အထွေထွေညီလာခံ
မစုံလင်သောရိတ်သိမ်းခြင်း
ဧပြီ ၂၀၂၃ အထွေထွေညီလာခံ


11:2

မစုံလင်သောရိတ်သိမ်းခြင်း

ကယ်တင်ရှင်ကကျွန်တော်တို့ရဲ့ နှိမ့်ချသောပူဇော်သက္ကာများကို လက်ခံရန်အသင့်ရှိပြီး သူရဲ့ကျေးဇူးတော်အားဖြင့်ထိုအရာတို့ကို ပြီးပြည့်စုံစေပါတယ်။ ခရစ်တော်နဲ့ဆိုလျှင်၊ မစုံလင်သောရိတ်သိမ်းခြင်း မရှိပါဘူး။

ငယ်စဥ်ကလေးဘဝမှာ၊ ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ အနောက်တောင်ပိုင်း မွန်တာနာပြည်ရဲ့ တစ်နှစ်တာ ရာသီဥတုတွေ သိသိသာသာပြောင်းလဲမှုတွေကိုနှစ်သက်တတ်လာခဲ့ပါတယ်။ ကျွန်တော်အကြိုက်ဆုံးရာသီကတော့ ဆောင်းဦးရာသီ၊ ရိတ်သိမ်းချိန်ပါ။ ကျွန်တော်တို့မိသားစု လပေါင်းများစွာကြိုးစားအားထုတ်မှုတွေမှ ကြွယ်ဝတဲ့ရိတ်သိမ်းချိန်ရလာဖို့ ကျွန်တော်တို့မျှော်လင့်ဆုတောင်းခဲ့ကြပါတယ်။ ကျွန်တော့်မိဘတွေကလည်း ရာသီဥတုတွေ၊ တိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေရဲ့ကျန်းမာရေးနဲ့၊ သူတို့ထိန်းချုပ်လို့မရနိုင်တဲ့တခြားအရာတွေအတွက်စိုးရိမ်ကြပါတယ်။

ကျွန်တော်အသက်ကြီးလာတာနဲ့အမျှ၊ အရေးတကြီးလုပ်ရမယ့်ကိစ္စတွေကိုပိုပြီးသတိထားမိလာပါတယ်။ ကျွန်တော်တို့ရဲ့စားဝတ်နေရေးက ရိတ်သိမ်းမှုအပေါ် မူတည်ခဲ့ပါတယ်။ ကျွန်တော့အဖေက ဂျုံစပါးရိတ်သိမ်းရာမှာသုံးတဲ့စက်ကိရိယာတွေအကြောင်း သင်ပေးခဲ့ပါတယ်။ သူ လယ်ထဲကိုစက်ယန္တရားတွေရွေ့တယ်၊ ပြီးတော့ ဂျုံစပါးအနည်းငယ်ကိုဖြတ်ပြီး စက်ရဲ့အနောက်ကသိုလှောင်ကန်ထဲ စပါးတွေကျပြီးတော့ အဖျင်းတွေနဲ့ထွက်ကျမသွားအောင်သေချာလုပ်နေတာကို ကျွန်တော်ကြည့်ခဲ့ပါတယ်။ အဲ့ဒီလိုမျိုး သူအကြိမ်ပေါင်းများစွာလုပ်ပြီး လုပ်တဲ့အကြိမ်တိုင်း စက်ကိုညှိပေးပါတယ်။ သူနဲ့အတူပြေးပြီး အဖျင်းထဲတွေကိုလက်နဲ့မွှေနှောက်ကြည့်ကာ ကျွန်တော်ဘာလုပ်နေလဲသိတယ့်ပုံစံမျိုးဟန်ဆောင်ခဲ့ပါတယ်။

ချိန်ညှိတာတွေနဲ့ပတ်သက်လို့ သူကျေနပ်ပြီးတဲ့နောက်၊ မြေကြီးပေါ်မှာ အစေ့အချို့ကို အဖျင်းတွေထဲမှာတွေ့ခဲ့ပါတယ်၊ ပြီးတော့ဝေဖန်တဲ့အကြည့်နဲ့ သူ့ကို အဲဒါတွေကိုပြပါတယ်။ “မဆိုးပါဘူး၊ ဒါဒီစက်ရဲ့အကောင်းဆုံးလုပ်ပေးနိုင်တာပဲ” လို့ကျွန်တော့်အဖေကျွန်တော့်ကိုပြောခဲ့တာကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ သူရှင်းပြတာကိုသိပ်မကျေနပ်ခဲ့ပါဘူး၊ စုံလင်ခြင်းမရှိတဲ့ ဒီရိတ်သိမ်းမှုအကြောင်းကိုကျွန်တော်စဥ်းစားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ၊ ညနေပိုင်းတွေမှာရာသီဥတုအေးလာတဲ့အချိန်မှာ၊ ထောင်ပေါင်းများစွာသော ငန်းတွေ၊ဘဲငန်းတွေနဲ့ ဘဲတွေဟာ တောင်ဘက်ခရီးရှည်ဆက်ဖို့အတွက် လယ်ကွင်းထဲဆင်းပြီး သူတို့ကိုယ်သူတို့အာဟာရပြုနေတာကို ကျွန်တော်ကြည့်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ မစုံလင်တဲ့ရိတ်သိမ်းခြင်းမှ ကျန်ခဲ့တဲ့ဂျုံစပါး‌တွေကိုသူတို့စားကြပါတယ်။ အဲ့ဒါ‌တွေကိုဘုရားသခင်က ပြည့်စုံကောင်းမွန်စေခဲ့ပါတယ်။ စပါးစေ့တစ်ခုမှမဆုံးရှုံးသွားပါဘူး။

ကျွန်တော်တို့ရဲ့ ကမ္ဘာနှင့် အသင်းတော်ရဲ့ဓလေ့အတွင်းမှာပင် ပြီးပြည့်စုံမှုကိုစွဲလမ်းခြင်းက မကြာခဏဆိုသလိုသွေးဆောင်ဖြားယောင်းမှုတစ်ခုဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများ၊လက်တွေ့မကျသောမျှော်လင့်ချက်များနှင့် မကြာခဏဆိုသလို မိမိကိုယ်ကိုဝေဖန်ပြစ်တင်ခြင်းတွေက ကျွန်တော်တို့ဟာ လုံလောက်ကောင်းမွန်မှုမရှိဘူး ပြီးတော့ ဘယ်တော့မှအဲ့ဒီလိုဖြစ်မလာနိုင်ဘူးဆိုတဲ့ခံစားချက်ကို ဖန်တီးပေးပါတယ်။ “သင်တို့သည်လည်းစုံလင်ခြင်းရှိကြလော့” ဆိုတဲ့ကယ်တင်ရှင်ရဲ့ဖိတ်ခေါ်ခြင်းကိုတချို့တွေက နားလည်မှုလွဲကြပါတယ်။

ပြီးပြည့်စုံခြင်းဆိုသည်မှာ ခရစ်တော်အားဖြင့်စုံလင်ခြင်း ရှိတာနဲ့မတူဘူးဆိုတာကိုသတိရပါ။ ပြီးပြည့်စုံခြင်းဝါဒက၊ မဖြစ်နိုင်တဲ့၊ ကျွန်တော်တို့ကို တခြားသူတွေနဲ့ နှိုင်းယှဥ်ပြီး မိမိကိုယ်ကိုယ်နှိပ်စက်တဲ့ စံနှုန်းကိုလိုအပ်ပါတယ်။ ဒါက ကျွန်‌တော်တို့ကို အပြစ်ရှိသလိုခံစားစေခြင်း နှင့် စိတ်ပူခြင်းကို ဖြစ်စေပြီး၊ နှုတ်ထွက်ကာ ကိုယ့်ကိုယ်ကိုယ် သီးခြားနေလိုစိတ်ကို ဖြစ်စေနိုင်ပါတယ်။

ခရစ်‌တော်အားဖြင့်စုံလင်လာခြင်းက အခြားသောကိစ္စရပ်ဖြစ်ပါတယ်။ ကယ်တင်ရှင်ကဲ့သို့ပိုဖြစ်လာစေရန် သန့်ရှင်းသောဝိညာဥ်တော်၏ချစ်ခြင်းမေတ္တာဖြင့် လမ်းညွှန်ပေးတဲ့လုပ်ငန်းစဥ်ဖြစ်ပါတယ်။ ထိုစံနှုန်းများကို ကြင်နာတတ်ပြီးအလုံးစုံသိတော်မူသောကောင်းကင်ဘုံရှင်အဖမှသတ်မှတ်ထားပြီး၊ ကျွန်တော်တို့လက်ခံရန်ဖိတ်ခေါ်ထားသော ပဋိညာဉ်များတွင် ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ ထိုအရာတို့က ကျွန်‌တော်တို့ကိုအပြစ်ရှိခြင်း နှင့် လုံလောက်ကောင်းမွန်ခြင်းမရှိသောခံစားချက်တွေကနေသက်သာစေပြီး ဘုရားသခင်‌ရှေ့မှာကျွန်တော်တို့ဘယ်သူတွေဆိုတာကိုအလေးပေးဖော်ပြပါတယ်။ ဤလုပ်ငန်းစဉ်က ကျွန်တော် တို့ကိုပိုကောင်းတဲ့လူတွေဖြစ်လာဖို့ တွန်းပို့ပေးတဲ့အချိန်မှာ ကျွန်တော် တို့ဟာဘုရားသခင်ကိုလိုက်လျှောက်ဖို့ဘယ်လောက်ကြိုးစားအားထုတ်သလဲဆိုတဲ့အပေါ်မှာ အကဲဖြတ်ခံရပါတယ်။ သူ့ထံသို့လာရန် ကယ်တင်ရှင်၏ဖိတ်ခေါ်ခြင်းကိုလက်ခံပါက၊ ကျွန်တော်တို့ရဲ့အကောင်းဆုံးသည် လုံလောက်ကောင်းမွန်ကြောင်းနှင့် မေတ္တာရှိသောကယ်တင်ရှင်၏ကျေးဇူးတော်သည် ကျွန်တော်တို့မစဥ်းစားနိုင်တဲ့နည်းလမ်းများဖြင့်ပင် ခြားနားမှုကိုဖြစ်စေမည်ကို မကြာမီသိရှိနားလည်လာပါမယ်။

ဒီ နိယာမသဘောတရားကို ကယ်တင်ရှင် လူငါးထောင်ကျွေးမွေးသောအကြောင်းမှာတွေ့နိုင်ပါတယ်။

“ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ၏။ …

“ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မလောက်ပါဟုလျှောက်၏။

“ရှိမုန်ပေတရု၏ ညီအန္ဒြေအမည်ရှိသော တပည့်တော်က၊

“မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏”

လူတွေကို ကျွေးနိုင်ဖို့လုံလောက်ခြင်းမရှိတဲ့အရာတွေကိုပေးဖို့ကမ်းလှမ်းခဲ့တဲ့ ထိုယုံကြည်ခြင်းရှိသောလူငယ်လေးအကြောင်းကို ကယ်တင်ရှင်ဘယ်လိုခံစားခဲ့ရလဲဆိုတာ သင်စဥ်းစားဖူးပါသလား။

“ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကိုလူများလိုချင်သမျှ ဝေငှကြ၏။

“ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်။”

ကယ်တင်ရှင်သည် နှိမ့်ချသောပူဇော်သက္ကာကို ပြီးပြည့်စုံစေခဲ့ပါတယ်။

ဤအတွေ့အကြုံပြီးနောက် မကြာမီတွင်၊ ယေရှုသည် တပည့်တော်များအား လှေဖြင့် ရှေ့သို့စေလွှတ်ခဲ့ပါတယ်။ မကြာခင်မှာပင်၊ ညသန်းခေါင်၌ မုန်တိုင်းထန်သောပင်လယ်ပြင်မှာ သူတို့ရှိနေခဲ့ကြပါတယ်။ ရေပေါ်မှာ တစ္ဆေတစ်ကောင်လိုပုံရိပ်နဲ့ လျှောက်လာနေတာကိုတွေ့လိုက်ရတော့ သူတို့ထိတ်လန့်သွားကြပါတယ်။

“ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။

“‌ပေတရုကလည်း၊ သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည်ကိုယ်တော်ထံသို့ ရေပေါ်မှာလာရမည်အကြောင်း မိန့်တော်မူပါဟုလျှောက်လျှင်၊

“လာခဲ့လော့ဟုမိန့်တော်မူ၏။ ပေတရုသည်လှေပေါ်ကဆင်း၍ ယေရှုထဲသို့ရောက်အံ့သောငှာ ရေပေါ်မှာလှမ်းသွား၏။

“‌လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။

“ယေရှုသည်လက်တော်ကိုချက်ခြင်းဆန့်၍ ပေတရုကိုကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ်ဝင်သနည်း ဟုမေးတော်မူ၏”

ညီအကိုမောင်နှမများခင်ဗျား၊ အဲ့ဒါဟာ စကားအဆုံးသတ်မဟုတ်နိုင်ပါဘူး။ ပေတရုနှင့် ကယ်တင်ရှင်တို့ သင်္ဘောဆီသို့လက်တွဲပြန်လာ၊ ပေတရုလည်းရေစိုလျက် အလွန်မိုက်မဲတယ်လို့ခံစားနေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ ကယ်တင်ရှင်က ဒီလိုမျိုးပြောချင်ပြောနေမှာပါ၊ “အို၊ ‌ပေတရု၊ ကြောက်ခြင်းမရှိနှင့်၊ စိုးရိမ်ခြင်းမရှိနှင့်။ ကျွန်ုပ်သင့်ကိုမြင်သလို သင့်ကိုယ်သင်မြင်လျှင်၊ သင်၏သံသယများလျှော့ကျပြီး ယုံကြည်ခြင်းပိုတိုးလာနိုင်မည်။ သင့်ကိုငါချစ်သည်၊ ချစ်စွာသောပေတရု၊ လှေပေါ်မှထွက်လော့။ သင်သည် ချွတ်ချော်မှုရှိခဲ့သော်လည်း၊ သင်၏ပူဇော်သက္ကာသည်လက်ခံစရာရှိသည်၊ နက်နဲအရာတို့မှသင့်ကိုချီဆောင်ခြင်းငှာ ငါအစဉ်ရှိ၍၊ သင်၏ပူဇော်သက္ကာသည်လည်းစုံလင်ခြင်းသို့ ရောက်လိမ့်မည်။”

အသင်းလူကြီး ဒီရက်တာ အက်ဖ်၊ဥဒေါ့ဖ်ကသွန်သင်ခဲ့ပါတယ်၊

“ကယ်တင်ရှင်ယေရှုခရစ်တော်သည် သူဟာသင့်ရဲ့ခွန်အားဖြစ်တယ်ဆိုတာကို သင်တို့ကိုမြင်စေချင်၊ ခံစားစေချင်၊ သိစေချင်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။ သူရဲ့အကူအညီနဲ့ သင်၏အောင်မြင်ပြီးမြောက်နိုင်ခြင်းများမှာအကန့်အသတ်မရှိပါဘူး။ သင်ရဲ့ဖြစ်နိုင်ချေစွမ်းရည်ကလည်းအကန့်အသတ်မရှိပါဘူး။ သူက သူသင့်ကို မြင်သလို သင့်ကိုယ်သင်မြင်စေချင်ပါတယ်။ အဲ့ဒါကဒီလောက သင့်ကိုမြင်တဲ့အမြင်နဲ့ကွာခြားပါတယ်။ …

“သူသည်ပင်ပန်းသောသူတို့အား တန်ခိုးကိုပေးတော်မူ၍ ခွန်အားမရှိသောသူတို့အား ခွန်အားတိုးပွားစေတော်မူသည်။”

ကျွန်တော်တို့ရဲ့အကောင်းဆုံး-ဖြစ်သော်လည်း-မစုံလင်သောပူဇော်သက္ကာကို ကယ်တင်ရှင်သည် ပြီးပြည့်စုံစေနိုင်ကြောင်းကျွန်တော်တို့သတိရ ရပါမယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုများဟာ မည်မျှအရေးမပါသောပုံပေါက်ပါစေ၊ ကယ်တင်ရှင်၏တန်ခိုးတော်ကို ဘယ်သောအခါမှ လျှော့မတွက်သင့်ပါဘူး။ ရိုးရှင်းသောကြင်နာမှုစကား၊ ခေတ္တမျှဖြစ်သော်လည်း စိတ်ရင်းမှန်ဖြင့်အမှုတော်ဆောင်လည်ပတ်ခြင်း၊ မေတ္တာဖြင့်သင်ကြားပေးသောမူလတန်းသင်ခန်းစာတစ်ခုက ကယ်တင်ရှင်၏အကူအညီဖြင့်၊ နှစ်သိမ့်ပေးခြင်း၊ စိတ်နှလုံးတို့ကိုပျော့ပျောင်းစေပြီး ထာဝရအသက်တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ချွတ်ချော်မှုရှိတဲ့အားထုတ်မှုများဟာ အံ့ဖွယ်အမှုများဆီသို့ ဦးတည်သွားနိုင်ပြီး၊ လုပ်ငန်းစဉ်တွင် ၊ပြီးပြည့်စုံသောရိတ်သိမ်းမှုမှာကျွန်‌တော်တို့ပါဝင်နိုင်ပါတယ်။

တစ်ခါတစ်လေမှာ ကျွန်တော်တို့ကိုတိုးတက်စေနိုင်တဲ့အခြေအနေတွေမှာနေရာချထားခြင်းခံကြရပါတယ်။ ကျွန်တော်တို့မလုပ်နိုင်ဘူးလို့ခံစားရနိုင်ပါတယ်။ ကျွန်တော်တို့နဲ့အတူအစေခံတယ့်သူတွေကိုကြည့်ပြီး၊ ကျွန်တော်တို့ဘယ်တော့မှလုံလောက်ကောင်းမွန်မှုရှိမှာမဟုတ်ဘူးလို့ ခံစားရနိုင်ပါတယ်။ ညီအကိုမောင်နှမများခင်ဗျာ၊ သင်တို့ဒီလိုခံစားရမယ်ဆိုရင်၊ ကျွန်တော်နဲ့အတူအမှုတော်ထမ်းဆောင်တဲ့ ကျွန်တော်ရဲ့နောက်မှာရှိတဲ့ အမျိုးသားနဲ့အမျိုးသမီးများကိုကြည့်ပါ။

သင့်ရဲ့နာကျင်မှုကိုကျွန်တော်ခံစားမိပါတယ်။

ကျွန်တော်သင်ယူခဲ့ရပါတယ်၊ စုံလင်ခြင်းဝါဒဟာ ခရစ်တော်အားဖြင့်စုံလင်ခြင်း ရှိခြင်းနဲ့မတူပါဘူး၊ မိမိကိုယ်ကို နှိုင်းယှဥ်ခြင်းသည် အတုယူခြင်းနှင့် မတူပါဘူး။ သူများတွေနဲ့ကျွန်တော်တို့ကို့ကိုယ်ကိုယ်နှိုင်းယှဥ်တဲ့အခါ၊ အဖြေက နှစ်မျိုးပဲရှိနိုင်ပါတယ်။ ကျွန်တော်တို့ဟာ မိမိကိုယ်ကို အခြားသူများထက်သာလွန်သည်ဟုမြင်ပြီး သူတို့အား ဝေဖန်အပြစ်မြင်တတ်သောသူများ၊ သို့မဟုတ်၊ မိမိကိုယ်ကို အခြားသူများထက်နိမ့်ကျသည်ဟုမြင်ပြီး စိုးရိမ်စိတ်၊ မိမိကိုယ်ကို ဝေဖန်‌ခြင်း နှင့် စိတ်ဓာတ်ကျလာခြင်းတို့ဖြစ်လာကြပါတယ်။ မိမိကိုယ်ကိုအခြားသူများနှင့် နှိုင်းယှဥ်ခြင်းသည် အကျိုးမရှိနိုင်၊ အားတက်စရာမရှိပဲ တစ်ခါတစ်ရံ စိတ်ဓာတ်ကျစရာလည်းနိုင်ပါတယ်။ အမှန်တကယ်တော့၊ ထိုနှိုင်းယှဥ်မှုတွေက ဝိညာဉ်ရေးအရပျက်စီးစေပြီး ကျွန်တော်တို့လိုအပ်တဲ့ဝိညာဉ်ရေးအကူအညီရရှိခြင်းမှ တားဆီးနိုင်ပါတယ်။ တခြားတစ်ဖက်တွင်လည်း၊ ခရစ်တော်နှင့်တူသောဂုဏ်ရည်များကိုသရုပ်ပြကြတဲ့ ကျွန်တော်တို့လေးစားရသူများကိုအတုယူခြင်းသည် သင်ယူစရာ၊ အားတက်စရာဖြစ်ပြီး ကျွန်တော်တို့ ယေရှုခရစ်တော်၏ပိုမိုကောင်းမွန်သောတပည့်များဖြစ်လာစေဖို့ကူညီပေးနိုင်ပါတယ်။

ကယ်တင်ရှင်က ခမည်းတော်ကိုအတုယူသကဲ့သို့ ကျွန်တော်တို့လိုက်နာရန်စံနမူနာပြုထားပါတယ်။ သူ၏တပည့်တော်ဖိလိပ္ပုကို သူလမ်းညွှန်ခဲ့ပါတယ်၊ “ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။”

ထို့နောက်သူသွန်သင်ခဲ့ပါတယ်၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြု‌သောအမှုတို့ကို ပြုလိမ့်မည်။”

ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုများဟာအရေးမပါဟုထင်ရပါစေ၊ ကျွန်တော်တို့မှာရိုးသားသောစိတ်နှလုံးရှိပါက ကယ်တင်ရှင်သည် သူ၏အလုပ်ပြီးမြောက်ရန် ကျွန်တော်တို့ကိုအသုံးပြုမှာဖြစ်ပါတယ်။ ကျွန်တော်တို့တတ်နိုင်သလောက်အကောင်းဆုံးလုပ်ပြီး ကျန်တဲ့အရာတွေကိုသူပြီးအောင်လုပ်မယ်ဆိုတာကိုယုံကြည်ပါက၊ ကျွန်တော်တို့အနီးနားမှာရှိတဲ့ အံ့သြဖွယ်အမှုတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်ပါတယ်။

အသင်းလူကြီး ဒေးလ်၊ ဂျီ ရန်လန်က ပြောခဲ့ပါတယ်၊ “သင် ပြီးပြည့်စုံနေဖို့ မလိုပါဘူး၊ ဒါပေမယ့် စိတ်ဆန္ဒရှိသူတိုင်းကတစ်ခုခုကိုလုပ်နိုင်တာကြောင့် ကျွန်‌‌တော်တို့သင့်ကိုလိုအပ်ပါတယ်။”

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်ကသွန်သင်ခဲ့ပါတယ်၊ “ကိုယ်တော်ရှင်က အားစိုက်ထည့်မှုကိုနှစ်သက်သည်။”၁၀

ကယ်တင်ရှင်ကကျွန်တော်တို့ရဲ့ နှိမ့်ချသောပူဇော်သက္ကာများကို လက်ခံရန်အသင့်ရှိပြီး သူရဲ့ကျေးဇူးတော်အားဖြင့်ထိုအရာတို့ကို ပြီးပြည့်စုံစေပါတယ်။ ခရစ်တော်နဲ့ဆိုလျှင်၊ မစုံလင်သောရိတ်သိမ်းခြင်း မရှိပါဘူး။ ကိုယ်တော်ရဲ့ကျေးဇူးတော်ဟာ ကျွန်တော်တို့အတွက်ဖြစ်ပြီး၊သူကကျွန်တော်တို့ကိုကူညီပေးမယ်၊ ကျွန်တော်တို့ချွတ်ချော်သောအခါ နက်နဲရာတို့မှကယ်မပေးပြီး၊ ကျွန်တော်တို့ရဲ့ ပြည့်စုံမှုမရှိတဲ့အားထုတ်ခြင်းတို့ကို စုံလင်တော်မူစေနိုင်ပါတယ်။

မျိုးစေ့ကြဲသောသူ၏ဇာတ်လမ်းတွင်၊ ကယ်တင်ရှင်က ကောင်းသောမြေတွင်စိုက်ပျိုးသော‌မျိုးစေ့တွေ အကြောင်းဖော်ပြခဲ့ပါတယ်။ အချို့က အဆတစ်ရာ၊ ခြောက်ဆယ်၊ အချို့က သုံးဆယ်ထွက်ရှိခဲ့ကြပါတယ်။ အားလုံးဟာသူရဲ့ စုံလင်သောရိတ်သိမ်းခြင်းတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။၁၁

ပရောဖက်မော်ရော်နိုင်းကျွန်တော်တို့အားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်၊ “ခရစ်တော်​ထံသို့ လာ၍၊ သူ့​အားဖြင့် စုံလင်ရာသို့ ရောက်​စေကြလော့၊ … ဘုရားမဲ့​နေခြင်း​အမှု​ခပ်သိမ်းတို့မှ သင်တို့ကိုယ်​သင်တို့ ငြင်း​ဆိုလျက်၊ ဘုရားသခင်ကို သင်တို့၏ အစွမ်း​သတ္တိ၊ စိတ်နှင့် ခွန်​အား​ရှိ​သမျှဖြင့် ချစ်ကြလျှင်၊ သူ၏​ကျေးဇူး​တော်​သည် သင်တို့​အဖို့ လုံ​လောက်၍၊ သူ၏​ကျေးဇူးတော်​ကြောင့်၊ သင်တို့သည် ခရစ်တော်​အားဖြင့် စုံလင်ရာသို့ ရောက်​နိုင်ကြ၏။”၁၂

ညီအကိုမောင်နှမများခင်ဗျား၊ အနှိမ့်ချဆုံးသော ပူဇော်သက္ကာကိုပင် စုံလင်အောင် စွမ်းဆောင်နိုင်သော ခရစ်တော်အကြောင်းကို ကျွန်တော်သက်သေခံပါတယ်။ ကျွန်‌တော်တို့အကောင်းဆုံးလုပ်ကာ၊ တတ်နိုင်သမျှယူဆောင်လာပြီး ယုံကြည်ခြင်းဖြင့် ကျွန်‌တော်တို့ရဲ့ မစုံလင်သောပူဇော်သက္ကာကို ကိုယ်တော့်ခြေတော်ရင်း၌ တင်ထားကြပါစို့။ စုံလင်တော်မူသောရိတ်သိမ်းခြင်း၏ အရှင်သခင်ဖြစ်သော‌၊ ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။