ကျွန်ုပ်ခရစ်ယာန်တစ်ယောက်အဖြစ် အဘယ်ကြောင့်ခရစ်တော်ကို ယုံကြည်သည်ကို သင်သိပါသလား။
ယေရှုခရစ်တော်သည် လူသားအားလုံးကို ရုပ်သေခြင်းမှ ရွေးနှုတ်ရန်နှင့် ဘုရားသခင်နှင့်အတူရှိသည့် ထာဝရအသက်ကို ပေးရန် ဝေဒနာခံစားခဲ့ရ၊ သေခဲ့ရ၊ တစ်ဖန်ထမြောက်ခဲ့ရပါသည်။
လွန်ခဲ့တဲ့နှစ်များစွာက၊ အလုပ်အပြီး၊ ညနေတစ်ခုမှာ၊ ကျွန်တော် နယူးယောက်မြို့ကနေ နယူးဂျာဆီ အိမ်ကိုပြန်နေကျ ဘတ်စ်ကားပေါ်တက်ခဲ့ပါတယ်။ ကျွန်တော့် ဘေးမှာ ထိုင်တဲ့အမျိုးသမီးက ကျွန်တော်ကွန်ပျူတာပေါ်မှာ ရေးနေတာကို သတိပြုမိပြီး၊ “ခင်ဗျားခရစ်တော်ကို … ယုံကြည်သလား” လို့ မေးပါတယ်။ “ဟုတ်ကဲ့၊ယုံကြည်ပါတယ်” လို့ ကျွန်တော်ဖြေခဲ့ပါတယ်။ ကျွန်တော်တို့ စကားပြောရင်းနဲ့၊ သူမဟာ နယူးယောက်ရဲ့ ယှဉ်ပြိုင်မှုများတဲ့ နည်းပညာပိုင်းမှာ အလုပ်လုပ်ဖို့ သူမရဲ့သာယာတဲ့ အာရှနိုင်ငံတစ်ခုကနေ ပြောင်းလာခါစဆိုတာကျွန်တော်သိခဲ့ရပါတယ်။
ရိုးရိုးပဲ၊ ကျွန်တော်မေးလိုက်ပါတယ်၊ “ကျွန်တော်ခရစ်ယာန်တစ်ယောက်အဖြစ် ဘာကြောင့်ခရစ်တော်ကို ယုံကြည်လဲဆိုတာသိလား။” သူမကလည်း ပုံမှန်ပြန်ဖြေပြီး၊ သူမကို ပြောပြဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်၊ ကျွန်တော် စကားပြောရင်း၊ အတွေးပင်လယ်ဝေခဲ့ပါတယ်။ ဒါက၊ ခရစ်ယာန်ဘာသာနဲ့ သိပ်အကျွမ်းမဝင်တဲ့၊ ဉာဏ်လည်းအလွန်ကောင်းတဲ့သူတစ်ယောက်ကို ခရစ်ယာန်ဘာသာအကြောင်း ကျွန်တော်ရှင်းပြရတာ ပထမဆုံးအကြိမ်ပါ။ “ကျွန်တော်ယေရှုနောက်လိုက်လျှောက်တာ သူကကျွန်တော့်အတွက်လိုလိုလားလားခံစားပြီး ကျွန်တော့်အပြစ်တွေအတွက်သေသွား” လို့ပါ လို့ပဲကျွန်တော်မပြောနိုင်ပါဘူး။ “ယေရှုက သေရတာလား” လို့သူမ တွေးကောင်းတွေးပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေကနေခွင့်လွှတ်ဖို့နဲ့ သန့်ရှင်းစေဖို့ ကျွန်တော်တို့ တောင်းတာနဲ့ ဘုရားသခင်က အလွယ်တကူလုပ်မပေးနိုင်ဘူးလား။”
မိနစ်အနည်းငယ်အတွင်းမှာ သင်ဘယ်လိုဖြေခဲ့မိမှာလဲ။ ဒါကို မိတ်ဆွေတစ်ယောက်ကို သင်ဘယ်လိုရှင်းပြမှာလဲ။ ကလေးတွေနဲ့ လူငယ်တို့၊ နောက်မှ သင်တို့မိဘတွေ၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်ကို “ယေရှုဘာလို့ သေခဲ့ရတာလဲ” လို့ ကျေးဇူးပြု၍မေးကြပါ။ ပြီးတော့၊ ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော့်မှာ ဝန်ခံစရာတစ်ခုရှိပါတယ်၊ အသင်းတော်အကြောင်းကျွန်တော်သိတဲ့အရာတွေ၊ သမိုင်း၊ မူဝါဒ၊ စတာတွေအားလုံးရှိတယ်လို့ ကျွန်တော်တွေးခဲ့ ပေမယ့်လည်း၊ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနဲ့ ပတ်သက်လို့ ဒီအဓိကမေးခွန်းရဲ့အဖြေ အလွန်တကူရောက်မလာခဲ့ပါဘူး။ အဲဒီနေ့မှာ၊ ကျွန်တော်ဟာ ထာဝရအသက်အတွက် အရေးအကြီးဆုံးအရာကို ပိုအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဟုတ်ကဲ့၊ ကျွန်တော့်မိတ်ဆွေသစ်ကို ပြောပြခဲ့ပါတယ်၁ ကျွန်တော်တို့မှာ ကိုယ်ခန္ဓာအပြင် ဝိညာဉ်တစ်ခုရှိကြောင်းနဲ့ ဘုရားသခင်ဟာ ကျွန်တော်တို့ ဝိညာဉ်တွေအားလုံးရဲ့ အဖ၂ ဖြစ်ကြောင်းကိုပါ။ ကျွန်တော်တို့ဟာ ဒီလူ့ဇာတိလောကထဲကို မမွေးခင်မှာ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖနဲ့ အတူနေခဲ့၃ ကြောင်း သူမကို ပြောပြခဲ့ပါတယ်။ ကိုယ်တော်က သူမနဲ့ ကိုယ်တော်ရဲ့ သားသမီးအားလုံးကို ချစ်လို့ ကျွန်တော်တို့ အတွက် သူ့ရဲ့ ဘုန်းရှိတဲ့ကိုယ်ခန္ဓာ၄ ပုံအတိုင်းကိုယ်ခန္ဓာတစ်ခုရရှိဖို့၊ မိသားစုဝင်ဖြစ်ဖို့၅ သူ့မိသားစုနဲ့ သူမွေ့လျော်သလို၆ ကျွန်တော်တို့မိသားစုတွေနဲ့အတူ ထာဝရအသက်နဲ့ မွေ့လျော်ရန် သူ့ရဲ့ ချစ်ခြင်းရှိတဲ့မျက်မှောက်တော်ကို ပြန်သွားဖို့၇ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့ပါတယ်၊ ဒီသေချာပေါက်ကျရှုံးတဲ့လောကထဲမှာ၈ အဓိကအတားအဆီးနှစ်ခုကို ကျွန်တော်တို့ ရင်ဆိုင်ရပါတယ် (၁) ကိုယ်သေခြင်း—ကျွန်တော်တို့ကိုယ်ခန္ဓာတွေနဲ့ ဝိညာဉ်တွေ ကွဲကွာခြင်း။ ဟုတ်ကဲ့၊ ကျွန်တော်တို့အားလုံးသေမယ်ဆိုတာ သူမ သိပါတယ်။ ပြီးတော့ (၂) ဝိညာဉ်ပကတိသေခြင်း—လူ့ဇာတိသားများအဖြစ် ကျွန်တော်တို့ရဲ့ အပြစ်တွေ၊ အမှားတွေ၊ ချွတ်ယွင်းချက်တွေက ကျွန်တော်တို့ကို ကိုယ်တော်ရဲ့ သန့်ရှင်းသောမျက်မှောက်တော်မှ ဝေးကွာစေတာကြောင့်၉ ဘုရားသခင်နဲ့ကွဲကွာခြင်းဖြစ်ပါတယ်။ ဒါကိုလည်း သူမနဲ့သက်ဆိုင်တယ်လို့ထင်ခဲ့ပါတယ်။
ဒါက တရားတဲ့ပညတ်တရားရဲ့ သက်ရောက်မှုတစ်ခုလို့ သူ့ကို ကျွန်တော်ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အပြစ်သို့မဟုတ် ဘုရားသခင်ရဲ့ ပညတ် သို့မဟုတ် သမ္မာတရားကို ဆန့်ကျင်ခြင်းမှန်သမျှအတွက် ထာဝရပြစ်ဒဏ် တစ်ခုပေးဖို့ ဒီ ထာဝရပညတ် က တောင်းဆိုပါတယ်၊ သို့မဟုတ်လျှင်၊ ကျွန်တော်တို့ ကိုယ်တော်ရဲ့ သန့်ရှင်းသောမျက်မှောက်တော်မှာ နေဖို့ ဘယ်တော့မှ ပြန်မသွားနိုင်ပါဘူး။၁၀ အဲဒါက မတရားပဲရှိပါလိမ့်မယ်၊ ဘုရားသခင်က “တရားမှုကို၁၁ မငြင်းဆန်နိုင်ပါဘူး။” သူမက ဒါကို နားလည်ပါတယ်၊ ဘုရားသခင်ဟာ ကရုဏာကြီးတယ်၊ ချစ်တယ်၊ ကျွန်တော်တို့ရဲ ထာဝရအသက်ကို ဖြစ်စေတယ်၁၂ ဆိုတာကိုလွယ်လွယ်သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့၊ ပရိယာယ်များတဲ့၊ အားကောင်းတဲ့၊ မကောင်းမှုနဲ့ မုသားတို့ ရဲ့ ရင်းမြစ်ဖြစ်တဲ့၁၃ မာရ်နတ်လည်းရှိကြောင်း၊ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ကို ကယ်တင်ဖို့ အဲ့လို ဆန့်ကျင်ဘက်နဲ့ အတားအဆီးအားလုံးကို အောင်နိုင်တဲ့ အတိုင်းမသိ ဘုရားတန်ခိုးရှိသူတစ်ယောက်ယောက်ရှိဖို့ လိုအပ်ပါလိမ့်မယ်။၁၄
အဲဒီနောက် ကျွန်တော်က သူမကို “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။”၁၅ ဆိုတဲ့—လူတိုင်းအတွက် “ကြီးစွာသောဝမ်းမြောက်ခြင်းသတင်းကောင်း”၁၆—ကို ဝေငှခဲ့ပါတယ်။ ယေရှုခရစ်တော်ဟာ ကယ်တင်ရှင်ဖြစ်ကြောင်း၊ လူသားအားလုံးကို ကိုယ်သေခြင်းမှ ရွေးနှုတ်ဖို့၁၇ နဲ့ သူ့နောက်ကို လိုက်လျှောက်သူ အားလုံး ကို ဘုရားသခင်နဲ့ ကျွန်တော်တို့မိသားစုတွေနဲ့အတူ ထာဝရအသက် ၁၈ ကို ပေးဖို့ ကိုယ်တော်ဟာ ခံစားခြင်း၊ သေခြင်းနဲ့ တစ်ဖန်ထမြောက်ခြင်း— သူ့ရဲ့ အနှိုင်းမဲ့ အပြစ်ဖြေခြင်းမင်္ဂလာတို့— ရှိရ မှာဖြစ်ကြောင်း ကျွန်တော့်မိတ်ဆွေကို သက်သေခံခဲ့ပြီး၊ သင်တို့ထံမှာလည်းသက်သေခံချင်ပါတယ်။ မော်မုန်ကျမ်းက ကြေညာပါတယ်၊ “ထိုကဲ့သို့အားဖြင့်၊ ဘုရားသခင်သည် … သေခြင်းအပေါ်၌ အောင်နိုင်ခြင်းကိုရရှိ၍၊ သားတော်အား လူသားတို့အတွက် တောင်းပန်ခြင်းပြုတော်မူရန် တန်ခိုးကို ပေးတော်မူ၏၊ [ကရုဏာတော်] ရှိတော်မူလျက်၊ လူသားတို့အပေါ် သနားတော်မူခြင်းနှင့်လည်း ပြည့်တော်မူလျက်၊ သူတို့နှင့် တရားတော်မူခြင်းအကြားတွင်ရပ်လျက်၊ သေခြင်း၏ ကြိုးတို့ကို ဖြတ်တော်မူလျက်၊ သူတို့၏ ဒုစရိုက်နှင့် သူတို့၏ လွန်ကျူးခြင်းတို့ကို သူ့ကိုယ်ပေါ်၌ ခံယူတော်မူ၏။ သူတို့ကို ရွေးနှုတ်တော်မူလျက်၊ တရားတော်မူခြင်း၏ လိုအပ်ချက်တို့ကို ပြီးပြည့်စေ၏။”၁၉
ယေရှုခရစ်တော်နောက်ကို လိုက်လျှောက်ဖို့နဲ့ ထာဝရအသက်ကို ရရှိဖို့ ဘုရားသခင်ပေးထားတဲ့ ကျွန်တော်တို့ လုပ်ရမယ့်အချက်တွေကို ခရစ်တော်ရဲ့ ဩဝါဒတွေလို့ ခေါ်ပါတယ်။ အဲဒါတွေမှာ “ယေရှုခရစ်တော်နဲ့ ကိုယ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာကို ယုံကြည်ခြင်း၊ နောင်တရခြင်း၊ [ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်တွင်] ဗတ္တိဇံခံခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိခြင်း၊ အဆုံးတိုင်အောင်တည်ကြည်ခြင်း”၂၀ တို့ ပါဝင်ပါတယ်။ ဒီအချက်တွေကို ကျွန်တော့်မိတ်ဆွေနဲ့ ဝေငှခဲ့ပါတယ်၊ ခရစ်တော်ရဲ့ ဩဝါဒက ဘုရားသခင်ရဲ့သားသမီးအားလုံးကို ဘယ်လိုကောင်းချီးပေးကြောင်း ပရောဖက်တွေနဲ့ တမန်တော်တွေ မကြာသေးမီက သွန်သင်ခဲ့တဲ့နည်းအချို့လည်း ဒီမှာရှိပါတယ်။
ဥက္ကဋ္ဌ ရပ်ဆဲလ်၊အမ် နယ်လဆင်က ညွှန်ကြားခဲ့ပါတယ်၊ “ခရစ်တော်ရဲ့ စင်ကြယ်တဲ့ ဩဝါဒက တန်ခိုးကြီးတယ်။ အဲဒါကို နားလည်ပြီး မိမိဘဝမှာ အကောင်အထည်ဖော်ဖို့ ကြိုးစား သူတိုင်း ရဲ့ ဘဝကို ပြောင်းလဲပေးပါတယ်။”၂၁
အသင်းလူကြီး ဒီးတာ အက်ဖ် ဥဒရော့ဖ်က သွန်သင်ခဲ့ပါတယ်၊ “လူငယ်တို့အတွက်ခွန်အား၊ [လမ်းညွှန်ချက်] ခရစ်တော်ရဲ့ ဩ ဝါဒကို ကြေညာခြင်း[နဲ့] သင်တို့ [လူငယ်တွေ] ကို [အဲဒါ]ကို အခြေခံပြီး၊ ရွေးချယ်မှုတွေပြုဖို့ ဖိတ်ခေါ်ခြင်းမှာ ရဲရင့်ပါတယ်။”၂၂
အသင်းလူကြီး ဒေးလ်ဂျီရင်လန် ကသွန်သင်ခဲ့ပါတယ်၊ “ကျွန်တော်တို့ သာသနာပြုတွေ ကို ဖိတ်ခေါ်ပါတယ်၊ သူတို့သွန်သင်တဲ့သူတွေကို ပြုစေဖို့ သူတို့တောင်းဆိုတဲ့အရာကို သူတို့ပြုကြဖို့၊ ခရစ်တော်ရဲ့ ဩဝါဒကို သူတို့ဘဝမှာ အသုံးချကြဖို့၊ [ပြီးတော့] ပဋိညာဉ်လမ်းကြောင်းပေါ်တက်ပြီး ဆက်ရှိဖို့ပါ။”၂၃
ယေရှုခရစ်တော်ရဲ့ ဩဝါဒက အသင်းတော်နဲ့မဆိုင်ဘူးလို့ ခံစားနေရသူ သို့မဟုတ် ခက်ခဲရုန်းကန်နေရ သူတွေကို အားတက်စေပါတယ်၊ အဲဒါကသူတို့ကို ကူညီလို့ပဲဖြစ်ပါတယ်၊ အသင်းလူကြီး ဒီ၊ တော့ ခရစ္စတိုဖာဆန်ဖော်ပြခဲ့သလို၊ “ယေရှုခရစ်တော်ကျွန်ုပ်အတွက် အသေခံခဲ့ [ပြီး]ကျွန်ုပ်ကို ချစ်တယ် ဆိုတာကို အတည်ပြုပါတယ်။”၂၄
မိဘများ၊ သင်တို့ရဲ့ကလေး ဧဝံဂေလိတရားတော် ကျင့်ဝတ်စည်းကမ်း သို့မဟုတ် ပရောဖက်သွန်သင်ခြင်းတို့နဲ့ ပတ်သက်ပြီးခက်ခဲရုန်းကန်နေရတယ်ဆိုလျှင်၊ ကျေးဇူးပြု၍ အသင်းတော် သို့မဟုတ် ခေါင်းဆောင်တွေအကြောင်း မကောင်းပြောခြင်း၂၅ သို့မဟုတ် ဆန့်ကျင်ခြင်းမှန်သမျှကိုမလုပ်ပါနဲ့။ ဒီ သေးငယ်တဲ့၊ လောကရေးရာချဥ်းကပ်မှုတွေက သင့်ကလေးရဲ့ ရေရှည် ယုံကြည်မှုရှိခြင်းကို ပျောက်ပျက်စေနိုင်ပါတယ်။၂၆ အဲဒါက သင်တို့ရဲ့ အဖိုးတန်ကလေးကို ကာကွယ်ရန် သို့မဟုတ်ထောက်ခံအားပေးရန်၊ သို့မဟုတ် သူတို့နဲ့စည်းလုံးခြင်းလက္ခာကိုပြဖို့အတွက် ကြိုးစားနေတဲ့ သင့်ကိုပြောပါတယ်။ ဒါပေမယ့်၊ ကျွန်တော့် ဇနီး၊ ဂျိန်းနီနဲ့ကျွန်တော် ကိုယ်တွေ့အတွေ့အကြုံအရ သိရပါတယ်၊ ကျွန်တော်တို့ အားလုံး ယေရှုခရစ်တော်ကို ဘာကြောင့်အလွန်အမင်းလိုအပ်တာလဲ၊ သူရဲ့ ဝမ်းမြောက်စရာဩဝါဒကို ဘယ်လိုအသုံးချမလဲဆိုတာကို သင်ရဲ့ကလေးကိုသင်ပေးခြင်းဟာ သူ သို့မဟုတ် သူမကို ခွန်အားဖြည့်ကုစားပေး ခြင်းရရှိဖို့ပဲဖြစ်ပါတယ်။ သူတို့ကို သူတို့ရဲ့ ခမည်းတော်နဲ့ အမှန်ထောက်ခံပေးသူ၊ ယေရှုဆီကို လှည့်ပေးကြပါစို့။ တမန်တော်ပေါလုက သွန်သင်ခဲ့ပါတယ်၊ “ခရစ်တော် ၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။” အဲဒီနောက်၊ သူက ကျွန်တော်တို့ သတိထားဖို့ “ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်။”၂၇ ဆိုပြီး၊ သတိပေးပါတယ်။
ဣသရေလအမျိုးသားတို့ မလှည့်လည်မီ မောရှေကြေးဝါမြွေရုပ်ကို မြှောက်ထားတဲ့ တောကို ဂျိန်းနီနဲ့ကျွန်တော် မကြာသေးမီက ရောက်ခဲ့ပါတယ်။ အဆိပ်ပြင်းတဲ့မြွေအကိုက်ခံရတဲ့သူအားလုံး အဲဒီအရုပ်ကိုကြည့်ရုံလေးနဲ့၊ အနာငြိမ်းစေမှာ ဖြစ်ကြောင်းကိုယ်တော်ကတိထားတော်မူခဲ့ပါတယ်။၂၈ ခရစ်တော်ရဲ့ ဩဝါဒကို ကျွန်တော်တို့ရှေ့မှာမြှောက်ထားရာမှာ၊ ကိုယ်တော်ရှင်ရဲ့ ပရောဖက်က အလားတူပြုပါတယ်၊ “ပြည်သားတို့ကို သူအနာငြိမ်းစေမည့်အကြောင်းပါ။”၂၉ ဒီလူ့ဇာတိမှာ ကျွန်တော်တို့တွေ့ကြုံရတဲ့ ဘယ်လိုအကိုက်ခံရခြင်းမျိုး၊ အဆိပ်မျိုး၊ ရုန်းကန်မှုမျိုးတွေဖြစ်ပါစေ၊ ရှေးကရော ယခုရော၊ အနာငြိမ်းစေနိုင်ပါလျက်နဲ့၊ ဝမ်းနည်းစွာပဲ “သူတို့ကို အနာငြိမ်းစေမယ်ဆိုတာကို မယုံကြည်လို့ မကြည့်ချင်တဲ့သူတွေ” လို မဖြစ်ကြပါစေနဲ့လားခင်ဗျာ။၃၀ မော်မုန်ကျမ်းက အတည်ပြုပါတယ်၊ “ရှုလော့၊ … ဤအရာသည်ကား၊ လမ်းတော်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်၌ လူသားကယ်တင်ခြင်းသို့ ရောက်နိုင်သော အခြားလမ်း သို့မဟုတ်၊ အခြားနာမ ကောင်းကင်အောက်တွင် မပေါ်မရှိ။ ယခုမူကား၊ ရှုလော့၊ ဤအရာမှာ ခရစ်တော်၏ဩဝါဒ ဖြစ်၏”၃၁
နယူးဂျာဆီမှာ အဲဒီညနေက ယေရှုခရစ်တော်နဲ့ ကိုယ်တော်ရဲ့ ဩဝါဒကို ကျွန်တော်တို့ ဘာကြောင့် လိုအပ်တယ်ဆိုတာကို ဝေငှခြင်းက ကျွန်တော်ကို ညီအစ်မအသစ်တစ်ယောက်ပေးခဲ့ပါတယ်၊ သူမကိုလည်း အစ်ကိုတစ်ယောက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ငြိမ်းချမ်းသောအတည်ပြုခြင်းကို ခံစားခဲ့ကြရပါတယ်။ ရိုးရိုးပါပဲ၊ ကျွန်တော်သူမရဲ့ ဆက်သွယ်ရမယ့်နံပတ်ကို ပေးဖို့ တောင်းခဲ့ပြီး၊ သာသနာပြုတွေနဲ့ စကားဆက်ပြောစေစေပါတယ်။ သူမအဲ့လိုလုပ်ဖို့ဝမ်းသာခဲ့ပါတယ်။
“သို့ဖြစ်၍၊ မြေကြီးပေါ်၌နေထိုင်သူတို့အား ဤအရာတို့ကို ဖော်ပြခြင်းသည်ကား၊ အလွန်အရေးကြီးလှပေစွတကား၊” မော်မုန်ကျမ်းက ကြေညာပါတယ်—ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိသမျှ နဲ့မိသားစုတွေမှာ မှာ ဣသရေလအမျိုးသားတို့ကို စုဝေးရင်း၊ ချစ်ဖို့၊ ဝေငှဖို့နဲ့ ဖိတ်ခေါ်ဖို့ပါ၃၂ “သန့်ရှင်းသောမေရှိယ၏ ကောင်းမှုများ၊ ကရုဏာတော်နှင့် ကျေးဇူးတော်တို့အားဖြင့် မှတစ်ပါး၊ ဘုရားသခင်၏ မျက်မှောက်တော်၌၊ အဘယ်သူမျှ မနေနိုင်သည်ကို သိကြစေကြောင်းပါပဲ။”၃၃ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။