အမြင့်ဆုံးသောဘုရားသခင်သည်ဟောရှဏ္ဏဖြစ်စေသတည်း
ယေရှုရဲ့ ယေရုရှလင်မြို့သို့အောင်ပွဲခံဝင်ရောက်ခြင်းနဲ့ ထိုအပတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေရဲ့ ဒေသနာဟာကျွန်တော်တို့ရဲ့ဒီနေ့ခေတ်မှာအသုံးပြုနိုင်ပါတယ်။
ဒီနေ့မှာ၊ ပြောပြီးခဲ့ကြသလိုပါပဲ၊ စွန်ပလွံတနင်္ဂနွေမှာ ယေရှုခရစ်တော်ကိုဂါရဝပြုဖို့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့ခရစ်ယာန်များနဲ့ကျွန်တော်တို့အတူပူးပေါင်းကြပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးက၊ စွန်ပလွံတနင်္ဂနွေဟာ ယေရှုခရစ်တော်ရဲ့အသက်ရှင်စဥ်ကာလအမှုတော်ဆောင်ခြင်းနောက်ဆုံးအပတ်ရဲ့အစကိုအမှတ်အသားပြုခဲ့ပါတယ်။ လူသားတွေရဲ့သမိုင်းမှာအရေးအကြီးဆုံးရက်သတ္တပတ်လည်းဖြစ်ခဲ့ပါတယ်။
ယေရုရှလင်မြို့သို့အောင်ပွဲခံဝင်ရောက်ရာတွင်ကတိထားရာမေရှိယအဖြစ်ယေရှုကိုကြွေးကြော်ခြင်းများမှအစပြုခဲ့ပြီး လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံခြင်းနှင့် ပြန်လည်ရှင်ပြန်ထမြောက်ခြင်းတို့နဲ့အဆုံးသတ်ခဲ့ပါတယ်။၁ မြင့်မြတ်ခြင်း၏အသရေဖြင့်၊ အပြစ်ဖြေခြင်းမင်္ဂလာဟာ သူရဲ့အသက်ရှင်စဥ်အမှုတော်ဆောင်ခြင်းကိုပြီးဆုံးစေခဲ့ပြီး၊ ကျွန်တော်တို့ထာဝရအတွက်ကောင်းကင်ဘုံရှင်အဖနဲ့နေထိုင်နိုင်ဖို့ဖြစ်စေခဲ့ပါတယ်။
“ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောပရောဖက်ယေရှု” အားတွေ့ရန် မြို့၏တံခါးဝများ၌ရပ်နေတဲ့လူအစုအဝေးများနဲ့စတင်ခဲ့တဲ့ ရက်သတ္တပတ်လို့ ကျမ်းစာတွေထဲမှာဖော်ပြထားပါတယ်။၂ သူတို့သည် “စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်းဟု ကြွေးကြော်ကြ၏။”၃
အချိန်အလွန်ကြာမြင့်ခဲ့ပြီတဲ့ထိုသမ္မာကျမ်းစာရဲ့မှတ်တမ်းက တက်ကဝါဒီမြို့၊ ဂါနာနိုင်ငံကိုအသင်းတော်တာဝန်တစ်ခုအတွက်သွားခဲ့တာကိုသတိရစေပါတယ်။ ထူးခြားစွာနဲ့ပဲ၊စွန်ပလွံတနင်္ဂနွေနေ့မှာ ကျွန်တော်အဲ့မှာရှိနေခဲ့ပါတယ်။
တက်ကဝါဒီ ဂါနာပန္နက်ကိုပိုင်းခြားပြီး မန်ပင်ချင်မ် ဂါနာပန္နက်ကိုစတင်ဖို့ကျွန်တော်ရောက်နေခဲ့တာပါ။ ဒီနေ့မှာဆိုရင်၊ ဂါနာနိုင်ငံမှာ အသင်းသားတစ်သိန်းကျော်ရှိနေပါပြီ။၄ (ဒီနေ့မှာကျွန်တော်တို့နဲ့အတူရှိနေတဲ့၊ ဂါး မောင်ခေစ်၊ အက်စရာ၏ ဘုရှင်မင်းမြတ် နီ ဝာာဂီ တီကို ဆူးရူး-ဒုတိယ ကို ကြိုဆိုပါတယ်။) ထိုသန့်ရှင်းသူတွေနဲ့တွေ့ပြီး၊ ကိုယ်တော်ရှင်အပေါ်ရှိတဲ့သူတို့ရဲ့ လေးနက်တဲ့ချစ်ခြင်းနဲ့ ဆည်းကပ်မှုတွေကိုကျွန်တော်ခံစားခဲ့ရပါတယ်။ သူတို့အပေါ်ကျွန်တော်ရဲ့ ကြီးမားတဲ့မေတ္တာနဲ့ အသင်းတော်ရဲ့ ဥက္ကဋ္ဌကသူတို့ချစ်တယ်ဆိုတာကိုပြောခဲ့ပါတယ်။ ရှင်ယောဟန်မှာဖော်ပြထားတဲ့ကယ်တင်ရှင်ရဲ့စကားတွေကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်၊ “ငါသည်သင်တို့ကိုချစ်သည်နည်းတူအချင်းချင်းချစ်ကြလော့။”၅ ထိုတွေ့ဆုံခြင်းကို “ညီလာခံကိုချစ်သည်” လို့ခေါ်ခဲ့ကြပါတယ်။၆
ချစ်လှစွာသောညီအစ်ကိုမောင်နှမများနှင့် သူတို့ရဲ့မိသားစုတွေတန်းစီထိုင်နေတာကို ကျွန်တော်ကြည့်တဲ့အခါ၊ သူတို့ရဲ့ မျက်နှာမှာယေရှုခရစ်တော်ကိုယုံကြည်ခြင်းနဲ့ သက်သေခံချက်တွေရဲ့တောက်ပမှုကိုတွေ့ခဲ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့အသင်းတော်၏တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ချင်တဲ့သူတို့ရဲ့စိတ်ဆန္ဒတွေကိုကျွန်တော်ခံစားခဲ့ရပါတယ်။ သီချင်းအဖွဲ့ ဆိုတဲ့အခါ၊ သူတို့ ကောင်းကင်တမန်တွေလိုပဲဆိုကြပါတယ်။
ယခင်ကစွန်ပလွံတနင်္ဂနွေလိုပါပဲ၊ ယေရုရှလင်မြို့ရဲ့တံခါးဝတွေမှာ စွန်ပလွံခက်တွေကိုင်ပြီး၊ “ဟောရှဏ္ဏ၊ ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း” လို့ကြွေးကြော်နေကြတဲ့သူတွေလိုပါပဲ၊ သူတို့ဟာလည်းယေရှုခရစ်တော်ကိုချီးမြောက်ဂုဏ်ပြုဖို့စုဝေးနေကြတဲ့ သူရဲ့ တပည့်တော်တွေဖြစ်ပါတယ်။ ၇
အနီးအနားမှာရှိတဲ့ခရစ်ယာန်အသင်းတော်တစ်ခုကလည်း စွန်ပလွံတနင်္ဂနွေကိုဂါရဝပြုနေခဲ့ကြပါတယ်။ ကျွန်တော်စင်ပေါ်မှာစကားပြောနေတဲ့အချိန်မှာ၊ ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ဒီပုံထဲကလိုပဲ စွန်ပလွံခက်တွေဝှေ့ယမ်းပြီးလမ်းပေါ်မှာဝမ်းမြောက်စွာလမ်းလျှောက်လာကြတာကို သတိထားမိပါတယ်။ ကျွန်တော်တို့အားလုံးရှင်ဘုရှင်တို့ရဲ့ဘုရင်ဖြစ်သောသူကိုကိုးကွယ်ခဲ့ကြတဲ့၊ အဲ့ဒီနေ့ရဲ့ပုံရိပ်ကိုကျွန်တော်ဘယ်တော့မှမေ့လို့ရမှာမဟုတ်ပါဘူး။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင် ကစွန်ပလွံတနင်္ဂနွေနေ့ကို ထိုကဲ့သို့ပြုလုပ်ဖို့နှိုးဆော်ထားပါတယ်၊ “မြင့်မြတ်စစ်မှန်သောသတိရခြင်းသည်၊ယေရှု ယေရုရှလင်မြို့ကိုအဝင်မှာ စွန်ပလွံခက်တွေဝှေ့ယမ်းပြီးဂုဏ်ပြုခြင်းပြုလုပ်တာတစ်ခုပဲမဟုတ်ဘဲ၊ သူရဲ့လက်ဖဝါးတွေကိုသတိရခြင်းလည်းဖြစ်တယ်။” ထို့နောက်၊ ဥက္ကဋ္ဌ နယ်လဆင်က “ကယ်တင်ရှင်ရဲ့ကတိတော်ကိုပေးခဲ့သော၊ ဟေရှာယကို မှီငြမ်းဖော်ပြထားပါတယ်၊ “သင့်ကိုဘယ်တော့မှမမေ့လျော့နိုင်ပါ” ကိုဤစကားများနဲ့ပြောထားပါတယ်၊ ‘ငါသည် ကိုယ်လက်ဝါး၌သင့်ကိုစာထိုးပြီ။’”၈
လူ့ဇာတိက ခက်ခဲကြောင်းကိုကိုယ်တော်ရှင်ကိုယ်တိုင်သိပါတယ်။ သူရဲ့ဒဏ်ရာက ကျွန်တော်တို့ကို သူဟာ “အောက်အရပ် ခပ်သိမ်းသောသူတို့ဆီသို့ ဆင်းသက်တော်မူ၏”၉ ဆိုတာကိုသတိပေးပါတယ်၊ ဒါကြောင့်ကျွန်တော့်ဒုက္ခရောက်သောအခါ ကိုယ်တော်ကကူညီပေးနိုင်ပြီး၊ “သင်၏လမ်း၌ ဆက်၍ရှိနေလော့”၁၀ ဟုမိန့်ခဲ့ပြီး ကျွန်တော်တို့ရဲ့ဥပမာအဖြစ်ရှိကာသူ၏လမ်းကတေ့ာ “ဘုရားသခင်သည် သင်နှင့်အတူ ကာလအစဉ်အဆက် အမြဲရှိလိမ့်မည်” ဖြစ်ပါတယ်။၁၁
စွန်ပလွံတနင်္ဂနွေနေ့ဟာပွဲတစ်ခုပဲမဟုတ်ပါဘူး၊ နေ့စွဲ၊ အချိန်နဲ့ နေရာတွေရှိတဲ့သမိုင်းထဲကစာမျက်နှာနောက်တစ်ခုလည်းဖြစ်ပါတယ်။ ယေရှုရဲ့ ယေရုရှလင်မြို့သို့အောင်ပွဲခံဝင်ရောက်ခြင်းနဲ့ ထိုအပတ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေရဲ့ ဒေသနာဟာကျွန်တော်တို့ရဲ့ဒီနေ့ခေတ်မှာအသုံးပြုနိုင်ပါတယ်။
ယေရုရှလင်မြို့မှာအဆုံးသတ်ခဲ့တဲ့ သူရဲ့အမှုတော်ဆောင်ခြင်းတွေနဲ့ပတ်သက်တဲ့ ထာဝရဒေသနာတချို့ကိုကြည့်ကြရအောင်။
ပထမဆုံးကတော့၊ ပရောဖက်ပြုဟောပြောချက်ပါ။ ဥပမာအနေနဲ့၊ ဓမ္မဟောင်းကျမ်း ပရောဖက် ဇာခရိကယေရှုရဲ့ ယေရုရှလင်မြို့သို့အောင်ပွဲခံဝင်လာခြင်းကို၊ မြည်းစီး၍လာသည်ဟုပင် ပရောဖက်ပြုဟောခဲ့ပါတယ်။၁၂ မြို့ထဲကိုဝင်ရန်မပြင်ဆင်ခင်မှာ ယေရှုကသူရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုဤကဲ့သို့မိန့်တော်မူခဲ့ပါတယ်၊
“ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည်၊
“လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။”၁၃
ဒုတိယကတော့၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အဖော်ပြုခြင်းဖြစ်ပါတယ်။ “ယေရှုသည်ကိုယ်တော်ရှင်ဖြစ်သည်ကိုအဘယ်သူမှမသိနိုင်ကြ၊ သို့သော်သန့်ရှင်းသောဝိညာဥ်တော်အားဖြင့်သိနိုင်ကြ၏။”၁၄ ကယ်တင်ရှင်ကသူရဲ့တပည့်တော်တွေကို၁၅ နောက်ဆုံးစားပွဲလုပ်တယ့်၁၆ အထက်ခန်းမှာ၊၁၇ “သင်တို့ကိုမိဘမဲ့ဖြစ်စေခြင်းငှာစွန့်ပစ်မည်မဟုတ်။” ဟုမိန့်မှာခဲ့ပါတယ်။၁၈ သူတို့သည်ဧဝံဂေလိတရားတော်ကိုတစ်ကိုယ်တည်းရှေ့ဆက်ဝေငှရမည်မဟုတ်ဘဲ၊ သူတို့အားလမ်းပြပေးမည့်ပြီးပြည့်စုံသော သန့်ရှင်းသောဝိညာဥ်တော်၏ဆုကျေးဇူးကိုလည်းရရှိမှာဖြစ်ပါတယ်။ “ငြိမ်သက်ခြင်းကိုသင်တို့၌ ငါထားခဲ့၏” ၊သူကတိပေးခဲ့ပါတယ်၊ “လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ်။”၁၉ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့်ကျွန်တော်တို့လည်းတူညီတဲ့အာမခံချက်ရှိပါတယ်၊ [ကျွန်တော်တို့]မှာ၊ “သူ၏ဝိညာဥ်တော်အစဥ်အမြဲတည်ရှိ”၂၀ ပြီး “သန့်ရှင်းသောဝိညာဥ်တော်၏တန်ခိုးအားဖြင့်၊ [ကျွန်ုပ်တို့]သည်ခပ်သိမ်းသောအရာတို့၏အမှန်တရားကိုသိနိုင်ကြ၏။”၂၁
တတိယကတော့၊ တပည့်တော်ဖြစ်ခြင်းပဲဖြစ်ပါတယ်။ စစ်မှန်တဲ့တပည့်တော်ဖြစ်ခြင်းဆိုတာဟာ မပြိုလဲနိုင်တဲ့ကတိတော်၊ ထာဝရဥပဒေတို့ကိုနာခံခြင်း နဲ့ ဘုရားသခင်ကို ဦးစွာပထမချစ်ခြင်းတို့ပဲဖြစ်ပါတယ်။ တွေးတောစရာမလိုပါဘူး။ စွန်ပလွံခက်တွေနဲ့ကြိုဆိုကြတဲ့လူအုပ်ကြီးကသူ့ကို မေရှိယလို့ခေါ်ခဲ့ကြပါတယ်။ အဲ့ဒါကသူဘယ်သူလဲဆိုတာအတိအကျပါပဲ။ သူနဲ့ သူရဲ့အံ့သြဖွယ်အမှုတွေ၊ သူ့ရဲ့သွန်သင်မှုတွေကို သူတို့ကြည့်ချင်ခဲ့ကြပါတယ်။ သို့သော်လည်း သူတို့ရဲ့ချီးမွမ်းမှုတွေက ကြာရှည်မခံခဲ့ပါဘူး။ “ဟောရှဏ္ဏ”၂၂ လို့အစောပိုင်းမှာအော်ခဲ့ကြတဲ့သူတချို့ဟာ မကြာခင်မှာပဲ ၊ “ထိုသူကိုလက်ဝါးကပ်တိုင်မှာရိုက်ထားပါ” လို့အော်ဟစ်နေကြပါတယ်။၂၃
စတုတ္ထကတော့၊ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာပဲဖြစ်ပါတယ်။၂၄ စွန်ပလွံတနင်္ဂနွေနေ့ပြီးတဲ့နောက်၊ သူရဲ့နောက်ဆုံးနေ့ရက်တွေမှာ၊ ဂေသရှေမန်မှ တရားမမျှတသောတရားခွင်အထိ၊ လက်ဝါးကပ်တိုင်မှာ နှိပ်စက်ညှဉ်းပန်းခံရပြီး သင်္ချိုင်းမှာ မြှုပ်နှံခံခဲ့ရခြင်းတို့နဲ့သူရဲ့အပြစ်ဖြေခြင်းမင်္ဂလာကို ပြီးမြောက်စေတော်မူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီမှာပဲမပြီးဆုံးသွားပါဘူး။ ခမည်းတော်၏သားသမီးများအားလုံးအတွက်ရွေးနှုတ်ရှင်ဖြစ်သောသူရဲ့ကြီးမြတ်တဲ့အခေါ်ခံရမှုကြောင့်၊ သုံးရက်ကြာပြီးနောက်မှ သင်္ချိုင်းက ထွက်လာခဲ့ပြီး၊ သူပရောဖက်ပြုဟောခဲ့သလို ပြန်လည်ရှင်ပြန်ထမြောက်ခဲ့ပါတယ်၂၅။
မတုနှိုင်းနိုင်တဲ့ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကိုကျွန်တော်တို့ အဆက်မပြတ်ကျေးဇူးတော်ချီးမွမ်းကြပါသလား။ အဲ့ဒါရဲ့ သန့်ရှင်းစင်ကြယ်ခြင်းတန်ခိုးကိုယခုခံစားရပါသလား။ ဒါကြောင့်ပဲ၊ ကယ်တင်ခြင်း၏ ရေးသားသူနှင့် အပြီးသတ်အရှင်ဖြစ်တဲ့ယေရှုခရစ်က ကျွန်တော်တို့အားလုံးကို ကယ်တင်ဖို့ယေရုရှလင်မြို့ကို ကြွလာခဲ့တာပါ။ အယ်လမာရဲ့ဤစကားတွေကအရေးကြီးတယ်လို့ခံစားရပါသလား၊ “သင်တို့သည် စိတ်နှလုံးပြောင်းလဲခြင်းကို တွေ့ကြုံပြီးလေပြီဆိုလျှင်၊ ရွေးနှုတ်တော်မူသောချစ်ခြင်းသီချင်းကို သီဆိုရန်လည်း ခံစားမိလေပြီဆိုလျှင်၊ ယခုထိုသို့ ခံစားနိုင်ပြီလောဟု ငါမေးလို၏။”၂၆ တက်ကဝါဒီရှိ ဓမ္မတေးအဖွဲ့ဟာ စွန်ပလွံတနင်္ဂနွေမှာ “ရွေးနှုတ်တော်မူသောချစ်ခြင်းသီချင်း” ကိုဆိုခဲ့ကြတယ်ဆိုတာ ကျွန်တော်အသေအချာပြောနိုင်ပါတယ်။
ယေရှုက သူရဲ့အသက်ရှင်စဥ်အမှုတော်ဆောင်ခြင်းရဲ့နောက်ဆုံးအပတ်မှာ၊ သတို့သမီးဆယ်ပါးရဲ့ဇာတ်ကြောင်းကိုဟောပြောခဲ့ပါတယ်။၂၇ စွန်ပလွံခက်များကိုကိုင်ထားတဲ့လက်များမဟုတ်ဘဲ ဧဝံဂေလိတရားတော်ကိန်းဝပ်နေပြီး သူ့အားလက်ခံရန်အသင့်ရှိသူများကို သူ၏ပြန်လာခြင်းအကြောင်းကိုသွန်သင်ပေးခဲ့ပါတယ်။ သူရဲ့နည်းလမ်း နဲ့ သမ္မာတရားအရနေထိုင်ဖို့နဲ့ သူရဲ့အလင်းကိုဝေငှရန်ဆန္ဒရှိခြင်းကို ၊ မီးတောက်ဖို့အတွက်လောင်စာဆီအပိုထည့်ပြီး ထွန်းညှိထားတဲ့မီးအိမ်ရဲ့ပုံသဏ္ဍာန်ကိုသုံးပြီးဖော်ပြခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်းကိုသင်သိပါတယ်။ သတို့သမီးဆယ်ပါးဟာအသင်းတော်ရဲ့အသင်းသားတွေကို ကိုယ်စားပြုပါတယ်၊ မင်္ဂလာဆောင်လုလင်ဟာ ယေရှုခရစ်တော်ကိုကိုယ်စားပြုပါတယ်။
သတို့သမီးဆယ်ပါးတို့ဟာ သူတို့ရဲ့မီးခွက်ကိုယူ၍ “မင်္ဂလာဆောင်လုလင်ကိုဦးကြိုပြုရန်ထွက်သွား၏။”၂၈ ငါးယောက်ကပညာသတိရှိပါတယ်၊ သူတို့မီးခွက်တွေမှာဆီဖြည့်ပြင်ဆင်ပြီး အပိုလည်းဆောင်ထားပါတယ်၊ တခြားငါးယောက်ကတော့ မိုက်မဲသူတွေဖြစ်ပါတယ်၊ ဆီထည့်မထားတဲ့မီးခွက်တွေကို ယူခဲ့ကြပါတယ်။ “မင်္ဂလာဆောင်လုလင်သည်လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်” ဟုကြွေးကြော်သောအခါ၊၂၉ ငါးယောက်သောသူတို့သည် “ပညာရှိ၍၊ သမ္မာတရားကို လက်ခံလျက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို မိမိတို့၏လမ်းညွှန်ရာအဖြစ်လက်ခံရရှိလေ”၃၀ ပြီး “သူတို့၏ရှင်ဘုရင်နှင့် သူတို့၏ပညတ်တရားရှင်” အတွက်အဆင်သင့်ဖြစ်နေပြီး၃၁ “သူ၏ဘုန်းတော်သည်လည်း သူတို့အပေါ်မှာရှိလိမ့်မည်။”၃၂ တခြားငါးယောက်ကတေ့၊ ဆီကို ကသုတ်ကရက်ကြိုးစားရှာနေကြပါတယ်။ သို့သော်လည်း၊ အရမ်းနောက်ကျသွားခဲ့ပါပြီ။ ပွဲကိုသူတို့မပါဘဲဆက်သွားခဲ့ကြပါတယ်။ တံခါးဖွင့်ရန်သူတို့တောင်းလျှောက်ကြသောအခါ၊ ကိုယ်တော်ရှင်ကပြန်ပြောခဲ့ပါတယ်၊ “သင်တို့ကိုငါမသိပါ။”၃၃
“သင်တို့ကိုငါမသိပါ” လို့ကျွန်တော်တို့ကိုသူပြောမယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုခံစားရမလဲ။
ကျွန်တော်တို့က၊ သတို့သမီးဆယ်ပါးလိုပဲမီးအိမ်ရှိကြပါတယ်၊ သို့သော် ဆီရှိပါသလား။ တချို့သူတွေဟာာအနည်းငယ်သောဆီကိုသာရကြပြီး ၊ကောင်းမွန်စွာပြင်ဆင်ဖို့အတွက်လောကဖိအားများနှင့် အလုပ်များလွန်နေကြမှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ပရောဖက်ပြုခြင်းများနဲ့ အသက်ရှင်နေသော ပရောဖက်တွေဖြစ်တဲ့ အထူးသဖြင့်ဥက္ကဋ္ဌ နယ်လဆင်၊ သူရဲ့အတိုင်ပင်ခံတွေနဲ့ တမန်တော်တစ်ဆယ့်နှစ်ပါး ရဲ့စကားကိုယုံကြည်ခြင်းနဲ့ ပြုမူလုပ်ဆောင်ခြင်းတို့မှ ဆီ ရရှိနိုင်ပါတယ်။ သန့်ရှင်းသောဝိညာဥ်တော်ကိုကြားရ၊ ခံစားရပြီး ထိုမြင့်မြတ်တဲ့လမ်းညွှန်မှုပေါ်မှာပြုမူဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ရဲ့ဝိညာဥ်တွေမှာ ဆီတွေပြည့်လာပါတယ်။ ကျွန်တော်တို့ရဲ့အပြုအမူတွေက ကိုယ်တော်ရှင်ကိုချစ်ကြောင်းနဲ့ သူနှစ်သက်သောအရာတွေကိုကျွန်တော်တို့ နှစ်သက်ခြင်းကိုပြသောအခါ ကျွန်တော်တို့ရဲ့နှလုံးသားတွေထဲကို ဆီတွေဝင်ရောက်လာပါတယ်။ အပြစ်ဖြေခြင်းမင်္ဂလာ၏ ကုသပေးမှုနဲ့ နောင်တရခြင်းတို့ကို ရှာဖွေခြင်းမှ ဆီတွေလာပါတယ်။
တချို့လူတွေ “ပုံးစာရင်း” လို့ခေါ်ကြတဲ့လုပ်ချင်သောအရာများလုပ်ရန်အတွက်ပြုလုပ်ထားသောစာရင်းကိုဖြည့်ဖို့ သင်ရှာဖွေနေတယ်ဆိုရင်၊ သင်ရဲ့ပုံးကို ယေရှုခရစ်တော်၃၄ ၏ ဘဝနဲ့ သင်ကြားမှုများကိုကိုယ်စားပြုတဲ့ သူရဲ့အသက်ရေနဲ့ဖြည့်ပါ။ သင့်ရဲ့စာရင်းထဲကအရာတွေဖြစ်တယ့် အရမ်းဝေးတဲ့နေရာတစ်ခုကိုရောက်ပြီးခြင်း သို့မဟုတ် ခမ်းနားကြီးကျယ်တဲ့ပွဲတစ်ခုပြီးဆုံးတဲ့အခါ၊ အဲ့ဒါက သင့်ရဲ့ဝိညာဥ်ကို ပြည့်ဝကျေနပ်စေတဲ့ခံစားချက်မျိုးနဲ့မကျန်ရစ်ခဲ့စေပါဘူး၊ ဒါပေမယ့် ယေရှုခရစ်တော်ရဲ့အလိုတော်နဲ့နေထိုင်ခြင်းကဖြစ်စေနိုင်ပါလိမ့်မယ်။ ကျွန်တော်အစပိုင်းမှာပြောခဲ့တဲ့ ဥပမာတွေလိုပါပဲ၊ ပရောဖက်ပြုခြင်းတွေနဲ့ ပရောဖက်တွေရဲ့သွန်သင်မှုတွေကိုလက်ခံပါ၊သန့်ရှင်းသောဝိညာဥ်တော်ရဲ့နှိုးဆော်မှုအပေါ်မှာပြုမူပါ၊ စစ်မှန်သောတပည့်တော်ဖြစ်လာပါ၊ ကိုယ်တော်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာမှ ကုသခြင်းတန်ခိုးကိုရှာဖွေပါ။ အဲ့ဒီ စာရင်းကတော့ သင်သွားချင်တဲ့နေရာဖြစ်တဲ့ ကောင်းကင်ဘုံမှသင့်ရဲ့အဖ ဆီကို ပို့ပေးပါလိမ့်မယ်။
တက်ကဝါဒီမှာရှိတဲ့ ကျွန်တော်ရဲ့ယုံကြည်မှုပြည့်ဝတဲ့ ညီအကိုမောင်နှမတွေနဲ့ ဝေငှခဲ့ရတဲ့ အဲ့ဒီစွန်ပလွံတနင်္ဂနွေနေ့ဟာ ကျွန်တော့်အတွက်အလွန်ထူးခြားတဲ့ အတွေ့အကြုံဖြစ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ တိုက်ကြီးများနှင့် ကျွန်းများမှာလည်းပဲတူညီတဲ့အတွေ့အကြုံတွေရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့နှလုံးသားကလဲ သင်တို့လိုပဲ၊ “အမြင့်ဆုံးသောဘုရားသခင်သည်ဟောရှဏ္ဏဖြစ်စေသတည်း” လို့ကြွေးကြော်ချင်ပါတယ်။၃၅
ကျွန်တော်တို့ယေရုရှလင်မြို့ရဲ့တံခါးဝတွေမှာ စွန်ပလွံခက်တွေကိုင်ပြီးရပ်မနေပေမယ့်၊ ဗျာဒိတ်တော်များတွင် ပရောဖက်ပြုထားသကဲ့သို့ “အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာ[ရပ်နေ]ကြသည် ဆိုတဲ့အချိန်ရောက်လာမှာပါ။”၃၆
ယေရှုခရစ်တော်ရဲ့တမန်တော်တစ်ပါးအနေနဲ့သင်တို့ကိုကောင်းချီးပေးပါတယ်၊ သင်တို့သည်ဖြောင့်မတ်စွာနေထိုင်ရန်ကြိုးစားကြသောသူများဖြစ်ကြပြီး စွန်ပလွံခက်များကိုင်ကြသောသူများထဲမှာပါဝင်ကာ ဘုရားသခင်၏သားတော်၊ ကြီးမြတ်သောရွေးနှုတ်ရှင်၏အကြောင်းသယ်ဆောင်သောသူများဖြစ်ကြပါစေ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။