ယေရှုခရစ်တော်ကသက်သာစေခြင်းဖြစ်တယ်
ကယ်တင်ရှင်နှင့်ပူးပေါင်းပြီး လိုအပ်နေသူများအား ရုပ်ပိုင်းဆိုင်ရာနဲ့ဝိညာဥ်ပိုင်းဆိုင်ရာ သက်သာရာရခြင်းကူညီပေးနိုင်ပြီး၊ ကျွန်မတို့၏ကိုယ်ပိုင်သက်သာရာရခြင်းကိုလည်း သူ့ထံမှာရှာတွေ့နိုင်ပါတယ်။
ယေရှုခရစ်တော်တွင်ယုံကြည်ခြင်းနှင့် သူ့ရဲ့အံ့သြဖွယ်အမှုများကိုကြားပြီးနောက်မှာ၊ ပြုစုစောင့်ရှောက်သူများက လက်ခြေသေနေတဲ့လူတစ်ယောက်ကို ယေရှုဆီခေါ်လာခဲ့ကြပါတယ်။ ယေရှုသွန်သင်နေတဲ့နေရာကို သူ့ကိုပို့ဆောင်တဲ့အခါမှာ—နည်းလမ်းသစ်နဲ့ ခေါင်မိုးကိုဖွင့်ပြီး အိပ်ယာထဲမှထိုလူအား အောက်ကိုချကာပို့ခဲ့ကြပါတယ်။ ယေရှုက “ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင်၊ [ခြေလက်သေသောသူအား]၊ သင်၏အပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏။”၁ ထို့နောက်၊ “ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟုမိန့်တော်မူသည်။”၂ ချက်ချင်းပင် ထိုလက်ခြေသေသူသည် ထ၍ မိမိအိပ်ရာကိုယူကာအိမ်သို့သွားလေ၏၊ “ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြ၏။”၃
လက်ခြေသေနေတဲ့လူတစ်ယောက်အတွက် ဂရုစိုက်မူတွေပေးခဲ့တဲ့ မိတ်ဆွေတွေအကြောင်းကျွန်မတို့ဘာထပ်သိပါသေးသလဲ။ ကယ်တင်ရှင်က သူတို့ရဲ့ ယုံကြည်ခြင်းတွေကိုသတိထားမိတယ်ဆိုတာကျွန်မတို့သိပါတယ်။ ကယ်တင်ရှင်ကိုမြင်ပြီး သူ့ရဲ့အံ့သြဖွယ်တွေကို မျက်မြင်တွေ့ရကြားရတဲ့အခါ၊ သူတို့ဟာ “အံ့သြခြင်း” ရှိကြပြီး “ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြပါတယ်။”၄
ပြင်းထန်တဲ့ရောဂါကြောင့် မသန်စွမ်းမှုနှင့် နာကျင်မှုတွေဆီမှ—ရုပ်ပိုင်းဆိုင်ရာပျောက်ကင်း သက်သာစေခြင်း အတွက်မျှော်လင့်ချက်ကို ယေရှုခရစ်တော်ကဖြည့်စည်းပေးခဲ့ပါတယ်။ သိသာထင်ရှားစွာပဲ၊ ကယ်တင်ရှင်က ထိုလူရဲ့အပြစ်တွေကိုသန့်ရှင်းစေခြင်းဖြင့် ဝိညာဥ်ပိုင်းဆိုင်ရာ သက်သာစေခြင်း ကိုလည်းပေးခဲ့ပါတယ်။
ပြီးတော့ လိုအပ်နေတဲ့သူတစ်ယောက်ကိုကြိုးစားဂရုစိုက်ခဲ့တဲ့ မိတ်ဆွေတွေကလည်း—သက်သာစေခြင်းရဲ့အရင်းအမြစ်ဖြစ်တဲ့ ယေရှုခရစ်တော်ကိုရှာတွေ့ခဲ့ပါတယ်။
ယေရှုခရစ်တော်က သက်သာစေခြင်း ဖြစ်တယ် ဆိုတာ ကျွန်မသက်သေခံပါတယ်။ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ အပြစ်ရဲ့နောက်ဆက်တွဲများနဲ့ ဝန်လေးမှုများမှ သက်သာရာရစေပြီး ကျွန်မတို့ရဲ့ ဝေဒနာများမှကူညီခြင်းရရှိနိုင်ပါတယ်။
ကျွန်မတို့က ဘုရားသခင်ကိုချစ်ပြီး၊ သူ့ကိုအစေခံဖို့ ပဋိညာဥ်များပြုလုပ်ထားတာကြောင့်၊ လိုအပ်နေတဲ့သူတွေကိုရုပ်ပိုင်းဆိုင်ရာနဲ့ဝိညာဥ်ပိုင်းဆိုင်ရာ သက်သာရာရခြင်းကူညီပေးတဲ့အခါမှာ ကယ်တင်ရှင်နှင့်ပူးပေါင်းနိုင်ပါတယ်၊ ကျွန်မတို့ရဲ့ သက်သာရာရခြင်းကိုလည်း ယေရှုခရစ်တော်ဆီမှာရှာတွေ့နိုင်ပါတယ်။၅
ကျွန်မတို့ရဲ့ ချစ်လှစွာသောပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က၊ လောကကိုအောင်နိုင်၍ ချမ်းသာခြင်းရှာရန် ဖိတ်ခေါ်ထားပါတယ်။၆ သူက “စစ်မှန်သောချမ်းသာခြင်း” ကို “သက်သာစေခြင်းနဲ့ ငြိမ်းချမ်းခြင်း” လို့အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဥက္ကဋ္ဌ နယ်လဆင်က၊ “ကယ်တင်ရှင်ဟာ ကျွန်တော်တို့အယောက်စီတိုင်းကို အားနည်းချက်၊ အမှားတွေနဲ့ အပြစ်မှ သူရဲ့အနှိုင်းမဲ့ အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ရွေးနှုတ်ခဲ့ပါတယ်၊ ပြီးတော့ သူက သင်တို့မှာရှိခဲ့ဖူးတဲ့ နာကျင်မှု၊ စိုးရိမ်မှုနဲ့ ဝန်လေးမှုမှန်သမျှကို တွေ့ကြုံခဲ့ပြီးတာကြောင့်၊ သင်တို့ဟာ အမှန်တကယ်နောင်တရကြတာနဲ့အမျှ ဒီလက်ရှိ မရေရာလှတဲ့ လောကအထက်ကို ရောက်နိုင်ကြပါတယ်”၇ လို့ပြောခဲ့ပါတယ်။ ဒါက ယေရှုခရစ်တော် ကျွန်မတို့ကိုကမ်းလှမ်းတဲ့ သက်သာစေခြင်းပါပဲ။
ကျွန်မတို့အားလုံးက ဥပမာပြုနိုင်တဲ့ကျောပိုးအိတ်တွေကိုသယ်ဆောင်နေကြတာပါ။ ခေါင်းပေါ်မှာရွက်ရတဲ့ခြင်းထောင်းတစ်လုံး၊ ဘေးလွယ်အိတ်တစ်လုံး၊ ဒါမှမဟုတ် ပုခုံးပေါ်တင်ပြီးသယ်ရတဲ့ အဝတ်ထုတ်လည်းဖြစ်နိုင်ပါတယ်။ ကျွန်မတို့တွေးနိုင်ဖို့အတွက်တော့၊ ကျောပိုးအိတ်တစ်လုံးလို့ပဲခေါ်ကြပါစို့။
ပြိုလဲနေတဲ့လောကထဲမှာနေထိုင်တဲ့ ကျွန်မတို့ရဲ့ဝန်တွေကို အဲ့ဒီဥပမာပြုနိုင်တဲ့ကျောပိုးအိတ်နဲ့ သယ်ကြရပါတယ်။ ကျောပိုးအိတ်ထဲက ဝန်တွေကကျောက်တုံးတွေလိုပါပဲ။ ပုံမှန်အားဖြင့်၊ သုံးမျိုးရှိပါတယ်၊
-
ကျွန်မတို့လုပ်တဲ့အရာတွေကြောင့်ဖြစ်တဲ့အပြစ် ကျောက်များ။
-
ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်များ၊ ဆိုးရွားသောလုပ်ရပ်များ နဲ့ တခြားသူတွေကိုမကြင်နာခြင်းတို့မှလာခဲ့ ကျောက်များ။
-
ပြိုလဲနေတဲ့အခြေအနေမှာ နေထိုင်နေတာကြောင့် သယ်ရတဲ့ကျောက်များ။ ထိုကျောက်တွေထဲမှာ ရောဂါ၊ နာကျင်ခြင်း၊ ပြင်းထန်သောနာမကျန်းခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ စိတ်ပျက်အားလျော့ခြင်း၊ အထီးကျန်ခြင်းနဲ့ သဘာဝဘေးအန္တရယ်များမှ ဆိုးကျိုးများလည်း ပါဝင်ပါတယ်။
ကျွန်မတို့ရဲ့စိတ်ကူးထဲမှာရှိတဲ့ကျောပိုးအိတ်ထဲက ကျောက်တွေဖြစ်တဲ့ လောကရဲ့ဝန်တွေက လေးတယ်လို့ခံစားဖို့မလိုဘူးဆိုတာကို ဝမ်းမြောက်စွာကြေငြာချင်ပါတယ်။
ယေရှုခရစ်တော်က ဝန်တွေကိုပေါ့စေပါတယ်။
ယေရှုခရစ်တော်က ကျွန်မတို့ရဲ့ဝန်လေးမှုများကို ကယ်မ ပေးနိုင်ပါတယ်။
အပြစ်ဝန်အလေးကနေ သက်သာရာရဖို့ ယေရှုခရစ်တော်က လမ်းကြောင်းပေးနိုင်ပါတယ်။
ယေရှုခရစ်တော်က သက်သာစေခြင်းဖြစ်ပါတယ်။
သူမိန့်တော်မူတာက၊
“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့ကို ချမ်းသာပေးမည် [သက်သာရာရခြင်းနှင့်ငြိမ်းချမ်းခြင်းဖြစ်သည်]။
“ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့၊ ငါ့ထံ၌ နည်းခံကြလော့၊ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်နှလုံးရှိ၏၊ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
“အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”၈
ထမ်းပိုးကလွယ်ပြီးဝန်ပေါ့ခြင်းဆိုသည်မှာ ကျွန်မတို့ကယ်တင်ရှင်နှင့်အတူထမ်းပိုးကိုထမ်းပြီး၊ ကျွန်မတို့ရဲ့ဝန်တွေကို သူနဲ့အတူဝေငှကာ သူ့အားထိုဝန်များ ထမ်းရန်ခွင့်ပြုစေခြင်းလို့မှတ်ယူပါ။ ဆိုလိုရင်းကတော့ “ဘဝလွယ်ကူစေရန်ပြုလုပ်သော အရာများအားလုံး၊” လို့ ဥက္ကဋ္ဌ နယ်လဆင်ပြောခဲ့သောသလိုပါပဲ၊ ဘုရားသခင်နဲ့ ပဋိညာဥ်များပြုလုပ်သောဆက်ဆံရေးရှိပြီး ထိုပဋိညာဥ်များကိုစောင့်ထိန်းခြင်းဖြစ်ပါတယ်။ သူက “သင်တို့ ခရစ်တော်နဲ့အတူ ထမ်းပိုးထမ်းခြင်းဆိုတာ သင့်မှာ ကိုယ်တော်ရဲ့ ခွန်အားနဲ့ ရွေးနှုတ်ခြင်းတန်ခိုးဆီကိုသွားရာ လမ်းရှိတယ်လို့ ဆိုလိုပါတယ်” လို့ပြောပါတယ်။၉
ဒါဆို ကျွန်မတို့ ကျောက်တွေကို ဝေငှဖို့ ဘာကြောင့်တွန့်တိုနေကြတာလဲ။ မောပန်းနေတဲ့ ဘေ့စ်ဘောကစားတဲ့သူတစ်ယောက်ဟာ လူအစားထိုးဝင်ပြီးပွဲပြီးအောင် ကစားပေးနိုင်မယ့် သူအဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ပစ်ကွင်းပေါ်ကထွက်ခွာဖို့ ဘာကြောင့်ငြင်းမှာလဲ။ လူအစားထိုးဝင်ပေးမယ့်သူ ကျွန်မနဲ့အတူအဆင်သင့်ရှိနေတဲ့အချိန်မှာ ဘာကြောင့် တစ်ဦးတည်းဆက်ထိန်းထားမှာလဲ။
ဥက္ကဋ္ဌ နယ်လဆင်သွန်သင်ခဲ့ပါတယ်၊ “ယေရှုခရစ်တော်က … လက်များဖွင့်ကာ၊ ကျွန်တော်တို့ကို စိတ်အားထက်သန်စွာ ကုသပေးဖို့မျှော်လင့်ပြီး၊ ခွင့်လွှတ်ခြင်း၊ သန့်စင်စေခြင်း၊ အားဖြည့်ပေးခြင်း၊ ရှင်းလင်းစေခြင်းနှင့် စင်ကြယ်စေခြင်းတို့ဖြစ်စေပါတယ်။”၁၀
ဒါဆို ကျွန်မတို့ရဲ့ကျောက်တွေကို တစ်ယောက်တည်းထမ်းဖို့ဘာကြောင့်ကြိုးပမ်းနေမှာလဲ။
ဒါက သင်တို့အယောက်ချင်းဆီတိုင်း သုံးသပ်ဆင်ခြင်ရမယ့်မေးခွန်းဖြစ်ဖို့ရည်ရွယ်ပါတယ်။
ကျွန်မအတွက်ကတော့၊ မာန်မာနရှိတဲ့အပြစ်ဟောင်းပါ။ ကျွန်မပြောတယ်၊ “ငါလုပ်နိုင်တယ်”။ “စိတ်မပူနဲ့၊ ငါပြီးအောင်လုပ်မယ်။” လှည့်ဖျားတဲ့မာန်နတ်ဟာ ကျွန်မကို ဘုရားသခင်ဆီကနေ ပုန်းကွယ်ပြီးလှည့်ထွက်ကာ တစ်ယောက်တည်းလုပ်စေချင်ပါတယ်။
ညီအကိုမောင်နှမများ၊ ကျွန်မတစ်ယောက်တည်းမလုပ်နိုင်ပါဘူး၊ လုပ်ဖို့လည်းမလိုပါဘူး၊ ကျွန်မ လုပ်မှာမဟုတ်ပါဘူး။ ဘုရားသခင်နဲ့ပြုလုပ်ထားတဲ့ပဋိညာဥ်တွေအားဖြင့် ကယ်တင်ရှင်ယေရှုခရစ်တော်နဲ့ရှိရန် ရွေးချယ်ခြင်းက၊ “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်ခြင်းဖြစ်ပါတယ်။”၁၁
ပဋိညာဥ်စောင့်ထိန်းတဲ့သူတွေဟာ ကယ်တင်ရှင်ရဲ့သက်သာစေခြင်းနဲ့ ကောင်းချီးကိုရကြပါတယ်။
မော်မုန်ကျမ်းမှဥပမာတစ်ခုကိုသုံးသပ်ကြည့်ရအောင်၊ အယ်လမာ၏လူတို့သည် “အလုပ်များပေး၍၊ … သူတို့အပေါ် အလုပ်ကြီးကြပ်သူများခန့်ထားခြင်း” များဖြင့်ညှင်းပန်းခံကြရသည်။၁၂ အသံထွက်ဆုတောင်းဖို့တားမြစ်ခံခဲ့ရပြီး၊ သူတို့ဟာ “စိတ်နှလုံးကို ဘုရားသခင်ထံသို့ သွန်းလောင်းကြ၏။ သူသည်လည်း ထိုသူတို့စိတ်နှလုံး၏ အတွေးအကြံများကို သိ၏။”၁၃
“သင်တို့၏ဦးခေါင်းကို မော့၍၊ ကောင်းစွာစိတ်သက်သာခြင်းရှိလော့။ အကြောင်းမူကား၊ ငါ့ထံ သင်တို့ပြုထားလေသော ပဋိညာဉ် ကို ငါသိတော်မူ၏။ ထို့အတူ၊ ငါသည် ငါ၏လူမျိုးတို့နှင့် ပဋိညာဉ် ပြု၍၊ သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်တော်မူမည်။
“သင်တို့၏ပခုံးပေါ်၌ တင်ထားသော ဝန်များကိုလည်း ငါပေါ့စေတော်မူသဖြင့်၊ ထိုဝန်များကျောပေါ်၌ ရှိသည်ဟုမခံစားရ။”၁၄
သူတို့၏ဝန်တို့သည် “ပေါ့လာ” ပြီး “ကိုယ်တော်ရှင်သည် သူတို့ကို ခွန်အားဖြည့်ပေးတော်မူ၍၊ သူတို့သည် မိမိတို့၏ဝန်များကို လွယ်ကူစွာဖြင့် သယ်ဆောင်နိုင်၍၊ ကိုယ်တော်ရှင်၏အလိုတော်အလုံးစုံတို့ကို သာယာသောစိတ်နှင့် သည်းခံခြင်းတို့ဖြင့်လိုက်နာကြ၏။”၁၅
အဲ့ဒီပဋိညာဥ်စောင့်ထိန်းတဲ့သူတွေဟာ နှစ်သိမ့်ခြင်းနဲ့သက်သာရာရခဲ့ကြပြီး၊ သာယာသောစိတ်နှင့်သည်းခံခြင်းတို့တိုးတက်ကာ၊ သူတိုရဲ့ဝန်တွေဟာ ပေါ့လာပြီးနောက်ဆုံးမှာလွတ်မြောက်ခြင်းရခဲ့ကြပါတယ်။၁၆
ကျွန်မတို့ရဲ့ဥပမာပြုနိုင်တဲ့ ကျောပိုးအိတ်တွေအကြောင်းပြန်ပြောရအောင်။
ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကျွန်မတို့အပြစ်ကြောင့်ဖြစ်တဲ့ကျောက်တွေရဲ့အလေးချိန်ကနေ သက်သာရာရစေပါတယ်။ ဒီမွန်မြတ်တဲ့လက်ဆောင်အားဖြင့်၊ ဘုရားသခင်ရဲ့ကရုဏာတော်က လေးလံမှုများကနေသက်သာစေပြီး၊ တရားမျှတခြင်း တောင်းဆိုမှုများကိုကျော်လွှားနိုင်ပါတယ်။၁၇
ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက တခြားသူများရဲ့မကောင်းတဲ့လုပ်ရပ်များကြောင့် ကျွန်မတို့သယ်ရတဲ့ဝန်ရဲ့အလေးချိန်လျော့ကျဖို့ ခွင့်လွှတ်ခြင်းခွန်အားပေးနိုင်ပါတယ်။၁၈
ကြေကွဲခြင်းနှင့် နာကျင်ခြင်းနဲ့သေနိုင်တဲ့ ခန္ဓာကိုယ်ရှိပြီး ဒီပြိုလဲနေတဲ့ကမ္ဘာမြေပေါ်မှာနေတဲ့ ကျွန်မတို့ရဲ့ဝန်တွေကို ကယ်တင်ရှင်က ဘယ်လိုသက်သာစေနိုင်သလဲ။
ဒီလိုသက်သာစေခြင်းမျိုးကို သူမကြာခဏလုပ်ဆောင်ပါတယ်။ အသင်းတော်ရဲ့ပဋိညာဥ်စောင့်ထိန်းသော အသင်းသားများအနေနဲ့၊ “ငိုကြွေးမြည်တမ်းသူတို့နှင့်အတူ ငိုကြွေးမြည်တမ်းရန်” နှင့် “နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်” ရန်ကတိပြုလုပ်ကြပါတယ်။၁၉ ဘာကြောင့်လဲဆိုတော့ကျွန်မတို့ဟာ “ဘုရားသခင်၏သိုးစုထဲသို့ဝင်ပြီး” တော့ “ဝင်၍ သူ၏လူမျိုးဟု အခေါ်ခံရရန်” နှင့် “တစ်ယောက်နှင့်တစ်ယောက်၏ဝန်များကို ပေါ့စေခြင်းငှာ၊ ထမ်းဆောင်ရန် လိုလားကြ”လို့ပဲဖြစ်ပါတယ်။၂၀
ကျွန်မတို့ပဋိညာဥ်ရဲ့ကောင်းချီးကတော့ ဘုရားသခင်ရဲ့သားသမီးအားလုံးကိုရုပ်ပိုင်းဆိုင်ရာနဲ့ ဝိညာဥ်ပိုင်းဆိုင်ရာ သက်သာရာရခြင်းကူညီပေးတဲ့အခါမှာ ကယ်တင်ရှင်နဲ့အတူပူးပေါင်းဖို့ပါပဲ။ ကျွန်မတို့ကို ကိရိယာလိုအသုံးပြုကာ သက်သာစေခြင်းများကို သူပေးနိုင်ပါတယ်။၂၁
လက်ခြေသေတဲ့သူရဲ့မိတ်ဆွေတွေလိုပါပဲ၊ ကျွန်မတို့လည်း၊ “တွဲလွဲနေသောလက်တို့ကို မြှောက်ပေးလော့၊ အားနည်းသောဒူးတို့ကို ခွန်းအားဖြည့်ပေး” နိုင်ကြပါတယ်။၂၂ ကျွန်မတို့ဟာ “ဝန်ချင်းတို့ကိုအချင်းချင်းကူညီ၍ ထမ်းသောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြံကြ” ပါတယ်။၂၃ အဲ့လိုလုပ်တာနဲ့အမျှ၊ ကျွန်မတို့ဟာသူ့ကိုပိုသိလာ၊ သူ့လိုဖြစ်လာပြီး သူ့၌သက်သာခြင်းရှာတွေ့နိုင်ကြပါတယ်။၂၄
သက်သာခြင်းဆိုတာဘာလဲ။
နာကျင်ခြင်း၊ ဒုက္ခရောက်ခြင်းများ၊ ကိုယ်စိတ်ပင်ပန်းခြင်းများ ကိုဖယ်ရှားပေးခြင်း၊ လျော့ပါးစေခြင်း ဒါမှမဟုတ် အဆုံးတိုင်တည်ကြည်နိုင်စွမ်း ခွန်အားဖြစ်ပါတယ်။ တခြားသူတစ်ဦးရဲ့နေရာကို ကိုယ်စားယူတဲ့သူကိုရည်ညွှန်းပါတယ်။ ဥပဒေအရ အမှားပြင်ဆင်ခြင်းကိုလည်းဆိုလိုပါတယ်။၂၅ အင်္ဂလိပ်-ပြင်သစ် စကားမှဆင်းသက်လာတဲ့ ပြစ်သစ်အသုံးအနှုန်းဟောင်း၊ ရက်လဗေး သည် “ထမြောက်ရန်” နှင့် လက်တင်ဘာသာစကား ရက်လာဗား သို့မဟုတ် “တဖန်ထမြောက်ခြင်း” တို့လိုအဓိပ္ပါယ်ရပါတယ်။၂၆
ညီအကိုမောင်နှမများ၊ ယေရှုခရစ်တော်က သက်သာစေခြင်းဖြစ်ပါတယ်။ သူကသုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပြီး၊ ချစ်ခြင်းမေတ္တာဖြင့် အနှိုင်းမဲ့အပြစ်ဖြေခြင်းမင်္ဂလာပြီးမြောက်ကာ၊ တဖန်ထမြောက်ပြီး ကယ်တင်ခြင်း၊ ချီးမြှောက်ခြင်း နှင့် သူ့လိုဖြစ်လာရန်အခွင့်အရေးများကိုလက်များဖွင့်ပြီးကမ်းလှမ်းနေတယ်ဆိုတာ ကျွန်မသက်သေခံပါတယ်။ သူကမ်းလှမ်းတဲ့သက်သာရာရခြင်းက ထာဝရအတွက်ဖြစ်ပါတယ်။
ပထမ ပသကာပွဲမနက်မှာ တမာန်တော်တစ်ပါးလာရောက်ခြင်းခံခဲ့ရတဲ့အမျိုးသမီးတစ်ဦးလိုပါပဲ၊ “မြန်မြန်သွားပြီး” “ဝမ်းမြောက်ခြင်းအပြည့်” နဲ့ သူထမြောက်ပြီဆိုတဲ့စကားကိုပြောချင်ပါတယ်။၂၇ ကယ်တင်ရှင်၊ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။