ရန်ငြိမ်းစေသူများ လိုအပ်သည်
အငြင်းပွားခြင်း သို့မဟုတ် ပြန်လည်သင့်မြတ်ခြင်းတို့ကို ရွေးချယ်ရန် သင့်မှာ အခွင့်အရေးရှိပါတယ်။ ရန်ငြိမ်းစေသူဖြစ်အောင်၊ ယခုနဲ့အမြဲတမ်း ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။
ချစ်လှစွာသော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့နှင့်အတူရှိရတာ ဝမ်းမြောက်စရာပါပဲ။ ဒီလွန်ခဲ့တဲ့ခြောက်လအတွင်း၊ သင်တို့ဟာ ကျွန်တော့်စိတ်ထဲမှာနဲ့ ကျွန်တော့်ဆုတောင်းချက်တွေထဲမှာ အမြဲရှိနေခဲ့တာပါ။ ယခုသင်တို့ကို ကျွန်တော်ပြောစဉ်မှာ သင်တို့ကို ကိုယ်တော်ရှင်ကြားစေတော်မူလိုတဲ့အရာကို သန့်ရှင်းသောဝိညာဉ်တော်ကဆက်သွယ်ပေးဖို့ ကျွန်တော်ဆုတောင်းပါတယ်။
လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ကျွန်တော်အလုပ်သင်ဆရာဝန်ကာလမှာ၊ ဆိုးရွားစွာပိုးကူးဆက်ခံထားရပြီးသွေးမလျှောက်တော့တဲ့ ခြေထောက်ကို ဖြတ်တောက်ပေးနေတဲ့ ခွဲစိတ်ဆရာဝန်ကို ကျွန်တော်ကူညီခဲ့ပါတယ်။ ခွဲစိတ်မှုက ခက်ပါတယ်။ အဲဒီမှာ၊ ပိုခက်တာက၊ အဖွဲ့တစ်ဖွဲ့ ဟာ အလုပ်ကိုညံ့ဖျင်းစွာလုပ်ခဲ့တာပါ၊ ခွဲစိတ်ဆရာဝန်လည်းဒေါသထွက်သွားပါတယ်။ သူဒေါသထွက်နေချိန်မှာ၊ ပိုးမွှားတွေ ပြည့်နေတဲ့ သူ့ခွဲစိတ်ဓားကို လွှင့်ပစ်လိုက်ပါတယ်။ အဲဒီဓားက ကျွန်တော့် လက်ဖျံပေါ် ကျလာပါတယ်။
အထိန်းမဲ့နေတဲ့ဆရာဝန်ကလွဲပြီး—ခွဲခန်းထဲကလူတိုင်း—ခွဲစိတ်ခြင်းမှာဒီအန္တရာယ်ရှိတဲ့ ဖောက်ဖျက်မှုကြောင့် ထိတ်လန့်သွားကြပါတယ်။ ကျေးဇူးတင်စရာကတော့၊ ကျွန်တော်ရောဂါမကူးစက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအတွေ့အကြုံက ကျွန်တော့်ကို ထာဝရစွဲမှတ်စေခဲ့ပါတယ်။ အဲ့ဒီနာရီအတွင်း၊ ကျွန်တော်ရဲ့ ခွဲစိတ်ခန်းမှာ ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်မယ်လို့ ကိုယ့်ကိုယ်ကို ကတိပေးခဲ့ပါတယ်။ ခွဲစိတ်ဓားပဲဖြစ်ဖြစ် စကားပဲဖြစ်ဖြစ်—ဒေါသစိတ်နဲ့ ဘယ်အရာကိုမှ ဘယ်တော့မှမပစ်ဘူးလို့ အဲဒီနေ့မှာပဲ ကတိပြုခဲ့ပါတယ်။
အခု၊ ဆယ်စုနှစ်တွေအကြာမှာတောင်၊ ကျွန်တော့်လက်မောင်းပေါ်ကျလာတဲ့ ပိုးကူးဆက်နိုင်တဲ့ဓားထက် ကျွန်တော်တို့ရဲ့ စကားပြောဆိုမှုနဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေအမြောက်အများမှာ အာဃာတထားတဲ့ အငြင်းပွားမှုတွေရဲ့အဆိပ်အတောက်က ပိုများသလားဆိုတာ သိချင်ပါတယ်။ ယဥ်ကျေးသိမ်မွေ့မှုနဲ့ လူမှုရေးကျင့်ဝတ်များဟာ ယခုခေတ်ရဲ့ အယူဝါဒကွဲပြားမှုတွေနဲ့ စိတ်အားတက်ကြွစွာသဘောထားကွဲလွဲကြခြင်းတွေမှာ ပျောက်ဆုံးသွားကြပုံရပါတယ်။
ယုတ်မာခြင်း၊ အမှားရှာခြင်းနှင့် သူတစ်ပါးကို မကောင်းပြောခြင်းတို့ အများကြီးရှိပါတယ်။ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဖျော်ဖြေရေးသမားတွေနဲ့ တခြားသြဇာလွှမ်းမိုးသူတွေ အများကြီးက အဆက်မပြတ် တပါးသူတွေကိုကဲ့ရဲ့ ရှုံ့ချနေကြပါတယ်။ သူတို့နဲ့ သဘောမတူတဲ့ ဘယ်သူ့ကိုမဆို ပြစ်တင်၊ ရှုတ်ချ၊ ကဲ့ရဲ့တာကို လုံးဝလက်ခံနိုင်တယ်လို့ လူအတော်များများ ယုံကြည်နေပုံရတာကို ကျွန်တော် အရမ်းစိုးရိမ်မိပါတယ်။ လူအတော်များများက တခြားသူရဲ့နာမည်ကောင်းကို သတင်းဆိုးများနဲ့ ညံ့ဖျင်းမှုများဖြင့် ဖျက်ဆီးရန်စိတ်အားထက်သန်နေပုံရပါတယ်။
ဒေါသက ဘယ်တော့မှ မဖြားယောင်းပါဘူး။ ရန်လိုခြင်းက မည်သူ့ကိုမျှ မပျိုးထောင်ပေးပါ။ အငြင်းပွားခြင်းက လှုံ့ဆော်ခံ ဖြေရှင်းနည်းတွေဆီ ဘယ်တော့မှ ဦးတည်မသွားပါဘူး။ ဝမ်းနည်းစရာကတော့၊ တစ်ခါတစ်ရံ ကျွန်တော်တို့ကိုယ်ပိုင်အသင်းတော် အတွင်း၌ပင် ရန်တွေ့ဖွယ်အပြုအမူများကို တွေ့မြင်ရပါတယ်။ သူတို့၏ အိမ်ထောင်ဖက်များနှင့် ကလေးများကို သိမ်ငယ်စေသူများ၊အခြားသူများကို ထိန်းချုပ်ရန် ဒေါသပေါက်ကွဲမှုများကို အသုံးပြုတတ်သောသူများ၊ မိသားစုဝင်များကို “တိတ်ဆိတ်စွာဆက်ဆံခြင်း” ဖြင့် အပြစ်ပေးသူများအကြောင်း ကျွန်တော်တို့ကြားရပါတယ်။ အနိုင်ကျင့်တဲ့လူငယ်နဲ့ ကလေးတွေအကြောင်း၊ မိမိအလုပ်ဖော်တွေကို အသရေဖျက်တဲ့ ဝန်ထမ်းတွေအကြောင်းကျွန်တော်တို့ ကြားရပါတယ်။
ချစ်သော ညီအစ်ကိုမောင်နှမခင်ဗျာ၊ ဒါက မဖြစ်သင့်ပါဘူး။ ယေရှုခရစ်တော်၏ တပည့်တော်တွေအဖြစ်၊ ကျွန်တော်တို့ဟာ အခြားသူတွေနဲ့ဆက်ဆံရာမှာ ပုံသက်သေတွေဖြစ်ရပါမယ်—အထူးသဖြင့် သဘောထားကွဲလွဲမှုတွေရှိတဲ့အချိန်မှာပါ။ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောနောက်လိုက်တွေ ကို ခွဲခြားသိဖို့ အလွယ်ဆုံးနည်းတစ်ခုကတော့ အဲဒီလူ တခြားလူတွေကို ဘယ်လောက် သနားကြင်နာစွာဆက်ဆံသလဲ ဆိုတာပါပဲ။
ကယ်တင်ရှင်က ဒါကို သူ့ဒေသနာတွေမှာ ကမ္ဘာနှစ်ခြမ်းလုံးရှိ နောက်လိုက်တွေကို ရှင်းလင်းစွာဖော်ပြခဲ့ပါတယ်။ “ရန်ငြိမ်းစေသူများသည် မင်္ဂလာရှိကြ၏” ဟု သူမိန့်တော်မူခဲ့ပါတယ်။၁ “သင်၏ ပါးတစ်ဖက်ကို သူတပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။”၂ ပြီးတော့၊ ကျွန်တော်တို့ တစ်ယောက်ချင်းစီအတွက် စိန်ခေါ်မှုရှိတဲ့ တိုက်တွန်းချက်ကို သူပေးခဲ့ပါတယ်၊ “သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။”၃
မသေဆုံးမီတွင်၊ ကယ်တင်ရှင်ဟာ တမန်တော်ဆယ့်နှစ်ပါးကိုမိန့်မှာခဲ့ပါတယ်၊ သူတို့ကို ကိုယ်တော် ချစ်သကဲ့သို့ အချင်းချင်း ချစ်ကြဖို့ပါ။၄ ထို့နောက် သူဆက်ပြောခဲ့ပါတယ်၊ “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်။”၅
ကယ်တင်ရှင်၏သတင်းစကားက ရှင်းပါတယ်၊ သူရဲ့ စစ်မှန်သော တပည့်တော်တွေဟာ အခြေအနေဘယ်လိုပင်ခက်ခဲနေပါစေ—တည်ဆောက်ကြ၊ မြှင့်တင်ကြ၊ အားပေးကြ၊ ယုံကြည်လက်ခံစေကြပြီး လှုံ့ဆော်ကြပါတယ်။ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောတပည့်တော်တွေဟာ ရန်ငြိမ်းစေသူများဖြစ်ပါတယ်။၅
ဒီနေ့က စွန်ပလွံတနင်္ဂနွေနေ့ပါ။ ကျွန်တော်တို့ဟာ သခင်ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်တဲ့၊ ကမ္ဘာပေါ်မှတ်တမ်းတင်ခဲ့ဖူးသမျှတွင် အရေးကြီးဆုံးနှင့်အကောင်းဆုံးဖြစ်ရပ်ကို အမှတ်တရကျင်းပရန် ပြင်ဆင်နေကြပါတယ်။ ကယ်တင်ရှင်ကို ဂုဏ်ပြုနိုင်တဲ့ အကောင်းဆုံးနည်းတစ်နည်းကတော့ ရန်ငြိမ်းစေသူများ ဖြစ်လာဖို့ပါပဲ။၇
ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းက အငြင်းပွားခြင်း အပါအဝင်—ဆိုးသွမ်းမှု အားလုံး ကို ကျော်လွှားစေခဲ့ပါတယ်။ ၎င်းနှင့်ပတ်သက်၍ အမှားမပြုပါနှင့်၊ အငြင်းပွားခြင်း ဟာ မကောင်းပါဘူး။ ယေရှုခရစ်တော်က ကြေငြာခဲ့ပါတယ်၊ “ရန်တွေ့ခြင်းစိတ်သဘောရှိသူသည်” သူ၏လူမဟုတ် “ရန်တွေ့ခြင်း၏အဘဖြစ်သည့် နတ်ဆိုး၏လူသာဖြစ်၏၊ ထိုသူသည် လူတို့၏စိတ်နှလုံးကို အချင်းချင်းအမျက်ဖြင့် ရန်တွေ့စေခြင်းငှာ နှိုးဆော်၏။”၈ အငြင်းပွားခြင်းကို အားပေးသူတွေဟာ စာတန်ရဲ့ပုံပြစာအုပ်ကို သိသိမသိသိအဲဒီအထဲက ပုံတူကူးချနေကြတာပါ။ “ဘယ်သူမှ သခင်နှစ်ဦးကို အစေမခံနိုင်ပါဘူး။”၉ ကျွန်တော်တို့ဟာ နှုတ်ကျူးလွန်မှုတွေနဲ့ စာတန်ကိုထောက်ခံပြီး ၊ ဘုရားသခင်အမှုတော်ဆောင်နိုင်သေးတယ်လို့ထင်လို့မရပါဘူး။
ချစ်တဲ့ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့အချင်းချင်း ဆက်ဆံပုံဟာ တကယ် အရေးကြီးပါတယ်။ အိမ်မှာ၊ အသင်းတော်မှာ၊ အလုပ်ခွင်မှာ၊ အွန်လိုင်းမှာ တခြားသူတွေနဲ့ စကားပြောပုံက တကယ်ကို အရေးကြီးပါတယ်။ ယနေ့၊ အခြားသူများနှင့် ပို၍မြင့်မြတ်သောနည်းလမ်းဖြင့်၊ ဆက်ဆံရန် သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။ ကျေးဇူးပြု၍ သေချာနားထောင်ပါ။ တခြားလူတစ်ဦး၏ “ကောင်းမြတ်သော၊ နှစ်သက်ဖွယ်သော သို့မဟုတ် အသရေရှိသော၊ သို့မဟုတ် ချီးမွမ်းဖွယ်ဖြစ်သောအရာတစ်စုံတစ်ခုရှိလျှင်”၁၀ ထိုအရာကို သူ့ရှေ့ သို့မဟုတ် နောက်ကွယ်တွင်—ကျွန်တော်တို့ပြောနိုင်ပြီဆို အဲဒါဟာ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစံနှုန်းဖြစ်သင့်ပါတယ်။
သင့်အသင်းတော်စုရှိ ဇနီးမောင်နှံတစ်တွဲ ကွာရှင်းပြတ်စဲသွားပါက၊ သို့မဟုတ် သာသနာပြုလူငယ်တစ်ဦး အိမ်သို့ စောစောပြန်လာပါက၊ သို့မဟုတ် ဆယ်ကျော်သက်တစ်ဦး သူရဲ့သက်သေခံချက်ကို သံသယဝင်ပါက၊ သင်သူတို့ကိုဝေဖန်ဖို့မလိုပါဘူး။ သင်ရဲ့စကားနဲ့ လုပ်ရပ်တွေမှာ ထင်ဟပ်နေတဲ့ ယေရှုခရစ်တော်ရဲ့ သန့်စင်တဲ့ချစ်ခြင်းမေတ္တာကို သူတို့ ခံစားရန်လိုအပ်ပါတယ်။
လူမှုကွန်ရက်မှာ မိတ်ဆွေတစ်ဦးက သင်ယုံကြည်သမျှကို ဆန့်ကျင်တဲ့ပြင်းထန်တဲ့ နိုင်ငံရေး သို့မဟုတ် လူမှုရေးအမြင်တွေရှိရင်၊ သင့်ဒေါသနဲ့ ဆတ်ကနဲပြန်ပြောလိုက်ခြင်းက အကူအညီဖြစ်မှာမဟုတ်ပါဘူး။ နားလည်မှုတံတားတွေတည်ဆောက်ခြင်းမှာ သင့်ဆီကနေများစွာလိုအပ်မှာဖြစ်ပါတယ်၊ သို့သော်လည်း အဲ့ဒါကို သင့်မိတ်ဆွေလိုအပ်တာအမှန်ပါပဲ။
အငြင်းပွားခြင်းက အချိန်တိုင်း—ဝိညာဉ်တော်ကို မောင်းထုတ်ပါတယ်။ ထိပ်တိုက်တိုက်ခိုက်ခြင်းက ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ဖြစ်တယ် ဆိုတဲ့ မှားယွင်းတဲ့အယူအဆကို အငြင်းပွားခြင်းက အားဖြည့်ပေးပါတယ်၊ ဒါပေမဲ့ ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး။ အငြင်းပွားခြင်းဟာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ရန်ငြိမ်းစေခြင်းဟာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အငြင်းပွားခြင်း သို့မဟုတ် ပြန်လည်သင့်မြတ်ခြင်းတို့ကို ရွေးချယ်ရန် သင့်မှာ အခွင့်အရေးရှိပါတယ်။ ရန်ငြိမ်းစေသူဖြစ်အောင်၊ ယခု နှင့် အမြဲတမ်း ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။၁၁
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို အမှန်ပြောင်းလဲနိုင်ပါတယ်—တစ်ကြိမ်မှာ တစ်ယောက်၊ ဖလှယ်မှုတစ်ခုနဲ့ပေါ့။ ဘယ်လိုလဲ။ အပြန်အလှန်လေးစားမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့စကားပြောဆိုမှုနဲ့ ရိုးသားတဲ့ သဘောထားကွဲလွဲမှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို စံနမူနာပြုခြင်းအားဖြင့်ပါ။
သဘောထားကွဲလွဲမှုများဟာ ဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ပြဿနာတစ်ခုကို အမြဲအမြင်တစ်ခုတည်းနဲ့မကြည့်တဲ့ ကိုယ်တော်ရှင်ရဲ့ ဆက်ကပ်သူအစေခံသူတွေနဲ့ ကျွန်တော်နေ့တိုင်းအလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးသမျှအထူးသဖြင့် အလွန်သတိထားရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး—သူတို့ရဲ့ စိတ်ကူးတွေနဲ့ ရိုးသားတဲ့ခံစားချက်တွေကို ကျွန်တော်ကြားချင်တယ်ဆိုတာ သူတို့သိပါတယ်။
ကျွန်တော်ရဲ့ မွန်မြတ်တဲ့ အတိုင်ပင်ခံနှစ်ယောက်ဖြစ်တဲ့၊ ဥက္ကဋ္ဌ အုတ်စ်နှင့် ဥက္ကဋ္ဌ အိုင်းရင်းတို့ဟာ—အထူးသဖြင့် သူတို့သဘောထားကွဲပြားတဲ့အခါမျိုးမှာ၊ သူတို့ရဲ့ ခံစားချက်များကို ဖော်ပြရာတွင် စံနမူနာကောင်းများဖြစ်ပါတယ်။ သူတို့ဟာ တစ်ဦးကိုတစ်ဦး ဖြူစင်တဲ့မေတ္တာဖြင့် အဲ့လိုပြုမူကြပါတယ်။ ဘယ်သူမှ မိမိအကောင်းဆုံးသိတယ်လို့ အကြံမပြုပါဘူး၊ ဒါကြောင့် သူတို့ရဲ့ ရပ်တည်မှုကို အတင်းအကျပ်ကာကွယ်ရမယ်လို့မရှိပါဘူး။ အခြားတစ်ယောက်နဲ့ ယှဉ်ပြိုင်ရန် လိုတယ်ဆိုတဲ့ အထောက်အထားမရှိကြပါဘူး။ သူတို့တစ်ယောက်ချင်းစီက “ခရစ်တော်၏ စင်ကြယ်သောချစ်ခြင်း၊”၁၂ ဆိုတဲ့ မေတ္တာတရားနဲ့ ပြည့်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေကို ကိုယ်တော်ရှင်ရဲ့ ဝိညာဉ်တော်က လမ်းညွှန်ပေးနိုင်ပါတယ်။ ကျွန်တော် ဒီကြီးမြတ်သူနှစ်ယောက်ကို ချစ်လိုက်၊ လေးစားလိုက်တာဗျာ။
မေတ္တာဟာ အငြင်းပွားခြင်းအတွက် ဖြေဆေးပါ။ မေတ္တာဟာ ကျွန်တော်တို့ကို အတ္တကြီးတဲ့၊ ခုခံတတ်တဲ့၊ မာနကြီးတဲ့၊ မနာလိုတဲ့ ဇာတိလူသားကို ချွတ်ဖယ်ဖို့ ကူညီပေးတဲ့ ဝိညာဉ်ဆုကျေးဇူးဖြစ်ပါတယ်။ မေတ္တာဟာ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောနောက်လိုက်တစ်ဦးရဲ့ အဓိကလက္ခဏာဖြစ်ပါတယ်။၁၃ မေတ္တာကို ရန်ငြိမ်းစေသူလို့ သတ်မှတ်ပါတယ်။
ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုရှိပြီး စိတ်နှလုံးအစွမ်း ရှိသမျှ ဖြင့် ဆုတောင်းကြလျှင်၊ ဘုရားသခင်ဟာ ကျွန်တော်တို့၌ မေတ္တာတရားကို ပြည့်စေပါလိမ့်မယ်။၁၄
ဒီထူးခြားတဲ့ဆုကျေးဇူးနဲ့ ကောင်းချီးခံစားရသူတွေဟာ စိတ်ရှည်တတ် ကြင်နာတတ်ကြပါတယ်။ သူတို့ဟာ အခြားသူတွေကို မနာလိုတာမရှိပါဘူး၊ ကိုယ့်အတွက်အရေးကြီးတာတွေကိုသာရှေ့တန်းမတင်ကြပါဘူး။ သူတို့ဟာ အလွယ်တကူအမျက်မထွက်တတ်၊ တပါးသူကို အပြစ်ရှိတယ်လို့ မထင်တတ်ကြပါ။၁၅
ညီအစ်ကို မောင်နှမများခင်ဗျာ၊ ခရစ်တော်ရဲ့ဖြူစင်သော ချစ်ခြင်းမေတ္တာဟာ ယနေ့ ကျွန်တော်တို့ကို ဝေဒနာဖြစ်စေတဲ့အငြင်းပွားခြင်းရဲ့ အဖြေဖြစ်ပါတယ်။ မေတ္တာဟာ ကျွန်တော်တို့ကို အချင်းချင်းဝန်တွေပိစေမယ့်အစား “တစ်ယောက်နှင့်တစ်ယောက်ရဲ့ဝန်တွေကို ထမ်းဆောင်ဖို့”၁၆ တွန်းအားပေးပါတယ်။ ခရစ်တော်၏ ဖြူစင်သောမေတ္တာဟာ အထူးသဖြင့်—တင်းမာသောအခြေအနေများတွင် “ခပ်သိမ်းသောအရာ၊ ခပ်သိမ်းသောအရပ်တို့၌လည်းကောင်း ဘုရားသခင်၏ သက်သေများအဖြစ် ရပ်တည်”၁၇ စေပါတယ်။ မေတ္တာဟာ အထူးသဖြင့် ဝေဖန်မှုများစွာဖြင့် ရှိနေချိန်မှာ—ကျွန်တော်တို့ကို ခရစ်တော်ရဲ့အမျိုးသား၊ အမျိုးသမီးတွေ ဘယ်လိုပြောဆိုပြုမူသလဲဆိုတာကို ပြဖို့ အခွင့်ပေးပါတယ်။
အခု၊ ကျွန်တော် “ငြိမ်းချမ်းရေးကဘယ်လောက်တန်တယ်”၁၈ ဆိုတာကို ပြောနေတာမဟုတ်ပါဘူး။ ပွဲတော်မင်္ဂလာသုံးဆောင်တဲ့အခါ သင်လုပ်ထားတဲ့ ပဋိညာဉ်တွေကို ထိန်းသိမ်းခြင်းနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေနဲ့ တခြားသူတွေကို ဆက်ဆံခြင်းအကြောင်း ပြောနေတာပါ။ ကယ်တင်ရှင်ကို အမြဲ အောက်မေ့ရန် သင်ပဋိညာဉ်ပြုထားပါတယ်။ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေတွေမှာ၊ ယေရှုခရစ်တော်ကို သတိရဖို့ သင့်ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သူတောင်းဆိုမဲ့ အရာကို လုပ်ရဲပြောရဲဖို့ သတ္တိနဲ့ ဉာဏ်ပညာရှိဖို့ ဆုတောင်းပါ။ ကွန်တော်တို့ ငြိမ်းချမ်းခြင်းအရှင်သခင် နောက်လိုက်တဲ့အခါ၊ သူရဲ့ရန်ငြိမ်းစေသူတွေ ဖြစ်လာပါလိမ့်မယ်။
ဒီအချိန်မှာ ဒီသတင်းစကားက သင်သိတဲ့သူတစ်ယောက်အတွက် တကယ်အထောက်အကူဖြစ်မယ်လို့ သင်ထင်နေနိုင်ပါတယ်။ သူ သို့မဟုတ် သူမက သင့်အပေါ် ပိုကောင်းလာစေရန် ကူညီပေးလိမ့်မယ်လို့ သင်မျှော်လင့်နေနိုင်ပါတယ်။ ကျွန်တော် အဲဒါဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သင့်ကို ရန်ငြိမ်းစေသူဖြစ်လာအောင် တားဆီးနေတဲ့ မာနကြီးမှု ဒါမှမဟုတ် မနာလိုမှုတွေ ရှိမရှိသိနိုင်ဖို့ သင်တို့ စိတ်နှလုံးထဲကို နက်နက်ရှိုင်းရှိုင်း ကြည့်ရှုမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။၁၉
အကယ်၍ သင်ဟာဣသရေလလူမျိုးကို စုစည်းရန်နှင့် ထာဝရကာလတစ်လျှောက်တည်ရှိမယ့် ဆက်ဆံရေးများတည်ဆောက်ရန် အလေးအနက်ထားပါက၊ ယခု အချိန်ဟာ ခါးခါးသီးနာကြည်းမှုကို ဘေးဖယ်ထားရမယ့်အချိန်ပါပဲ။။ ယခု အချိန်ဟာ သင့်နည်းလမ်းမဟုတ်လျှင် တခြားနည်းလမ်းမရှိဘူး အခိုင်အမာပြောဆိုခြင်းကို ရပ်တန့်ရမယ့်အချိန်ပါပဲ။ ယခု အချိန်ဟာ တခြားသူတွေ သင့်ကိုစိတ်ဆိုးမိစေမှာကိုစိုးလို့ အရမ်းဂရုစိုက်ပြုမှုနေရတာမျိုးတွေကို ရပ်တန့်ပေးရမယ့်အချိန်ပါပဲ။ ယခု အချိန်ဟာ သင့်ရဲ့စစ်တိုက်ရာလက်နက်များကို မြှုပ်နှံရမယ့်အချိန်ပါပဲ။၂၀ သင်ရဲ့နှုတ်လက်နက်တိုက်မှာ စော်ကားမှုတွေ၊ စွပ်စွဲချက်တွေနဲ့ပြည့်နေမယ်ဆိုလျှင်၊ ယခု အချိန်ဟာ အဲဒါတွေကို ဖယ်ရှားပစ်ရမယ့်အချိန်ပါပဲ။၂၁ သင်ဟာ ခရစ်တော်ရဲ့ဝိညာဉ်ရေးရာအားကောင်းတဲ့ အမျိုးသား သို့မဟုတ် အမျိုးသမီး တစ်ဦးအဖြစ် ပေါ်ထွန်းလာပါလိမ့်မယ်။
ဗိမာန်တော်က ကျွန်တော်တို့ရဲ့ခရီးမှာကူညီပေးနိုင်ပါတယ်။ ထိုနေရာတွင် ကျွန်တော်တို့အား ဘုရားသခင်၏တန်ခိုးတော်ဖြင့် အပ်နှင်းထားပြီး၊ ကျွန်တော်တို့အားအငြင်းပွားခြင်း အားလုံး ကို လှုံ့ဆော်ပေးသော စာတန်ကို ကျော်လွှားနိုင်တဲ့ စွမ်းရည်ကို ပေးအပ်ထားပါတယ်။၂၂ သင်တို့ရဲ့ ဆက်ဆံရေးကနေ စေတန်ကို ထုတ်ပစ်လိုက်ပါ။ ကျွန်တော်တို့ နားလည်မှုလွဲခြင်းကို ငြိမ်းစေတဲ့အခါတိုင်း သို့မဟုတ် စိတ်ဆိုးမှုလုပ်ဖို့ ငြင်းဆိုတဲ့အခါတိုင်းရန်သူကို ချေပခြင်းကြောင်းကိုလည်း သိရှိပါ။ အဲ့ဒါအစား၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောတပည့်တော်များရဲ့ သွင်ပြင်လက္ခဏာဖြစ်တဲ့ နူးညံ့သောကရုဏာကို ပြသနိုင်ပါတယ်။ ရန်ငြိမ်းစေသူများက ရန်သူကို ဟန့်တားကြပါတယ်။
ကျွန်တော်တို့ တောင်ပေါ်၌ စစ်မှန်သောအလင်းရောင်ဖြစ်လာတဲ့ လူများကဲ့သို့—“မကွယ်နိုင်တဲ့”၂၃ အလင်း ဖြစ်ကြရအောင်။ ကျွန်တော်တို့ ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းရန်၊ လေးစားထိုက်တဲ့နည်းလမ်းနှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ဉာဏ်အလင်းပေးတဲ့ နည်းလမ်းရှိတယ်ဆိုတာ ပြသကြရအောင်။ ယေရှုခရစ်တော်ရဲ့စစ်မှန်သောနောက်လိုက်တော်များ အဖြစ် ပေါ်လွင်စေတဲ့ မေတ္တာကို ပြသတဲ့အခါ၊ သင့် အမြင့်မြတ်ဆုံးစိတ်ကူးထက်မက သင်ရဲ့ကြိုးစားအားထုတ်မှုများကို ဘုရားသခင် ထင်ရှားစေပါလိမ့်မယ်။
ဧဝံဂေလိတရားပိုက်ကွန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးပိုက်ကွန်ဖြစ်ပါတယ်။ သူက အားလုံး ကို သူ့ထံသို့လာဖို့ ဖိတ်ခေါ်ပါတယ်၊ “မည်းသောသူနှင့် ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောက်ျားနှင့် မိန်းမ”၂၄ အားလုံးပါပဲ။ လူတိုင်းအတွက် နေရာရှိပါတယ်။ သို့သော် မလိုမုန်းထားမှု၊ ပြစ်တင်ရှုံ့ချမှု၊ သို့မဟုတ် အငြင်းပွားခြင်းများအတွက် နေရာ မ ရှိပါ။
ချစ်ရတဲ့ ညီအကိုမောင်နှများခင်ဗျာ၊ အခြားသူတွေကို ကူညီပေးရင်းမိမိတို့ရဲ့ဘဝကိုကုန်ဆုံးစေတဲ့သူတွေအတွက် အကောင်းဆုံးတွေဖြစ်လာမှာပါ။ ယနေ့၊ သင်ဟာ အခြားသူတွေကို ဆက်ဆံပုံနှင့်ပတ်သက်၍ သင်ရဲ့တပည့်တော်ဖြစ်ခြင်းကို ဆန်းစစ်ရန် ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သင့်အမူအရာကို နူးညံ့သိမ်မွေ့ခြင်း၊ လေးစားဖွယ်ဖြစ်ခြင်းနဲ့ ယေရှုခရစ်တော်၏ စစ်မှန်သောနောက်လိုက်တစ်ဦးရဲ့ ကိုယ်စားပြုဖြစ်ခြင်းတို့အတွက် လိုအပ်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် သင့်ကို ကျွန်တော်ကောင်းချီးပေးပါတယ်။
ကျူးကျော်ခြင်းကို တောင်းပန်ခြင်းဖြင့်၊ အငြင်းပွားခြင်းကို နားလည်ခြင်းဖြင့်၊ ပြီးတော့ ရန်တွေ့ခြင်းကို ငြိမ်းချမ်းခြင်းဖြင့် အစားထိုးရန် သင့်ကို ကျွန်တော်ကောင်းချီးပေးပါတယ်။
ဘုရားသခင်အသက်ရှင်တော်မူပါတယ်။ ယေရှုက ခရစ်တော်ဖြစ်ပါတယ်။ သူဟာ ဒီအသင်းတော်ရဲ့ဦးဆောင်သူဖြစ်ပါတယ်။ ကျွန်တော်တို့တွေက ကိုယ်တော်ရဲ့အစေခံတွေပါ။ သူဟာ ကျွန်တော်တို့ကို ရန်ငြိမ်းစေသူတွေဖြစ်လာအောင် ကူညီပေးပါလိမ့်မယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။