ကျွန်ုပ်၏စိတ်က ယေရှုခရစ်တော်၏ဤအတွေးအပေါ် အာရုံစိုက်မိသော်
သင်ဟာ ယေရှုခရစ်တော်၏ဤအတွေးအပေါ် စေ့စေ့အာရုံစိုက်တာနှင့်အမျှ၊ ကောင်းကင်ဆိုင်ရာလမ်းညွှန်မှု သာမက ကောင်းကင်ဆိုင်ရာ တန်ခိုးတော်ရရှိဖို့အတွက်လည်း ကျွန်တော်ကတိပေးပါတယ်။
ဤလှပသောပသခါပွဲအချိန်တွင်၊ ဤတန်ခိုးကြီးသော “ကြီးမြတ်စွာ၊ ကိုယ်တော် ယေဟောဝါ၊”၁ဓမ္မသီချင်း၏ဆုတောင်းချက်ကို ကျွန်တော် ပဲ့တင်ထပ်ဆိုပါတယ်။
မော်မုန်ကျမ်းထဲ၌ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့၊ အထင်ကရမိသားစုမှ၊ ရုပ်တုကိုးကွယ်သောသူဟု ကျမ်းစာဖော်ပြထားသော အယ်လမာလို့ခေါ်တဲ့ လူငယ်တစ်ယောက်အကြောင်း ပြောပြထားပါတယ်။၂ သူဟာ ရှင်းလင်းပြတ်သားတဲ့သူတစ်ယောက်ဖြစ်ပြီး တခြားသူတွေကိုသူ့နောက်လိုက်ဖို့ ဖျောင်းဖျပြီး မြှောက်ပင့်ပေးတဲ့သူဖြစ်ပါတယ်။ အံ့ဩစရာကောင်းတာက၊ ကောင်းကင်တမန်တစ်ပါးဟာ အယ်လမာနဲ့ သူ့သူငယ်ချင်းတွေဆီ ရောက်လာခဲ့ပါတယ်။ အယ်လမာဟာ မြေကြီးပေါ်လဲကျပြီး အလွန်အားနည်းလွန်းသဖြင့် သူ့ဖခင်၏အိမ်သို့ အကူအညီမဲ့စွာသယ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ သူဟာ သုံးရက်တိုင်တိုင် သတိမေ့မြောနေခဲ့ပါတယ်။၃ နောက်ပိုင်းတွင်၊ သူ့အနီးမှာရှိတဲ့သူတွေကို သူသတိလစ်နေစဉ်၊ သူ၏စိတ်ဝိညာဉ်ဟာ ဝမ်းနည်းပူဆွေးလာတာနဲ့အမျှ သူ၏စိတ်ကလည်း အလွန်တက်ကြွနေပြီး၊ ဘုရားသခင်၏ပညတ်တော်များကို လျစ်လျူရှုခဲ့သော သူ၏အသက်တာအကြောင်းကို တွေးတောနေခြင်းဖြစ်ကြောင်း သူရှင်းပြခဲ့ပါတယ်။ သူက “[သူ၏]အပြစ်များစွာတို့ကို အမှတ်ရှိခြင်းအားဖြင့် ညှဉ်းပန်းခံရ”၄ ပြီး “ထာဝရစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းဖြင့် နှိပ်စက်ခံနေရတဲ့”၅ သူ့စိတ်ကို ဖော်ပြခဲ့ပါတယ်။
သူစိတ်ပျက်အားငယ်စွာရှိနေတဲ့အချိန်မှာ၊ “လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေခြင်းငှာ၊ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်၏ ကြွလာတော်မူခြင်းအကြောင်း”၆ နှင့်စပ်လျဉ်း၍ ငယ်စဉ်က သင်ကြားခဲ့ဖူးတာကို သူသတိရခဲ့ပါတယ်။ ထို့နောက် အလွန်နှစ်လိုဖွယ်ကောင်းသော ဤဖော်ပြချက်ကို သူပြောပြခဲ့ပါတယ်၊ “ငါ၏စိတ်က ဤအတွေးအပေါ် အာရုံစိုက်မိသောအခါ၊ ငါ၏စိတ်နှလုံး၌ တောင်းလျှောက်သည်ကား၊ အို ဘုရားသခင်၏ သားတော်ယေရှု၊ အကျွန်ုပ်ကို ကရုဏာထားတော်မူပါ။”၇ ကယ်တင်ရှင်၏တန်ခိုးတော်အတွက် အသနားခံခဲ့စဉ်၊ အံ့ဖွယ်အမှုတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်၊ “ငါသည် ဤသို့တွေးမိပြီးနောက်၊” “ငါ၏နာကျင်မှုများကို မအောက်မေ့နိုင်တော့” ဟုသူပြောခဲ့ပါတယ်။၈ ရုတ်တရက် ငြိမ်သက်မှုနဲ့ အလင်းရောင်ကို သူခံစားခဲ့ရပါတယ်။ “ငါ၏ဝမ်းမြောက်ခြင်းကဲ့သို့ အလွန်ထူးကဲ၍၊ သာယာသောအရာ တစ်စုံတစ်ခုမျှမ[ရှိနိုင်]၊”၉ ဟု သူကြေငြာခဲ့ပါတယ်။
အယ်လမာဟာ ယေရှုခရစ်တော်ရဲ့သမ္မာတရားကို “အာရုံစိုက်” ခဲ့ပါတယ်။ ကျွန်တော်တို့ ရုပ်သဘောအရ “အာရုံစိုက်” ဟူသော စကားလုံးကို အသုံးပြုပါက၊ “လဲကျနေချိန်မှာပဲ အစောင့်အကြပ်ကို ဆုပ်ကိုင်ထား” ခြင်း လိုပြောနိုင်ပါတယ်၊ ဆိုလိုရင်းက ရုတ်တရက် လက်လှမ်းပြီး ခိုင်ခံ့မြဲမြံသော အုတ်မြစ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်လို့ပြောနိုင်ပါတယ်။
အယ်လမာ၏အဖြစ်အပျက်တွင်၊ ယေရှုခရစ်တော်၏ အပြစ်ဖြေရာယဇ်ပူဇော်ခြင်း၏တန်ခိုးကြီးလှတဲ့ သမ္မာတရားကို သူ့စိတ်က လက်လှမ်းမိပြီး လုံခြုံစေခဲ့တာပါ။ ထိုသမ္မာတရားအပေါ် ယုံကြည်ခြင်း၌လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် ကျေးဇူးတော်အားဖြင့်၊ သူဟာ စိတ်ပျက်အားငယ်ခြင်းမှကယ်တင်ခံခဲ့ရပြီး မျှော်လင့်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့အတွေ့အကြုံများက အယ်လမာကဲ့သို့ ပြဇာတ်ဆန်ဆန်မဟုတ်နိုင်သော်လည်း၊ ၎င်းတို့ဟာ ထာဝရအရေးပါတဲ့ အရာများဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်တွေဟာ ယေရှုခရစ်တော်နှင့် သူ၏ကရုဏာသက်သောယဇ်တွင်၊ “ဤအတွေးကို အာရုံစိုက်ထား” ကြပြီး ကျွန်တော်တို့၏ဝိညာဉ်များဟာလည်း နောက်ဆက်တွဲအလင်းနှင့် ရွှင်လန်းမှုကို ခံစားခဲ့ကြရပါတယ်။
ယေရှုခရစ်တော်၏အတွေးကို လုံခြုံစေခြင်း
ဤပသခါပွဲ ရာသီမှာ ကျွန်တော်ရဲ့ဆုတောင်းချက်ကတော့ ကျွန်တော်တို့ရဲ့ ဝိညာဉ်အခန်းတွေမှာ ယေရှုခရစ်တော်နဲ့ပတ်သက်တဲ့ ထူးခြားတဲ့အတွေးကို ပိုပြီးသတိရှိရှိပုံဖော်၊ ခိုင်ခံ့စေပြီး၊ လုံခြုံအောင်ထားရှိဖို့ပါပဲ၊၁၀ ထိုအတွေးကို ကျွန်တော်တို့ရဲ့ စိတ်ထဲထက်သန်စွာ စီးဆင်းစေကာ၊ ကျွန်တော်တို့ရဲ့တွေးခေါ်ပုံနှင့် လုပ်ဆောင်မှုတို့တွင် လမ်းညွှန်ပေးစေကာ၊ ကယ်တင်ရှင်၏ချစ်ခြင်းမေတ္တာရဲ့ ချိုမြိန်သောပျော်ရွှင်မှုကို အဆက်မပြတ် ယူဆောင်လာစေဖို့ဖြစ်ပါတယ်။၁၁
ကျွန်တော်တို့ရဲ့စိတ်ကိုယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ဖြည့်စွက်ပေးခြင်းဟာ သူက ကျွန်တော်တို့မှာရှိတဲ့တစ်ခုတည်းသောအတွေးလို့ မဆိုလိုပါဘူး။ သို့သော် ကျွန်တော်တို့ရဲ့ အတွေးအားလုံးဟာ သူ၏ချစ်ခြင်း၊ သူ၏အသက်တာနှင့် သွန်သင်ချက်များ၊ သူ၏ အပြစ်ဖြေခြင်းယဇ်နှင့် ဘုန်းကြီးသော ရှင်ပြန်ထမြောက်ခြင်းတို့ဖြင့် ဝန်းရံထားကြောင်း ဆိုလိုပါတယ်။ ယေရှုဟာ မေ့လျော့ခံရသောအရပ်တွင် တစ်ခါမျှမရှိပါ၊ အကြောင်းမှာ ကိုယ်တော်၌ ကျွန်တော်တို့ရဲ့အတွေးများ အမြဲရှိပြီး “[ကျွန်တော်တို့အလုံးစုံ] ၌သူ့ကိုချစ်ပါတယ်။”၁၂ ကျွန်တာ်တို့က ကိုယ်တော်နှင့် ပို၍နီးကပ်စေသောအတွေ့အကြုံများကို စိတ်ထဲတွင် ဆုတောင်းပြီး လေ့ကျင့်ကြပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်များသောအသက်တာတစ်လျှောက်တွင် ဘုရားသခင်၏ပုံများ၊ သန့်ရှင်းသောကျမ်းစာများနှင့် မရေမတွက်နိုင်သောနေ့စဉ်အတွေးများကို ညင်သာစွာဖြေရှင်းနိုင်ရန် မွန်မြတ်သောဓမ္မသီချင်းများကိုလည်း စိတ်ထဲတွင် ကြိုဆိုကြပါတယ်။ ကိုယ်တော့်အတွက် ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာဟာ ဤသေခြင်းရှိအသက်တာတွင် ဝမ်းနည်းခြင်းနှင့် ပူဆွေးခြင်းတို့မှ အကာကွယ်မပေးသော်လည်း၊ ၎င်းက ကျွန်တော်တို့တတ်နိုင်သည်ထက်သာလွန်သော ခွန်အားဖြင့် စိန်ခေါ်မှုတွေကို ဖြတ်သန်းနိုင်ဖို့ အခွင့်ပေးပါတယ်။
ယေရှု၊ ကိုယ်တော်ကို မှန်းမျှော်ရည်
ချိုသာခြင်း ရင်ဝယ်သွင်း။
မျက်နှာတော်မြင်လျှင် အေးမြသည်
မျက်မှောက်တော်၌ ငြိမ်းချမ်းခြင်း။၁၃
သင်ဟာ ကောင်းကင်ဘုံရှင်အဖရဲ့ ဝိညာဉ်ကလေးဖြစ်တယ်ဆိုတာ သတိရပါ။ တမန်တော်ပေါလု ရှင်းပြသည့်အတိုင်း၊ ကျွန်တော်တို့ဟာ “ဘုရားသခင်၏အမျိုးအနွယ်”၁၄ ဖြစ်ကြပါတယ်။ ကမ္ဘာမြေပေါ် မရောက်ခင် သင်က သင့်ရဲ့ကိုယ်ပိုင်သီးခြားလက္ခဏာတွေနဲ့ ကြာမြင့်စွာနေထိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အဖဟာ ကျွန်တော်တို့အား ကမ္ဘာမြေသို့လာရန်၊ သင်ယူရန်နှင့် သူ့ထံပြန်လာရန် ပြီးပြည့်စုံတဲ့အစီအစဉ်ကို ဖန်တီးခဲ့ပါတယ်။ သူ၏ အဆုံးမရှိသောအပြစ်ဖြေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတန်ခိုးအားဖြင့်၊ ကျွန်တော်တို့ သေခြင်းရှိသောဘဝထက်ကျော်လွန်၍နေနိုင်စေရန် သူ၏ချစ်သားတော်ကို စေလွှတ်ခဲ့ပါတယ်၊ ကျွန်တော်တို့ဟာ သူ့အား ယုံကြည်ရန်နှင့် အပြစ်များအတွက် နောင်တရရန် လိုလိုလားလားရှိကြတာနှင့်အမျှ၊၁၅ ခွင့်လွှတ်မှုရပြီး ထာဝရအသက်မျှော်လင့်ချက်ကို ရရှိမှာဖြစ်ပါတယ်။၁၆
ကျွန်တော်တို့၏ စိတ်နှင့်ဝိညာဉ်တော်ကို ထူးခြားသော ဂရုစိုက်မှုပေးခြင်း
ဤသေခြင်းရှိသောအသက်တာတွင်၊ ကျွန်တော်တို့၏စိတ်နှင့် ဝိညာဉ်တော်ဟာ ထူးခြားသောဂရုစိုက်မှုလိုအပ်ပါတယ်။၁၇ ကျွန်တော်တို့ရဲ့စိတ်က ကျွန်တော်တို့ကို ရှင်သန်ရန်၊ ရွေးချယ်ရန်၊ နှင့် အကောင်းအဆိုးကို ခွဲခြားသိမြင်စေပါတယ်။၁၈ ကျွန်တော်တို့ရဲ့ဝိညာဉ်တော်က ဘုရားသခင်ဟာ ကျွန်တော်တို့၏အဖဖြစ်ကြောင်း၊ ယေရှုခရစ်တော်ဟာ ဘုရားသခင်၏သားတော်ဖြစ်ကြောင်းနှင့် သူတို့၏သွန်သင်ချက်များက သေခြင်းရှိသောဘဝထက်ကျော်လွန်သော ထာဝရအသက်နှင့် ဤဘဝ ပျော်ရွှင်မှုအတွက် လမ်းညွှန်ချက်တွေဖြစ်ကြောင်း အတည်ပြုသက်သေခံချက်ကို ရရှိပါတယ်။
အယ်လမာရဲ့စိတ်က ယေရှုခရစ်တော်တွင်ရှိသော ဤအတွေးကို အာရုံစိုက်မိခဲ့ပါတယ်။ အဲ့ဒါက သူ့ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ အထွေထွေညီလာခံက ကျွန်တော်တို့အား ဘုရားသခင်ပေးမည့်အရာနှင့် ဖြစ်လာစေမည့်အရာကို နားလည်ဖို့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုးတက်မှုကို ပြန်လည်သုံးသပ်ရမည့်အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်ရဲ့ တာဝန်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ထမ်းဆောင်တာနဲ့အမျှ၊ အသင်းတော်၏ ဖြောင့်မတ်သော၊ သစ္စာရှိသောအသင်းသားများထဲတွင် ဝိညာဉ်ရေးရာခွန်အား တိုးများလာနေတာကို ကျွန်တော် သတိပြုမိပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်က၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အမည်အမှန်ကိုအသုံးပြုခြင်းဖြင့် ကျွန်တော်တို့လုပ်ဆောင်မှုမှန်သမျှတွင် ကယ်တင်ရှင်ကို ပို၍ထင်ရှားပေါ်လွင်စေရန် ကျွန်တော်တို့ကိုတောင်းဆိုခဲ့ပါတယ်။၁၉ ကျွန်တော်တို့ဟာ ကိုယ်တော်၏နာမတော်ကို ပို၍စိတ်အားထက်သန်စွာ ပြောဆိုနေကြပါတယ်။
လွန်ခဲ့တဲ့လေးနှစ်က၊ ကျွန်တော်တို့ရဲ့ ပွဲတော်မင်္ဂလာအစည်းအဝေးအချိန်ကို လျှော့ချခြင်းဖြင့်၊ ကိုယ်တော်ရဲ့ ပွဲတော်မင်္ဂလာကိုသုံးဆောင်ရန် ပို၍အာရုံစိုက်ခဲ့ကြပါတယ်။ ယေရှုခရစ်တော်ကို ပို၍တွေးတောနေပြီး ကိုယ်တော်ကို အမြဲသတိရနေရန် ကျွန်တာ်တို့ကတိတော်၌ ပို၍လေးနက်စေပါတယ်။၂၀
ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါရဲ့ အထီးကျန်မှုနှင့် လာ၍ ငါ့နောက်သို့လိုက်လော့၊ ရဲ့အကူအညီဖြင့်၊ ကျွန်တော်တို့ရဲ့အိမ်တွေမှာ ကယ်တင်ရှင်ရဲ့သွန်သင်ချက်များဟာ ပိုမိုထင်ရှားလာပြီး သတင်းပါတ်အတွင်း ကျွန်တော်တို့၏ကယ်တင်ရှင်အား ဝတ်ပြုကိုးကွယ်ရန် ကူညီပေးလာပါတယ်။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က “သူ့အားကြားနာ၊”၂၁ ရန် သင်ကြားပေးခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တီးတိုးပြောဆိုခြင်းကို အသိအမှတ်ပြုနိုင်ရန်နှင့် ကျွန်တော်တို့အသက်တာ၌ ကိုယ်တော်ရှင်၏လက်တော်ကိုမြင်ရရန် မွမ်းမံခြင်းတွင် ပို၍အလေးအနက်ထားလာကြပါပြီ။
ဗိမာန်တော် ဒါဇင်များစွာကို ပြီးမြောက်ခြင်းကြေငြာချက်နှင့်အတူ၊ ကျွန်တော်တို့ဟာ ကိုယ်တော့်အိမ်တော်သို့ မကြာခဏဝင်ရောက်ကြပြီး သူ၏ကတိထားရာကောင်းချီးများကို လက်ခံရရှိကြပါတယ်။ ကျွန်တော်တို့ ကယ်တင်ရှင်နှင့် ရွေးနှုတ်တော်မူသောအရှင်၏ ထူးကဲသော အလှကို ပိုမိုခံစားလာကြရပါတယ်။
ဥက္ကဋ္ဌ နယ်လဆင် ကပြောခဲ့ပါတယ်၊ “တန်ခိုးကြီးသော [တပည့်]တော်တစ်ယောက်ဖြစ်ရန် လွယ်ကူသော သို့မဟုတ် အလိုအလျောက်ဖြစ်စေသောအရာမရှိပါ။ ကျွန်တော်တို့ရဲ့အာရုံစိုက်မှုဟာ ကယ်တင်ရှင်နှင့် သူ၏ဧဝံဂေလိတရားအပေါ် သံမှိုစွဲနေရပါမယ်။ အတွေးအခေါ် တိုင်း မှာ သူ့ကိုကြည့်ဖို့ ကြိုးစားတာက စိတ်ပိုင်းအရ တင်းကျပ်နိုင်ပါတယ်။”၂၂
ယေရှုခရစ်တော်အပေါ် အာရုံစိုက်ခြင်းအားဖြင့်၊ လက်ရှိအချိန်၌ —ကျွန်တော်တို့ပတ်ဝန်းကျင်ရှိအခြားအရာအားလုံးကို—ကိုယ်တော်အတွက် ကျွန်တော်တို့မေတ္တာအားဖြင့် ရှုမြင်ကြပါတယ်။ အရေးမပါတဲ့ အာရုံပျံ့လွင့်မှုတွေ လျော့နည်းလာပြီး၊ ကိုယ်တော်ရဲ့ အလင်း၊ အသွင်လက္ခဏာနှင့် မကိုက်ညီသော အရာများကို ကျွန်တော်တို့ ဖယ်ရှားကြပါတယ်။ သင် ယေရှုခရစ်တော်ရဲ့ ဤအတွေးကို စေ့စေ့အာရုံစိုက်၍၊ သူ့ကို ယုံကြည်၍၊ သူ၏ ပညတ်တော်များကို စောင့်ထိန်းတာနှင့်အမျှ၊ ကောင်းကင်ဆိုင်ရာလမ်းညွှန်မှု သာမက ပဋိညာဉ်တို့၌ ခွန်အားရှိစေသော၊ အခက်အခဲများကို ငြိမ်သက်စေသော၊ ကောင်းချီးမင်္ဂလာကို ဝမ်းမြောက်စေသော တန်ခိုးတော်ဖြစ်တဲ့—ကောင်းကင်ဆိုင်ရာ တန်ခိုးတော်ကိုလည်းယူဆောင်လာမယ် ဆိုတာ ကျွန်တော်ကတိပေးပါတယ်။
ယေရှုခရစ်တော်ကို အောက်မေ့သတိရခြင်း
လွန်ခဲ့တဲ့အပတ်အနည်းငယ်က၊ ကက်သီနဲ့ကျွန်တော်ဟာ မက်နဲ့ စာရာဂျွန်ဆန်တို့ရဲ့အိမ်ကို သွားလည်ခဲ့ကြပါတယ်။ နံရံပေါ်မှာ သူတို့ရဲ့ အဖိုးတန်မိသားစုပုံ၊ ကယ်တင်ရှင်ရဲ့ လှပတဲ့ပုံနဲ့ ဗိမာန်တော်ရုပ်ပုံ ရှိခဲ့ပါတယ်။။
သူတို့ရဲ့သမီးလေးယောက်ဖြစ်တဲ့၊ မက်ဒီ၊ ရူဘီ၊ ကလဲယာနဲ့ ဂျွန် တို့က၊ သူတို့အမေကို ဘယ်လောက်ချစ်တယ်ဆိုတာ ပျော်ရွှင်စွာပြောပြကြပါတယ်။
စာရာဟာ ယခင်က အသက်ရှင်ခဲ့တဲ့မိသားစုဝင်တွေအတွက် နှစ်ခြင်းခံရာတွင် သူ့ကလေးတွေပါဝင်နိုင်ဖို့ ဗိမာန်တော်ကို မိသားစုအတူတကွတက်ရောက်နိုင်ရန်အတွက် စနေနေ့ချိန်းဆိုချက်များကို ပုံမှန်စီစဉ်ခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှာ၊ စာရာက စနေနေ့အစား ဒီဇင်ဘာလ နောက်ဆုံးအပါတ် ကြာသပတေးနေ့တွင် မိသားစုဗိမာန်တော်ရက်ချိန်းကို စီစဉ်ခဲ့ပါတယ်။ “အဲ့ဒါနဲ့ ရှင်အဆင်ပြေဖို့ ကျွန်မမျှော်လင့်တယ်” လို့ သူမက မက်ကို ပြောပါတယ်။
စာရာက ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း၊ ဆရာဝန်များက သူမ နောက်ထပ်နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် အသက်ရှင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ပွဲတော်မင်္ဂလာတစ်ခုတွင်၊ စာရာဟာ သူမအတွက် ဘာရလဒ်ပဲဖြစ်ပါစေ၊ သူမ ကယ်တင်ရှင်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် သူမချစ်ကြောင်း၊ ကိုယ်တော်အားဖြင့် “အောင်ပွဲကို အနိုင်ရပြီးပြီ” ဖြစ်ကြောင်း သူမရဲ့ အစွမ်းထက်တဲ့သက်သေခံချက်ကို ဝေမျှခဲ့ပါတယ်။ ဒီဇင်ဘာလ ရောက်လာတဲ့အခါ၊ မထင်မှတ်ဘဲ စာရာရဲ့ ကျန်းမာရေး လျင်မြန်စွာ ကျဆင်းလာတာကြောင့်၊ သူမကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်၊ ကြာသပတေးနေ့ နံနက်အစောပိုင်းမှာ၊ သူမ ညင်သာစွာနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မက်ဟာ တစ်ညလုံး စာရာရဲ့အနားမှာ ရှိနေခဲ့ပါတယ်။
စိတ်နှလုံး ကြေကွဲရင်း၊ သူ့သမီးများနှင့်အတူ ဝမ်းနည်းပူဆွေးလျက်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ပြီး၊ အိမ်ကိုပြန်ရောက်လာခဲ့ကြပါတယ်။ မက်က သူ့ဖုန်းကို လှမ်းကြည့်လိုက်တော့၊ အဲဒီနေ့နှောင်းပိုင်းမှာ စာရာစီစဉ်ခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ ကြာသပတေးနေ့ ဗိမာန်တော်ချိန်းဆိုမှု နှိုးဆော်စာကို သတိပြုမိခဲ့ပါတယ်။ မက်က ပြောခဲ့တယ်၊ “အဲ့ဒါကိုပထမဆုံးမြင်တုန်းကတော့၊ သွားဖြစ်မှာမဟုတ်ဘူးလို့၊ ကျွန်တော်ထင်ခဲ့မိတယ်။”
ဒါပေမဲ့ မက်ရဲ့စိတ်ထဲမှာ ဤအတွေးကိုအာရုံစိုက်မိခဲ့တယ်၊ “ကယ်တင်ရှင် အသက်ရှင်တယ်။ မိသားစုအနေနဲ့အတူရှိဖို့ သန့်ရှင်းသောအိမ်တော်ထက် ပိုကောင်းတဲ့နေရာ မရှိပါဘူး။”
မက်၊ မက်ဒီ၊ ရူဘီ၊ ကလဲယာနဲ့ ဂျွန်တို့ဟာ စာရာ သူတို့အတွက်စီစဉ်ထားတဲ့ ချိန်းဆိုမှုအတွက် ဗိမာန်တော်ကို ရောက်လာကြတယ်။ မက်ရဲ့ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာပြီး၊ သူ့သမီးများနှင့်အတူ နှစ်ခြင်းခံခြင်းကို လုပ်ဆောင်ခဲ့ပါတယ်။ စာရာနှင့်အတူ သူတို့၏ချစ်ခြင်းမေတ္တာနှင့် ထာဝရနှောင်ကြိုးကို နက်နက်ရှိုင်းရှိုင်းခံစားခဲ့ရပြီး ကယ်တင်ရှင်ရဲ့ ကြီးမားသောမေတ္တာနှင့် နှစ်သိမ့်ငြိမ်သက်ခြင်းကို သူတို့ခံစားခဲ့ရပါတယ်။ မက်က သိမ်မွေ့စွာ ဝေမျှခဲ့ပါတယ်၊ “ဝမ်းနည်းပူဆွေးမှုတွေနဲံ့ခစားနေရပေမယ့်၊ ကျွန်တော့်အဖရဲ့ အံ့ဖွယ်ကောင်းတဲ့ ကယ်တင်ခြင်းအစီအစဉ်ကို သိထားတဲ့အတွက်၊ ဝမ်းသာအားရ ဟစ်ကြွေးနေမိပါတယ်။”
ဤပသခါပွဲရာသီမှာ၊ ကယ်တင်ရှင်ရဲ့ တုနှိုင်းမရတဲ့ အပြစ်ဖြေခြင်းယဇ်နှင့် ဘုန်းကြီးသော ရှင်ပြန်ထမြောက်ခြင်းရဲ့ ပကတိအမှန်တရားနှင့် ပြီးပြည့်စုံမှုကို ကျွန်တော်သက်သေခံပါတယ်။ သင့်စိတ်ဟာ ယေရှုခရစ်တော်၏ ဤအတွေးအပေါ် ထာဝရစွဲစွဲမြဲမြဲ အာရုံစိုက်ပြီး၊ ကယ်တင်ရှင်အပေါ် သင့်အသက်တာကို ပို၍အပြည့်အဝ အာရုံစိုက်တာနှင့်အမျှ၊ ကိုယ်တော်ရဲ့မျှော်လင့်ချက်၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို သင်ခံစားရလိမ့်မယ်လို့ ကျွန်တော်ကတိပေးပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။