အထွေထွေညီလာခံ
ယေရှုခရစ်တော်၏သွန်သင်ခြင်းများ
ဧပြီ ၂၀၂၃ အထွေထွေညီလာခံ


14:7

ယေရှုခရစ်တော်၏သွန်သင်ခြင်းများ

ကျွန်တော်တို့ရဲ့ ဘဝတွေကို လမ်းညွှန်ဖို့ ကျွန်တော်တို့ကို ကျမ်းစာတွေပေးထားပါတယ်။ ဒီနေ့ကျွန်တော့်အမှာစကားမှာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ရဲ့ နှုတ်ကပတ်တော်တွေ—ကိုယ်တော်ပြောခဲ့တဲ့ အရာတွေထဲက ကောက်နှုတ်ချက်တစ်ခု ပါဝင်ပါတယ်။

ကျွန်တော်တို့ခရစ်တော်၌ ယုံကြည်ကြပါတယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်အသင်းသားများအဖြစ်၊ ကျွန်တော်တို့ဟာ ကိုယ်တော်ကို ကိုးကွယ်ကြ၊ ကျမ်းစာတွေထဲက ကိုယ်တော်ရဲ့ သွန်သင်ခြင်းတွေကို လိုက်လျှောက်ကြပါတယ်။

လဲကျခြင်းမတိုင်မီမှာ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက အာဒံနဲ့ဧဝကို တိုက်ရိုက်စကားပြောခဲ့ပါတယ်။ အဲဒီနောက်၊ အဘက သူရဲ့ တစ်ပါးတည်းသောသားတော်ယေရှုခရစ်တော်ကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်အဖြစ် မိတ်ဆက်ပေးခဲ့ပြီး၊ “သူ့ကိုနားထောင်” ဖို့ ကျွန်တော်တို့ကို မိန့်မှာခဲ့ပါတယ်။ ဒီလမ်းညွှန်ချက်ဖြင့်၊ ကျွန်တော်တို့ဟာ “ဘုရားသခင်” သို့မဟုတ် “ကိုယ်တော်ရှင်” ဟောခဲ့တဲ့ ကျမ်းစာလာနှုတ်ကပတ်တော်တွေဟာ အမြဲနီးပါး ယေဟောဝါ၊ သို့မဟုတ် ကျွန်တော်တို့ရဲ့ ထမြောက်တဲ့ ကိုယ်တော်ရှင်၊ ယေရှုခရစ်တော် ရဲ့နှုတ်ကပတ်တော်တွေဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

ကျွန်တော်တို့ရဲ့ ဘဝတွေကို လမ်းညွှန်ဖို့ ကျွန်တော်တို့ကို ကျမ်းစာတွေပေးထားပါတယ်။ ပရောဖက် နီဖိုင်း ကသင်ကြားပေးခဲ့သလို၊ ကျွန်တော်တို့ဟာ “ခရစ်တော်၏​နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ကြလော့။ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏​နှုတ်ကပတ်တော်တို့က သင်တို့ပြုရမည့်​အရာမှန်​သမျှကို ပြောပြလိမ့်မည်။” ကျမ်းစာအများစုဟာ ယေရှုရဲ့ လူ့ဇာတိအမှုတော်ဆောင်ခြင်းမှာ ကိုယ်တော် ပြုခဲ့ တဲ့အရာတွေအကြောင်း ဖော်ပြချက်တွေဖြစ်ပါတယ်။ ဒီနေ့ကျွန်တော့်အမှာစကားမှာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ရဲ့ နှုတ်ကပတ်တော်—ကိုယ်တော် ပြောခဲ့ တဲ့ အရာတွေထဲက ကောက်နှုတ်ချက်တစ်ခု ပါဝင်ပါတယ်။ ဒါတွေဟာ ဓမ္မသစ်ကျမ်းမှာ (ဂျိုးဇက်စမစ်ရဲ့ လမ်းပြလှုံ့ဆော်ခံ ထပ်တိုးခြင်းများ အပါအဝင်)နဲ့ မော်မုန်ကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ နှုတ်ကပတ်တော်တွေဖြစ်ပါတယ်။ ဒီကောက်နှုတ်ချက်အများစုဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပြောခဲ့တဲ့အစဉ်အတိုင်းဖြစ်ပါတယ်။

“ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။”

“ဖြောင့်မတ်ခြင်းကို … ဆာငတ် ခင်မွတ်[သောသူ]တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ခြင်းသို့ ရောက်ကြလတ္တံ့။”

“ရန်ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏သားသမီးများဟု ခေါ်ဝေါ်ခံရကြလတ္တံ့။”

“သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။

“ငါပညတ်သည်ကား၊ ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။”

“ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ကြားရပြီ။

“ငါပညတ်သည်ကား၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။

“သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါပေမတည်း။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူမကောင်းသော သူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို ရွာစေတော်မူ၏။”

“သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။

“သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။”

“သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။”၁၀

“သို့ဖြစ်၍၊ ဤလောက၏အရာတို့ကို ရှာခြင်းမပြုနှင့်၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။”၁၁

“သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်းသူတပါး၌ပြုကြလော့။ ဤအရာသည်ကား ပညတ်နှင့် ပရောဖက်များ ဖြစ်သတည်း။”၁၂

“အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။

“ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ် သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။

“ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။”၁၃

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။”၁၄

“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့ကို ချမ်းသာပေးမည်။

“ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့၊ ငါ့ထံ၌ နည်းခံကြလော့၊ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်နှလုံးရှိ၏၊ သင်တို့စိတ်ဝိညာဉ်သည် သက်သာခြင်းကို ရလိမ့်မည်။

“အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”၁၅

“ငါ့ကိုဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုငြင်းပယ်ရမည်၊ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်လိုက်လျှောက်ရမည်။

“ယခုမူကား အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းရန်ဘုရားမဲ့နေခြင်းအမှုအားလုံး၊ လောကတပ်မက်မှုမှန်သမျှတို့မှ ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းရမည်။”၁၆

“သို့ဖြစ်၍၊ လောကကို ကျောခိုင်းလော့၊ သင်၏အသက်ဝိညာဉ်ကို ကယ်တင်လော့၊ လူသည် လောကတစ်ခုလုံးကို ရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ သို့မဟုတ် လူသည် မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။”၁၇

“ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။”၁၈

“သင်တို့ကို ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင် သင်တို့ထံသို့ ပေးလိမ့်မည်။ ရှာကြလော့၊ ရှာလျှင် သင်တို့တွေ့ကြမည်။ ခေါက်ကြလော့၊ ခေါက်လျှင် သင်တို့အား ဖွင့်ပေးလိမ့်မည်။

“အကြောင်းမူကား၊ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။”၁၉

“ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။”၂၀

“ယေရှုကလည်းသူမကို ပြော၏၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။

“ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း ဘယ်တော့မျှမသေရ။”၂၁

“[ထိုပညတ်တော်၌ ကြီးသောပညတ်မှာဤအရာဖြစ်ပါတယ်] သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့။

“ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။

“ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။

“ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။”၂၂

“ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော် မူ၏။”၂၃

“ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိပါစေနှင့်။”၂၄

“ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။”၂၅

“ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံ။”၂၆

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။

“ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏။”၂၇

သန့်ရှင်းသောမြေ၌ သူ၏အမှုတော်ဆောင်ခြင်းပြီးတဲ့နောက်မှာ ကိုယ်တော်က အမေရိကတိုက်ရှိ ဖြောင့်မတ်သောသူတွေဆီ ပေါ်လာခဲ့ပါတယ်။ ဒါတွေက အဲဒီမှာ ကိုယ်တော်ပြောခဲ့တဲ့စကားအချို့ပါ။

“ရှုလော့၊ ငါသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်ဖြစ်၏။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ငါသည် ရှေးဦးစွာကတည်းက ခမည်းတော်နှင့်အတူ ရှိ၏။ ငါသည် ခမည်းတော်၌ ရှိ၏၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၏။ ထို့အတူ၊ ငါ့၌ ခမည်းတော်သည် သူ၏နာမတော်ကို ချီးမြှောက်တော်မူလေ၏။”၂၈

“ငါသည် လောက၏ အလင်းနှင့် အသက်ဖြစ်၏။ ငါသည် အာလဖနှင့် ဩမေဃ၊ အစနှင့် အဆုံးဖြစ်၏။

“သင်တို့သည်လည်း ငါ့ထံသို့ အသွေးသွန်းလောင်းခြင်းဖြင့် ပူဇော်ခြင်းကို မပြုရတော့။ ထိုမှတစ်ပါး၊ သင်တို့၏ယဇ်များနှင့် မီးရှို့ရာပူဇော်သက္ကာများရပ်စဲလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့၏ ယဇ်များနှင့် မီးရှို့ရာပူဇော်သက္ကာများမှ အဘယ်အရာတစ်ခုကိုမျှ လက်ခံမည်မဟုတ်။

“သင်တို့သည် ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ကို ယဇ်အဖြစ် ငါ့ထံသို့ ပူဇော်ရမည်။ “ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ဖြင့် ငါ့ထံသို့ လာသောသူမှန်သမျှကို ငါသည် မီးဖြင့်၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံပေးမည် …

“ရှုလော့၊ ငါသည် လောကအတွက် ရွေးနှုတ်ခြင်းကို ဖြစ်စေခြင်းအလို့ငှာလည်းကောင်း၊ လောကကို အပြစ်မှကယ်တင်ခြင်းအလို့ငှာလည်းကောင်း လောကသို့ကြွတော်မူလေပြီ။”၂၉

“ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် နောင်တရ၍ ငါ၏နာမတော်၌ ဗတ္တိဇံခံလျက်၊ ကလေးသူငယ်ကဲ့သို့ ဖြစ်လာကြရမည်။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်ကြ။”၃၀

“ထို့ကြောင့်၊ ငါသည် သင်တို့အား ငါကဲ့သို့ပင်၊ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘစုံလင်တော်မူသကဲ့သို့ပင်၊ စုံလင် ကြစေခြင်းငှာ အလိုရှိ၏။”၃၁

“သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ သင်တို့သည် နတ်ဆိုးအားဖြင့် သွေးဆောင်ဖြားယောင်း မခံရစေခြင်းငှာလည်းကောင်း၊ သူ့အားဖြင့် ဖမ်းဆီးချုပ်နှောင်၍ ဆောင်သွားခြင်းကို မခံရစေခြင်းငှာလည်းကောင်း၊ အစဉ်အမြဲစောင့်၍ ဆုတောင်း ရမည်။”၃၂

“ထို့ကြောင့်၊ သင်တို့သည် ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ အစဉ်အမြဲ ဆုတောင်းကြရမည်။”၃၃

“ထို့ကြောင့်၊ သင်တို့ပြုသမျှသောအရာတို့ကို ငါ၏နာမတော်အားဖြင့် ပြုကြလော့။ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်ကို ငါ၏နာမတော်အားဖြင့် ခေါ်ရမည်။”၃၄

“ရှုလော့၊ ငါသည် သင်တို့အား ငါ၏ဧဝံဂေလိတရားတော်ကို ပေးတော်မူ၍၊ သင်တို့ထံသို့ ငါပေးတော်မူသည့် ဤဧဝံဂေလိတရားတော်သည်ကား—ငါသည် ငါ့ခမည်းတော် ငါ့ကို စေလွှတ်တော်မူသောကြောင့်၊ ငါ့ခမည်းတော်၏ အလိုကို ဆောင်ရွက်ခြင်းငှာ လောကထဲသို့ ကြွလာတော်မူ၏။

“ငါ၏ခမည်းတော်ကလည်း၊ ငါ့ကို လက်ဝါးကပ်တိုင်ပေါ်၌ မြှောက်ထားခံရစေရန် စေလွှတ်တော်မူ၏။ လူသားတို့ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သူတို့အကျင့်များအတိုင်း တရားစီရင်ခံရစေရန် ငါ့ရှေ့၌ ရပ်စေခြင်းငှာ ခမည်းတော်အားဖြင့် မြှောက်ထားခံရမည်မှာ … လူသားတို့အားဖြင့် ငါမြှောက်ထားခံရသကဲ့သို့ပင်၊ လက်ဝါးကပ်တိုင်ပေါ်၌ မြှောက်ထား ခံရပြီးနောက်၊ ခပ်သိမ်းသော လူသားတို့ကို ငါ့ထံသို့ ဆွဲ၍ခေါ်နိုင်စေခြင်းငှာပေတည်း။”၃၅

“ယခုတွင်၊ ဤပညတ်တော်သည်ကား၊ နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းအားဖြင့်၊ သန့်ရှင်း စင်ကြယ်နိုင်စေခြင်းငှာလည်းကောင်း၊ နောက်ဆုံးသောနေ့၌ ငါ့ရှေ့၌၊ အပြစ်ကင်းစင်လျက် ရပ်နိုင်စေခြင်းငှာလည်းကောင်း ငါ့ထံသို့လာ၍၊ ငါ၏နာမတော်၌ ဗတ္တိဇံခံကြလော့။”၃၆

ကျွန်တော်တို့ ခရစ်တော်၌ ယုံကြည်ကြပါတယ်။ ကျွန်တော်တို့တတွေ ကိုယ်တော်ရဲ့သွန်သင်မှုတွေကို ဘယ်လိုသိရမလဲ ဘယ်လိုလိုက်လျှောက်ရမလဲဆိုတာနဲ့ပတ်သက်လို့ ကိုယ်တော်မိန့်တော်မူခဲ့တဲ့အရာနဲ့ နိဂုံးချုပ်ပါမယ်။

“ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော နှစ်သိမ့်ရှင်တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။”၃၇

ဒီသွန်သင်ခြင်းတွေမှန်ကန်ကြောင်းကို ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်တော်အတည်ပြုပါတယ်၊ အာမင်။