အရေးအကြီးဆုံးကို သတိရလော့
အရေးအကြီးဆုံးအရာကတော့ ကောင်းကင်ဘုံရှင်အဘနဲ့ သူ့တစ်ဦးတည်းသောသားတော်၊ ကျွန်တော်တို့ရဲ့မိသားစုတွေ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေ၊ ပြီးတော့ ကျွန်တော်တို့ကို လမ်းညွှန်ဖို့ ဝိညာဉ်တော်ကို အခွင့်ပေးခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီသီတင်းပတ်အဆုံးကို ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းယဇ်အပြီးမကြာမီ ယေရုရှလင်မြို့ထဲကို အောင်မြင်စွာဝင်လာခြင်းကို သတိရရင်း၊ ကိုယ်တော်ရဲ့ မျှော်လင့်ခြင်း၊ နှစ်သိမ့်ခြင်း နှုတ်ကပတ်တော်တွေကို ပြန်စဉ်းစားမိပါတယ်၊ “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။”၁
ကိုယ်တော့်ကို ကျွန်တော်ချစ်ပါတယ်။ ကိုယ်တော့်ကို ကျွန်တော်ယုံကြည်ပါတယ်။ ကိုယ်တော်ဟာ ရှင်ပြန်ထမြောက်ခြင်းနဲ့ အသက်တာဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။
ဒီသက်သေခံချက်က လွန်ခဲ့တဲ့လေးနှစ်ခွဲအတွင်းမှာ ကျွန်တော့်ဇနီးဘာဘရာကွယ်လွန်ပြီးကတည်းက ကျွန်တော့်ကို နှစ်သိမ့်ခဲ့၊ ခွန်အားဖြည့်ပေးခဲ့ပါတယ်။ သူမကို ကျွန်တော်သတိရပါတယ်။
အကြိမ်ကြိမ်ပဲ၊ ကျွန်တော်တို့ရဲ့ ထာဝရလက်ထပ်ခြင်းနဲ့ ကျွန်တော်တို့ရဲ့ အတူတကွဘဝကို ကျွန်တော်စဉ်းစားနေဆဲပါ။
ကျွန်တော်ဘာဘရာကို ဘယ်လို ပထမဆုံးတွေ့ခဲ့တဲ့အကြောင်းနဲ့ အဲဒီအတွေ့အကြုံက ကျွန်တော်သာသနာပြုစဉ်မှာ သင်ယူခဲ့ရတဲ့ “လိုက်ခြင်း” ကျွမ်းကျင်မှုကိုအသုံးပြုတဲ့အကြောင်း ကျွန်တော်အရင်က ဝေငှခဲ့ပါတယ်။ ကျွန်တော်သူ့ကို ပထမဆုံးတွေ့ပြီးနောက် သူ့ကို အမြန်လိုက်ခဲ့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုလျှင်၊ သူဟာ အလွန်လှ၊ နာမည်ကြီးပြီး၊ လူမှုရေးကိစ္စတွေအလွန်များလို့ပါပဲ။ သူက ဖော်ရွေခင်မင်တာကြောင့် ကျွန်တော်အစမှာပဲ ခိုက်သွားခဲ့ပါတယ်။ သူ့ရဲ့ကောင်းမြတ်မှုကို ကျွန်တော်လေးစားပါတယ်။ သူနဲ့ကျွန်တော်ရေစက်ဆုံတယ်လို့ ကျွန်တော်ခံစားခဲ့ရပါတယ်။ အဲ့သလောက်ကို ကျွန်တော့စိတ်ထဲမှာ ရိုးရှင်းခဲ့ပါတယ်။
ဘာဘရာနဲ့ကျွန်တော်ချိန်းတွေ့ခဲ့ပြီး၊ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတိုးတက်ခဲ့ပါတယ်၊ ဒါပေမယ့် သူ့အဖို့ ကျွန်တော့်ကို လက်ထပ်ဖို့ဆိုတာ မသေချာခဲ့ပါဘူး။
ကျွန်တော်သိဖို့ မလုံလောက်ခဲ့ပါဘူး၊ ဘာဘရာကိုယ်တိုင်သိဖို့လိုအပ်ပါတယ်။ အဲဒီကိစ္စနဲ့ပါတ်သက်လို့ ကျွန်တော်တို့ အတူအစာရှောင်၊ ဆုတောင်းမယ်ဆိုလျှင် ဘာဘရာ ကောင်းကင်ဘုံကနေ အတည်ပြုချက်တစ်ခုရနိုင်တဲ့အကြောင်း ကျွန်တော်သိခဲ့ပါတယ်။
ကျွန်တော်တို့သီတင်းပတ်အဆုံးတစ်ခု ချိန်းမတွေ့ဘဲနေခဲ့ကြပါတယ်၊ ကျွန်တော်တို့ကိုယ်တိုင်သိဖို့ အစာရှောင်နိုင်၊ သီးသန့်ဆုတောင်းနိုင်အောင်လို့ပါ။ ကျွန်တော့်အဖို့ ကံကောင်းစွာပဲ၊ သူမလည်း ကျွန်တော်လို အလားတူ အတည်ပြုချက်တစ်ခုကို ရခဲ့ပါတယ်။ ကျန်တာကတော့၊ လူတွေပြောနေကျ၊ သမိုင်းပါပဲ။
ဘာဘရာကွယ်လွန်တဲ့အခါ၊ ကျွန်တော်တို့ရဲ့ သားသမီးတွေဟာ သူသွန်သင်ခဲ့တဲ့ သင်ခန်းစာများစွာကို သူ့ရဲ့ သင်္ချိုင်းမှတ်တိုင်မှာ ရေးခဲ့ကြပါတယ်။ အဲဒီသင်ခန်းစာတွေထဲက တစ်ခုကတော့ “အရေးအကြီးဆုံးကအကြာဆုံးတာရှည်ခံတဲ့အရာဖြစ်တယ်” ဆိုတာပါ။
ဒီနေ့ အရေးအကြီးဆုံးအရာနဲ့ပတ်သက်လို့ ကျွန်တော့်နှလုံးသားမှ ခံစားချက်နဲ့ အတွေးအနည်းငယ်ကို ကျွန်တော်ဝေငှပါမယ်။
ပထမ၊ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘနဲ့ သူ့သားတော်၊ ကိုယ်တော်ရှင်ယေရှုခရစ်တော်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီဆက်ဆံရေးက အခုရော၊ ထာဝရမှာရော အရေးအကြီးဆုံးပါ။
ဒုတိယ၊ မိသားစုဆက်ဆံရေးတွေဟာ အရေးအကြီးဆုံးအရာတွေထဲမှာ ရှိပါတယ်။
ကျွန်တော့်အမှုတော်ဆောင်တစ်လျှောက်မှာ၊ သဘာဝကပ်ဘေးတွေရိုက်ခတ်ခံခဲ့ကြရတဲ့ လူတွေနဲ့ မိသားစုများစွာကို ကျွန်တော်သွားတွေ့ခဲ့ပါတယ်။ များစွာတို့ဟာ အိမ်ပစ်ရာပစ်ပြေးရ၊ ဆာလောင်ကြ၊ ကြောက်ရွံ့ကြရပါတယ်။ သူတို့မှာ ဆေးဝါးအကူအညီ၊ စားစရာ နေစရာလိုအပ်ခဲ့ကြပါတယ်။
သူတို့မိသားစုတွေကိုလည်း လိုအပ်ခဲ့ကြပါတယ်။
အချို့မှာ ရင်းနှီးတဲ့မိသားစုကောင်းချီးမင်္ဂလာမရှိလောက်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါကြောင့်၊ ဆင့်ပွားမိသားစု၊ မိတ်ဆွေတွေနဲ့ အသင်းတော်စုမိသားစုတွေကိုတောင် “မိသားစု”လို့ ကျွန်တော်ဆိုချင်ပါတယ်။ ဒီဆက်ဆံရေးတွေဟာ စိတ်ခံစားမှုနဲ့ ကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်အရေးကြီးပါတယ်။
ဒီဆက်ဆံရေးတွေက ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ စပ်ဆိုင်ခြင်းအသိကိုလည်း ပေးနိုင်ပါတယ်။
ဒီအရေးကြီးတဲ့ ဆက်ဆံရေးတွေကို အားဖြည့်ပေးခြင်းဟာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ မိသားစုတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ဖို့ ရွေးချယ်မှုတစ်ခုမှာ ကတိကဝတ်၊ ချစ်ခြင်း၊ သည်းခံခြင်း၊ ဆက်သွယ်ရေးနဲ့ ခွင့်လွှတ်ခြင်းတို့၂ ကို လိုအပ်ပါတယ်။ ကျွန်တော်တို့ တစ်ခြားသူတစ်ဦးနဲ့ သဘောမတူတဲ့အချိန်တွေရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သဘောမတူနိုင်ခြင်းမရှိပဲနဲ့ နေလို့ရနိုင်ပါတယ်။ လူပျိုလှည့်ခြင်းနဲ့ လက်ထပ်ခြင်းမှာ ကျွန်တော်တို့ဟာ ချက်ကစားတဲ့အရုပ်တွေလို ချစ်ကြိုက်မသွားကြ၊ စိတ်ကုန်မသွားကြပါဘူး။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ချစ်ဖို့ ထောက်မဖို့ ရွေးချယ်ကြပါတယ်။ ကျွန်တော်တို့ဟာ အခြားမိသားစု ဆက်ဆံရေးတွေ၊ ကိုယ်နဲ့ မိသားစုလိုရှိတဲ့မိတ်ဆွေတွေနဲ့လည်း အလားတူလုပ်ဆောင်ကြပါတယ်။
မိသားစုကြေငြာချက်မှာ ဖော်ပြထားတာက “မြင့်မြတ်သော ပျော်ရွှင်ခြင်းအစီအစဉ်သည် မိသားစုဆက်ဆံရေးများကို သင်္ချိုင်းတစ်ဖက်အထိပင် အစဉ်မပြတ်ရှိနိုင်စွမ်းစေပါသည်။ သန့်ရှင်းသောဗိမာန်တော်များထဲ၌ ရရှိနိုင်သည့် သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များသည် တစ်ကိုယ်ရေတစ်ကာယတို့အတွက် ဘုရားသခင်၏မျက်မှောက်တော်သို့ ပြန်သွားရန်နှင့် မိသားစုများအတွက် ထာဝရပေါင်းစည်းခြင်းတို့ကို ဖြစ်နိုင်စေပါသည်။”၃
တခြားအရေးအကြီးဆုံးတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နဲ့အများအမှုတော်ဆောင်ခြင်းအပါအဝင် အရေးအကြီးဆုံးဆက်ဆံရေးတွေမှာ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ စပ်ဆိုင်သူတွေကို ကိုယ်နဲ့အမျှချစ်ဖို့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေမှာ ဝိညာဉ်တော်ရဲ့ ပို့ဆောင်မှုကို လိုက်လျှောက်ခြင်းဖြစ်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော့်ဘဝမှာ သင်းအုပ်တစ်ဦးအဖြစ် အမှုတော်ဆောင်စဉ်မှာ စောစောသင်ယူခဲ့ရပါတယ်။
အေးမြတဲ့ နှင်းဝေတဲ့ဆောင်းညနေနှောင်းတစ်ခုမှာ၊ ကျွန်တော့်သင်းအုပ်ရုံးခန်းကအထွက်မှာ အသင်းတော်စုရှိ မုဆိုးမအိုတစ်ယောက်ကို သွားတွေ့ဖို့ ခိုင်မာတဲ့လှုံ့ဆော်မှုတစ်ခုကို ခံစားခဲ့ရပါတယ်။ နာရီကို တစ်ချက်ကြည့်လိုက်တော့ ည ၁၀ နာရီရှိပါပြီ။ အဲသလို့သွားတွေ့ဖို့က နောက်ကျလွန်းနေပြီလို့ ဆင်ခြင်မိခဲ့ပါတယ်။ နှင်းတွေလည်းကျနေပါတယ်။ ဒီချစ်သောညီအစ်မကို အဲသလို နောက်ကျတဲ့အချိန်မှာ နှောင့်ယှက်ခြင်းထက် မနက်ကျမှ စောစောသွားတွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်အိမ်ကိုကားမောင်းပြန်ခဲ့ပြီး အိပ်ရာဝင်ခဲ့ပါတယ်၊ ဒါပေမယ့် တစ်ညလုံးဟိုဘက်လှိမ့်ဒီဘက်လှိမ့်နဲ့ပါပဲ၊ ဘာကြောင့်လဲဆိုလျှင် ဝိညာဉ်တော်က ကျွန်တော့်ကို တို့ထိနေလို့ပါ။
နောက်နေ့မနက်စောစောမှာ အဲဒီမုဆိုးမအိမ်ကို တန်းမောင်းသွားခဲ့ပါတယ်။ သူမရဲ့ သမီးက တံခါးဖွင့်ပေးပြီး၊ မျက်ရေတွေနဲ့ ပြောပါတယ်၊ “အို၊ သင်းအုပ်၊ လာတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်နာရီလောက်က အမေဆုံးသွားပြီ”—ကျွန်တော်ယူကျုံးမရ ဖြစ်ရပါတယ်။ ကျွန်တော်အဲဒီခံစားချက်ကို ကျွန်တော့်နှလုံးသားမှာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကျွန်တော်ငိုကြွေးခဲ့ပါတယ်။ ဒီချစ်သောမုဆိုးမထက် မိမိလက်ကို ကိုယ့်သင်းအုပ်ကကိုင်ပြီး၊ နှစ်သိမ့်ပြီး၊ နောက်ဆုံးကောင်းချီးတစ်ခုပေးဖို့ ဘယ်သူက ပိုပြီးထိုက်တန်မှာလဲ။ ကျွန်တော်အဲဒီအခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်၊ ဝိညာဉ်တော်ရဲ့ ဒီအားကောင်းတဲ့ လှုံ့ဆော်မှုကို ကျွန်တော် ငြင်းဆန်ခဲ့လို့ပဲ ဖြစ်ပါတယ်။၄
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ လူငယ်အမျိုးသား၊ လူငယ်အမျိုးသမီးနဲ့ မူလတန်းကလေးများတို့ခင်ဗျာ၊ ဝိညာဉ်တော်ရဲ့ လှုံ့ဆော်မှုကို လိုက်လျှောက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးအားလုံးမှာ အရေးအကြီးဆုံးတွေထဲက တစ်ခုဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။
နောက်ဆုံးအနေနဲ့၊ ဒီစွန်ပလွံခက်တနင်္ဂနွေနေ့ သီတင်းပတ်အဆုံးမှာ၊ ကျွန်တော်သက်သေခံပါတယ်၊ ကိုယ်တော်ရှင်သို့ ပြောင်းလဲခြင်း၊ ကိုယ်တော့်အကြောင်းသက်သေခံခြင်း၊ ကိုယ်တော်ကို အစေခံခြင်းတို့ဟာလည်း အရေးအကြီးဆုံးအရာတွေလည်းဖြစ်ပါတယ်။
ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ကျွန်တော်တို့သက်သေခံခြင်းတွေရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ သက်သေခံချက်တစ်ခုဆိုတာ နှလုံးသားနဲ့ စိတ်တိုင်းမှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထင်ဟပ်တဲ့ ထာဝရ အမှန်တရားရဲ့သက်သေ သို့မဟုတ် အတည်ပြုချက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်အကြောင်းသက်သေခံချက်ဟာ၊ ဝိညာဉ်တော်အားဖြင့် ပေါက်ဖွားခွန်အားဖြည့်ခံရပါတယ်၊ ဘဝတွေကို ပြောင်းလဲပေးပါတယ်၊ ကျွန်တော်တို့ရဲ့စဉ်းစားပုံ၊ ရှင်သန်ပုံကို ပြောင်းလဲပေးပါတယ်။ သက်သေခံချက်တစ်ခုက ကျွန်တော်တို့ကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ သူ့ရဲ့ မြင့်မြတ်တဲ့သားတော်ဆီကို လှည့်ပေးပါတယ်။
အယ်လမာက သွန်သင်ခဲ့ပါတယ်၊
“ရှုလော့၊ ငါပြောလေသည့်အရာတို့ မှန်ကန်သည်ကို ငါသိကြောင်း သင်တို့ကို သက်သေခံ၏။ ထိုအရာတို့ ဧကန်အမှန်ဖြစ်ခြင်းကို ငါသိကြောင်း အဘယ်သို့အားဖြင့် သင်တို့ထင်မြင်သနည်း။
“ရှုလော့၊ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထိုအရာတို့ကို ငါ့အား ဖော်ပြထားတော်မူသည်ဟု သင်တို့ကို ငါဆို၏။ ရှုလော့၊ ငါသည် ဤအရာတို့ကို ကိုယ်အလိုအလျောက် သိနိုင်ရန် ရက်ပေါင်းများစွာ အစာရှောင်၍ ဆုတောင်းခဲ့လေပြီ။ ယခုမူကား၊ ထိုအရာတို့မှန်ကန်ကြောင်း ကိုယ်အလိုအလျောက်သိ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထိုအရာတို့ကို ငါ့အား ထင်ရှားစွာပြထားတော်မူလေပြီ။”၅
သက်သေခံချက်ရှိခြင်းတစ်ခုတည်းက မလုံလောက်ပါ။ ယေရှုခရစ်တော်သို့ ကျွန်တော်တို့ရဲ့ ပြောင်းလဲခြင်းတိုးတက်သည်နှင့်အမျှ၊ ကျွန်တော်တို့ဟာ ကိုယ်တော်အကြောင်း—ကိုယ်တော်၏ကောင်းမြတ်ခြင်း၊ ချစ်ခြင်းနဲ့ ကြင်နာခြင်းတို့ကို အလိုအလျောက်သက်သေခံလိုကြပါတယ်။
အစာရှောင်တနင်္ဂနွေနေ့ ကျွန်တော်တို့ရဲ့ သက်သေခံအစည်းအဝေးတွေမှာ “ကျွန်တော်သိပါတယ်” နဲ့ “ကျွန်တော်ယုံကြည်ပါတယ်” ဆိုတဲ့ စကားစုတွေကို ကျွန်တော်တို့ကြားရတာထက် “ကျွန်တော်ကျေးဇူးတင်ပါတယ်” နဲ့ “ကျွန်တော်ချစ်ပါတယ်” ဆိုတဲ့စကားစုတွေကို အကြိမ်ကြိမ်ပိုကြားရပါတယ်။
ယေရှုခရစ်တော်အကြောင်းသင်တို့ရဲ့ သက်သေခံချက်ကို ပိုပြီးအကြိမ်ကြိမ်သက်သေခံကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သင်တို့ သိ တဲ့၊ ယုံကြည် တဲ့၊ သင်တို့ ခံစား ရတဲ့အရာအကြောင်းကို သက်သေခံပါ၊ သင်တို့ကျေးဇူးတင်တဲ့အရာအကြောင်းသာမဟုတ်ပါဘူး။ ကယ်တင်ရှင်ကို သိလာခြင်းနဲ့ ချစ်လာခြင်းအကြောင်း၊ သူ့ရဲ့သွန်သင်မှုတွေကို ကျင့်သုံးခြင်းအကြောင်း၊ ပြီးတော့ သင်တို့ဘဝမှာ ကိုယ်တော်ရဲ့ ရွေးနှုတ်ခြင်းနဲ့ စွမ်းဆောင်နိုင်ခြင်းတန်ခိုးတို့အကြောင်း သင်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို သက်သေခံပါ။ သင်တို့ဟာ သင်တို့ သိ တဲ့၊ ယုံကြည် တဲ့၊ ပြီးတော့ ခံစား ရတဲ့ အရာအကြောင်း သက်သေခံကြတာနဲ့အမျှ သန့်ရှင်းသောဝိညာဉ်တော်က သင်တို့ ရဲ့ သက်သေခံချက်ကို လေးနက်စွာနားထောင်ကြသူတွေကို သမ္မာတရားကို အတည်ပြုပါလိမ့်မယ်။ သူတို့အဲသလိုနားထောင်ပါလိမ့်မယ်၊ သင်ဟာ ယေရှုခရစ်တော်ရဲ့ ငြိမ်းချမ်းသောနောက်လိုက်တစ်ယောက်ဖြစ်လာတာကို သူတို့စောင့်ကြည့်ကြလို့ပဲ ဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ တပည့်တော်ဖြစ်ဖို့ဆိုတာ ဘယ်လိုလဲဆိုတာကို သူတို့ တွေ့ပါလိမ့်မယ်။ သူတို့အရင်က မခံစားကောင်းမခံစားဖူးတဲ့ အရာတစ်ခုကို ခံစားရပါလိမ့်မယ်။ စင်ကြယ်တဲ့ သက်သေခံချက်တစ်ခုဟာ နှစ်လုံးသားပြောင်းလဲခြင်းတစ်ခုကနေ လာပါတယ်၊ လက်ခံဖို့ ဖွင့်ထားတဲ့အခြားသူတွေရဲ့ စိတ်နှလုံးအတွင်းသို့လည်း သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆောင်ယူသွားခံရနိုင် ပါတယ်။
သင့်သက်သေခံချက်ရဲ့ ရလဒ်တစ်ခုအဖြစ် တစ်ခုခုကို ခံစားကြရတဲ့သူတွေကလည်း သင့်သက်သေခံချက်ရဲ့အမှန်တရားကို အတည်ပြုဖို့ ကိုယ်တော်ရှင်ကို ဆုတောင်းခြင်းနဲ့ မေးကြပါလိမ့်မယ်။ သူတို့လည်း ကိုယ်တိုင်သိနိုင်ကြပါတယ်။
ညီအစ်ကို မောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်ဟာ လောကရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဖြစ်တယ်ဆိုတာ ကျွန်တော်သိကြောင်း ကျွန်တော်သက်သေခံ၊ သက်သေပြုပါတယ်။ ကိုယ်တော် အသက်ရှင်တော်မူပါတယ်။ သူဟာ ဘုရားသခင်ရဲ့ ရှင်ပြန်ထမြောက်တဲ့သားတော်ဖြစ်ပါတယ်၊ ဒီအရာက သူ့ပရောဖက်နဲ့ တမန်တော်တို့ဦးဆောင်တဲ့၊ သူ့အသင်းတော်ဖြစ်ပါတယ်။ တစ်နေ့ နောက်လောကကို ကျွန်တော်သွားတဲ့အခါ၊ ကျွန်တော့်သက်သေခံချက် တောက်ပစွာထွန်းတောက်လျက်သွားနိုင်ပါမည့်အကြောင်း ကျွန်တော်သက်သေခံပါတယ်။
ကျွန်တော့်အမှုတော်ဆောင်ခြင်းမှာ၊ အရေးအကြီးဆုံးက ကောင်းကင်ဘုံရှင်အဘနဲ့ သူ့သားတော်၊ ကျွန်တော်တို့ရဲ့မိသားစုတွေ၊ ပြီးတော့ကျွန်တော်တို့နဲ့ စပ်ဆိုင်သူတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေ၊ ပြီးတော့ အရေးအကြီးဆုံးနဲ့ အကြာဆုံးတာရှည်ခံတဲ့အရာတွေအကြောင်း ကျွန်တော်တို့ သက်သေခံနိုင်ရန် အဲဒီဆက်ဆံရေးတွေမှာ လမ်းညွှန်စေဖို့ ကိုယ်တော်ရှင်ရဲ့ ဝိညာဉ်တော်ကို အခွင့်ပေးခြင်းဖြစ်တယ်ဆိုတာ သင်ယူခဲ့ရပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။