လေးရက်မြောက်ပြီးနောက်တွင်
ယေရှုခရစ်တော်အပေါ်မှာယုံကြည်ချက်နဲ့ ရှေ့ဆက်တာနဲ့အမျှ၊ လေးရက်မြောက်နေ့ဟာ အမြဲတမ်းရောက်လာမှာပါ။ သူက ကျွန်တော်တို့အကူအညီလိုတယ့်အခါ အမြဲလာပါလိမ့်မယ်။
ကျွန်တော်တို့ဒီမနက်မှာသတိပေးခြင်းခံရသလိုပါပဲ၊ ဒီနေ့ဟာ စွန်ပလွံတနင်္ဂနွေဖြစ်ပါတယ်၊ ကယ်တင်ရှင်ရဲ့ ယေရုရှလင်မြို့သို့အောင်ပွဲခံကြွလာတော်မူခြင်းနဲ့ ဒုက္ခဝေဒနာခံစားခြင်း၊ လက်ဝါးကပ်တိုင်မှာကွပ်မျက်ခြင်း နဲ့ ပြန်လည်ရှင်ပြန်ထမြောက်ခြင်းတို့ပါဝင်တဲ့ ကြီးမြတ်သည့်အပြစ်ဖြေခြင်းမင်္ဂလာ ပြုလုပ်မယ့်အပတ်ရဲ့အစပိုင်းကို သတ်မှတ်တဲ့နေ့လည်းဖြစ်ပါတယ်။
ပရောဖက်ပြု၍ မြို့ထဲသို့မဝင်ခင်တွင်၊ သူရဲ့ချစ်ခင်ရတဲ့မိတ်ဆွေတွေဖြစ်တဲ့ မာရိနဲ့ မာသတို့မောင် နာမကျန်းဖြစ်တဲ့အကြောင်းသိရတဲ့အချိန်မှာ ယေရှုခရစ်တော်ဟာသူရဲ့အမှုတော်ဆောင်ခြင်းမှာပြည့်ဝစွာ ပါဝင်နေခဲ့ပါတယ်။၁
လာဇရုရဲ့နာမကျန်းမှုကပြင်းထန်သော်လည်း၊ ကိုယ်တော်က “ကြွတော်မမူဘဲ ထိုအရပ်၌နှစ်ရက်နေတော်မူ၏။ ထို့နောက် တပည့်တော်တို့အား၊ ယုဒပြည်သို့တဖန်သွားကြကုန်အံ့ဟုမိန့်တော်မူသည်။”၂ ဗေသနိရွာမှ သူ၏မိတ်ဆွေအိမ်ကိုခရီးမနှင်ခင်၊ “ယေရှုက၊လာဇရုသေပြီ လို့[သူ၏တပည့်တော်တို့]အား ရှင်းရှင်းလင်းလင်း၊ မိန့်တော်မူပါတယ်။”၃
ဗေသနိရွာသို့ယေရှုရောက်တဲ့အခါ မာသကို ပထမဆုံးတွေ့ပြီးနောက်တော့မာရိကိုတွေ့ပါတယ်၊ သူရဲ့နောက်ကျမှုကိုစိတ်အလိုမကျဖြစ်ပြီး၊ သူတို့ကသူ့ကိုဒီလိုနှုတ်ဆက်ကြပါတယ်၊ “သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။”၄ မာသက၊ “ယခုဖြစ်လျှင်နံလိမ့်မည်၊ လေးရက်ရှိပါပြီ”၅ လို့ထပ်လျှောက်ပါတယ်။
ထိုလေးရက်ဟာ မယ်ရိနဲ့ မာသတို့အတွက်အဓိပ္ပာယ်ပြည့်ဝခဲ့ပါတယ်။ ဂျူးဆရာများကျောင်းရဲ့အတွေးအခေါ်အရ၊ သေလွန်ပြီးတဲ့သူတွေရဲ့ဝိညာဥ်တွေဟာ အသက်ရှင်နိုင်တဲ့ မျှော်လင့်ချက် အခွင့်အရေးအတွက်၊ ခန္ဓာကိုယ်မှာသုံးရက်ရှိနေကြတယ်လို့ ယုံကြည်ကြပါတယ်။ သို့သော်လည်း၊ လေးရက်မြောက်ပြီးတဲ့အခါမျှော်လင့်ချက်မရှိတော့ပါဘူး၊ ခန္ဓာကိုယ်က စ ပျက်စီးယိုယွင်းလာပြီးတော့ “နံ”လာလို့ပါပဲ။၆
မာရိနှင့် မာသတို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။ “မာရိသည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ … အလွန် ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊
“အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင် သခင်ကြွ၍ ကြည့်တော်မူပါဟုလျှောက်ကြ၏။”၇
ဒီအခိုက်အတန့်ဟာ ယေရှုရဲ့သေနိုင်တဲ့ခန္ဓာကိုယ်ရှိချိန် အမှုတော်ဆောင်ခြင်းများထဲကအကြီးမြတ်ဆုံးအံ့သြဖွယ်ကို မြင်တွေ့ရမယ့်အချိန်ပဲဖြစ်ပါတယ်။ “ကျောက်ကိုရွှေ့ကြလော့”၈ ဟုကိုယ်တော်မိန့်ပါတယ်။ ထို့နောက်၊ သူရဲ့အဖကိုကျေးဇူးတော်ချီးမွမ်းပြီးနောက်မှာ၊ “လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်တော်ခေါ်တော်မူ၏။
“ထိုအခါသေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊မျက်နှာကိုလည်းပဝါနှင့်စီးလျက်ထွက်လာ၏။ ယေရှုကလည်း သူ့ကိုဖြည်၍လွှတ်ကြလော့ဟု မိန့်တော်မူ၏။”၉
မာရိနဲ့မာသလိုပဲ ကျွန်တော်တို့လည်း သေနိုင်တဲ့ခန္ဓာကိုယ်ရဲ့ဝမ်းနည်းပူဆွေးခြင်း၁၀ အားနည်းခြင်းတို့ကိုတွေ့ကြုံရနိုင်ပါတယ်။၁၁ ကျွန်တော်တို့အယောက်ဆီတိုင်းဟာ ချစ်ရတဲ့သူတစ်စုံတစ်ယောက်ဆုံးရှုံးမှုကြောင့် စိတ်နှလုံးနာကျင်မှုကိုခံစားရပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်နာမကျန်းမှု၊ ချစ်ရသူတစ်ဦးရဲ့နာမကျန်းမှုကိုပူဆွေးရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပင်ခြင်း၊ သို့မဟုတ် တခြားစိတ်ကျန်းမာရေးစိန်ခေါ်မူများ၊ ငွေကြေးအခက်အခဲများ၊ သစ္စာဖောက်ခြင်းများနဲ့အပြစ်တို့ဟာ ကျွန်တော်တို့ရဲ့အသက်ရှင်နေစဥ်ခရီးမှာ ပါဝင်နိုင်ပါတယ်။ ဒီအရာတွေဟာတစ်ခါတစ်လေမှာ မျှော်လင့်ချက်ပျောက်ခြင်းခံစားချက်နဲ့ဒွန်တွဲနေတတ်ပါတယ်။ ကျွန်တော်လည်းမကွာခြားပါဘူး။ သင့်လိုပဲ၊ ဒီဘဝမှာ မျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေ အများကြီး ကျွန်တော်ကြုံဖူးပါတယ်။ ကယ်တင်ရှင်ရဲ့အကြောင်းနဲ့ ကျွန်တော်တို့နဲ့ သူရဲ့ဆက်ဆံရေးအကြောင်းကို ကျွန်တော်စဥ်းစားမိပါတယ်။
စိတ်စိုးရိမ်မှုအရှိဆုံးအချိန်တွေမှာ၊ ကျွန်တော်တို့က မာရိနဲ့မာသလိုပဲ၊ ကယ်တင်ရှင်ကိုရှာဖွေပြီးတော့ အဖဘုရားရဲ့မြင့်မြတ်တဲ့အကူညီပေးမှုကို တောင်းခံကြပါတယ်။ လာဇရုရဲ့ဇာတ်လမ်းက ကျွန်တော်တို့အယောက်ချင်းစီတိုင်းရင်ဆိုင်ရမယ့် အခက်အခဲတွေမှာ အသုံးပြုနိုင်မယ့်ကျင့်ဝတ်တွေကိုသင်ကြားပေးပါတယ်။
ကယ်တင်ရှင်ဗေသနိရွာကိုရောက်တဲ့အခါ၊ အားလုံးကလာဇရုကယ်တင်ခြင်းရနိုင်ဖို့ မျှော်လင့်ကြပါတယ်၊ လေးရက်ရှိပြီး သူအသက်မရှိတော့ပါဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့ကိုယ်ပိုင်အခက်အခဲတွေရှိတဲ့အခါ၊ ခရစ်တော်ကနောက်ကျတယ်လို့ခံစားရနိုင်ပြီး၊ မျှော်လင့်ချက်နဲ့ ယုံကြည်ခြင်းလည်းစိန်ခေါ်မှုရှိတယ်လို့ ခံစားရနိုင်ပါတယ်။ ကျွန်တော်ရဲ့သက်သေခံထွက်ဆိုချက်ကတော့၊ ယေရှုခရစ်တော်အပေါ်မှာယုံကြည်ချက်နဲ့ ရှေ့ဆက်တာနဲ့အမျှ၊ လေးရက်မြောက်နေ့ဟာ အမြဲတမ်းရောက်လာမှာပါ။ သူက အကူအညီပေးဖို့လာပြီး မျှော်လင့်ချက်တွေကိုကျွန်တော်တို့ဘဝထဲပြန်ထည့်ပေးပါလိမ့်မယ်။ သူကတိပေးခဲ့ပါတယ်၊
“သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။”၁၂
“ငါစွန့်ပစ်မည်မဟုတ်၊ သင်တို့ဆီသို့လာဦးမည်။”၁၃
တစ်ခါတစ်လေမှာ သူကျွန်တော်တို့ဆီ လေးရက်မြောက်နေ့မှာတောင်မလာဘဲ၊ မျှော်လင့်ချက်တွေအားလုံးပျောက်ဆုံးသွားပြီလို့ထင်ရပါတယ်။ ဘာကြောင့်အရမ်းနောက်ကျတာလဲ။ ဥက္ကဋ္ဌ ထောမတ် အက်စ်၊ မွန်ဆန် က “ဝမ်းမြောက်မှုများပေးတဲ့အဖဘုရားသခင်ဟာ ကျော်ဖြတ်ရမယ့်အခက်အခဲတွေနဲ့ရင်ဆိုင်အောင်နိုင်တာနဲ့အမျှ၊ ကျွန်တော်တို့ပိုလေ့လာနိုင်၊ တိုးတက်နိုင်ပြီး ပိုခွန်အားရှိနိုင်မယ်ဆိုတာကိုသိပါတယ်။”၁၄
ပုရောဖက်ဂျိုးဇက်စမစ်တောင် မြောက်များစွာသော လေးရက်မြောက်နေ့အတွေ့အကြုံတွေရှိခဲ့ပါတယ်။ သူရဲ့အသနားခံခြင်းကိုမှတ်မိကြပါသလား။ “အို ဘုရားသခင်၊ ကိုယ်တော်သည် အဘယ်မှာရှိသနည်း။ ကိုယ်တော်၏ပုန်းကွယ်ရာနေရာကို ဖုံးသည့် ပေါင်းမိုးသည် အဘယ်မှာရှိသနည်း။”၁၅ ကျွန်တော်တို့သူတို့ယုံကြည်သည်နှင့်အမျှ၊ ဒီလိုအဖြေမျိုးကိုမျှော်လင့်နိုင်ပါတယ်၊ “ငါ့သား၊[သမီး] သင်၏စိတ်ဝိညာဉ်ကို ငြိမ်းချမ်းခြင်းရှိစေလော့။ သင်၏ ဒုက္ခနှင့် ဆင်းရဲဒုက္ခများသည် ခဏသာရှိလိမ့်မည်။”၁၆
လာဇရုရဲ့ဇာတ်လမ်းမှာ နောက်သင်ယူနိုင်စရာတစ်ခုက ကျွန်တော်တို့ရှာဖွေတဲ့ ကြီးမြတ်သောကူညီခြင်းဟာ ဘယ်အခန်းကဏ္ဍမှာပါဝင်သလဲဆိုတာပါပဲ။ ယေရှုက ဂူကိုချဥ်းကပ်တဲ့အခါ၊ ထိုနေရာမှာရှိတဲ့သူတွေကို သူ ပထမဆုံး “ကျောက်ကိုရွှေ့ကြလော့” လို့မိန့်ခဲ့ပါတယ်။၁၇ သူ့မှာရှိတဲ့တန်ခိုးနဲ့၊ အားထည့်စရာမလိုဘဲ ထင်ရှားစွာ ကျောက်ကို သူ ဘာကြောင့်မရွှေ့ခဲ့တာလဲ။ အဲ့ဒါကမမေ့နိုင်လောက်တဲ့ အထင်ကြီးစရာအတွေ့အကြုံဖြစ်နိုင်ခဲ့ပေမယ့်၊ သူက “ကျောက်ကိုရွှေ့ကြလော့“ လို့မိန့်ခဲ့ပါတယ်။
ဒုတိယအနေနဲ့၊ ကိုယ်တော်ရှင်က “လာဇရု၊ ထွက်၍လာလော့ဟု၊ ကြီးစွာသောအသံနှင့် ဟစ်တော်ခေါ်တော်မူ” ခဲ့ပါတယ်။၁၈ ကျောက်တွေရွှေ့ပြီးတာနဲ့လူအုပ်က လာဇရုကိုချက်ချင်းမြင်နိုင်ခဲ့ဖို့ သူ့ကိုတံခါးရဲ့ရှေ့ကို ကိုယ်တော်ရွေ့ထားလိုက်ရင် ပိုပြီးအထင်ကြီးစရာမကောင်းဘူးလား။
တတိယအနေနဲ့၊ လာဇရုရှေ့သို့ထွက်လာတဲ့အခါ၊ သူသည် “မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊မျက်နှာကိုလည်းပဝါနှင့်စီးလျက်ထွက်လာ၏။ ယေရှုကလည်း သူ့ကိုဖြည်၍လွှတ်ကြလော့ဟု မိန့်တော်မူ၏။”၁၉ ကိုယ်တော်ရှင်က လာဇရုကို သန့်ရှင်းစေပြီး ပုဆိုးနံငယ်များကိုလည်းသပ်ရပ်စွာခေါက်လျက်၊ တံခါးရှေ့မှာရပ်နိုင်အောင်လုပ်ပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။
ဒီရှုထောင့်တွေကို ဘာကြောင့်မီးမောင်းထိုးပြရတာပါလဲ။ ထိုအရာ သုံးခုလုံးမှာတူညီတဲ့အရာတစ်ခုရှိခဲ့ပါတယ်၊ ဘယ်အရာကမှ ခရစ်တော်ရဲ့ကြီးမြတ်တဲ့တန်ခိုးအသုံးပြုဖို့မလိုခဲ့ပါဘူး။ သူရဲ့တပည့်တော်တွေကို သူတို့ လုပ်နိုင်တဲ့အရာတွေကိုလည်း၊ လုပ်ဖို့သူညွှန်ကြားပေးပါတယ်။ တပည့်တော်တွေဟာသူတို့ကိုယ်တိုင်ကျောက်တုံးကိုရွေ့နိုင်စွမ်းရှိပါတယ်၊ လာဇရု၊ ထပြီးနောက်မှာ၊သူကိုယ်တိုင် ဂူရဲ့တံခါးဝမှာ ရပ်နိုင်စွမ်းရှိခဲ့ပြီး၊ လာဇရုကိုချစ်တဲ့သူတွေကလည်း သူရဲ့ပုဆိုးနံငယ်များကိုဖယ်ရှားပေးဖို့ သေချာပေါက်ကူညီနိုင်ခဲ့မှာပါ။
သို့သော်လည်း၊ ခရစ်တော်ကသာလျှင် လာဇရုကိုသေချင်းမှ နိုးထရန်လုပ်နိုင်တဲ့တန်ခိုးအာဏာရှိပါတယ်။ ကျွန်တော်ရဲ့ထင်မြင်ချက်ကတော့ ကယ်တင်ရှင်ဟာ ကျွန်တော်တို့လုပ်နိုင်တာအားလုံးကို လုပ်ဖို့မျှော်လင့်ပြီး၊ သူ လုပ်နိုင်တာကို သာ သူ လုပ်မှာဖြစ်ပါတယ်။၂၀
“[ကိုယ်တော်ရှင်ယေရှုခရစ်တော်]ထံမှာယုံကြည်ခြင်းသည် လုပ်ဆောင်ခြင်း၏သဘောတရား”၂၁ ဖြစ်ပြီး “အံ့သြဖွယ်အမှုများသည် ယုံကြည်မှုဖြစ်ရန်မလုပ်ပေးနိုင်ပါ၊ သို့သော်၊ ခိုင်မာသောယုံကြည်ခြင်းသည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလိုက်နာခြင်းဖြင့် ဖြစ်ပေါ်နိုင်တာကိုကျွန်တော်တို့သိကြပါတယ်။ နောက်တစ်နည်းအားဖြင့်၊ ယုံကြည်ခြင်းသည်ဖြောင့်မတ်ခြင်းမှလာသည်။”၂၂ မွန်မြတ်သောပဋိညာဥ်များကိုပြုလုပ်စောင့်ထိန်းပြီး မှန်ကန်စွာကြိုးစားနေထိုင်ကာ ခရစ်တော်၏သြဝါဒများကိုကျွန်တော်တို့ရဲ့ဘဝထဲမှာ အသုံးချပါက၊ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းသည် လေးရက်မြောက်နေ့ကိုပို့ဆောင်ရန်သာမက၊ ကိုယ်တော်ရှင်ရဲ့အကူအညီနဲ့ ဘဝလမ်းကြောင်းမှာရှိတဲ့ ကျောက်တုံးတွေကိုဖယ်ရှားကာ၊ စိတ်ပျက်အားလျှော့ခြင်းတို့မှထမြောက်ပြီး၊ ကျွန်တော်တို့ကိုချည်နှောင်တဲ့အရာတွေကနေဖြည်လျှော့နိုင်ပါတယ်။ ကိုယ်တော်ရှင်က “ကျွန်ုပ်တို့၏စွမ်းအား၌ရှိသည့် ခပ်သိမ်းသောအရာတို့ကို ဆောင်ရွက်ကြ၊”ရန်မျှော်လင့်သော်လည်း၊၂၃ ထိုအရာအားလုံးတွင် သူ့ကိုစိတ်ချယုံကြည်သည်နှင့်အမျှ လိုအပ်တဲ့အကူအညီများပေးမယ်ဆိုတာသတိရပါ။
ကျွန်တော်တို့ ကျောက်တုံးတွေကိုရွေ့ပြီးသူရဲ့ကျောက်ပေါ်မှာ ဘယ်လိုတည်ဆောက်နိုင်ပါသလဲ။၂၄ ပုရောဖက်တွေရဲ့ အကြံပြုမှု များနဲ့နေထိုင်နိုင်ပါတယ်။
ဥပမာ၊ လွန်ခဲ့တဲ့အောက်တိုဘာမှာ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က ကယ်တင်ရှင်နှင့် သူ၏ဧဝံဂေလိတရားတော်အပေါ် ကျွန်ုပ်တို့၏ကိုယ်ပိုင်သက်သေခံချက်များကို တာဝန်ယူရန်၊ ၎င်းတို့အတွက် လုပ်ဆောင်ရန်နှင့် ပြုစုပျိုးထောင်ရန်၊ သမ္မာတရားကို ကျွေးမွေးရန်နှင့် မယုံကြည်သူများ၏ မှားယွင်းသောအတွေးအခေါ်များဖြင့် ညစ်ညမ်းစေခြင်းတို့မှ ရှောင်ကြဉ်ရန် ကျွန်ုပ်တို့အား အသနားခံခဲ့ပါတယ်။ သူကတိပေးခဲ့ပါတယ်၊ “သင်တို့ဟာ ယေရှုခရစ်တော်အကြောင်း သင်တို့ရဲ့သက်သေခံချက်ကို ဆက်တိုက်ခွန်အားဖြည့်ပေးခြင်းကို အမြင့်ဆုံးဦးစားပေးအဖြစ်ပြုကြရင်း သင်တို့ဘဝမှာ အလွန်တရာ အံ့ဩဖွယ်အမှုတွေဖြစ်လာတာကို စောင့်မျှော်ကြပါ။”၂၅
ကျွန်တော်တို့လုပ်နိုင်ပါတယ်။
ကျွန်တော်တို့ဘယ်လို ထ ပြီး ရှေ့သို့ထွက်လာနိုင်ပါသလဲ။ ဝမ်းမြောက်စွာနောင်တရပြီး ပညတ်တော်များကိုလိုက်လျှောက်ရန် ရွေးချယ်နိုင်ပါတယ်။ ကိုယ်တော်ရှင်က၊ “ငါ့ပညတ်တို့ကိုရ၍စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်” ဟုမိန့်မှာသည်။၂၆ နေ့တိုင်းနောင်တရရန်ကြိုးစားပြီး ကိုယ်တော်ရှင်အတွက်ချစ်ခြင်းပြည့်ဝသောနှလုံးသားနှင့် ရှေ့ဆက်နိုင်ပါတယ်။
ကျွန်တော်တို့လုပ်နိုင်ပါတယ်။
ကိုယ်တော်ရှင်ရဲ့အကူအညီနဲ့၊ ကျွန်တော်တို့ကိုချည်နှောင်တဲ့အရာတွေကနေ ဘယ်လိုဖြေလျှော့နိုင်ပါသလဲ။ ကျွန်တော်တို့ ပထမဦးစွာမိမိကိုယ်ကိုယ်နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ကောင်းကင်ဘုံရှင်အဖနဲ့ သူရဲ့သားတော်၊ ယေရှုခရစ်တော်အား ပဋိညာဥ်များ ဖြင့်ချည်နှောင်နိုင်ပါတယ်။ အသင်းလူကြီး ဒီ၊တော့ ခရစ္စတိုဖာဆန် ကသင်ကြားပေးခဲ့ပါတယ်၊ “[ကျွန်တော်တို့ရဲ့] အသက်ရှင်ခြင်းနဲ့ ဝိညာဥ်ရေးရာတန်ခိုးအတွက် အရင်းအမြတ်ကဘာလဲ၊ ကျွန်တော်တို့ဘယ်လိုရနိုင်ပါသလဲ။ အရင်းအမြစ်က ဘုရားသခင်ပါ။ ထိုတန်ခိုးကိုရရှိနိုင်ဖို့က သူနဲ့ပြုလုပ်တဲ့ ပဋိညာဥ်တွေအားဖြင့်ပဲဖြစ်ပါတယ်။ … ထိုမြင့်မြတ်တဲ့သဘောတူညီမှုများတွင်၊ သူ့အား အစေခံရန်နှင့် သူ၏ပညတ်တော်များကို စောင့်ထိန်းရန်ကတိပြုခြင်းကို တုံ့ပြန်ခြင်းအားဖြင့် ဘုရားသခင်က ကျွန်တော်တို့အား ထောက်ပံ့ရန်၊ သန့်ရှင်းစေရန်နှင့်ချီးမြှောက်ရန်တို့ကို သူကိုယ်တိုင်ချည်နှောင်ထားပါတယ်။”၂၇ ကျွန်တော်တို့မြင့်မြတ်တဲ့ပဋိညာဥ်တွေကို ပြုလုပ်ပြီးစောင့်ထိန်းနိုင်ပါတယ်။
ကျွန်တော်တို့လုပ်နိုင်ပါတယ်။
“ကျောက်ကိုရွှေ့ကြလော့။” “ထွက်၍လာလေ့ာ။” “သူ့ကိုဖြည်၍ လွှတ်ကြလော့။”
အကြံပြုမှုများ၊ ပညတ်တော်များနှင့် ပဋိညာဥ်များ။ ကျွန်တော်တို့လုပ်နိုင်ပါတယ်။
အသင်းလူကြီး ဂျက်ဖရီ အာရ်၊ ဟော်လန်က ကတိပေးခဲ့ပါတယ်၊ “တချို့ကောင်းချီးမင်္ဂလာတွေက စောစောလာကြတယ်၊ တချို့ကနောက်ကျမှလာတယ်၊ တချို့ကတော့ကောင်းကင်ဘုံရောက်မှလာကြတယ်၊ ဒါပေမယ့်၊ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်ကို ထွေးပွေ့သူများအတွက်တော့ ကောင်းချီးတွေအမြဲလာပါတယ်။”၂၈
နောက်ဆုံးအနေနဲ့၊ “သို့ဖြစ်၍၊ ရွှင်လန်းကြလော့၊ မကြောက်ရွံ့ကြနှင့်၊ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်သည် သင်တို့နှင့်အတူ ရှိတော်မူ၏၊သင်တို့ဘေးမှာလည်း ရှိတော်မူမည်။”၂၉
ဒါကကျွန်တော်ရဲ့ သက်သေခံထွက်ဆိုချက်ပါ၊ အမြဲလာမည်ဖြစ်သောသူ၊ မြင့်မြတ်သောယေရှုခရစ်တော်၏ နာမတော်၌၊ အာမင်။