ကျွန်ုပ်တို့၏ရွေးနုတ်ခြင်းအတွက်ဝမ်းမြောက်ခြင်း
ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် တန်ခိုးသည် ကျွန်မတို့ကိုယ်စီအား အမှားများ၊ အားနည်းချက်များနှင့်အပြစ်များမှ ကယ်တင်နိုင်ပြီး ထိုအရာများထက် သာလွန်လာအောင် ကူညီပေးပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကယ်တင်ရှင်ရဲ့ ပုံတူပန်းချီဆွဲဖို့ တိုက်တွန်းခြင်းကို ကျွန်မခံစားခဲ့ရပါတယ်။ ကျွန်မက ပန်းချီပညာရှင်တစ်ဦးဖြစ်ပေမယ့်လည်း၊ အဲ့ဒါအတွက် စိတ်စိုးရိမ်မှုအနည်းငယ်ရှိခဲ့ပါတယ်။ ယေရှုခရစ်တော်ရဲ့ ဝိညာဥ်တော်ကို ဖမ်းစားထားတဲ့ပုံတူပန်းချီကို ကျွန်မဘယ်လိုဆွဲရပါ့မလဲ။ ဘယ်ကနေစရပါ့မလဲ။ ပြီးတော့ ဘယ်ကအချိန်ရှာရပါ့မလဲ။
မေးခွန်းတွေရှိနေပေမယ့်လည်း၊ ရှေ့ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီး ကိုယ်တော်ရှင်က ကျွန်မကိုကူညီမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်မရှေ့ဆက်သွားရမှာဖြစ်ပြီးတော့ ဖြစ်နိုင်ချေတွေကို ကိုယ်တော်ဆီမှာ အပ်ထားလိုက်ပါတယ်။ ကျွန်မက ဆုတောင်းခဲ့တယ်၊ စဉ်းစားခဲ့တယ်၊ ရှာဖွေခဲ့တယ်၊ ပုံကြမ်းဆွဲခဲ့ပါတယ်၊ ပြီးတော့ ကျွန်မက အကူအညီနဲ့ မှီငြမ်းစရာတွေ ရှာတွေ့ဖို့ ကောင်းချီးပေးခံခဲ့ရပါတယ်။ ပြီးတော့ အဖြူရောင်ပိတ်ကားက တစ်ခုခုစဖြစ်လာပါပြီ။
လုပ်ငန်းစဥ်ကမလွယ်ကူခဲ့ပါဘူး။ တစ်ခါတစ်လေ ကျွန်မမျှော်လင့်ထားသလိုနဲ့ မတူပါဘူး။ တစ်ခါတစ်လေ စေ့ဆော်မှုရှိတဲ့ ဆွဲချက်တွေနဲ့ စိတ်ကူးစိတ်သန်းတွေရတဲ့ အခိုက်အတန့်တွေရှိပါတယ်။ အချိန်တော်တော်များများမှာ၊ ကျွန်မ ထပ်ခါထပ်ခါ ပြန်ကြိုးစားခဲ့ရပါတယ်။
ဆီဆေးပန်းချီ နောက်ဆုံးမှာ ပြီးဆုံးပြီး ခြောက်သွားပြီလို့ ကျွန်မထင်တဲ့အချိန်မှာ၊ ဖုန်မှုန့်တွေမထိဖို့အတွက် အရောင်တင်ဆီအကြည်ကို တင်ပေးလိုက်ပါတယ်။ အဲ့လိုလုပ်လိုက်တော့၊ ပန်းချီထဲကဆံပင်တွေစပြောင်းလဲလာ၊ ပေပွလာပြီး အရည်ပျော်လာတာကို သတိထားမိလိုက်ပါတယ်။ ကျွန်မအရောင်တင်ဆီကို တင်လိုက်တာမြန်သွားကြောင်း မြန်မြန်သိလိုက်ရပါတယ်၊ ပန်းချီရဲ့ အဲ့ဒီဘက်အပိုင်းက စိုနေသေးတာပါ။
ကျွန်မပန်းချီရဲ့ အပိုင်းတစ်ပိုင်းကိုအရောင်တင်ဆီနဲ့ တကယ့်ကိုဖျက်ပစ်လိုက်မိတာပါ။ အို၊ ကျွန်မအရမ်းဝမ်းနည်းသွားပါတယ်။ ဘုရားသခင်ကူညီလုပ်ပေးခဲ့တဲ့အရာတစ်ခုကို ကျွန်မဖျက်ဆီးလိုက်မိသလိုမျိုး ခံစားခဲ့ရပါတယ်။ ကျွန်မငိုပြီး စိတ်ထဲနေမကောင်းသလိုခံစားလိုက်ရပါတယ်။ စိတ်ပျက်အားငယ်မှုနဲ့၊ ဒီလိုအခြေအနေမျိုးမှာ လူတိုင်းပုံမှန်အားဖြင့်လုပ်တဲ့အရာကိုလုပ်ခဲ့ပါတယ်၊ ကျွန်မအမေကိုဖုန်းခေါ်ခဲ့ပါတယ်။ သူမက ပညာရှိစွာနဲ့တည်ငြိမ်စွာပြောပါတယ်၊ “သမီးရှိခဲ့တဲ့အရာကို ပြန်ရတော့မှာမဟုတ်ဘူး၊ ဒါပေမယ့် ရှိတဲ့အရာနဲ့ အကောင်းဆုံးလုပ်ပါ။”
ဒါကြောင့် ကျွန်မဆုတောင်းပြီးတော့ အကူအညီတောင်းခံခဲ့ပါတယ်၊ ပြီးတော့ ပြန်ပြင်ဖို့အတွက် တစ်ညလုံးပန်းချီဆွဲခဲ့ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာ၊ ပန်းချီကားကိုကြည့်လိုက်တော့ အရင်ကထက် ပိုကောင်းနေတာကို ကျွန်မသတိရမိပါတယ်။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ပြင်လို့မရတော့ဘူးလို့ ကျွန်မထင်လိုက်တဲ့အမှားက ကိုယ်တော်ရဲ့ကရုဏာလက်တော်ထင်ရှားဖို့အတွက် အခွင့်အရေးဖြစ်ခဲ့ပါတယ်။ ကိုယ်တော်က ပန်းချီကားဆွဲလို့မပြီးခဲ့သေးတာပါ၊ ကျွန်မနဲ့ မပြီးခဲ့သေးတာပါ။ ဝမ်းမြောက်မှုနဲ့ စိတ်သက်သာရာရခြင်းက ကျွန်မနှလုံးသားထဲဘယ်လောက်တောင် ပြည့်နှက်နေလိုက်ပါသလဲ။ ပန်းချီကားကို ကယ်ပေးရုံတင်မကပဲ ကျွန်မတို့တစ်ဦးစီရဲ့ အမှားတွေ၊ အားနည်းချက်တွေနှင့် အပြစ်တွေက ကယ်တင်ပေးပြီး ထိုအရာတွေထက်သာလွန်လာအောင် ကူညီပေးတဲ့ ကိုယ်တော့်ရဲ့ မေတ္တာနှင့် တန်ခိုးအကြောင်း သင်ကြားပေးတဲ့ ဤအံ့ဖွယ်အမှုအတွက် ဘုရားသခင်ရဲ့ ကရုဏာတော်ကိုကျွန်မချီးမွမ်းပါတယ်။
“ပြင်မရနိုင်တဲ့” ပန်းချီကားကိုပြင်ဖို့ ကိုယ်တော်က ကျွန်မကိုကရုဏာကြီးစွာကူညီခဲ့တာကြောင့်၊ ကယ်တင်ရှင်အပေါ် ကျွန်မရဲ့ နက်ရှိုင်းတဲ့ကျေးဇူးတင်မှုက တိုးတက်လာခဲ့သလိုပဲ၊ ကျွန်မရဲ့ အားနည်းချက်တွေကို ကိုယ်တော်နဲ့အတူ အဖြေရှာပြီး အမှားတွေအတွက်ခွင့်လွှတ်မှုတောင်းခံတာနဲ့အမျှ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးအရ ကယ်တင်ရှင်အပေါ်ရှိတဲ့ ချစ်ခြင်းနဲ့ ကျေးဇူးတင်ခြင်းကလည်း အရှိန်တိုးမြင့်လာခဲ့ပါတယ်။ ကျွန်မပြောင်းလဲနိုင်ခြင်းအတွက် နဲ့ သန့်စင်နိုင်ခြင်းအတွက် ကယ်တင်ရှင်ကို ကျွန်မထာဝရကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်မရဲ့စိတ်နှလုံးက ကိုယ်တော့်ဆီမှာရှိပြီး သူလုပ်စေချင် ဖြစ်စေချင်တဲ့အရာမှန်သမျှ လုပ်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။
နောင်တရခြင်းက ကျွန်မတို့ကို ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ခံစားနိုင်စေပြီး တခြားဘယ်တော့မှ မသိနိုင်တဲ့ နည်းလမ်းတွေနဲ့ သူ့ကို သိပြီး ချစ်နိုင်စေပါတယ်။ ကယ်တင်ရှင်၏ခြေတော်ကို ဆီနှင့်လိမ်းသောအမျိုးသမီးအား၊ ကိုယ်တော်ကမိန့်ခဲ့ပါတယ်၊ “သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သူသည် အနည်းငယ်မျှသာချစ်တတ်သည်။” ကိုယ်တော်က သူမကို များစွာခွင့်လွှတ်ပေးခဲ့တဲ့အတွက်၊ သူမက ယေရှုကို များစွာ ချစ်ခင်ခဲ့ပါတယ်။
ကျွန်မတို့ပြန်ကြိုးစား နိုင်တယ်လို့ သိနေခြင်းက စိတ်သက်သာရာရခြင်းနဲ့ မျှော်လင့်ခြင်းပါပဲ၊ အသင်းလူကြီး ဘတ်ဒ်နာသင်ကြားခဲ့သလိုပါပဲ၊ ကျွန်မတို့က စစ်မှန်စွာ စိတ်ရင်းဖြင့် နောင်တရတဲ့အခါ ကျွန်မတို့က သန့်ရှင်းသောဝိညာဉ်တော်၏ စင်ကြယ်သောတန်ခိုးဖြင့် အပြစ်များမှဆက်လက်လွတ်ငြိမ်းခွင့်ကို ရရှိနိုင်ပါတယ်။
ယေရှုခရစ်တော်ရဲ့ရွေးနုတ်ခြင်းတန်ခိုးတော်က ကျွန်မတို့ပဋိညာဥ်တွေရဲ့ အကြီးမြတ်ဆုံးကတိပေးထားတဲ့ကောင်းချီးတစ်ခုဖြစ်ပါတယ်။ သင်က မြင့်မြတ်တဲ့ဘိသိက်မင်္ဂလာတွေမှာပါဝင်တဲ့အခါ ဒီအရာကို စဥ်းစားပါ။ ထိုအရာမရှိဘဲ၊ ကျွန်မတို့ရဲ့ကောင်းကင်ဘုံရှိအဘဘုရားသခင်နဲ့ ကျွန်မတို့ချစ်တဲ့သူတွေရဲ့ မျက်မှောက်ကို ပြန်လာနိုင်မှာမဟုတ်ပါဘူး။
ကိုယ်တော်ရှင်နှင့်ကယ်တင်ရှင်၊ ယေရှုခရစ်တော်က ကယ်တင်ရန်တန်ခိုးကြီးသောသူဖြစ်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဤလောက၏အပြစ်များအတွက် အပြစ်ဖြေပြီးသော ဘုရားသခင်၏သားတော်အနေဖြင့် မိမိအသက်ကိုစွန့်၍ ၎င်းကိုတစ်ဖန်ပြန်ထမြောက်စေပါတယ်၊ ကိုယ်တော်ကရွေးနုတ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်ကိုကိုင်ဆွဲထားပါတယ်။ ကိုယ်တော်က သူ့ကိုရွေးချယ်သောသူများအားလုံးအတွက် သေခြင်းမရှိရာ ထာဝရအသက်ကိုဖြစ်စေတော်မူခဲ့ပါတယ်။ သူ့ရဲ့အပြစ်ဖြေခြင်းပေးဆပ်မှုကြောင့် ကျွန်မတို့နောင်တရနိုင်ပြီး၊ အမှန်တကယ်သန့်စင်ကာ ရွေးနုတ်ခံရနိုင်တယ်ဆိုတာသိပါတယ်။ ကိုယ်တော်က သင်နဲ့ ကျွန်မကိုဒီလိုနည်းနဲ့ ချစ်တာဟာ အံ့ဖွယ်တစ်ခုပါပဲ။
သူမိန့်တော်မူခဲ့ပါတယ်၊ “ငါသည် သင်တို့ကို အနာကင်းစေနိုင်မည့်အကြောင်း၊ သင်တို့သည် ယခုတွင် ငါ့ထံသို့ ပြန်လာ၍၊ သင်တို့၏အပြစ်များမှ နောင်တရ၍ ပြောင်းလဲကြမည်မဟုတ်လော။” သူက သင့်စိတ်ဝိညာဥ်ရဲ့ “စွန့်ပစ်သောနေရာများ”၊ဖြစ်တဲ့ အပြစ်နှင့်ဝမ်းနည်းခြင်းတို့ဖြင့် ခြောက်သွေ့ ကြမ်းတမ်းသော၊ လူဆိတ်ညံရာအရပ်များကို ကုသပေးနိုင်ပြီး “[သင်]၏တောကိုဧဒင်အရပ်ကဲ့သို့ဖြစ်စေပါတယ်။”
ဂေသရှေမန်နှင့် လက်ဝါးကပ်တိုင်က ခရစ်တော်ရဲ့ နာကျင်မှုနဲ့နက်နဲသောဝေဒနာကို ကျွန်မတို့နားမလည်နိုင်သလို၊ “[ကိုယ်တော်]ရဲ့ မြင့်မြတ်တဲ့ခွင့်လွှတ်ခြင်း၏ နက်နဲမှုအတိမ်အနက်”ကရုဏာနှင့် မေတ္တာတွေကိုလည်းမတိုင်းတာနိုင်ပါဘူး။
တစ်ခါတစ်ရံမှာသင်ဟာ ရွေးနုတ်ခြင်းခံရဖို့မဖြစ်နိုင်ဘူးလို့ ခံစားရနိုင်ပါတယ်၊ သင်လက်ရှိရုန်းကန်နေရတာ ဒါမှမဟုတ် သင်လုပ်ခဲ့တာတစ်ခုကြောင့် ဘုရားသခင်ချစ်ခြင်းနဲ့ ကယ်တင်ရှင်ရဲ့အပြစ်ဖြေပေးဆပ်ခြင်း တန်ခိုးတော်အတွက် ခြွင်းချက်တစ်ခုဖြစ်မယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သင်ကကိုယ်တော်ရှင်ရဲ့ လက်လှမ်းမမှီတဲ့ နေရာမှာမရှိကြောင်း ကျွန်မသက်သေခံပါတယ်။ ကယ်တင်ရှင်က “အောက်အရပ်ခပ်သိမ်းသောအရာတို့ဆီသို့လည်း ဆင်းသက်တော်မူ” ပြီး သူကအမှောင်မိုက်ဆုံးတွင်းနက်ထဲမှ သင့်ကိုမတင်ကယ်ယူပေးနိုင်တဲ့ ကြီးမြတ်တဲ့နေရာမှာရှိနေပြီး “သူ၏အံ့ဖွယ်အလင်းတော်” သို့သင့်ကို ခေါ်သွင်းပေးပါတယ်။ ကိုယ်တော့်ရဲ့ ဆင်းရဲဒုက္ခများမှတဆင့်၊ သူက ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းရဲ့ ကိုယ်ပိုင်အားနည်းချက်တွေနဲ့ အပြစ်တွေကိုကျော်လွှားနိုင်ဖို့ နည်းလမ်းတစ်လမ်းကိုဖန်တီးပေးခဲ့ပါတယ်။ “သူ၏ နာမတော်၌ ယုံကြည်၍၊ နောင်တရခြင်းနှင့်ထိုက်တန်သည့် အကျိုးကိုဖြစ်စေသူမှန်သမျှကို ကယ်တင်ရန် အလုံးစုံသောတန်ခိုး သူ့၌ရှိသည်။”
ပန်းချီကားကိုပြင်ဖို့အတွက် အလုပ်နဲ့ ကောင်းကင်ရဲ့အကူအညီ တောင်းခံခြင်းလိုအပ်သလို၊ “နောက်တရခြင်းနှင့်ထိုက်တန်သောအကျိုး” ဖြစ်စေဖို့ အလုပ်၊ စစ်မှန်သောနှလုံးသားနှင့် သိမ်မွေ့အောက်ကျို့ခြင်းတို့လိုအပ်ပါတယ်။ ထိုအကျိုးတွေထဲမှာ ယေရှုခရစ်တော်အပေါ် နှင့် ကိုယ်တော့်ရဲ့အပြစ်ဖြေပေးဆပ်ခြင်းကို ယုံကြည်အားထားခြင်း၊ ဘုရားသခင်အား ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ကိုဆက်ကပ်ခြင်း၊ အပြစ်အတွက် ဝန်ခံခြင်းနှင့်ကျောခိုင်းခြင်း၊ ပျက်စီးသွားတဲ့အရာတွေကို ကျွန်မတို့စွမ်းရည်ရှိသမျှနဲ့ပြင်ဆင်ရန်၊နှင့်ကောင်းမြတ်စွာနေထိုင်ရန် ကြိုးစားခြင်းတို့ပါဝင်ပါတယ်။
အမှန်တကယ်နောင်တရပြီး ပြောင်းလဲဖို့အတွက်၊ ကျွန်မတို့ပထမဆုံး “အပြစ်များအတွက်နားသွင်းခြင်း” ရှိရပါမယ်။ လူတစ်ယောက်က သူကိုယ်ပိုင်နေမကောင်းဖြစ်တယ်ဆိုတာ နားမလည်မချင်းဆေးသောက်ဖို့ လိုအပ်တယ်ဆိုတာကိုမသိနိုင်ပါဘူး။ ကျွန်မတို့က ကိုယ်ကိုယ်တိုင်မှာဘာတွေအမှန်တကယ် ကုသခြင်းခံဖို့၊ ပြန်ပြင်ဖို့လိုအပ်သလဲဆိုတာ ကြည့်ဖို့ဆန္ဒမရှိတဲ့ အချိန်တွေလည်းရှိပါလိမ့်မယ်။
စီ၊ အက်စ်၊ လူးဝစ်ရဲ့ရေးသားချက်တွေမှာ၊ အက်စ်လန်က ကိုယ်ပိုင်စက်ပစ္စည်းတွေနဲ့ သူ့ကိုယ်သူရစ်ပတ်နေတဲ့လူတစ်ဦးကို ဒီစကားလုံးတွေနဲ့ မေးခွန်းထုတ်ခဲ့ပါတယ်၊ “အို [လူသား]၊ သင်လုပ်နိုင်တဲ့ကောင်းမှုမှန်သမျှကနေ သင့်ကိုယ်ကိုယ်ဘယ်လောက်တောင် ပါးနပ်စွာတားဆီးကာကွယ်ထားတာပါလိမ့်။”
သင်နဲ့ ကျွန်မရော ကျွန်မတို့အတွက်ကောင်းစေနိုင်တဲ့အရာတွေလုပ်ဖို့ ဘယ်နေရာတွေမှာတားဆီးကာကွယ်ထားပါသလဲ။
ကျွန်မတို့အတွက် ဘုရားသခင်ကောင်းချီးပေးဖို့အလိုရှိတဲ့ အောက်ပါကောင်းမှုတွေဆီကနေတားဆီးကာကွယ်ခြင်းတွေမပြုကြရအောင်။ ကိုယ်တော်ကျွန်မတို့ကို ခံစားစေလိုတဲ့ ချစ်ခြင်းနဲ့ မေတ္တာတော်ကနေ။ ကျွန်မတို့အပေါ် ကိုယ်တော်သွင်းလောင်းပေးလိုတဲ့ အလင်းနဲ့ အသိပညာကနေ။ ကျွန်မတို့အလွန်လိုအပ်နေတာကို ကိုယ်တော်သိနေတဲ့ ကုသခြင်းကနေ။ သူ့ရဲ့ သားသမီးများအားလုံးအတွက်ရည်ရွယ်ထားတဲ့ နက်ရှိုင်းသောပဋိညာဥ်ဆက်ဆံရေးတို့ဆီကနေ ဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ချစ်ခြင်းကောင်းချီးတွေဆီကနေ သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ကိုယ့်ကိုကိုယ်တားဆီးကာကွယ်ထားတဲ့၊ ကျွန်မတို့ “စစ်တိုက်ရာလက်နက်များ” ကိုဘေးချထားကြဖို့ ကျွန်မဆုတောင်းပါတယ်။ လက်နက်တွေကတော့ မာန၊ တစ်ကိုယ်ကောင်းဆန်မှု၊ အကြောက်တရား၊ အမုန်း၊ စိတ်ဆိုးခြင်း၊ မိမိကိုယ်ကိုယ်အထင်ကြီးခြင်း၊ မကောင်းသောဝေဖန်ခြင်း၊ မနာလိုမှုများ နဲ့ ဘုရားသခင်ကို ကျွန်မတို့ နှလုံးသားအပြည့်နဲ့ချစ်ပြီး သူနဲ့ ပဋိညာဥ်တွေအားလုံးစောင့်ထိန်းဖို့ကနေ ဝေးကွာစေတဲ့ အရာမှန်သမျှဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ပဋိညာဥ်တွေကိုလိုက်နာနေထိုင်တာနဲ့အမျှ၊ မာနရဲ့ဝိညာဥ်ရေးရာ ကပ်ပါးကောင်အပါအဝင်၊ ကျွန်မတို့ရဲ့ အားနည်းချက်တွေကို ကျော်လွှားဖို့ နဲ့ သတိထားမိဖို့ လိုတဲ့ အကူအညီနဲ့ တန်ခိုးတော်ကို ကိုယ်တော်ရှင်က ကျွန်မတို့ကိုပေးနိုင်ပါတယ်။ ကျွန်မတို့ရဲ့ပရောဖက်ပြောခဲ့ပါတယ်၊
“နောင်တရခြင်းကစင်ကြယ်ခြင်းရဲ့ လမ်းဖြစ်ပြီး၊ စင်ကြယ်ခြင်းကတန်ခိုးတော်ကို ပေးပါတယ်။”
“အို၊ ကျွန်တော်တို့ဟာ၊ လာမယ့်နေ့ရက်တွေမှာ ကိုယ်တော်ရဲ့ တန်ခိုးတော်ကို ဘယ်လောက်တောင်လိုအပ်ကြလိမ့်မလဲခင်ဗျာ။”
ကျွန်မရဲ့ပန်းချီကားလိုပါပဲ၊ အမှားလုပ်တဲ့အခါမှာ ကိုယ်တော်ရှင်က ကျွန်မတို့နဲ့မဆက်သွယ်တော့တာမဟုတ်ပါဘူး၊ ကျွန်မတို့ယိမ်းယိုင်သွားတဲ့အခါမှာလည်း သူကပြေးထွက်သွားမှာမဟုတ်ပါဘူး။ ကျွန်မတို့လိုအပ်တဲ့ ကုသခံခြင်းနှင့် အကူအညီတွေက သူ့အတွက်ဝန်ထုတ်ဝန်ပိုးမဟုတ်ပါဘူး၊ အဲ့ဒီအကြောင်းရင်းကြောင့်သာ သူလာခဲ့ရခြင်းဖြစ်ပါတယ်။ ကယ်တင်ရှင်ကိုယ်တိုင်က မိန့်တော်မူခဲ့ပါတယ်။
“ရှုလော့၊ ငါသည် လောကအတွက် ရွေးနုတ်ခြင်းကို ဖြစ်စေခြင်းအလို့ငှာလည်းကောင်း၊ လောကကို အပြစ်မှကယ်တင်ခြင်းအလို့ငှာလည်းကောင်း လောကသို့ကြွတော်မူလေပြီ။”
“ငါ၏ကရုဏာတော်လက်ရုံးသည် သင်တို့ဆီသို့ ဆန့်တန်း၏၊ လာမည့်သူမှန်သမျှကို ငါလက်ခံတော်မူမည်။ ငါ့ထံသို့ လာသောသူတို့သည်လည်း မင်္ဂလာရှိကြ၏။”
ဒါကြောင့် လာပါ၊ ဝန်လေး၍၊ပင်ပန်းသော၊ ဝမ်းနည်းသောသူများ သင်တို့ရဲ့ ဝန်များကိုချ၍ သင့်အားအလွန်ချစ်သောသူ့ထံမှာချမ်းသာခြင်းရှာကြပါ။ သူ့ရဲ့ ထမ်းပိုးကိုတင်၍ထမ်းကြပါ၊ သူသည်နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။
ကျွန်မတို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ ကယ်တင်ရှင်က သင့်ကိုမြင်ပါတယ်။ သူတို့က သင့်ရဲ့နှလုံးသားကိုသိပါတယ်။ သင်ချစ်တဲ့သူတွေအပါအဝင်၊ သင်အလေးထားတာတွေကိုသူတို့က အလေးထားပါတယ်။
ပျက်စီးကျိုးပဲ့နေတဲ့ ဆက်ဆံရေးတွေအပါအဝင်၊ ပျောက်ဆုံးသွားတဲ့အရာတွေကို ကယ်တင်ရှင်က ရွေးနုတ်ပေးနိုင်ပါတယ်။ သေဆုံးပြီးမျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရတာတွေအတွက် ဘဝထဲအသက်ပြန်ရှူဖို့၊ ပြိုလဲသွားတဲ့အရာအားလုံးကိုရွေးနုတ်ခံရဖို့ သူကနည်းလမ်းတစ်ခုဖန်ဆင်းခဲ့ပါတယ်။
သင်ကအခုအချိန်လောက်မှာ ကျော်လွှားသင့်နေပြီလို့ထင်တဲ့ အခြေအနေတစ်ခုနဲ့ ရုန်းကန်နေရတယ်ဆိုရင်၊ အရှုံးမပေးပါနဲ့။ ကိုယ့်ကိုကိုယ် စိတ်ရှည်ပါ၊ ပဋိညာဥ်တွေစောင့်ထိန်းပါ၊ မကြာခဏနောင်တရပါ၊ လိုအပ်ရင် ခေါင်းဆောင်တွေရဲ့ အကူအညီယူပါ၊ ကိုယ်တော်ရှင်ရဲ့ အိမ်တော်ကို တတ်နိုင်သလောက် ပုံမှန်သွားပါ။ ကိုယ်တော်ပို့လိုက်တဲ့ လှုံ့ဆော်မှုတွေကိုနားထောင်ပြီး အရေးစိုက်ပါ။ သင်နဲ့ သူ့ရဲ့ ပဋိညာဥ်ဆက်ဆံရေးကို သူကပစ်ပယ်မှာမဟုတ်ပါဘူး။
တိုးတက်လာဖို့စိတ်ရင်းနဲ့ ကြိုးစားရုန်းကန်နေရတဲ့ ခက်ခဲရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ ကျွန်မရဲ့ ဘဝမှာရှိပါတယ်။ တစ်ခါတစ်ရံမှာ၊ ကျွန်မအရင်ကထက် ပိုကျရှုံးနေသလိုမျိုးခံစားခဲ့ရပါတယ်။ ကျွန်မသိချင်ခဲ့ပါတယ်၊ အရင်တစ်ခါက ဒီကိစ္စတွေကိုကျွန်မ မပြင်ခဲ့ဘူးလား။ ကျွန်မရဲ့ အားနည်းချက်ကနေ တကယ်မကျော်လွှားခဲ့ဘူးလား။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မကတကယ်တော့ချို့ယွင်းချက်တွေရှိနေတာမဟုတ်ဘဲ၊ မကြာခဏလုပ်ဆောင်ဖို့နဲ့ ပျောက်ကင်းဖို့ပိုလိုအပ်တယ်ဆိုတာကို သင်ယူခဲ့ရပါတယ်။
အသင်းလူကြီး ဒီ၊ တော့ ခရစ္စတိုဖာဆန်က သင်ကြားခဲ့ပါတယ်၊ “အားနည်းချက်ကို အားသာချက်ဖြင့် အစားထိုးရန် နေ့စဥ် ဇွဲရှိရှိ ကြိုးစားအားထုတ်ပြီး ထိုက်တန်စွာ တရားစီရင်ခံရန် ဆန္ဒရှိသူတစ်ဦးအပေါ် ဘုရားသခင်သည် ဧကန်အမှန် ပြုံးပြတော်မူပါတယ်။ စစ်မှန်သောနောင်တ၊ စစ်မှန်သောပြောင်းလဲမှုက ထပ်ခါတလဲလဲကြိုးစားမှုများ လိုအပ်နိုင်ပါတယ်၊ ဒါပေမယ့် အဲ့လိုကြိုးစားမှုမှာ သန့်စင်မြင့်မြတ်တဲ့ အရာတစ်ခုခုရှိပါတယ်။ ခွင့်လွှတ်ခြင်းနှင့် ကုသပေးခြင်းက ထိုကဲ့သို့သော ဝိညာဥ်ဆီကိုသဘာဝအတိုင်း စီးဆင်းနေပါတယ်။”
နေ့ရက်တိုင်းက ယေရှုခရစ်တော်ကြောင့် မျှော်လင့်ချက်နှင့် ဖြစ်နိုင်ခြေများ ပြည့်နှက်နေတဲ့ နေ့သစ်တစ်နေ့ဖြစ်ပါတယ်။ နေ့ရက်တိုင်းမှာ သင်နဲ့ ကျွန်မက မိခင်ဧဝကြေညာခဲ့သလို၊“ကျွန်ုပ်တို့၏ရွေးနုတ်ခြင်းအတွက်ဝမ်းမြောက်ခြင်း၊”တစ်လုံးတစ်ဝတည်းဖြစ်ရခြင်းအတွက်ဝမ်းမြောက်ခြင်းနှင့်၊ ဘုရားသခင်သင့်အပေါ်ထားရှိတဲ့ မပြိုလဲတဲ့ ချစ်ခြင်းတွေကိုခံစားရတဲ့ ဝမ်းမြောက်ခြင်းကို သိလာရပါတယ်။
ကောင်းကင်ဘုံရှိအဘနဲ့ ကယ်တင်ရှင်က သင့်ကိုချစ်တယ်ဆိုတာ ကျွန်မသိပါတယ်။ ယေရှုခရစ်တော်ဟာ လူသားအားလုံးတို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနုတ်ရှင်ဖြစ်ပါတယ်။ ကိုယ်တော် အသက်ရှင်တော်မူပါတယ်။ ကိုယ်တော်ရဲ့ အပြစ်ဖြေခြင်းယဇ်အားဖြင့်၊ အပြစ်နဲ့ သေခြင်းရဲ့ ချည်နှောင်မှုတွေက ထာဝရကျိုးပဲ့သွားခဲ့ပါတယ်၊ ဒါမှသာ ကျွန်မတို့က ကုသခြင်း၊ ရွေးနုတ်ခြင်း နှင့် ချစ်ရသူများနဲ့ ထာဝရဘဝကို လွတ်လပ်စွာရွေးချယ်နိုင်ကြမှာဖြစ်ပါတယ်။ ပြီးတော့ ဤအရာအားလုံးကို ယေရှုခရစ်တော်၏နာမတော်အောက်၌၊ သက်သေခံပါတယ်၊ အာမင်။