာ နူးညံ့သိမ်မွေ့ပြီး နာခံမှုအပြည့်နဲ့ အံ့ဖွယ်ခေါင်းဆောင်တွေပါ။ သူတို့က ကျွန်တော်ကို အံ့ဩစရာကောင်းတဲ့ ဝိညာဉ်ရေးရာအတွေ့အကြုံတွေ အများကြီးအကြောင်းပြောပြပါတယ်။ သူတို့ ကောင်းချီးပေးခဲ့တဲ့ အငယ်ဆုံးနဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်တွေရဲ့ အသက်အရွယ်ကို ကျွန်တော်မေးပါတယ်။ ယခုအချိန်ထိ အငယ်ဆုံးမှာ ၁၁ နှစ်ရှိပြီး၊ အကြီးဆုံးမှာ ၉၃နှစ်ဖြစ်ပါတယ်။

ကျွန်တော် နှစ်ခြင်းခံပြီး နှစ်နှစ်အကြာ၊ ၁၉ နှစ်အရွယ်မှာ၊ အသင်းတော်ရဲ့အသင်းသားသစ်အဖြစ် အမျိုး၏အဘကောင်းချီးမင်္ဂလာကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အမျိုး၏အဘကောင်းချီးပေးသူက အသက်အရမ်းကြီးပါတယ်။ သူဟာ ၁၉၁၆ ခုနှစ်မှာ အသင်းတော်ထဲဝင်ခဲ့ပြီး ဂျပန်နိုင်ငံက အသင်းတော်ရဲ့ ရှေ့ဆောင်တစ်ဦးဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ ထင်ရှားတဲ့တပည့်တော်ထံမှ ကျွန်တော့်အမျိုး၏အဘကောင်းချီးမင်္ဂလာကို လက်ခံရရှိခြင်းဟာ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ သူ့ဂျပန်စကားက ကျွန်တော့်အတွက် နည်းနည်းနားလည်ရခက်ပေမယ့်၊ တန်ခိုးကြီးလှပါတယ်။

ကျွန်တော်တွေ့ခဲ့တဲ့ အမျိုး၏အဘကောင်းချီးပေးသူတွေက လူတော်တော်များများကသာသနာပြုမထမ်းဆောင်ခင်မှာ ကောင်းချီးမင်္ဂလာများကို ရရှိကြတယ်လို့ပြောပါတယ်။ ကျွန်တော်ချစ်ရသော လူငယ်အမျိုးသားများ၊ လူငယ်အမျိုးသမီးများ၊ မိဘများနှင့် သင်းအုပ်ဆရာများခင်ဗျာ၊ အမျိုး၏အဘကောင်းချီးမင်္ဂလာများဟာ သာသနာပြုထမ်းဆောင်ဖို့ ပြင်ဆင်ရန်အတွက်သာမဟုတ်ပါဘူး။ ထိုက်တန်သော နှစ်ခြင်းခံပြီးအသင်းသားများဟာ သူတို့အတွက်အချိန်တန်တဲ့အခါ အမျိုး၏အဘကောင်းချီးမင်္ဂလာကို လက်ခံရရှိနိုင်ပါတယ်။

အရွယ်ရောက်သူတွေ၊ သင်တို့ထဲက တချို့ဟာ အမျိုး၏အဘကောင်းချီးမင်္ဂလာတွေ မရရှိသေးကြပါဘူး။ လက်ခံရရှိဖို့ အသက်ကြီးလွန်းတယ်ဆိုတာမရှိဘူးဆိုတာသတိရပါ။

ကျွန်တော့်ယောက္ခမက အရမ်းတက်ကြွတဲ့ အသင်းတော်ရဲ့အသင်းသားတစ်ယောက်ဖြစ်ပြီး၊ အသက် ၉၀ အရွယ် ကွယ်လွန်သွားတဲ့အထိ လူမှုသက်သာရေးအဖွဲ့ဆရာမအဖြစ် အမှုတော်ဆောင်ခဲ့ပါတယ်။ သူမက အမျိုး၏အဘကောင်းချီးမင်္ဂလာ မရရှိခဲ့ဘူးဆိုတာ သိလိုက်ရလို့ ကျွန်တော်ဝမ်းနည်းမိပါတယ်။ သူမရဲ့ဘဝမှာ အခက်အခဲများစွာကိုကြုံတွေခဲ့ရပြီး၊ အိမ်မှာ ယဇ်ပုရောဟိတ်အခွင့်အာဏာကိုင်ဆောင်ထားသူမရှိတာကြောင့် ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာများစွာကို သူမ မရရှိခဲ့ပါဘူး။ အမျိုး၏အဘကောင်းချီးမင်္ဂလာက သူမအလိုအပ်ဆုံးအချိန်တွင် နှစ်သိမ့်မှုပေးကောင်းပေးနိုင်ခဲ့မှာပါ။

အရွယ်ရောက်သူများခင်ဗျာ၊ အမျိုး၏အဘကောင်းချီးမင်္ဂလာ မရရှိသေးဘူးဆိုရင်လည်း၊ ကျေးဇူးပြုပြီး မစိုးရိမ်ကြပါနဲ့။ လူတိုင်းရဲ့ ဝိညာဉ်ရေးရာအချိန်ဇယားက မတူပါဘူး။ သင်က ၃၅နှစ် သို့မဟုတ် ၈၅နှစ်ရှိသော်လည်း ဆန္ဒရှိမယ်ဆိုလျှင်၊ သင်ကောင်းချီးမင်္ဂလာရရှိလိုတဲ့အကြောင်း သင်းအုပ်ကို ပြောပြပါ။

အသင်းတော်ရဲ့အသင်းသားအသစ်များခင်ဗျာ၊ အမျိုး၏အဘကောင်းချီးမင်္ဂလာများအကြောင်း သင်ကြားဖူးပါသလား။ အသင်းတော်ထဲဝင်တဲ့အခါ ထိုကောင်းချီးရရှိနိုင်တဲ့ အခွင့်အရေးအကြောင်း ကျွန်တော်မသိခဲ့ပေမဲ့၊ ကျွန်တော်ရဲ့ချစ်လှစွာသောသင်းအုပ်က အမျိုး၏အဘကောင်းချီးမင်္ဂလာများအကြောင်းပြောပြပြီး နှစ်ခြင်းခံပြီးနောက်မှာ လက်ခံရရှိရန်ပြင်ဆင်ဖို့ ကျွန်တော်ကိုအားပေးခဲ့ပါတယ်။ အသင်းသားအသစ်များခင်ဗျာ၊ သင်တို့လည်း အမျိုး၏အဘကောင်းချီးမင်္ဂလာကို ရရှိနိုင်ပါတယ်။ ဒီမြင့်မြတ်တဲ့အခွင့်အရေးအတွက် ကိုယ်တော်ရှင်က သင့်အားကူညီပြင်ဆင်ပေးပါလိမ့်မယ်။

အမျိုး၏အဘကောင်းချီးမင်္ဂလာအတွက် ရည်ရွယ်ချက်နှစ်ခုကို စဉ်းစားသုံးသပ်ကြည့်ကြရအောင်။

  1. အမျိုး၏အဘကောင်းချီးမင်္ဂလာတွင် သင့်အတွက် ကိုယ်တော်ရှင်ထံမှ ကိုယ်ပိုင်အကြံပြုခြင်းပါရှိပါတယ်။

  2. အမျိုး၏အဘကောင်းချီးမင်္ဂလာက ဣသရေလအမျိုးမှ သင်၏မျိုးရိုးစဉ်ဆက်ကို ကြေငြာပေးပါတယ်။

သင့်ရဲ့ အမျိုး၏အဘကောင်းချီးမင်္ဂလာဟာ ကောင်းကင်ဘုံရှင်အဖထံမှ သတင်းစကားတစ်ခုဖြစ်ပြီး သင့်ဘဝတစ်လျှောက်လုံးလမ်းပြရန် ကတိတော်များနှင့် လှုံ့ဆော်ခံအကြံပြုခြင်းများပါဝင်မှာဖြစ်ပါတယ်။ အမျိုး၏အဘကောင်းချီးမင်္ဂလာဟာ သင့်ဘဝကိုပုံဖော်ရန် သို့မဟုတ် သင့်မေးခွန်းအားလုံးကို ဖြေဆိုရန်မဟုတ်ပါ။ ထိုအထဲမှာ အရေးကြီးတဲ့ ဘဝဖြစ်ရပ်တစ်ခုကို မဖော်ပြထားရင်၊ အဲဒီအခွင့်အရေးကို ရရှိမှာမဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ထိုနည်းတူ၊ ဒီဘဝအသက်တာမှာ ကောင်းချီးထဲကအရာအားလုံးဖြစ်ပေါ်လာမယ်လို့လည်းအာမခံချက်မရှိပါဘူး။ အမျိုး၏အဘကောင်းချီးမင်္ဂလာဟာ ထာဝရဖြစ်ပြီး၊ သင် ထိုက်တန်စွာနေထိုင်ပါက၊ ဤဘဝတွင် မပြည့်စုံသောကတိများသည် နောင်ဘဝတွင် ပြည့်စုံပါလိမ့်မယ်။

အမျိုးအနွယ်၏ကြေငြာချက်ကို လက်ခံရရှိသည်နှင့်၊ သင်ဟာ ဣသရေလအမျိုးနှင့် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို သိလာပါလိမ့်မယ်။ ၎င်း၏အဓိပ္ပာယ်ကို နားလည်ရန်၊ အာဗြဟံမှတစ်ဆင့် ဣသရေလအမျိုးအတွက် ကိုယ်တော်ရှင်ပေးတော်မူခဲ့သော ကတိတော်များကို အာရုံစိုက်ပါ။

ထိုကတိတော်များတွင်၊

  • “သူ၏သားစဉ်မြေးဆက်သည် အလွန်ပွားများစေမည် (ရှု ကမ္ဘာဦး ၁၇း၅-၆အာဗြဟံ ၂း၉၃း၁၄)။

  • “သူ၏ အမျိုးအနွယ်၊ သို့မဟုတ် မျိုးဆက်တို့သည်၊ ဧဝံဂေလိတရားတော်ကိုလက်ခံပြီး ယဇ်ပုရောဟိတ်အခွင့်ကို သက်သေခံကြလိမ့်မည် (ရှု အာဗြဟံ ၂း၉)။

  • “သူ့ အမျိုးအနွယ်၏အမှုတော်ဆောင်ခြင်းဖြင့်၊ ‘မြေကြီးရှိ ခပ်သိမ်းသော မိသားစုတို့သည် ကယ်တင်ခြင်းကောင်းချီးမင်္ဂလာများ၊ ထာဝရအသက်ပင် ဖြစ်သည့်၊ ဧဝံဂေလိတရားတော်၏ ကောင်းချီးမင်္ဂလာများနှင့်ပင် ကောင်းချီးခံစားရကြ[လိမ့်မည်]’ (အာဗြဟံ ၂း၁၁)။”

အသင်းတော်၏အသင်းသားများအနေနှင့်၊ ကျွန်တော်တို့ဟာ ပဋိညာဉ်နှင့်ဆိုင်သောသားသမီးများဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဧဝံဂေလိတရားနှင့် ဓမ္မသတ်များကိုနာခံခြင်းဖြင့် အာဗြဟံပဋိညာဉ်၏ကောင်းချီးများကို လက်ခံရရှိကြပါတယ်။

သင့်အမျိုး၏အဘကောင်းချီးမင်္ဂလာများအတွက် ကြိုတင်ပြင်ဆင်ခြင်းဟာ ကောင်းကင်ဘုံရှင်အဖနှင့် ယေရှုခရစ်အပေါ် သင်၏ယုံကြည်ခြင်းကို တိုးပွားစေပါလိမ့်မယ်။ သင့်အမျိုး၏အဘကောင်းချီးများကို လက်ခံရရှိပြီး ၎င်းကိုဖတ်ပြီး ဆင်ခြင်သောအခါ၊ ၎င်းတို့ကို သင်ပို၍မကြာခဏအာရုံစိုက်နိုင်ပါတယ်။

ဥက္ကဋ္ဌ ထောမတ် အက်စ်၊ မွန်ဆန် ကရှင်းပြခဲ့ပါတယ်၊ “လေဟိအတွက် လီယဟိုနာတစ်လုံးကို ထောက်ပံ့ပေးခဲ့သော တူညီတဲ့ကိုယ်တော်ရှင်ဟာ ယနေ့တွင် သင့်အတွက်နှင့် ကျွန်တော့်အတွက် ရှားပါးပြီး အဖိုးတန်လက်ဆောင်ကို ကျွန်တော်တို့၏အသက်တာအတွက် လမ်းညွှန်ရန်၊ ကျွန်တော်တို့၏ဘေးကင်းမှုအတွက် အန္တရာယ်များကို အမှတ်အသားပြုရန်နှင့် လမ်းကိုဆွဲသားရန်၊ အန္တရာယ်ကင်းသောလမ်းကြောင်းကိုပင်—ကတိထားရာပြည်သို့ မဟုတ်ဘဲ ကျွန်တော်တို့၏ကောင်းကင်အိမ်ဆီသို့ ထောက်ပံ့ပေးထားပါတယ်။”

ချစ်လှစွာသော သင်းအုပ်များ၊ မိဘများ၊ အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌများ၊ အသင်းတော်စုသာသနာပြုခေါင်းဆောင်များ၊ အမှုဆောင်ညီအစ်ကိုများနှင့် ညီအစ်မများခင်ဗျာ၊ ကိုယ်တော်ရှင်၏လမ်းညွှန်မှုကိုရှာဖွေရန် ၎င်းတို့ရဲ့ အမျိုး၏အဘကောင်းချီးမင်္ဂလာကို မခံယူရသေးသော ထိုလူငယ်အမျိုးသားများ၊ လူငယ်အမျိုးသမီးများ၊ အရွယ်ရောက်ပြီးသူများနှင့် အသင်းသားအသစ်များကို အားပေး၍ သူတို့ကိုယ်တိုင်ပြင်ဆင်ရာတွင်လည်း ကျေးဇူးပြုပြီးကူညီပေးပါ။

ကျွန်တော်ရဲ့ အမျိုး၏အဘကောင်းချီးမင်္ဂလာကို မကြာခဏဆုတောင်းလျက် ဖတ်ပါတယ်၊ အဲ့ဒါက ကျွန်တော့်ကို အမြဲအားပေးမှုပေးပါတယ်။ အဲ့ဒါက ကျွန်တော့်ဆီကနေ ကိုယ်တော်မျှော်လင့်ထားတာတွေကို အသိအမှတ်ပြုပြီး၊ နောင်တရ၍ နှိမ့်ချမှုရှိဖို့ ကူညီပေးခဲ့ပါတယ်။ အဲ့ဒါကို ဖတ်တဲ့အခါ၊ ကတိပြုထားတဲ့ ကောင်းချီးတွေကိုထိုက်တန်ရန် အသက်ရှင်နေထိုင်ဖို့ ကျွန်တော်အလိုရှိလာပါတယ်။

အကြိမ်များစွာဖတ်ဖူးတဲ့ကျမ်းချက်များဟာ နောက်ပိုင်းတွင် ကျွန်တော်တို့အတွက် အဓိပ္ပာယ်အသစ်ရှိလာသလိုပဲ၊ ကျွန်တော်တို့ရဲ့ အမျိုး၏အဘကောင်းချီးမင်္ဂလာဟာ မတူညီသောအချိန်များဟာကျွန်တော်တို့အတွက် အဓိပ္ပာယ်အမျိုးမျိုးရှိလာမှာပါ။ ကျွန်တော့်ရဲ့ကောင်းချီးကလည်း အသက် ၃၀ အရွယ်နဲ့ အသက် ၅၀ အရွယ်ကထက်၊ အခုခြားနားတဲ့ အဓိပ္ပာယ်ရှိပါတယ်။ စကားလုံးများ ပြောင်းလဲသွားခြင်းမဟုတ်ဘဲ၊ မတူညီတဲ့နည်းဖြင့် ကျွန်တော်တို့တွေ့မြင်ကြရခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌ ဒလျံ အိပ်ချ်၊ အုတ်ခ်စ် ကအမျိုး၏အဘကောင်းချီးမင်္ဂလာဆိုတာ “သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုအောက်တွင် ပေးထားပြီး ထိုဝိညာဉ်တော်၏ လွှမ်းမိုးမှုအောက်တွင် ဖတ်ရှု၍ အဓိပ္ပာယ်ပြန်သင့်တယ်လို့ ကြေငြာခဲ့ပါတယ်။ အမျိုး၏အဘကောင်းချီးမင်္ဂလာရဲ့ အဓိပ္ပာယ်နဲ့ အရေးပါမှုဟာ [၎င်း]ကိုလှုံ့ဆော်ပေးခဲ့တဲ့ ဝိညာဉ်တော်ရဲ့တန်ခိုးအားဖြင့် အချိန်ကာလတစ်လျှောက် နည်းတစ်ခုပြီးတစ်ခု သင်ကြားပေးပါလိမ့်မယ်။”

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကောင်းကင်ဘုံရှင်အဖနှင့် သူ၏ချစ်လှစွာသော တစ်ပါးတည်းသောသားတော်၊ ကိုယ်တော်ယေရှုခရစ်တော် အသက်ရှင်တော်မူကြောင်းကို ကျွန်တော်သက်သေခံပါတယ်။ သူတို့က ကျွန်တော်တို့ကို ချစ်ပါတယ်။ အမျိုး၏အဘကောင်းချီးမင်္ဂလာများဟာ သူတို့ထံမှ မြင့်မြတ်သောလက်ဆောင်များဖြစ်ပါတယ်။ သင် ကောင်းချီးရရှိတဲ့အခါ၊ သင့်ကို သူတို့ဘယ်လိုချစ်ကြောင်းနှင့် သင့်တစ်ဦးချင်းစီအပေါ် ဘယ်လိုအာရုံစိုက်ကြောင်း သိရှိပြီး ခံစားရပါလိမ့်မယ်။

မော်မုန်ကျမ်းဟာ ယေရှုခရစ်တော်အကြောင်း တစ်ခြားသောသက်သေခံချက် ဖြစ်ပါတယ်။ အသက်ရှင်တဲ့ ပုရောဖက်တစ်ဦးဖြစ်တဲ့ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်ရဲ့ ဦးဆောင်မှုခံရတာကိုလည်း ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဤပသကာပွဲတနင်္ဂနွေနေ့တွင် ကိုယ်တော်နှင့် သူ၏ရှင်ပြန်ထမြောက်ခြင်းကို အာရုံစိုက်ပြီးကိုယ်တော်အား ဝတ်ပြုကိုးကွယ်ကာ သူ၏ပူဇော်သကာအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါမယ်။ သူက ကျွန်တော်တို့ကို အရမ်းချစ်တဲ့အတွက် အရမ်းဒုက္ခခံစားခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အပေါ် ကိုယ်တော်ချစ်တာကြောင့် ရှင်ပြန်ထမြောက်လာတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကိုယ်တော်တကယ်ရှိပါတယ်။ ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ရှု အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်များ၁၈.၁၇၊ ChurchofJesusChrist.org.

  2. ရှု “အမျိုး၏အဘကောင်းချီးမင်္ဂလာများ၊” ၌ True to the Faith (၂၀၀၄)၊ ၁၁၂။

  3. ရှု “အမျိုး၏အဘကောင်းချီးမင်္ဂလာများ၊” ၌ True to the Faith, ၁၁၃။

  4. ရှု အာဗြဟံ ၂း၁၀

  5. အာဗြဟံ ပဋိညာဉ်၊” ၌ True to the Faith၊ ၅။

  6. ရှု ၃ နီဖိုင်း ၂၀း၂၅-၂၆

  7. ထောမတ် အက်စ်၊ မွန်ဆန်၊ “Our Patriarchal Blessing: A Liahona of Light,” Ensign၊ နို ၁၉၈၆၊ ၆၅။

  8. ဒလျံ အိပ်ချ်၊အုတ်ခ်စ် “Patriarchal Blessings,” Worldwide Leadership Training Meeting: The Patriarch, ဇန်၊ ၈၊၂၀၀၅၊၁၀။